ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၁/၁၅ စာ. ၂၁-၂၄
  • အတောက်သေးသောမီးစာကို သင်ငြိမ်းသတ်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အတောက်သေးသောမီးစာကို သင်ငြိမ်းသတ်မည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရောဖက်ပြုချက်ကို စိစစ်ကြည့်ရှုခြင်း
  • ဝေဖန်ခြင်း၏ အကျိုးဆက်များ
  • နှိုင်းယှဉ်မှုပြုခြင်းကော အသို့နည်း
  • တည်ဆောက်မှုပေးသည့် နည်းအချို့
  • အမြဲတည်ဆောက်မှုဖြစ်စေပါ
  • ဟေရှာယ ပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဟေရှာယပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • စာနာတတ်တဲ့ ပုရောဟိတ်မင်း ယေရှု
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ကြားရက်အစည်းအဝေးအတွက် အသွင်အပြင်သစ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၁/၁၅ စာ. ၂၁-၂၄

အတောက်သေးသောမီးစာကို သင်ငြိမ်းသတ်မည်လော

ယေရှုခရစ်သည် ဘုရားသခင့်နိုင်ငံတော်နှင့်စပ်ဆိုင်သော သတင်းကောင်းကို လူမျိုးအပေါင်းတို့ထံ ကြေညာခဲ့သည်။ ထိုသူအများတို့သည် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းမှု ခံစားနေရသူများဖြစ်ကြ၏။ သို့သော် ယေရှုသည် သူတို့ကို အားတက်ဖွယ်သတင်းပေးခဲ့သည်။ ကိုယ်တော်သည် ဒုက္ခရောက်နေသူများအပေါ် ထောက်ထားစာနာမှုရှိခဲ့သည်။

ခရစ်ဝင်ကျမ်းရေးသူ မဿဲသည် ဟေရှာယမှတ်တမ်းတင်ထားသောပရောဖက်ပြုချက်ကို ဂရုပြုစေခြင်းအားဖြင့် ယေရှု၏ထောက်ထားစာနာမှုကို ပေါ်လွင်စေခဲ့၏။ ခရစ်တော်ပြည့်စုံစေခဲ့သည့် စကားများကို ကိုးကား၍ မဿဲဤသို့ရေးသားသည်– “အောင်မြင်ရာသို့ တရားတော်ကိုမထုတ်မဆင့်မီ ကျိုးဆဲကျူကို ချိုးဖြတ်ခြင်း၊ အတောက်သေးသောမီးစာကို ငြိမ်းသတ်ခြင်းပြုမည်မဟုတ်။” (မဿဲ ၁၂:၂၀၊ သမ; ဟေရှာယ ၄၂:၃) ဤစကားများသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ဤပရောဖက်ပြုချက်ကို ယေရှုမည်သို့ ပြည့်စေခဲ့သနည်း။

ပရောဖက်ပြုချက်ကို စိစစ်ကြည့်ရှုခြင်း

ကျူပင်သည် အများအားဖြင့် စိုထိုင်းသောဒေသတွင် ပေါက်ပြီး တည်ငြိမ်သန်မာမှုမရှိပေ။ “ကျိုးဆဲကျူ” သည် အမှန်ပင်ချည့်နဲ့နေပေမည်။ ထို့ကြောင့် ယင်းသည် ဥပုသ်နေ့၌ ယေရှုကုသပေးခဲ့သော လက်သေနေသူနှင့်တူသည့် စိတ်ဖိစီး၊ ဒုက္ခရောက်နေသောသူများကို ပုံခိုင်းနေဟန်တူပေသည်။ (မဿဲ ၁၂:၁၀-၁၄) သို့သော် မီးစာကို ရည်ညွှန်းပရောဖက်ပြုထားချက်နှင့်ပတ်သက်၍ကော အသို့နည်း။

စီ.အီး. ပထမရာစုတွင် အများသုံးသည့် အိမ်သုံးမီးအိမ်သည် လက်ကိုင်ကွင်းပါသော သေးငယ်သည့်ကရားမြေခွက်လေးဖြစ်သည်။ မီးအိမ်ကို သံလွင်ဆီနှင့်ဖြည့်လေ့ရှိသည်။ စုပ်ယူတတ်သောအစွမ်းသတ္တိအားဖြင့် ပိုက်ဆံလျှော်ပင်မှ ပြုလုပ်ထားသောမီးစာသည် မီးတောက်စေရန် ဆီကိုဆွဲယူသည်။ အမှန်တကယ်ပင် “အတောက်သေးသောမီးစာ” သည် မီးငြိမ်းလုဖြစ်နေပေလိမ့်မည်။

