ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၂/၁ စာ. ၂၈-၃၁
  • “ပိုက်ဆံတွေ ဘယ်ကလာသလဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ပိုက်ဆံတွေ ဘယ်ကလာသလဲ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးဣသရေလလူမျိုးချမှတ်ခဲ့သည့် ပုံနမူနာ
  • ယခုခေတ် လိုအပ်မှု
  • ပိုက်ဆံများ အဘယ်သို့ရောက်သွားသနည်း
  • သင့်ကို ယေဟောဝါဆုချမည်
  • ဘုရားနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအတွက် အချို့သူများလှူဒါန်းပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ‘သင်၏အဖိုးထိုက်သောအရာများဖြင့် ယေဟောဝါအား ဂုဏ်ပြုလော့’ —မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “ကောင်းမြတ်သောဆုကျေးဇူးရှိသမျှ” ကိုပေးသည့်အရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အဘယ်ကြောင့် ယေဟောဝါအား ပေးဆက်ရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၂/၁ စာ. ၂၈-၃၁

“ပိုက်ဆံတွေ ဘယ်ကလာသလဲ”

ကင်းမျှော်စင်အသင်း၏ “ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း” ဗီဒီယိုခွေကို ကြည့်ရှုသူများသည် စိတ်တွင် စွဲမှတ်သွားကြသည်။ လူမျိုးအသီးသီး၊ နောက်ခံအဖုံဖုံရှိသော သပ်ရပ်ကြော့ရှင်းသည့်ယောက်ျားမိန်းမများ ပြုံးပြုံးရွှင်ရွှင်နှင့်သွေးစည်းညီညွတ်စွာ အတူတကွအလုပ်လုပ်နေကြသည်ကို သူတို့တွေ့ကြရသည်။ ထောင်ချီရှိသော ပျော်ရွှင်သည့်အလုပ်သမားများကိုသာမဟုတ်ဘဲ အသင်း၏ ဘရွတ်ကလင်ဌာနချုပ်နှင့် နယူးယောက်ခရိုင်၊ ဝေါလ်ကီးလ်နယ်ရှိ ခြံများမှ ကြီးမားသည့်အဆောက်အအုံများကလည်း သူတို့၏အာရုံကိုဖမ်းစားခဲ့၏။ ဗီဒီယိုခွေက ယင်းအဆောက်အအုံများအတွင်း၌ နောက်ဆုံးပေါ်စက်မှုနည်းပညာများ—လစဉ် သန်းပေါင်းများစွာသောစာအုပ်စာတမ်းများကို ထုတ်နေသည့် အမြန်ရိုက်ပုံနှိပ်စက်နှင့် စာအုပ်ချုပ်စက်များ၊ အမျိုးစုံသော ကွန်ပျူတာပစ္စည်းကိရိယာများနှင့် အထောက်အကူပြုဌာနများ—ကို တွေ့နိုင်ကြောင်းကိုပြသည်။

ယင်းက ကြီးမားသော ပစ္စည်းဥစ္စာအရင်းအနှီးကို ထင်ဟပ်ပြနေသည်။ ထို့ကြောင့် အချို့က “ပိုက်ဆံတွေ ဘယ်ကလာသလဲ” ဟု မေးကြသည်။

