“ငါ့ကိုငံ့လင့်ကြလော့”
“ထာဝရဘုရားမိန့်တော်မူသည်ကား . . .‘ငါ့ကို ငံ့လင့်ကြလော့။’”—ဇေဖနိ ၃:၈။
၁။ အဘယ်သတိပေးချက်ကို ဇေဖနိထုတ်ဆင့်ခဲ့ပြီး ယနေ့အချိန်တွင် အသက်ရှင်နေသူများအတွက် အဘယ်အရာသည်စိတ်ဝင်စားစရာဖြစ်သနည်း။
“ထာဝရဘုရား၏နေ့ကြီး နီးပြီ။” ဤသတိပေးကြွေးကြော်ချက်ကို ဘီ.စီ.အီး ခုနစ်ရာစုနှစ်ဝက်တွင် ပရောဖက်ဇေဖနိက မြွက်ကြားခဲ့သည်။ (ဇေဖနိ ၁:၁၄) အနှစ် ၄၀ သို့မဟုတ် ၅၀ အတွင်း ယေရုရှလင်အပေါ်နှင့် ယေဟောဝါ၏လူမျိုးတော်ကို မတော်မတရားပြုမူခြင်းဖြင့် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ပမာမခန့်ပြုခဲ့သော လူမျိုးများအပေါ်သို့ ယေဟောဝါ၏တရားစီရင်ချက်ချမှတ်သည့်အချိန်တွင် ဤပရောဖက်ပြုချက်ပြည့်စုံခဲ့သည်။ ဤ ၂၀ ရာစုအဆုံးပိုင်းတွင်အသက်ရှင်နေကြသူများအတွက် ယင်းသည် အဘယ်ကြောင့်စိတ်ဝင်စားစရာဖြစ်သနည်း။ ယေဟောဝါ၏အဆုံးသတ် “နေ့ကြီး” သည် အလျင်အမြန်ချဉ်းကပ်လာနေသည့်အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ ဇေဖနိအချိန်ကကဲ့သို့ပင် ယေဟောဝါ၏ “ဒေါသမီး” သည် ခေတ်သစ်ထပ်တူယေရုရှလင်—ခရစ်ယာန်ဘောင်—နှင့် ယေဟောဝါ၏လူမျိုးတော်ကို မတော်မတရားပြုမူပြီး ကိုယ်တော်၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ပမာမခန့်ပြုမူသည့် လူမျိုးအားလုံးအပေါ်တွင် တဟုန်းဟုန်းတောက်လောင်တော့မည်။—ဇေဖနိ ၁:၄; ၂:၄၊ ၈၊ ၁၂၊ ၁၃; ၃:၈; ၂ ပေတရု ၃:၁၂၊ ၁၃။
ဇေဖနိ—ရဲရင့်သောသက်သေခံ
၂၊ ၃။ (က) ဇေဖနိနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာကို သိရသနည်း၊ သူသည် ယေဟောဝါ၏ ရဲရင့်သောသက်သေတစ်ဦးဖြစ်ကြောင်း အဘယ်အရာက ပြသနည်း။ (ခ) အဘယ်အချက်များက ဇေဖနိပရောဖက်ပြုနေသည့် အချိန်နှင့် နေရာကို ကျွန်ုပ်တို့အား ဖော်ပြပေးနိုင်သနည်း။
၂ (ဟေဗြဲ၊ ဇယ်ဖန်း-ယား) “ယေဟောဝါသည် ကွယ်ဝှက်ပေးပြီ (အမြတ်တနိုးထားသည်)” အဓိပ္ပာယ်ရှိ နာမည်ရှင် ပရောဖက်ဇေဖနိအကြောင်းကို အနည်းငယ်သာသိကြသည်။ သို့သော် ဇေဖနိသည် အခြားပရောဖက်များနှင့်မတူဘဲ “ဟေဇကိ” ထိပြန်ကောက်ကာ လူမျိုးဆက်လေးဆက်အထိ သူ၏ဆွေစဉ်မျိုးဆက်ကို ဖော်ပြခဲ့သည်။ (ဇေဖနိ ၁:၁; ဟေရှာယ ၁:၁; ယေရမိ ၁:၁; ယေဇကျေလ ၁:၃ နှိုင်းယှဉ်။) ယင်းသည် အလွန်ထူးခြားသောကြောင့် ဋီကာဆရာအများစုက သူ၏ဘီသည် သစ္စာရှိဘုရင်ဟေဇကိပင်ဖြစ်ကြောင်း