ယေရှုသည် နှစ်သိမ့်မှုပေးသော မိမိ၏သတင်းကို ပုံဆောင်သဘောအားဖြင့် ကျိုးဆဲဖြစ်သောကျူ၊ ချိုးနှိမ်မှုနှင့် ကြမ်းတမ်းစွာရိုက်ပုတ်မှုကိုခံရသည်နှင့်တူသော သူများစွာကို ကြေညာခဲ့သည်။ ဤလူများသည် အတောက်သေးသောမီးနှင့်လည်းတူသည်။ အကြောင်းမှာ သူတို့အသက်တာ၏နောက်ဆုံးမီးပွားလေးသည် ငြိမ်းလုပြီဖြစ်သောကြောင့်တည်း။ သူတို့သည် အမှန်ပင် စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျဆင်းမှုကို ခံစားနေရသည်။ သို့ရာတွင် ယေရှုသည် ပုံဆောင်သဘောအရ ကျိုးဆဲကျူကို ချေမည် သို့မဟုတ် ပုံဖော်ထားသည့် အတောက်သေးသောမီးကို ငြိမ်းသတ်မည်မဟုတ်ပါ။ ကိုယ်တော်၏ ချစ်ဖွယ်သော၊ နူးညံ့ကြင်နာသော၊ ထောက်ထားစာနာသောစကားများသည် ဒုက္ခရောက်နေသူများကို ထပ်ဆင့်စိတ်ဓာတ်ကျစေ၍ ဖိစီးမှုဖြစ်စေမည်မဟုတ်ပါ။ ယင်းသို့ ဖြစ်မည့်အစား ကိုယ်တော်၏ထုတ်ဖော်ပြောဆိုမှု၊ သူတို့နှင့် ကိုယ်တော်ဆက်ဆံမှုတို့က တက်ကြွမှုဖြစ်စေသည်။—မဿဲ ၁၁:၂၈-၃၀။

ယနေ့လည်း များစွာသောသူတို့သည် စိတ်ပျက်ဖွယ်ပြဿနာများနှင့်ရင်ဆိုင်ရသောကြောင့် ထောက်ထားစာနာမှုနှင့် အားပေးမှုလိုအပ်နေသည်။ ယေဟောဝါ၏ကျေးကျွန်များပင် အမြဲကြီးမားသောခွန်အားရှိနေသူများမဟုတ်ပါ။ တစ်ခါတစ်ရံ အချို့တို့သည် အတောက်သေးသောမီးစာများနှင့်ဆင်တူနေသည်။ ထို့ကြောင့် ခရစ်ယာန်များသည် အားပေးမှုဖြစ်—ဥပစာသဘောအားဖြင့် မီးကိုယပ်ခပ်ပေး—ခြင်းဖြင့် တစ်ဦးကိုတစ်ဦးအားရှိစေသင့်သည်။—လုကာ ၂၂:၃၂; တမန်တော် ၁၁:၂၃။

ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် တည်ဆောက်မှုပေးလိုကြသည်။ ဝိညာဏအကူအညီကို ရှာဖွေနေကြသူ မည်သူကိုမဆို အားနည်းသွားအောင် တမင်သက်သက်ကြိုးစား၍ပြုလိမ့်မည်မဟုတ်ပါ။ အမှန်ပင်၊ ကျွန်ုပ်တို့သည် အခြားသူများအား အားပေးမှုပြုရာတွင် ယေရှု၏ပုံသက်သေကို အတုယူလိုကြသည်။ (ဟေဗြဲ ၁၂:၁-၃; ၁ ပေတရု ၂:၂၁) ကျွန်ုပ်တို့သည် မိမိတို့အား အားပေးမှုအတွက် မျှော်ကိုးသူတစ်ဦးတစ်ယောက်ကို မထင်မှတ်ဘဲ ချေပစ်လိုက်မိနိုင်သောကြောင့် အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံပုံကို အလေးအနက်ထားစဉ်းစားရန် ကောင်းပေသည်။ တကယ်တမ်းတွင် ကျွန်ုပ်တို့သည် “အတောက်သေးသောမီးစာကို ငြိမ်းသတ်” ရန် ဆန္ဒမရှိကြပါ။ ဤအကြောင်းနှင့်စပ်လျဉ်း၍ အဘယ်ကျမ်းစာလမ်းညွှန်ချက်များက ကျွန်ုပ်တို့ကို ကူညီပေးနိုင်မည်နည်း။