အဖွဲ့အစည်း၏ ကမ္ဘာ့ဌာနချုပ်သို့ လာရောက်လည်ပတ်သူများလည်း ထပ်တူ စိတ်တွင်စွဲမှတ်မှုမျိုးဖြစ်သွားကြသည်။ သူတို့သည် ထိုတွင်အလုပ်လုပ်ကြသည့် ၃,၀၀၀ ကျော်သော စေတနာ့ဝန်ထမ်းဓမ္မအမှုဆောင်များနေထိုင်ရန် အသုံးပြုသည့်အဆောက်အအုံများစွာအထဲမှတစ်ခုဖြစ်သည့် အထပ် ၃၀ ရှိသော နေအိမ်အဆောက်အအုံသစ်ကြီးကို လည်ပင်းဆန့်၍ ကြည့်ကြရသည်။ ဘရွတ်ကလင်၏ မြောက်ဘက်မိုင် ၇၀ ခန့်တွင်ရှိသော ကင်းမျှော်စင်ပညာရေးဆိုင်ရာဌာနသစ်သို့ လာရောက်လည်ပတ်ကြသူများသည်လည်း ရင်သပ်ရှုမောဖြစ်ကြရ၏။ ဆောက်လုပ်နေဆဲဖြစ်သော်လည်း ယင်းတွင် လုပ်သား ၁,၂၀၀ ခန့် နေနိုင်သည်။ နှစ်စဉ်နှစ်တိုင်း သင်တန်းနှစ်ခုဖြင့် သာသနာပြုများကို ထိုတွင်လေ့ကျင့်ပေးပြီး သူတို့တာဝန်ကျသည့် နိုင်ငံရပ်ခြားဒေသများသို့ စေလွှတ်ခံရကြမည်ဖြစ်သည်။ ဤနေရာသည်ပင် အမေရိကန်နိုင်ငံရှိ ယေဟောဝါသက်သေများ၏ အသင်းတော် ၁၀,၀၀၀ ကျော်တို့ကို ညွှန်ကြားချက်များပေးရာနေရာလည်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ဌာနခွဲများစွာတို့သည်လည်း မကြာသေးမီကပင် သူတို့၏အဆောက်အအုံများကို တိုးချဲ့ပြီးစီးကြပြီး သို့မဟုတ် ထိုသို့လုပ်ရန် အစီအစဉ်ဆွဲနေကြသည်။ ဤလုပ်ငန်းစဉ်အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ငွေမြောက်မြားစွာအကုန်အကျခံရသည်။ လူများက “ပိုက်ဆံတွေ ဘယ်ကလာသလဲ” ဟု မေးကြသည်။

အဖြေမှာ ကျွန်ုပ်တို့ကဲ့သို့သော သာမန်လူများထံမှဖြစ်၏။ သူတို့သည် ခရစ်ယာန်များ၏အရေးကြီးလုပ်ငန်းဖြစ်သော ဟောပြောခြင်းနှင့် သွန်သင်ခြင်းကို တိုးတက်ဖြစ်ထွန်းစေရန် တတ်နိုင်သမျှကူညီလိုသောဆန္ဒရှိသည့် ကမ္ဘာတစ်ဝန်းမှ လူများဖြစ်ကြသည်။ ဤကဲ့သို့သော လိုလိုလားလားရှိသည့်စိတ်ဓာတ်သည် ရှေးကတည်းက အစဉ်အလာရှိခဲ့သည်။

ရှေးဣသရေလလူမျိုးချမှတ်ခဲ့သည့် ပုံနမူနာ

လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ကျော်ခန့်က ရက်ရောစွာလှူဒါန်းရန်အတွက် လိုအပ်မှုတစ်ရပ် ပေါ်ပေါက်လာခဲ့၏။ ယေဟောဝါသည် မိမိ၏ဝတ်ပြုရေးတွင်အသုံးပြုဖို့အတွက် “ပရိသတ်စည်းဝေးရာတဲတော်” တစ်ခုကိုဆောက်လုပ်ရန် မောရှေကိုညွှန်ကြားသည်။ ဘုရားသခင်ပေးသောပုံစံအရ တန်ဖိုးရှိပစ္စည်းအမျိုးမျိုးလိုအပ်လာခဲ့သည်။ ယေဟောဝါ ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့တွင် ထာဝရဘုရားအားလှူသောအလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသောစေတနာစိတ်ရှိသမျှသောသူတို့သည် . . . ထာဝရဘုရားအားလှူသောအလှူကိုဆောင်ခဲ့ကြလော့။” (ထွက်မြောက်ရာ ၃၅:၄-၉) လူတို့မည်သို့ တုံ့ပြန်ကြသနည်း။ မှတ်တမ်းက ကျွန်ုပ်တို့ကို ဤသို့ပြောပြသည်– “မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသော စေတနာစိတ်သဘောရှိသောသူအပေါင်းတို့သည် ပရိသတ်စည်းဝေးရာတဲတော်လုပ်ဖို့လည်းကောင်း၊ အမှုတော်ထမ်းစရာဖို့လည်းကောင်း၊ သန့်ရှင်းသော အဝတ်ကိုလည်းကောင်း ထာဝရဘုရားအားလှူသောအလှူကို ဆောင်လျက်လာကြ၏။” ဤ “ကြည်ညိုသောစိတ်နှင့်လှူသောအလှူ” သည် တဖြည်းဖြည်းနှင့်များလာကာ ‘ထာဝရဘုရား မှာထားတော်မူသောအလုပ်အတွက် လိုအပ်သည်ထက် ပို၍’ ပင်ရလာခဲ့သည်။ (ထွက်မြောက်ရာ ၃၅:၂၁-၂၉; ၃၆:၃-၅) တစ်ကိုယ်ကောင်းမဆန်၊ ရက်ရောသည့်စိတ်ဓာတ်ကို တင်ပြသူများပါတကား!