ဖော်ပြကြသည်။ ဇေဖနိသည် မင်းမျိုးမင်းနွယ်ဖြစ်ခဲ့ပါက ယုဒမင်းညီမင်းသားများအား သူ၏ထိုးနှက်ရှုတ်ချမှုကို ပို၍အလေးစီးစေခဲ့မည်ဖြစ်ကာ သူသည် ရဲရင့်သော ယေဟောဝါ၏သက်သေခံပရောဖက်တစ်ပါးဖြစ်ကြောင်း ထင်ရှားခဲ့မည်။ သူသည် ယေရုရှလင်မြို့၏မြေမျက်နှာအသွင်အပြင်ကိုလည်းကောင်း၊ နန်းတွင်းရေးရာများကိုလည်းကောင်း အိတ်သွန်ဖာမှောက်သိရှိထားခြင်းကြောင့် ယေဟောဝါ၏တရားစီရင်ချက်များကို ဤမြို့တော်ထဲတွင် ကြွေးကြော်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။—ဇေဖနိ ၁:၈-၁၁၊ အောက်ခြေမှတ်ချက်များရှု။
၃ ဇေဖနိသည် ပြည်တော်တွင်းရှိ ယုဒ၏ “မင်းညီမင်းသားများ” (မှူးမတ်များ သို့မဟုတ် လူမျိုးစုအကြီးအမှူးများ) နှင့် “ဘုရင့်သားတော်များ” အပေါ်တွင် ဘုရားသခင်၏တရားစီရင်ချက်များကို ကြွေးကြော်ခဲ့သော်လည်း ဘုရင်ကိုယ်နှိုက်ကိုမူ သူတစ်ခါမျှ ပြစ်တင်ရှုတ်ချခဲ့ခြင်းမရှိသည်မှာ အလွန်မှတ်သားစရာပင်။a (ဇေဖနိ ၁:၈၊ ကဘ; ၃:၃) ဇေဖနိ ပြစ်တင်ရှုတ်ချခဲ့သည့်အခြေအနေကို ကြည့်ခြင်းအားဖြင့် ငယ်ရွယ်သောဘုရင်ယောရှိသည် စင်ကြယ်သောဝတ်ပြုရေးအတွက် စိတ်သန်ခဲ့သော်လည်း ဘာသာရေးဆိုင်ရာ အသစ်ပြုပြင်ပြောင်းလဲမှုများကို မလုပ်သေးကြောင်း သိရှိရသည်။ ဤအချက်အားလုံးအရ ဘီ.စီ.အီး ၆၅၉ မှ ၆၂၉ အထိ နန်းစံခဲ့သည့် ယောရှိ၏ စောစောပိုင်းနှစ်များအတွင်း ဇေဖနိသည် ယုဒနိုင်ငံတွင် ပရောဖက်ပြုခဲ့ကြောင်း သိရှိရသည်။ ဇေဖနိ၏စွမ်းစွမ်းတမံပရောဖက်ပြုခြင်းက ဤအချိန်တွင် ယုဒနိုင်ငံ၌ လွှမ်းမိုးနေသည့် ရုပ်ပုံကိုးကွယ်မှု၊ အဓမ္မမှုနှင့် အဂတိလိုက်စားမှုတို့ကို ငယ်ရွယ်သောယောရှိ ပို၍သတိထားမိစေခဲ့ပြီး ရုပ်ပုံကိုးကွယ်မှုကိုဆန့်ကျင်သည့် သူ၏နောက်ပိုင်းလှုပ်ရှားဆောင်ရွက်မှုကို အားပေးမှုဖြစ်ခဲ့သည်မှာသေချာသည်။—၂ ရာဇဝင်ချုပ် ၃၄:၁-၃။
ယေဟောဝါ၏ဒေါသမီး တောက်လောင်ရသည့် အကြောင်းရင်း
၄။ ယေဟောဝါသည် ယုဒနှင့် ယေရုရှလင်မြို့တို့အပေါ် မိမိ၏ဒေါသကို အဘယ်စကားလုံးများဖြင့် ဖော်ပြတော်မူသနည်း။
