အဓိပ္ပာယ်မရှိသော ထုံးတမ်းတစ်ခုလော
အပြစ်ဝန်ခံခြင်းမင်္ဂလာကို ချာ့ချ်က ရာစုများစွာချီ၍ လိုက်နာကျင့်သုံးခဲ့ကြပြီ။ သို့တိုင် များစွာသောသူများအတွက် ယင်းသည် အလဟသလုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။ ဘော့ဗ်အမည်ရှိ အထက်တန်းကျောင်းအုပ်က မိမိ၏ငယ်ရွယ်ချိန်ကို နောက်ကြောင်းပြန်ရင်း ဤသို့ဆိုသည်– “ကျွန်တော် ဆယ်ကျော်သက်တုန်းကတောင် အဲဒါကို အလေးအနက်သဘောမထားခဲ့ပါဘူးဗျာ။” အဘယ့်ကြောင့်အလေးအနက်မထားခဲ့သနည်း။ သူ့အတွက် အပြစ်ဝန်ခံခြင်းသည် အဓိပ္ပာယ်မရှိသောထုံးတမ်းတစ်ခုဖြစ်လာသည်။ သူဤသို့ရှင်းပြသည်– “အပြစ်ဝန်ခံခြင်းဟာ အပြစ်နဲ့ပြည့်နေတဲ့ သင့်ရဲ့ခရီးဆောင်ဝန်စည်စလယ်ရှိရှိသမျှကို လေယာဉ်ကွင်းရှိ အကောက်ခွန်ဝန်ထမ်းထံယူသွားသည်နှင့်တူသည်။ သူက သင့်အပြစ်များအကြောင်းကို မေးမြန်းပြီး သင်က လမ်းခရီးတွင်ဝယ်ယူခဲ့သော ဇိမ်ခံပစ္စည်းများအတွက် အတန်အရာပေးဆောင်ပြီးနောက် သင့်အားသွားခွင့်ပြုလိုက်သည်။”
အလားတူစွာ ဖရန့်ခ် ဝက်စလင်က အပြစ်ဝန်ခံခြင်းထုံးစံကို “သာမန်အပြစ်များကိုအာဂုံရွတ်သောနောင်တဆုတောင်းခြင်းမှ ထုံးတမ်းစဉ်လာအတိုင်း ဟန်ပြဒဏ်ပေးမှုအထိပယ်ရှားသည့် အလွန်ရိုးရှင်းထားသည့် တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်” အဖြစ် ယူ. အက်စ်. ကက်သလစ် မဂ္ဂဇင်းတွင် ရေးသားဖော်ပြထားသည်။ ဝက်စလင်၏ကောက်ချက်ကားအဘယ်နည်း။ “အပြစ်ဝန်ခံခြင်းဟာ စိုးလ်အတွက် ကောင်းကျိုးဖြစ်တယ်ဆိုတာကို ကျွန်တော်အခိုင်အမာယုံပါတယ်” ဟု သူဆိုသည်။ “ဒါပေမဲ့ ချာ့ချ်လုပ်တဲ့ပုံကတော့ ပြဿနာပါပဲ။”
ကျမ်းစာက အပြစ်ဝန်ခံခြင်းကို လုံးလုံးကွဲပြားသည့်နည်းဟန်ဖြင့် တင်ပြသည်။ အရေးကြီးဆုံးမှာ ဘုရားသခင့်ထံ အပြစ်ဝန်ခံခြင်းဖြစ်သည်။ (ဆာလံ ၃၂:၁-၅) ထို့အပြင် ခရစ်ယာန်တပည့်တော်ယာကုပ်က ဤသို့ရေးသားခဲ့သည်– “ဖျားနာသူသည် အသင်းတော်ကိုအုပ်ထိန်းသူ လူကြီးများအား ဖိတ်ခေါ်စေ။ သူတို့သည် သခင်ဘုရား၏နာမတော်ကို အမှီပြု၍လူနာအတွက်ဆုတောင်းလျက် သူ့အားဆီဖြင့်လူး၍ပေးကြစေ။ သို့ဖြစ်၍ သင်တို့အချင်းချင်း မိမိတို့၏အပြစ်များကိုဖော်ပြဝန်ခံ၍ အချင်းချင်းအတွက်ဆုတောင်းကြလော့။ သင်တို့၏ရောဂါများ ပျောက်ကင်းလိမ့်မည်။”—ယာကုပ် ၅:၁၄၊ ၁၆၊ သတင်းကောင်း။
အပြစ်နှင့်ဝန်လေးနေသောခရစ်ယာန်တစ်ဦးသည် အပြစ်ပြုသူအား သူ၏အပြစ်ရှိသောလမ်းစဉ်ကို စွန့်လွှတ်ပစ်ရန် ကူညီဖို့အတွက် တစ်ဦးချင်း လက်တွေ့ကျသောသွန်သင်ချက်ကို ကျမ်းစာမှပေးနိုင်သည့် အသင်းတော်ကြီးကြပ်မှူးများကို ခေါ်နိုင်သည်။ ကြီးကြပ်မှူးသည် ဝိညာဉ်ရေးအရ ရောဂါဖိစီးနေသောသူ၏ တိုးတက်မှုကို စောင့်ရှောက်ထိန်းသိမ်းရသောသူများအနေနှင့် သင့်လျော်သောအားပေးစကား ဆိုနိုင်သည်။ ယနေ့ချာ့ချ်များ၏ အခမ်းအနားဆိုင်ရာ အပြစ်ဝန်ခံခြင်းထုံးတမ်းနှင့် အလွန်ကွာခြားလိုက်လေခြင်း! အသင်းတော်အကြီးအကဲများ၏ တစ်ဦးချင်းအထောက်အပံ့ဖြင့် အင်အားပြည့်ဖြိုးလာပြီး နောင်တယူသောအပြစ်သားများသည် ဆာလံတစ်ပုဒ်တွင် ဖော်ပြထားသကဲ့သို့ ဒါဝိဒ်ခံစားရသည့် သက်သာမှုကို ရရှိနိုင်ပါသည်– “တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။”—ဆာလံ ၃၂:၅။