နောက်အနှစ် ၅၀၀ မပြည့်တတ်မီအချိန်လောက်တွင် ဣသရေလလူမျိုးများထံမှ ရက်ရောစွာပေးကမ်းစွန့်ကြဲမှုအတွက် နောက်တစ်ကြိမ်ဆင့်ခေါ်ရပြန်၏။ ယေရုရှလင်တွင် ယေဟောဝါအတွက် အတည်တကျဖြစ်သောအိမ်တော်တစ်ခုကိုဆောက်လုပ်ရန် ဒါဝိဒ်၏လိုအင်ဆန္ဒသည် သူသားရှောလမုန်မှတစ်ဆင့် အကောင်အထည်ပေါ်လာပေတော့မည်ဖြစ်သည်။ လိုအပ်မည့်အရာအများစုကို ဒါဝိဒ်ကိုယ်တိုင်စုဆောင်းကာ လှူဒါန်းခဲ့လေသည်။ ‘ယေဟောဝါအတွက်လက်ဆောင်’ ယူဆောင်လာကြရန် ဆင့်ခေါ်ချက်ကို ဒါဝိဒ်ထုတ်ပြန်လိုက်သောအခါ အခြားသူများလည်းပါဝင်လာကြသည်။ ရလဒ်ကားအဘယ်နည်း။ “လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညိုသောစိတ်သဘောရှိ၍ ထာဝရဘုရားအားပူဇော်သောကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ၏။” (၁ ရာဇဝင်ချုပ် ၂၂:၁၄; ၂၉:၃-၉) ငွေနှင့်ရွှေချည်းကပင် ကာလတန်ဖိုး ဒေါ်လာ ၅၀ ဘီလီယံခန့်ရှိပေမည်!—၂ ရာဇဝင်ချုပ် ၅:၁။

ဤဥပမာများမှ ကျွန်ုပ်တို့မှတ်သားရသည်မှာ မည်သူတစ်ဦးတစ်ယောက်မှ ပေးကမ်းရန်အတွက် အဓမ္မမစေခိုင်းခံခဲ့ရခြင်းဖြစ်သည်။ “ကြည်ညိုသောစိတ်သဘော” နှင့်လုံးလုံးဖြစ်ပြီး “စုံလင်သောနှလုံး” ဖြင့်ပေးကမ်းခြင်းဖြစ်၏။ ယေဟောဝါသည် အနည်းငယ်မျှလျော့နည်းသည်ကို နှစ်သက်လိမ့်မည်မဟုတ်ပါ။ ထပ်တူပင် ဆင်းရဲသောခရစ်ယာန်များကို ကူညီရန် ငွေလှူဒါန်းဖို့ အခွင့်အလမ်းပေါ်လာသောအခါ တမန်တော်ပေါလုက ယင်းသည် “အနိုင်အထက်လှူရသောဥစ္စာကဲ့သို့” မဟုတ်ကြောင်း ရေးသားခဲ့သည်။ သူက ဤသို့ထပ်ဖြည့်စွက်၏– “လူတိုင်းကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။”—၂ ကောရိန္သု ၉:၅၊ ၇။

ယခုခေတ် လိုအပ်မှု

ယခုခေတ်၌ လှူဒါန်းဖို့အတွက် လိုအပ်မှုရှိသလော။ အမှန်ပင်ရှိပေသည်။ အချိန်ရွေ့လျားလာသည်နှင့်အမျှ ပို၍ပင်လိုအပ်လာသည်။ အဘယ်ကြောင့်နည်း။

ဤဆုံးခန်းကာလ၌ ခရစ်ယာန်များကို တိကျသည့်ညွှန်ကြားချက်များ ပေးထားသည်။ ယေရှုသည် မိမိ၏တပည့်တော်များကို ဤသို့အမိန့်ပေးခဲ့သည်– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာဆုံးမသြဝါဒပေးကြလော့။”—မဿဲ ၂၈:၁၉၊ ၂၀။

“ဤအစီအစဉ်စနစ်၏အဆုံး” နီးသည်ထက်နီးလာသောအချိန်၌ ဤကြီးမားသောသွန်သင်ခြင်းနှင့် ဟောပြောခြင်းလုပ်ငန်းကို ပြီးမြောက်အောင်မြင်စေရန် အချိန်နှင့် ဥစ္စာအင်ခွင် အတော်အသင့်လိုအပ်ပေသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းတို့အားလုံးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို “မြေကြီးစွန်းတိုင်အောင်” သယ်ဆောင်သွားရာတွင် ပါဝင်ပတ်သက်သောအရာများကြောင့်တည်း။ (တမန်တော် ၁:၈) လူအများစုတို့သည် ပထမရာစုရှိဂျူးများကဲ့သို့ပင် ကျမ်းစာကို ကောင်းစွာမသိကျွမ်းကြပေ။ အမှန်ဆိုလျှင် ကမ္ဘာပေါ်တွင်နေထိုင်သူ အရေအတွက်အတော်များများတို့သည် သမ္မာကျမ်းစာကိုတစ်စွန်းတစ်စမျှပင် သိကျွမ်းခြင်းမရှိဘဲ ယင်းကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ်လည်း မယူမှတ်ကြပေ။ ဟောပြောသူများကိုလေ့ကျင့်ပေးပြီး ဝေးလံသောတိုင်းနိုင်ငံများသို့စေလွှတ်ရမည်ဖြစ်သည်။ (ရောမ ၁၀:၁၃-၁၅) ဘာသာစကားများ အရေအတွက်မည်မျှလိုမည်ကိုလည်း စဉ်းစားကြည့်ပါဦး! ဟောပြောခံရသူများသည် သူတို့ဘာသာစကားဖြင့် လေ့လာဖတ်ရှုရန် ကျမ်းစာနှင့် ကျမ်းစာအခြေခံစာပေများ ရှိဖို့လိုအပ်၏။ စနစ်တကျဖြင့် လူအားလုံးထံရောက်ရန်နှင့် ထိုအခြားသူများကိုပင် တစ်ဆင့်ပြန်၍ကူညီနိုင်သည့်အထိ သူတို့ကို ဝိညာဏပါရမီတိုးတက်ရင့်ကျက်လာစေရန် ကြီးမားကျယ်ပြန့်သည့်အတိုင်းအတာဖြင့်ဖြစ်သော ဖွဲ့စည်းစီစဉ်မှုလိုအပ်သည်။—၂ တိမောသေ ၂:၂။

ဦးဆုံးအနေနှင့် “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟု ယေရှုဆိုထား၏။ (မဿဲ ၂၄:၁၄) ထို့ကြောင့် အရေးကြီးသည့်ယင်းလုပ်ငန်းကို လုပ်ဆောင်ပြီးမြောက်ရန် ကျွန်ုပ်တို့တတ်နိုင်သမျှပုံအောပေးဖို့အချိန်သည် ယခုအချိန်ပင်ဖြစ်သည်။ ရုပ်ပစ္စည်းဆိုင်ရာစည်းစိမ်ချမ်းသာသည် မည်သည့်တန်ဖိုးမျှမရှိတော့မည့်အချိန်မရောက်မီ ကျွန်ုပ်တို့၏ဥစ္စာအင်ခွင်များကို ဤထက်သာ၍ကောင်းသည့်နည်းဖြင့်အသုံးချနိုင်မည်မဟုတ်ပေ။—ယေဇကျေလ ၇:၁၉; လုကာ ၁၆:၉။