၄ ယုဒခေါင်းဆောင်များ၊ ပြည်သားများနှင့် ယင်း၏မြို့တော် ယေရုရှလင်ကို ယေဟောဝါ အမျက်တော်ရှရသည့် ခိုင်လုံသောအကြောင်းရင်း ရှိသည်။ မိမိ၏ပရောဖက်ဇေဖနိအားဖြင့် ကိုယ်တော်ဤသို့ အမိန့်တော်မှတ်ခဲ့သည်– “ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့တစ်ဖက်၌ ငါသည် လက်ဆန့်တန်း၍၊ ဤအရပ်မှ ဗာလဘုရားနှင့် ၎င်းဆိုင်ရာယဇ်ပုရောဟိတ်အမျိုးမျိုးတို့ကိုလည်းကောင်း၊ အိမ်မိုးပေါ်တွင် ကောင်းကင်တန်ဆာများအားပျပ်ဝပ်ကိုးကွယ်သောသူ၊ ထာဝရဘုရားအား ပျပ်ဝပ်ကိုးကွယ်လျက် မိလကုံဘုရားကိုတိုင်တည်ကျိန်ဆိုသောသူတို့ကိုလည်းကောင်း . . . ငါရှင်းရှင်းပယ်ရှားမည်။”—ဇေဖနိ ၁:၄-၆၊ သမ္မာ။
၅၊ ၆။ (က) ဇေဖနိအချိန်တွင် ယုဒနိုင်ငံတွင်း ဘာသာရေးအခြေအနေကား အဘယ်နည်း။ (ခ) ယုဒပြည်၏ မြို့ပြခေါင်းဆောင်များနှင့် သူတို့၏လက်အောက်ငယ်သားများ၏ အခြေအနေကား အဘယ်နည်း။
၅ ယုဒနိုင်ငံသည် အသရေယုတ်သည့် ဗာလဝတ်ပြုရေး၏ မျိုးအောင်အခမ်းအနား၊ နတ်ဆိုးများနှင့်ပတ်သက်သော နက္ခတ်ဗေဒင်ပညာနှင့် တိတ္ထိဘုရား မိလကုံဝတ်ပြုမှုတို့နှင့် ညစ်ညမ်းခဲ့သည်။ အချို့သူများယူဆသကဲ့သို့ မိလကုံသည် မောလုတ်နှင့်တူညီပါမူ ထိုအချိန်က ယုဒနိုင်ငံ၏မှားယွင်းသောဝတ်ပြုရေးတွင် ကလေးများကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ယဇ်ပူဇော်ခြင်း ပါဝင်သည်။ ဤကဲ့သို့သောဘာသာရေးအကျင့်အကြံများသည် ယေဟောဝါမျက်မှောက်တော်တွင် ရွံရှာဖွယ်ရာဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၁:၅၊ ၇; ၁၄:၂၃၊ ၂၄; ၄ ဓမ္မရာဇဝင် ၁၇:၁၆၊ ၁၇) ရုပ်ပုံကိုးကွယ်သူများသည် ယေဟောဝါ၏နာမတော်ကို တိုင်တည်ကျိန်ဆိုလျက်ရှိသောကြောင့် ကိုယ်တော်၏အမျက်တော်ကို အကြီးအကျယ်နှိုးဆွသည်။ ကိုယ်တော်သည် ဘာသာရေးမသန့်ရှင်းမှုကို သည်းခံခွင့်လွှတ်ထားမည်မဟုတ်ဘဲ တိတ္ထိနှင့် အယူဖောက်ပြန်သော ယဇ်ပုရောဟိတ်များကိုပါ ပယ်ရှင်းပစ်တော်မူမည်။
၆ ထို့အပြင် ယုဒနိုင်ငံ၏မြို့ပြခေါင်းဆောင်များသည် အဂတိလိုက်စားကြသည်။ သူမ၏မင်းညီမင်းသားများသည် လုယက်ကိုက်စားတတ်သည့် “ဟောက်သောခြင်္သေ့” အလားဖြစ်ကြပြီး သူမ၏တရားသူကြီးတို့ကို အငန်းမရလုယက်စားသောက်တတ်သော “ဝံပုလွေ” များနှင့် နှိုင်းယှဉ်ထိုက်သည်။ (ဇေဖနိ ၃:၃၊ သမ္မာ) သူတို့၏လက်အောက်ငယ်သားများကို “အနိုင်အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိသခင်၏အိမ်ကိုပြည့်စေသောသူ” များဟု ပြစ်တင်ရှုတ်ချထားသည်။ (ဇေဖနိ ၁:၉) ရုပ်ပစ္စည်းအဓိကဝါဒသည် ပျံ့နှံ့နေသည်။ များစွာသောသူများသည် ဓနဥစ္စာစုဆောင်းဖို့အတွက် အခြေအနေကို အခွင့်ကောင်းယူနေကြသည်။—ဇေဖနိ ၁:၁၃။