ဝေဖန်ခြင်း၏ အကျိုးဆက်များ

ခရစ်ယာန်တစ်ဦးသည် ‘တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသောသူတို့သည် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။’ (ဂလာတိ ၆:၁) သို့ရာတွင် အခြားသူများ၏အပြစ်အနာအဆာများကို ရှာ၍ သူတို့ကိုပြုပြင်ပေးရန် ရသမျှအခွင့်အရေးကိုယူခြင်းသည် သင့်တော်မည်လော။ သို့မဟုတ် သူတို့ကိုအပြစ်ရှိသည်ဟုခံစားမှုများဖြစ်သွားစေကောင်းဖြစ်သွားစေမည့် လက်ရှိသူတို့ကြိုးစားအားထုတ်မှုသည် မလုံလောက်ဟု စောင်းပါးရိပ်ခြည်ပြောဆိုခြင်းအားဖြင့် ကောင်းရာကိုလုပ်ရန် တွန်းအားပေးခြင်းမျိုးသည် ကောင်းပါမည်လော။ ထိုသို့သောပုံစံမျိုးကို ယေရှုပြုခဲ့ကြောင်း မည်သည့်အထောက်အထားမျှမရှိပါ။ အခြားသူများအား တိုးတက်အောင်ကူညီရန် ကျွန်ုပ်တို့ရည်ရွယ်ခြင်းဖြစ်သော်လည်း ကြင်နာမှုကင်းမဲ့စွာဝေဖန်ခံရသူသည် ခွန်အားတိုးစေသည်ဟုခံစားရမည့်အစား ခွန်အားနည်းစေသည်ဟုခံစားရပေမည်။ အပြုသဘောဝေဖန်မှုပင် လွန်ကဲလွန်းပါက အတော်အတန်စိတ်ဓာတ်ကျဆင်းမှုကိုဖြစ်သွားစေနိုင်သည်။ တာဝန်သိတတ်သောခရစ်ယာန်တစ်ဦး၏ အကောင်းဆုံးကြိုးစားအားထုတ်မှုများသည် သဘောမကျခြင်းဖြင့်သာ ကြုံနေရပါက သူ့လက်ကိုမြှောက်၍ ‘ဘာလို့ကြိုးစားနေဦးမှာလဲ’ ဟုပြောလုမတတ် ဖြစ်သွားပေမည်။ အမှန်ပင်၊ သူလုံးလုံးလက်လျော့သွားပေမည်။

ကျမ်းစာသွန်သင်ချက်ပေးခြင်းသည် အရေးကြီးသော်လည်း ယင်းသည် အသင်းတော်တွင်းရှိ ခန့်အပ်ခံအကြီးအကဲများ သို့မဟုတ် အခြားသူများ၏ ပေါ်လွင်ထင်ရှားသောစိတ်ထား မဖြစ်သင့်ပေ။ ခရစ်ယာန်အစည်းအဝေးများသည် သွန်သင်ချက်ပေးခြင်း၊ ခံယူခြင်းကို အဓိကထား၍ကျင်းပခြင်းမဟုတ်ပါ။ သို့အစား အားလုံးတို့သည် ပေါင်းသင်းမှုနှင့် ဘုရားသခင်ထံ မိမိတို့၏မြင့်မြတ်သောလုပ်ငန်းတော်၌ မွေ့လျော်နိုင်ရန် တစ်ယောက်ကိုတစ်ယောက်တည်ဆောက်အားပေးကြဖို့ ကျွန်ုပ်တို့ဆုံစည်းခြင်းဖြစ်သည်။ (ရောမ ၁:၁၁၊ ၁၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) ကြီးလေးသောအပြစ်နှင့် မစုံလင်မှုကြား ခြားနားမှုကို ပိုင်းခြားသိမြင်လာသောအခါ မည်မျှကောင်းလိုက်သည်ဖြစ်ခြင်း! မစုံလင်မှုကို လျစ်လျူရှုပစ်ခြင်းသည် ဉာဏ်ပညာနှင့် မေတ္တာရှိရာကျပေသည်။—ဒေသနာ ၃:၁၊ ၇; ကောလောသဲ ၃:၁၃။

