ငြိမ်သက်မှု ရှိနိုင်မည်လော
“တစ်နေရာရာတွင် စစ်အမြဲဖြစ်နေလိမ့်မည်။ ယင်းသည် လူတို့၏ ဝမ်းနည်းဖွယ် ဖြစ်ရပ်မှန်ဖြစ်သည်။” များမကြာမီက နယူးစ်ဝိခ်မဂ္ဂဇင်းတွင် စာရှုသူတစ်ဦး၏ ဤအဆိုးမြင်ထင်မြင်ချက်ကိုဖော်ပြခဲ့သည်။ ယင်းကို သင်လက်ခံသလော။ စစ်မှုသည် ရှောင်လွှဲ၍မရသောအရာ၊ ငြိမ်သက်ခြင်းကား မရနိုင်သောအရာလော။ သမိုင်းကိုထောက်ချင့်ရသော် ဤမေးခွန်းနှစ်ခုစလုံးကို ဟုတ်ပါသည်ဟု ဖြေဆိုရန် မခဲယဉ်းချေ။ စာရင်းမှတ်တမ်းများ ရှိသည်နှင့်အမျှ လူသားသည် စစ်မှုတစ်ခုပြီးတစ်ခုကို ဆင်နွှဲခဲ့ပြီး သတ်ဖြတ်နည်းများ ပိုမိုအစွမ်းထက်လာလေ ပဋိပက္ခများ၌ သေကျေပျက်စီးမှု တိုးများလာလေဖြစ်သည်။
၂၀ ရာစုသည်ပင် မထူးခြားပါ။ အမှန်မှာ၊ တစ်ခါနှင့်မျှမတူအောင် ရက်စက်ကြမ်းကြုတ်သောစစ်မှုကို တွေ့မြင်ခဲ့ရုံမက အသစ်အဆန်းတစ်ခုကိုပါ တပ်အပ်မြင်ခဲ့ရပြီ။ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်က အမေရိကန်နိုင်ငံသည် ဂျပန်နိုင်ငံအပေါ် အဏုမြူဗုံးနှစ်လုံးကြဲခြင်းအားဖြင့် နျူကလီးယားခေတ်ကို ဆောင်ကြဉ်းခဲ့သည်။ ထိုအချိန်မှစတင်သည့် အနှစ်ငါးဆယ်အတွင်း လူမျိုးအသီးသီးတို့သည် လူတို့ကို ကြိမ်ဖန်များစွာ ဖျက်ဆီးနိုင်သော နျူကလီးယားလက်နက် တောင်ပုံရာပုံစုဆောင်းခဲ့ပေပြီ။ ဤနျူကလီးယားလက်နက်များတည်ရှိခြင်းက စစ်မဆင်နွှဲစေရန် အဟန့်အတားဖြစ်စေမည်လော။ ဖြစ်ရပ်မှန်တို့က အဖြေပေးပါသည်။ လက်ရှိအချိန်အထိ နျူကလီးယားဗုံးများ ဆက်မကြဲသည့်တိုင် ၁၉၄၅ ခုနှစ်ကတည်းက စစ်ပွဲများတွင် လူသန်းပေါင်းများစွာ သေဆုံးခဲ့ပြီ။
လူသားမျိုးနွယ်သည် အဘယ်ကြောင့် ဤမျှစစ်လိုလားကြရသနည်း။ လူ့သမိုင်းတစ်လျှောက် စစ်မှုဆင်နွှဲစေခဲ့သော လူ့အဖွဲ့အစည်း၏ သဘောထားအချို့ကို အမေရိကန်းနားစွယ်စုံကျမ်းကဖော်ပြသည်။ ၎င်းတို့တွင် ဘာသာရေးဆိုင်ရာ သည်းမခံနိုင်ခြင်း၊ လူမျိုးရေး၊ ယဉ်ကျေးမှုကွာဟချက်များ၊ (ကွန်မြူနစ်ဝါဒနှင့် အရင်းရှင်စနစ် အစရှိသော) ခြားနားသည့်အယူအဆများ၊ စီးပွားရေးအခြေအနေများ ပါဝင်ပါသည်။ ထိုစာရင်းဇယားကို သင်ဖတ်ရှုလိုက်သည့်အခါ နီးကပ်သောအနာဂတ်တွင် ပြောင်းလဲနိုင်မည့်အရာတစ်ခုခုကို သင်တွေ့ရှိသလော။ ဘာသာရေးတွင် စာသားအတိုင်းယုံကြည်လက်ခံသူတို့ကလည်း တစ်ယူသန်စိတ်ကို လျှော့မည်ထင်သလော။ ဝေးလေစွ။
သို့ဖြစ်လျှင် တစ်နေ့နေ့ အခြေအနေသာ၍ကောင်းလာပြီး အစဉ်အမြဲငြိမ်သက်မည့်အချိန်ကို မျှော်လင့်စရာအကြောင်းမရှိတော့သလော။ ရှိပါသည်။ မျှော်လင့်နိုင်ကြ၏။ ဤလောကကြီးသည် မငြိမ်မသက်ဖြစ်နေသော်လည်း ယခုပင် ငြိမ်သက်မှုကို တွေ့ရှိနိုင်သည်။ ယင်းကို သန်းပေါင်းများစွာသောသူတို့ တွေ့ရှိကြပေပြီ။ ဤသူများအနက် အနည်းငယ်သောသူတို့၏အကြောင်းနှင့် ၎င်းတို့၏တွေ့ကြုံမှုများက သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိနိုင်ကြောင်းကိုပါ ပြောပြပါရစေ။
[Picture Credit Line on page 2]
Background cover and page 32: Reuters/Bettmann
[Picture Credit Line on page 3]
Reuters/Bettmann