ယင်းကို မေတ္တာကြောင့်လုပ်ကြ
ကနေဒါရှိ သစ္စာတည်ကြည်ပြီး ဧည့်ဝတ်ပျူငှာသော မုဆိုးမတစ်ဦးသည် သမီးငယ်လေးယောက်အား စစ်မှန်သောခရစ်ယာန်များအဖြစ် ပြုစုပျိုးထောင်ပေးခဲ့သည်။ သူမ၏အိမ်သည် အတော်ကလေးကိုပြုပြင်ဖို့ လိုအပ်နေကြောင်း အသင်းတော်ရှိအကြီးအကဲများက သတိပြုမိကြသည်။ ယင်းကိုသူမဘာသာပြုလုပ်ရန် ငွေမရှိသလို ကျွမ်းလည်းမကျွမ်းကျင်ပေ။ ထို့ကြောင့် ၁ တိမောသေ ၅:၉၊ ၁၀ ဖော်ပြထားသော မူနှင့်အညီ သူမအတွက်လုပ်ဆောင်ပေးရန် အကြီးအကဲများသည် အမြော်အမြင်ရှိစွာ စီစဉ်ကြသည်။ မည်သို့စီစဉ်ကြသနည်း။
မုဆိုးမနှင့် သူမ၏ကလေးများ အဝေးတစ်နေရာသို့ ငါးရက်တာသွားနေရန် စီစဉ်ပေးလိုက်၏။ အသင်းတော်ရှိ ၈၀ သောသူတို့သည် ပစ္စည်းများ၊ ငွေကြေးများနှင့် အချိန်ကိုပေးကမ်းခြင်းဖြင့် စိတ်ရောကိုယ်ပါကူညီပေးကြသည်။ မိသားစုထွက်သွားပြီး မကြာမီအချိန်လေးမှာပင် ပျားများအလား စိတ်အားထက်သန်လျက်ရှိသောလုပ်သားများ အိမ်သို့တဖွဲဖွဲရောက်လာကြသည်။ အိမ်အပြင်ဘက်တစ်လျှောက်လုံးကို ပြုပြင်လိုက်၏။ နံရံများကို ဖာထေး၍ ဆေးသုတ်လိုက်ကြ၏။ ကြမ်းပြင်များကို ကော်ဖတ်စား၍ အရောင်တင်လိုက်ကြ၏။ ကြမ်းခင်းကြွေပြားနှင့် ကော်ဇောအသစ်များကို ခင်းကျင်းတပ်ဆင်လိုက်၏။ အသေတပ်ထားသော လျှပ်စစ်ဓာတ်နှင့် မီးပေးစံနစ်များကို ပြုပြင်ပေးလိုက်၏။ ဟောင်းနွမ်းနေသော ပရိဘောဂကိုပင် အစားထိုးပေးလိုက်သေး၏။ ပြန်လည်မွမ်းမံမှုသည် ငါးရက်အတိနှင့်ပင် အပြည့်အဝပြီးစီးသွားလေ၏!
စိတ်လှုပ်ရှားတက်ကြွမှုအသံများက အိမ်နီးနားချင်းတို့တွင် အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။ အသက် ၈၀ အိမ်နီးချင်းတစ်ဦးသည် အလွန်လှုံ့ဆော်မှုဖြစ်သွားစေသဖြင့် သူ၏ဆေးစုတ်တံယူလာပြီး အကူအညီလာပေးသည်။ စေတနာ့ဝန်ထမ်းများထဲမှတစ်ဦး၏ အလုပ်ရှင်က မီးဖိုဆောင်မီးဖိုအတွက် လေဝင်လေထွက်ကောင်းစေသောအုပ်ဆောင်းကို ပေးလှူသည်။ နောက်အလုပ်ရှင်တစ်ဦးက မီးဖိုဆောင်သုံး ကြောင်အိမ်အသစ်တစ်လုံးကို လှူသည်။ အလွန်စိတ်စွဲမှတ်သွားသော လူတစ်ဦးက ယေဟောဝါသက်သေများအကြောင်း ပိုလေ့လာလိုခဲ့သည်။ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဟူသည့်စာအုပ်ကို လိုလိုလားလား လက်ခံခဲ့သည်။
မုဆိုးမနှင့် သူမ၏သမီးများပြန်လာကြသောအခါ သူတို့၏မျက်နှာများသည် အံ့သြမှုအတိဖြင့် ဖြစ်နေပေတော့သည်။ ထိုတွင် မျက်ရည်များ၊ ရယ်မောမှုများနှင့် ပွေ့ဖက်မှုများဖြင့် ပြည့်နေ၏—မေ့ပျောက်၍မရသော ခရစ်ယာန်မေတ္တာနှင့် ခံစားမှုတို့ပင်ဖြစ်သည်။ အမှန်ပင်၊ ဆင်းရဲသော အသင်းတော်သားများအတွက် စစ်မှန်သောမေတ္တာနှင့် အလေးထားမှုသည် စစ်မှန်သောခရစ်ယာန်ဘာသာ၏ အမှတ်လက္ခဏာတစ်ခုဖြစ်သည်။ အကြောင်းမှာ ပေါလု ဤသို့ရေးသားခဲ့သည်– “သို့ဖြစ်၍ ငါတို့သည် အခါအခွင့်ရတိုင်း လူခပ်သိမ်းတို့၏အကျိုးကိုသယ်ပိုးဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့် သခင်ယေရှုခရစ်ကို ယုံကြည်သူများဖြစ်ကြသော အိမ်ထောင်စုသားတို့၏အကျိုးကို သယ်ပိုးဆောင်ရွက်ကြကုန်အံ့။”—ဂလာတိ ၆:၁၀၊ သတင်းကောင်း။