လူများသည် ဝေဖန်မှုထက် အားပေးမှုကို ပို၍လျင်မြန်စွာတုံ့ပြန်ကြသည်။ အမှန်အတိုင်းဆိုလျှင် လူတို့သည် မတရားဝေဖန်ခံရသည်ဟု ခံစားရပါက ဝေဖန်ခံရသောအပြုအမူကို ပို၍တင်းကျပ်စွာစွဲကိုင်လာမည်ဖြစ်သည်! သို့သော် မျှတစွာချီးမွမ်းခံရသောအခါ သူတို့၏စိတ်ထားမြှင့်တင်ခံရပြီး တိုးတက်ရန်လှုံ့ဆော်ခံရသည်။ (သု. ၁၂:၁၈) ထို့ကြောင့် ယေရှုနည်းတူ အားပေးမှုဖြစ်စေပါ။ “အတောက်သေးသောမီးစာကို ငြိမ်းသတ်ခြင်း” ဘယ်တော့မျှမပြုပါနှင့်။

နှိုင်းယှဉ်မှုပြုခြင်းကော အသို့နည်း

အခြားခရစ်ယာန်များ၏ ကောင်းသောတွေ့ကြုံမှုအကြောင်းကို ကြားရခြင်းသည် အလွန်လှုံ့ဆော်မှုဖြစ်နိုင်ပေသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြေညာရာ၌ တပည့်တော်များ၏အောင်မြင်မှုအကြောင်းကို ကြားရသောအခါ ယေရှုကိုယ်တော်တိုင် ဝမ်းမြောက်ခဲ့သည်။ (လုကာ ၁၀:၁၇-၂၁) ထို့နည်းတူစွာ ယုံကြည်ခြင်းတွင် အခြားသူများ၏အောင်မြင်မှု၊ ကောင်းသောပုံသက်သေနှင့် သမာဓိရှိမှုကို ကြားရသောအခါ အားရှိပြီး ကျွန်ုပ်တို့ခရစ်ယာန်လမ်းစဉ်ကို ကိုင်စွဲရန် ပို၍ဆုံးဖြတ်ချက်ချနိုင်ကြသည်။

သို့သော် သတင်းတစ်ခုက ‘သင်သည် ဤခရစ်ယာန်များလောက် မကောင်းသေး၊ သင်လုပ်နေသည်ထက် ပိုကောင်းအောင်လုပ်ရမည်’ ဟု ပြောနေဘိသကဲ့သို့ ဖြစ်ပါက မည်သို့ ပြုမည်နည်း။ ကြားနာသူသည် တိုးတက်မှုအစီအစဉ်ကို အင်တိုက်အားတိုက်စတင်လုပ်ဆောင်မည့်ဟန်ရှိသလော။ ဖြစ်နိုင်ခြေမှာ သူသည် အထူးသဖြင့် နှိုင်းယှဉ်မှုများကို မကြာခဏပြုမည် သို့မဟုတ် စောင်းပါးရိပ်ခြည်ပြောဆိုမည်ဆိုပါက စိတ်ဓာတ်ကျသွားပြီး လက်လျော့လိုက်ကောင်းလက်လျော့လိုက်ပေမည်။ ယင်းသည် မိဘများက မိမိတို့၏ကလေးများအား ‘မင်းရဲ့ညီအစ်ကိုနဲ့ ဘာကြောင့်ပိုပြီးမတူနိုင်တာလဲ’ ဟု ပြောဆိုသည်နှင့်ပိုတူပေမည်။ ဤကဲ့သို့သောပြောဆိုချက်သည် စိတ်ခုစရာနှင့် စိတ်ဓာတ်ကျဆင်းစရာဖြစ်စေမည်ဖြစ်သော်လည်း ကောင်းသောအမူအကျင့်ကိုမူ အားပေးဖွယ်မရှိပါ။ နှိုင်းယှဉ်မှုများသည် လူကြီးများအပေါ်၌လည်း ထို့နည်းတူအကျိုးသက်ရောက်နိုင်ကာ သူတို့နှင့်နှိုင်းယှဉ်သောသူများကိုပင် အတော်အတန်စိတ်ခုသွားစေသည်။