ပိုက်ဆံများ အဘယ်သို့ရောက်သွားသနည်း

ကင်းမျှော်စင်အသင်းသည် ကျမ်းစာစာပေစာတမ်းများကို ဘာသာစကားပေါင်း ၂၃၀ ကျော်အပြင် မျက်မမြင်များအတွက် မျက်မမြင်စာနှင့် နားမကြားသူများအတွက် ခြေပြလက်ပြဘာသာစကားဖြင့် ဗီဒီယိုခွေများကိုလည်း ထုတ်ဝေ၏။ ယင်းက ဘာသာစကားတစ်ခုစီအတွက် ဘာသာပြန်သူများနှင့် စာပြင်သူများအဖွဲ့ လိုအပ်လာသည်။ ဤအလုပ်အားလုံး၊ အထူးသဖြင့် လစဉ် ဘာသာပေါင်း ၁၂၁ ဘာသာနှင့် ယင်းမှ ၁၀၁ ဘာသာကို တစ်ပြိုင်နက်တည်းထုတ်ဝေသော ကင်းမျှော်စင်မဂ္ဂဇင်းအတွက် လုပ်ဆောင်မှုကြီးကို စဉ်းစားသာကြည့်လိုက်ပါ။ တုန်လှုပ်အံ့သြဖွယ်ပါတကား။ ကမ္ဘာတစ်ဝန်းရှိလူတို့သည် အကြောင်းအရာတစ်ခုတည်းကို ရရှိဖတ်ရှုနိုင်ဖို့ရန် ယင်းတို့လိုအပ်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို စာအုပ်စာတမ်းအသွင် သို့မဟုတ် အသံသွင်းတိတ်ခွေ သို့မဟုတ် ဗီဒီယိုခွေဖြင့်ထုတ်လုပ်ရာတွင် အသုံးပြုသော စက္ကူနှင့် အခြားပစ္စည်းများ၏ကုန်ကျစရိတ်သည် နှစ်စဉ်တိုးမြင့်လာနေသည်။ ဤကဲ့သို့သောကုန်ကျစရိတ်များသည် ညီအစ်ကိုများထံမှရသော အလှူငွေများကိုအသုံးပြုခြင်းအားဖြင့် အကုန်အကျခံနေခြင်းဖြစ်သည်။

ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏အသင်းတော် ၇၅,၀၀၀ ကျော်အားဖြင့် နယ်မြေဒေသများတွင် ဆက်ဖြစ်ပွားလျက်ရှိသည်။ သူတို့ကို စည်းလုံးစေရန်နှင့် ခွန်အားတိုးပွားစေရန် လေ့ကျင့်ခံထားရသောနယ်လှည့်ကြီးကြပ်မှူးများသည် အသင်းတော်တစ်ခုစီသို့ တစ်နှစ်လျှင်နှစ်ကြိမ်ခန့်လည်ပတ်ပါသည်။ စည်းဝေးပွဲများသည်လည်း ညွှန်ကြားချက်များပေးရာတွင် အရေးကြီးကဏ္ဍမှပါဝင်၏။ ယုံကြည်ခြင်းကို အလွန်အားရှိခိုင်ခံ့စေသည့် စည်းဝေးကြီးများအတွက် ကြီးမားသောအဆောက်အအုံကြီးများကို ငှားရမ်းရမည်ဖြစ်သည်။ သင့်ထည့်ဝင်သည့်အလှူငွေများသည် ဤရည်ရွယ်ချက်အတွက်လည်း အသုံးပြုသည်။

စည်းဝေးကြီးများကို များသောအားဖြင့် တစ်နှစ်လျှင်သုံးကြိမ်ကျင်းပသော်လည်း ဒေသခံအသင်းတော်များသည် ပတ်စဉ်စည်းဝေးငါးခုအတွက် စုဝေးကြ၏။ (ထွက်မြောက်ရာ ၃၄:၂၃၊ ၂၄ နှိုင်းယှဉ်။) သတင်းကောင်းကို တုံ့ပြန်ကြသော လူသစ်များ အစုလိုက်အပြုံလိုက်ဝင်လာခြင်းသည် နှစ်စဉ် ထောင်ပေါင်းများစွာသော အသင်းတော်သစ်များ ထပ်တိုးခြင်းဟု အဓိပ္ပာယ်သက်ရောက်နေသည်။ အဖွဲ့အစည်းမှတစ်ဆင့် ချေးငွေ ဒေါ်လာသန်းပေါင်းများစွာကို ထုတ်ပေးခြင်းအားဖြင့် နှစ်စဉ် ရာနှင့်ချီသောဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ကြ၊ အခြားခန်းမများစွာတို့ကိုလည်း အသစ်ပြုပြင်ခြင်း၊ တိုးချဲ့ခြင်းများကို ပြုကြသည်။ ယင်းသည် အကြိမ်ကြိမ်အသုံးပြုနေရသော လည်ပတ်နေသည့်ရန်ပုံငွေဖြစ်သော်လည်း လိုအပ်မှုများသည် ဆက်တိုးများလာနေသည်။

