ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
အိမ်နှင့်ကျောင်း၌ သက်သေခံခြင်းမှ အသီးသီးပွင့်
ခရစ်ယာန်တစ်ဦး၏အသက်တာ၌ အခြားသူများအပေါ်ကောင်းမှုပြုခြင်းပါဝင်သည်။ အထူးသဖြင့် သူတို့နှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဝေမျှခြင်းအားဖြင့်ဖြစ်သည်။ နယပုံပြင် ၃:၂၇ က ဤသို့ဆိုသည်– “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။” ကောလိပ်တတိယနှစ်တက်နေသော အာဂျင်တီးနားသက်သေခံ လူငယ်တစ်ဦးသည် ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဝေမျှလိုခဲ့သည်။ ထိုသို့ သူပြုခြင်းက အလွန်တာသွားသောအကျိုးကျေးဇူးများကို ဖြစ်စေသည်။
တစ်နေ့၌၊ သက်သေခံလူငယ်က ဘာသာတိုင်း မကောင်းကြောင်း သူ၏သူငယ်ချင်းကို ပြောပြသည်။ လူငယ်လေးက မကောင်းမှုတစ်ခုမှ သူမလုပ်ကြောင်း ပြန်ဖြေသောအခါ သက်သေခံက “ဘုရားသခင်အတွက်ကော မင်းဘာမှမှမလုပ်ပဲ” ဟု ပြောသည်။ ယင်းက လူငယ်လေးကို စဉ်းစားစရာဖြစ်စေသည်။ နောက်ပိုင်းတွင် သက်သေခံက ယခုအချိန်သည် နောက်ဆုံးကာလဖြစ်ကြောင်း၊ လူတစ်ဦးသည် ဘုရားသခင့်မျက်နှာသာတော်ရဖို့ရန် တိကျမှန်ကန်သည့်သမ္မာကျမ်းစာအသိပညာကို ဆည်းပူးပြီး လိုက်လျှောက်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။ သူ၏ကျောင်းနေဖက်သူငယ်ချင်းက သဘောတူသည်။ သို့သော် သူ၏မိသားစုက ကျမ်းစာလေ့လာမှုပြုရန် ခွင့်ပြုပါမည်လော။ သူငယ်ချင်းကို အကြောင်းတစ်ခုခုစဉ်းစားဆင်ခြင်စေရန် သက်သေခံက သူ့အား သင်သည် ကမ္ဘာ့ပရဒိသု၌ ထာဝစဉ်အသက်ရှင်နိုင်သည်ဟူသည့်စာအုပ်ကို ဖတ်ဖို့ပြောသည်။
အချိန်များကုန်လွန်သွားကာ သူငယ်ချင်းလည်း ကျောင်းထွက်သွားသည်။ တစ်နှစ်ကျော်သည်အထိ သူ့ထံမှ ဘာအကြောင်းမျှမကြားရပေ။ တစ်နေ့သော် သက်သေခံလူငယ်သည် သူငယ်ချင်းထံမှလာသောတယ်လီဖုန်းကို လက်ခံရရှိခဲ့သည်။ သူက ကျမ်းစာပရောဖက်ပြုချက်တွေ တကယ်ပင်ပြည့်စုံနေသည်ကို သူမြင်တွေ့နိုင်ကြောင်း ဟူ၍ပြောပြသည်။ ချက်ချင်းပင် သက်သေခံသည် သူနှင့်ကျမ်းစာလေ့လာရန် စီစဉ်သည်။
ယခင် ကျောင်းနေဖက်သူငယ်ချင်းအိမ်သို့ သူသွားသောအခါ သူငယ်ချင်း၏မိဘများသည် သူတို့၏သားဘယ်အရာထဲ ပါဝင်ပတ်သက်နေသည်နှင့်စပ်လျဉ်း၍ အနည်းငယ်စိုးရိမ်နေကြကြောင်း သူသတိထားမိသည်။ သူငယ်ချင်း၏ညီငယ်ကပင် သူရူးတော့မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် မိဘဖြစ်သူများက နောက်တစ်ကြိမ်လေ့လာမှုပြုလုပ်ချိန်၌ ညီငယ်ကိုပါဝင်ထိုင်စေသည်။ နောက်သော် ဤလူငယ်လေးသည် သူ၏အကိုမရူးကြောင်း မျက်စိတွင်မျက်ရည်လေးများနှင့် မိဘများထံ အကြောင်းပြန်ခဲ့ရာ မိခင်ဖြစ်သူက “ပြဿနာတစ်ခုအစား၊ အခု ပြဿနာနှစ်ခုဖြစ်နေပြီ!” ဟု ရုတ်တရက်ဟစ်ကြော်မိသည်။
ထို့ကြောင့် လေ့လာမှုနောက်တစ်ကြိမ်၌ သူမပါ ရှိနေခဲ့ရာ ကောင်လေးများမရူးကြောင်း လက်သင့်ခံရတော့သည်။ နောက်ပိုင်း သူမနှင့် သူမ၏ခင်ပွန်းပါ ကျမ်းစာလေ့လာရန် စီစဉ်ခဲ့သည်။ မကြာမီပင် တစ်မိသားစုလုံးသည် ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ စည်းဝေးစတက်ကြလေသည်။ နောက်ဆုံးတွင် အဘိုးအဘွားများလည်း သမ္မာကျမ်းစာစလေ့လာပြီး စည်းဝေးများကိုစတင်တက်ရောက်လေတော့သည်။ ထိုအချိန်၌ ပထမလူငယ်လေးသည် နှစ်ခြင်းခံပြီးဖြစ်သည်။ သူအိမ်ထောင်ပြုခဲ့ပြီး သူနှင့်သူ၏ဇနီးသည် ထက်သန်သောကြေညာသူများဖြစ်ကြသည်။
ထို့အပြင် ကျောင်း၌ အလွတ်သဘောသက်သေခံခြင်းမှတစ်ဆင့် သက်သေခံလူငယ်သည် အခြားကျောင်းနေဖက်နှစ်ဦးကို ကူညီပေးခဲ့သည်။ ထိုနှစ်ဦးအနက် တစ်ဦး၏မိခင်နှင့် အစ်မတို့လည်း ကျမ်းစာစလေ့လာ လာကြသည်။ သက်သေခံလူငယ်သည် မိမိ၏ကျောင်းနေဖက်များအပေါ် ကောင်းမှုပြုရန် မတွန့်ဆုတ်ခဲ့သောကြောင့် အားလုံးပေါင်း ၁၁ ယောက်သောသူတို့ ကျမ်းစာသမ္မာတရားကို တတ်သိခဲ့ရသည်။ ပျော်မြူးဖွယ် အကျိုးရလဒ်ပါတကား! မှန်ပေ၏၊ “ကိုယ့်ဘုရားသခင်အဖြစ် ထာဝရဘုရားကို ကိုးကွယ်သောလူမျိုးသည် မင်္ဂလာရှိသည်တကား!”—ဆာလံ ၁၄၄:၁၅၊ သမ။