အားလုံးတို့သည် ဘုရားသခင့်လုပ်ငန်းတော်တွင် လုပ်ဆောင်မှုပမာဏတူရမည်ဟု ကျွန်ုပ်တို့မမျှော်လင့်နိုင်ပေ။ ယေရှု၏ပုံဥပမာတစ်ခုတွင် သခင်တစ်ဦးက မိမိ၏ကျွန်များအား ငွေဒ င်္ဂါး တစ်၊ နှစ်နှင့် ငါးဒ င်္ဂါးစီပေးသည်။ “သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း” ပေးအပ်ခံရခြင်းဖြစ်သည်။ ပညာရှိစွာဖြင့် ကုန်သွယ်မှုပြုပြီး ငွေများကို တိုးပွားအောင်လုပ်ဆောင်သော ကျွန်နှစ်ဦးသည် သူတို့၏လုပ်ဆောင်ချက်မှရသော အကျိုးရလဒ်ချင်းမတူသော်လည်း သစ္စာရှိမှုကြောင့် ချီးမွမ်းခံရသည်။—မဿဲ ၂၅:၁၄-၃၀။

တမန်တော်ပေါလုသည် နားလည်သဘောပေါက်စွာဖြင့် ဤသို့ရေးသားခဲ့သည်– “လူတိုင်းပင် မိမိ၏အပြုအမူကို စစ်ဆေးကြည့်အပ်၏။ မိမိ၏အပြုအမူသည် ကောင်းမွန်ပါက ယင်းကိုအခြားသူတစ်စုံတစ်ယောက်၏အပြုအမူနှင့် နှိုင်းယှဉ်ကြည့်ရန်မလိုဘဲ ကျေနပ်မှုရရှိနိုင်ပေသည်။” (ဂလာတိ ၆:၄၊ သတင်းကောင်း) ထို့ကြောင့် အခြားသူများအား အမှန်တကယ်အားပေးနိုင်ရန် အပျက်သဘောဆောင်သည့်နှိုင်းယှဉ်မှုကို ကြိုးစားကြဉ်ရှောင်သင့်သည်။

တည်ဆောက်မှုပေးသည့် နည်းအချို့

စိတ်ဓာတ်ကျဆင်းနေသူများကို တည်ဆောက်မှုပေးကာ ‘အတောက်သေးသောမီးစာအား ငြိမ်းသတ်ခြင်း’ ကိုရှောင်ကြဉ်ရန် ကျွန်ုပ်တို့ဘာလုပ်နိုင်သနည်း။ အားပေးမှုပြုခြင်းသည် တိကျသည့်ပုံသေနည်းတစ်ခုကို လိုက်လျှောက်ရသော ကိစ္စမျိုးမဟုတ်ပါ။ သို့ရာတွင် ကျမ်းစာမူများကို လိုက်လျှောက်လျှင် ကျွန်ုပ်တို့၏စကားများသည် အခြားသူများကို တည်ဆောက်ပေးကောင်းတည်ဆောက်ပေးပါလိမ့်မည်။ ဤမူများကား အဘယ်နည်း။