မကြုံစဖူးတိုးတက်နေသည့် အရပ်ဒေသတစ်ခုမှာ ဆိုဗီယက်ပြည်ထောင်စုဟောင်း၏လက်အောက်ခံများဖြစ်သော အရှေ့ဥရောပနိုင်ငံများတွင်ဖြစ်သည်။ ဤနေရာများ၌ လုပ်ငန်းတော်ကို ဖွင့်ပေးလိုက်ပြီဟူသည့် တိုးတက်မှုသတင်းသည် မည်မျှဝမ်းသာဖွယ်ပါတကား! ယခုဆိုလျှင် ယင်းနိုင်ငံအများသို့ သာသနာပြုများကို စေလွှတ်နေရ၏။ နိုင်ငံအချို့၌ ဌာနခွဲအသစ်များ ဆောက်လုပ်ကြရာ ကမ္ဘာတစ်ဝန်းဗေသလမိသားစုအဖြစ် အမှုထမ်းနေကြသည့် စေတနာ့ဝန်ထမ်းအရေအတွက် ၁၅,၀၀၀ ကျော်အထိ တိုးပွားလာသည်။ သူတို့နေထိုင်ရန် ဌာနခွဲအဆောက်အအုံများကို ဝယ်ယူရမည် သို့မဟုတ် ဆောက်လုပ်ရမည်ဖြစ်သည်။ သင်ထည့်ဝင်သည့်အလှူငွေများက လိုအပ်မှုကို ဖြည့်စွက်ပေးရန် အကူအညီဖြစ်စေသည်။

ဤလုပ်ငန်းအားလုံးတို့ကို စာတန်နှင့် သူ၏နတ်ဆိုးများ သတိမပြုမိဘဲနေမည်မဟုတ်ပါ။ ယေဟောဝါကျေးကျွန်များ၏ကြိုးစားအားထုတ်မှုကို နှောင့်နှေးအောင်၊ ပြဿနာဖြစ်အောင် သူတို့အစွမ်းရှိသမျှဖြင့် လုပ်ဆောင်ကြသည်။ (ဗျာဒိတ် ၁၂:၁၇) ယင်းကြောင်း ဖြောင့်မတ်သည့်ပညတ်များနှင့်အညီ အသက်ရှင်နေထိုင်ရန်နှင့် ယင်းကိုဟောပြောရန်တည်းဟူသော ဘုရားသခင့်လူမျိုးများ၏လုပ်ပိုင်ခွင့်ကို ကာကွယ်ဖို့ ဥပဒေအရဆိုင်ပြိုင်တိုက်လှန်ရခြင်းတို့နှင့်ပတ်သက်သောဝန်ထုပ်တစ်ခု တိုးလာသည်။ ထို့ပြင် စာတန့်အစီအစဉ်စနစ်တွင်းရှိ စစ်ပွဲများကြောင့်အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုများနှင့် သဘာဝဘေးဒဏ်များကြောင့် ဒုက္ခရောက်ကြရသော ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများနှင့် သူတို့နှင့်အတူရှိသောအခြားသူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ မကြာခဏလိုအပ်နေသည်။ သင်ထည့်ဝင်သည့်အလှူငွေများက ဤအရေးကြီးသောထောက်ပံ့မှုများအတွက် အကူအညီဖြစ်စေမည်။