နှိမ့်ချမှုရှိပါ။ ဖိလိပ္ပိ ၂:၃ (သတင်းကောင်း) တွင် “ကြွားဝါလိုသောစိတ်၊ ကိုယ်ကျိုးရှာလိုသောစိတ်တို့ဖြင့် အဘယ်အမှုကိုမျှမပြု” ရန် ကျွန်ုပ်တို့ကို ပေါလုအလေးအနက်တိုက်တွန်းထားသည်။ ယင်းအစား နှိမ့်ချစွာဖြင့် ပြောဆိုပြုမူသင့်သည်။ “သူတစ်ပါးသည် မိမိထက်သာသည်ဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။” ကျွန်ုပ်တို့ကိုယ်ကို ဘာမျှမဟုတ်ဟု ယူမှတ်သင့်ကြောင်း ပေါလုမပြောဆိုပါ။ သို့သော် လူတိုင်းသည် ကျွန်ုပ်တို့ထက် တစ်နည်းနည်းဖြင့်သာကြောင်း နားလည်သဘောပေါက်ရန်ဖြစ်သည်။ ဤနေရာ၌ “သာသည်” ဟု ပြန်ဆိုထားသော ဂရိစကားလုံးသည် လူတစ်ဦး “မိမိ၏ ကိုယ်ပိုင်အခွင့်ထူးများကို မကြည့်တော့ဘဲ အခြားသူတစ်ဦး၏ သာလွန်သည့်အရည်အချင်းကို ကြိုးစားဆင်ခြင်တွေးတောသည်” ဟု ဆိုလိုသည်။ (ဂျောန် အဲလ်ဘတ် ဘင်ဂေး၏ ဓမ္မသစ်ကျမ်းစကားကို လေ့လာခြင်းများ၊ အတွဲ ၂၊ စာမျက်နှာ ၄၃၂) ယင်းသို့ ပြု၍ အခြားသူများ သာသည်ဟု ယူမှတ်မည်ဆိုပါက ကျွန်ုပ်တို့သည် သူတို့နှင့် နှိမ့်ချစွာပြုမူဆက်ဆံပါလိမ့်မည်။

လေးစားမှုကို တင်ပြပါ။ စိတ်ရင်းမှန်ဖြင့်ပြောဆိုခြင်းအားဖြင့် သစ္စာရှိယုံကြည်သူချင်းတို့အပေါ်၌ ယုံကြည်စိတ်ချမှုရှိကြောင်း၊ ဘုရားသခင့်အလိုတော်နှင့် တွေ့လိုသည့်ဆန္ဒရှိသူများအဖြစ် သူတို့ကိုရှုမြင်ကြောင်း ကျွန်ုပ်တို့ရှင်းလင်းစွာပြသနိုင်သည်။ သို့သော် သူတို့သည် ဝိညာဉ်ရေးအကူအညီ လိုအပ်နေသည်ဟုဆိုပါစို့။ သို့ဖြစ်ပါက ရိုသေလေးစားဖွယ်အမူအကျင့်မျိုးဖြင့် ကူညီပေးကြစို့။ ယင်းကို ပေါလုက ဤသို့တင်ပြသည်– “ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။”—ရောမ ၁၂:၁၀။

ကောင်းစွာနားထောင်သူတစ်ဦးဖြစ်ပါ။ မှန်ပါသည်၊ စိတ်ဓာတ်ကျဖွယ်ပြဿနာများနှင့် ရင်ဆိုင်နေရကောင်းနေရမည့်သူများကို အားပေးရာတွင် ဩဝါဒပေးသူမဟုတ်ဘဲ ကောင်းစွာနားထောင်သောသူဖြစ်ဖို့လိုသည်။ လျင်လျင်မြန်မြန်နှင့် အပေါ်ယံမျှသာဖြစ်သော အကြံပြုချက်များကို ပေးမည့်အစား အမှန်တကယ်လိုအပ်သည့် ကျမ်းစာလမ်းညွှန်ချက်များကိုပေးရန် လိုအပ်သည့်အချိန်ကို ယူပါ။ ဘာပြောရမည်ကို မသိလျှင် ကျမ်းစာ၌စေ့စေ့ငငရှာဖွေခြင်းက အခြားသူများအား နှစ်သိမ့်အားရှိဖွယ်စကားကိုပြောဆိုရန် ကူညီပေးပါလိမ့်မည်။

မေတ္တာထားပါ။ ကျွန်ုပ်တို့အားပေးလိုသည့်သူအပေါ်၌ မေတ္တာထားဖို့လိုသည်။ ယေဟောဝါ၏ကျေးကျွန်ချင်းနှင့်သက်ဆိုင်လာသောအခါ ကျွန်ုပ်တို့၏မေတ္တာသည် သူတို့၏အကောင်းဆုံးအကျိုးအတွက် လုပ်ဆောင်ပေးခြင်းမျှသာပြုခြင်းထက် ပိုသင့်သည်။ အားကြီးသောခံစားချက်ပါဝင်သင့်သည်။ ယေဟောဝါ၏လူမျိုးအားလုံးတို့အပေါ်၌ ဤကဲ့သို့သောမေတ္တာမျိုးရှိမည်ဆိုလျှင် ကျွန်ုပ်တို့၏စကားများသည် သူတို့ကို အမှန်တကယ်အားပေးမှုဖြစ်စေပါလိမ့်မည်။ တိုးတက်မှုရှိဖို့အတွက် အကြံဉာဏ်တစ်ခုပေးရန် လိုအပ်လာလျှင်ပင် ကျွန်ုပ်တို့၏ရည်ရွယ်ချက်သည် မိမိတို့ဆိုလိုချင်သည့်အရာကို ဖော်ပြရန်မျှသာမဟုတ်ဘဲ မေတ္တာဖြင့်ကူညီရန်ဖြစ်သောအခါ ကျွန်ုပ်တို့ပြောဆိုသောအရာကို နားလည်မှုလွဲစရာ၊ ထိခိုက်စရာဖြစ်လာဖို့အကြောင်းရှိမည်မဟုတ်ချေ။ အလွန်ဆီလျော်စွာ ပေါလုပြောခဲ့သကဲ့သို့ပင်ဖြစ်မည်– “မေတ္တာမူကား တည်ဆောက်တတ်၏။”—၁ ကောရိန္သု ၈:၁; ဖိလိပ္ပိ ၂:၄; ၁ ပေတရု ၁:၂၂။

အမြဲတည်ဆောက်မှုဖြစ်စေပါ

ဤဆိုးယုတ်ခဲယဉ်းသည့် “နောက်ဆုံးနေ့ရက်” တွင် ယေဟောဝါ၏လူမျိုးတော်သည် စုံစမ်းနှောင့်ယှက်မှုများစွာနှင့် ရင်ဆိုင်ကြရသည်။ (၂ တိမောသေ ၃:၁-၅၊ သမ) တစ်ခါတစ်ရံ၌ မိမိတို့ခံနိုင်ရည်၏အဆုံးစွန်ဖြစ်ဟန်တူသည့်အရာအထိ ဒုက္ခခံနေရသည်မှာ အံ့ဩစရာမဟုတ်ပါ။ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်သူချင်းတို့အား ငြိမ်းသွားတော့မည့် အတောက်သေးသောမီးစာမျိုးဖြစ်သွားစေနိုင်သည့် အရာများကို မပြောဆိုမလုပ်ကိုင်လိုကြသည်မှာ သေချာပါသည်။

ထို့ကြောင့် တစ်ယောက်ကိုတစ်ယောက်အားပေးရန် မည်မျှအရေးကြီးလှသည်တကား! စိတ်ဓာတ်ကျဆင်းနေသော ဝတ်ပြုကိုးကွယ်သူချင်းတို့ကို ရိုသေလေးစားနှိမ့်ချမှုပြခြင်းအားဖြင့် တည်ဆောက်မှုဖြစ်စေရန် မည်သည့်ကြိုးစားအားထုတ်မှုကိုမဆို ပြုကြစို့။ သူတို့၏အတွင်းစကားများကို ပြောပြလာသောအခါ ဂရုတစိုက်နားထောင်ပါ။ အမြဲ ဘုရားသခင့်နှုတ်ကပါဌ်တော်ကျမ်းစာကို ညွှန်ပြအာရုံစိုက်စေခြင်းအားဖြင့် သူတို့ကို ကူညီရန်ကြိုးစားပါ။ အားလုံးထဲတွင် မေတ္တာကိုတင်ပြကြစို့။ အကြောင်းမှာ ဤယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်အသီးသည် တစ်ဦးကိုတစ်ဦးအားပေးရန် ကျွန်ုပ်တို့အားကူညီပေးပါလိမ့်မည်။ တစ်နည်းနည်းဖြင့် “အတောက်သေးသောမီးစာကို ငြိမ်းသတ်ခြင်း” မျိုးဖြစ်သွားစေနိုင်သည့် အပြောအဆို၊ အပြုအမူကို ဘယ်တော့မျှမပြောဆိုမပြုမူပါနှင့်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