သင့်ကို ယေဟောဝါဆုချမည်

သခင့်လုပ်ငန်းတော်ကို တိုးချဲ့ရန် ကျွန်ုပ်တို့၏အချိန်နှင့်ဥစ္စာအင်ခွင်များကို ရက်ရက်ရောရောအသုံးပြုခြင်းသည် ကြီးမားသောကောင်းချီးများကို ရရှိစေသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းမှာ အရာခပ်သိမ်းကိုပိုင်ဆိုင်သော ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆုချမည်ဖြစ်သောကြောင့်တည်း။ နယပုံပြင် ၁၁:၂၅ က ဤသို့ဖော်ပြသည်– “စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။” ယေဟောဝါ၏ဝတ်ပြုရေးကို တိုးတက်အောင် ကျွန်ုပ်တို့၏အပိုင်းကို ကျွန်ုပ်တို့လုပ်ဆောင်သောအခါ ကိုယ်တော်အမှန်ပင်အားရကျေနပ်တော်မူ၏။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ပညတ်ပဋိညာဉ်က တောင်းဆိုထားသောအလှူငွေကို ယူဆောင်လာရမည့် ရှေးဣသရေလလူမျိုးတို့ကို ကိုယ်တော်ဤသို့ကတိပြုတော်မူ၏– “‘ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်မသွန်လောင်းမည်ကို ထိုသို့စုံစမ်းကြလော့’ ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။” (မာလခိ ၃:၁၀) ယနေ့ ယေဟောဝါ၏ကျေးကျွန်များမွေ့လျော်နေကြသော ဝိညာဏကောင်းစားမှုက ဘုရားသခင်ကတိတည်ကြောင်း သက်သေထင်ရှားပြနေပေသည်။

ကယ်တင်ခြင်းနေ့ရက်အကြောင်း လူအားလုံးကို ကြေညာခြင်း၊ အသက်လမ်းပေါ်ရှိ နှလုံးရိုးဖြောင့်သူများကို ကူညီပေးနေခြင်းနှင့်ဆိုင်သော ကြီးမြတ်သည့်ဤလုပ်ငန်းသည် ထာဝစဉ်လုပ်ဆောင်သွားရမည့်အရာမဟုတ်ပါ။ (မဿဲ ၇:၁၄; ၂ ကောရိန္သု ၆:၂) သို့သော် သခင်၏ “အခြားသိုး” အဝင်ဖြစ်သူအားလုံးတို့ကို စုစည်းရဦးမည်ဖြစ်သည်။ (ယောဟန် ၁၀:၁၆) ယနေ့ စိတ်လှုပ်ရှားတက်ကြွဖွယ်ကောင်းသော ထိုအလုပ်ကို မလွဲဧကန်လုပ်ရမည်ပါတကား! ဖြောင့်မတ်ခြင်းတည်နေရာကမ္ဘာသစ်မှ နောက်ကြောင်းပြန်ကြည့်ပြီး ‘အဲဒီနောက်ဆုံးစုသိမ်းခြင်းလုပ်ငန်းမှာ ငါအပြည့်အဝပါဝင်ခဲ့ရတာပေါ့’ ဟု ပြောဆိုရသည့်အတွက် ကျွန်ုပ်တို့ယောက်စီယောက်တိုင်း မည်မျှပျော်ရွှင်လိုက်မည်ဖြစ်ခြင်း!—၂ ပေတရု ၃:၁၃။

[စာမျက်နှာ ၃၀၊ ၃၁ ပါ လေးထောင့်ကွက်]

ဘုရားနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအတွက် အချို့သူများလှူဒါန်းပုံ

ကမ္ဘာချီလုပ်ငန်းအတွက်ပါဝင်လှူဒါန်းခြင်း – များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသောအလှူငွေသေတ္တာတွင်ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို စီမံခန့်ခွဲထားကြသည်။ အသင်းတော်များသည် ယင်းအလှူငွေများကို ဘရွတ်ကလင်နယူးယောက်ဌာနချုပ် သို့မဟုတ် ဒေသခံဌာနခွဲရုံးသို့ လစဉ်ပေးပို့ကြသည်။

ပေးလှူခြင်းများ – စေတနာအလျောက်ငွေကြေးအလှူငွေများကို ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ ပဲင်စီလ်ဘေးနီးယား၊ ၂၅ ကိုလံဘီယာကုန်း၊ ဘရွတ်ကလင်၊ နယူးယောက်၊ ၁၁၂၀၁၊ သို့လည်းကောင်း၊ သင့်နိုင်ငံကိုကြည့်ရှုသော အသင်း၏ရုံးသို့လည်းကောင်း တိုက်ရိုက်ပေးပို့နိုင်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်းလှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်းဖော်ပြသည့် စာတိုကလေးပါထည့်ပေးသင့်သည်။

ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်းအစီအစဉ် – ကင်းမျှော်စင်အသင်းသို့ ငွေကြေးလွှဲအပ်ထားပေးနိုင်ပြီး လှူဒါန်းသူမသေဆုံးမီ သူ၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ရှိပါက ပြန်လည်ပေးအပ်ရန်ဖြစ်သည်။

အာမခံ – ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။ သို့ပြုလိုလျှင် အသင်းမကိုအကြောင်းကြားပါ။

ဘဏ်စာရင်းများ – ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်း (ပင်စင်စာအုပ်) များကို ဒေသန္တရဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ အပ်နှံ သို့မဟုတ် ကာယကံရှင်သေဆုံးမှ လွှဲပြောင်းပေးရန်စီစဉ်နိုင်သည်။ ယင်းအစီအစဉ်တစ်စုံတစ်ခုအတွက် အသင်းမကိုအကြောင်းကြားပါ။

အစုရှယ်ယာလက်မှတ်နှင့်ငွေချေးစာချုပ်များ – အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားပေးအပ်၍ဖြစ်စေ၊ ထပ်မံဝင်ငွေများကို လှူဒါန်းသူအားပေးရသည့် အစီအစဉ်ဖြင့်ဖြစ်စေလှူဒါန်းနိုင်သည်။

အိမ်ရာအဆောက်အအုံများ – ရောင်းချနိုင်သောအိမ်ရာအဆောက်အအုံများကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားဖြစ်စေ လှူဒါန်းသူအသက်ရှင်နေသရွေ့နေထိုင်ရန် အပိုင်းကိုချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန်စာချုပ်စာတမ်းမပြုမီ အသင်းမကိုအကြောင်းကြားသင့်သည်။

သေတမ်းစာနှင့်လွှဲအပ်စာများ – ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကိုကင်းမျှော်စင်အသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည်။ သို့မဟုတ် လွှဲအပ်စာချုပ်တွင် အသင်းမကအကျိုးခံစားခွင့်ရှိသူ အဖြစ်ပါဝင်စေနိုင်သည်။ ဤသို့ ဘာသာရေးအဖွဲ့အစည်းကိုလွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့်အကျိုးအမြတ် တစ်စုံတစ်ခုကိုဖြစ်ထွန်းစေပေမည်။

ပေးကမ်းရန် စီစဉ်ထားခြင်း – အဖွဲ့အစည်းသည် “ပေးကမ်းရန် စီစဉ်ထားခြင်း” ဟု ခေါင်းစဉ်တပ်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် ဘရိုရှာတစ်စောင်ကို ပြင်ဆင်ထားပါသည်။ အဖွဲ့အစည်းသို့ အထူးလက်ဆောင်ကို ယခု သို့မဟုတ် သေဆုံးသောအခါမှ သေတမ်းစာနှင့်လွှဲအပ်ပေးရန် စီစဉ်နေသော အမေရိကန်ရှိသူများအတွက် ဤသတင်းသည် အထောက်အကူပြုကြောင်း တွေ့ရပေမည်။ အထူးသဖြင့် လက်ဆောင် သို့မဟုတ် သေတမ်းစာ၏ကုန်ကျစရိတ်လျော့နည်းစေရန် အခွန်မှအကျိုးခံစားခွင့်ကိုအသုံးပြုပြီး အချို့သောမိသားစုပန်းတိုင် သို့မဟုတ် သေသောအခါ ရရန်ပေးရန်အစီအစဉ်ရည်မှန်းချက်ကို ပြီးမြောက်အောင်ဆောင်ရွက်လိုပါက ယင်းအချက်မှန်ကန်ပေသည်။

အထက်ပါမည်သည့်ကိစ္စနှင့်မဆိုပတ်သက်၍ ထပ်မံသိလိုပါက Treasurer’s Office, Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201-2483, သို့မဟုတ် သင့်နိုင်ငံကိုကြည့်ရှုသော အသင်း၏ရုံးသို့ စာရေးမေးမြန်းနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