ယေဟောဝါ၏နေ့တော်နှင့်ပတ်သက်သော သံသယများ
၇။ ဇေဖနိသည် “ထာဝရဘုရား၏နေ့ကြီး” မတိုင်မီ မည်မျှကြာကြာ ပရောဖက်ပြုခဲ့သနည်း၊ ဂျူးများစွာ၏ ဝိညာဉ်ရေးအခြေအနေကား အဘယ်နည်း။
၇ ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်း ဇေဖနိအချိန်တွင် အနှံ့အပြားဖြစ်နေသော ပျက်စီးယိုယွင်းနေသည့် ဘာသာရေးအခြေအနေက ဘီ.စီ.အီး ၆၄၈ ခန့်တွင် ဘုရင်ယောရှိက ရုပ်ပုံကိုးကွယ်မှုကိုဆန့်ကျင်သည့် လှုပ်ရှားဆောင်ရွက်မှုမပြုမီ သက်သေနှင့်ပရောဖက်အဖြစ် သူတာဝန်ယူလုပ်ဆောင်ခဲ့ကြောင်း ညွှန်ပြသည်။ (၂ ရာဇဝင်ချုပ် ၃၄:၄၊ ၅) ဇေဖနိသည် ယုဒနိုင်ငံပေါ်သို့ “ထာဝရဘုရား၏နေ့ကြီး” မကျရောက်မီ အနည်းဆုံး အနှစ် ၄၀ ကြာပရောဖက်ပြုခဲ့ဖွယ်ရှိသည်။ ဤကြားထဲတွင် ဂျူးများစွာသည် သံသယများဝင်ကာ ယေဟောဝါထံအမှုဆောင်ခြင်းမှ ‘နောက်ဆုတ်သွား’ ပြီး အမှုမထားသူများဖြစ်လာကြသည်။ “ထာဝရဘုရားကို မရှာဖွေ၊ မမေးမြန်းသောသူတို့” အကြောင်း ဇေဖနိပြောသည်။ (ဇေဖနိ ၁:၆) ယုဒနိုင်ငံတွင်ရှိသူများသည် ဘုရားသခင်အကြောင်းသိရှိရန် ကြိုးစားအားထုတ်မှုမပြုသော အလေးမထားသူများဖြစ်ကြကြောင်း ထင်ရှားသည်။
၈၊ ၉။ (က) ယေဟောဝါသည် “မိမိတို့အနည်အဖတ်ပေါ်တွင် နေရာကျသောသူတို့” ကို အဘယ်ကြောင့် စစ်ဆေးမည်နည်း။ (ခ) ယေဟောဝါသည် ယုဒပြည်သားများ၊ သူတို့၏ မြို့ပြခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များကို အဘယ်နည်းများဖြင့် အာရုံစိုက်တော်မူသနည်း။
၈ ယေဟောဝါသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြောင်း ဖော်ပြသူများကို စစ်ဆေးမည်ဟူသော မိမိ၏ရည်ရွယ်တော်မူချက်ကို သိရှိစေခဲ့သည်။ မိမိတို့ကိုယ်ကိုဝတ်ပြုသူများဖြစ်သည်ဟုဆိုကြသူများထဲတွင် ကိုယ်တော်၏အရည်အသွေးနှင့် လူ့ရေးရာများတွင် ကြားဝင်ဆောင်ရွက်မည့်ကြံရွယ်တော်မူချက်တို့နှင့်စပ်လျဉ်း၍ သံသယများ နှလုံးစွဲနေသူတို့ကို စိစစ်ဖော်ထုတ်တော်မူမည်။ ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “ထိုကာလ၌ ငါသည်မီးခွက်ကိုကိုင်၍ ယေရုရှလင်မြို့ကို စစ်ကြောမည်။ ‘ထာဝရဘုရားသည် ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်းမပေး’ ဟုအောက်မေ့လျက် မိမိတို့အနည်အဖတ်ပေါ်တွင် နေရာကျသောသူတို့ကို ငါစစ်ကြောမည်။” (ဇေဖနိ ၁:၁၂) “မိမိတို့အနည်အဖတ်ပေါ်တွင် နေရာကျသောသူတို့” (ဝိုင်လုပ်ခြင်းကို ရည်ညွှန်း) ဟူသည့်အသုံးအနှုန်းက စည်ပိုင်း၏အောက်ခြေရှိ အနည်အနှစ်များကဲ့သို့ အခြေကျနေသူများဖြစ်ပြီး လူ့ရေးရာများတွင် ဘုရားသခင်ကြားဝင်တော့မည့်အကြောင်း ကြွေးကြော်ချက်ဖြင့် အနှောင့်အယှက်မခံလိုသူများကို ရည်ညွှန်းသည်။
၉ ယေဟောဝါသည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားများနှင့် မိမိတို့၏ဝတ်ပြုရေးကို တိတ္ထိအယူဝါဒနှင့် ရောပြွမ်းပစ်ခဲ့ကြသည့် သူတို့၏ယဇ်ပုရောဟိတ်များကို အာရုံစိုက်တော်မူမည်။ ယေရုရှလင်မြို့ရိုးများအတွင်း ညအမှောင်လွှမ်းထားသကဲ့သို့ ဘေးကင်းလုံခြုံပါသည်ဟုသူတို့ခံစားရလျှင်ပင် သူတို့ပုန်းကွယ်ခိုအောင်းနေသည့် ဝိညာဏအမှောင်ထုကို ထိုးဖောက်ထွန်းလင်းမည့် တောက်ပသောမီးအိမ်ဖြင့် သူတို့ကို ဖော်ထုတ်စစ်ကြောတော်မူမည်။ ကိုယ်တော်သည် ပထမတွင် ထိတ်လန့်အံ့သြဖွယ် တရားစီရင်ချက် သတင်းစကားများဖြင့်လည်းကောင်း၊ ထိုနောက်တွင် တရားစီရင်ချက်များချမှတ်ခြင်းဖြင့်လည်းကောင်း သူတို့၏ဘာသာရေးလျစ်လျူရှုမှုကို လှုပ်ခါမှောက်လှန်ပစ်တော်မူမည်။
“ထာဝရဘုရား၏နေ့ကြီးနီးပြီ”
၁၀။ “ထာဝရဘုရား၏နေ့ကြီး” ကို ဇေဖနိမည်သို့ ဖော်ပြခဲ့သနည်း။
၁၀ ယေဟောဝါသည် ဤသို့ကြွေးကြော်ရန် ဇေဖနိကို ဝိညာဉ်တော်ဖြင့် လှုံ့ဆော်ခဲ့သည်– “ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။ ထာဝရဘုရား၏နေ့သတင်းသည် နား၌ခါး၏။” (ဇေဖနိ ၁:၁၄) ခါးသီးသောနေ့များသည် သတိပေးချက်အတိုင်းလိုက်နာရန်နှင့် စင်ကြယ်သောဝတ်ပြုရေးသို့ ပြန်လှည့်ရန် ငြင်းဆန်သူတိုင်း—ယဇ်ပုရောဟိတ်၊ မင်းညီမင်းသားများနှင့် ပြည်သူပြည်သားများ—အတွက် အမှန်ပင်တွေ့ကြုံရတော့မည်။ ပရောဖက်ပြုချက်က တရားစီရင်ချက်ချသောနေ့ကို ဤသို့ဆက်၍ဖော်ပြသည်– “ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊ ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တစ်ဖက်၌ တံပိုးမှုတ်၍ကြွေးကြော်ရာနေ့ဖြစ်၏။”—ဇေဖနိ ၁:၁၅၊ ၁၆။
၁၁၊ ၁၂။ (ခ) ယေရုရှလင်မြို့ကိုဆန့်ကျင်သော အဘယ်တရားစီရင်ချက်သတင်းစကားကို ကြေညာခဲ့သနည်း။ (ခ) စည်းစိမ်ဥစ္စာက ဂျူးများကို ကယ်တင်မည်လော။
၁၁ အကုန်မြန်လိုက်ပုံရှိသည့် ဆယ်စုနှစ်များအတွင်း ဗာဗုလုန်စစ်တပ်များသည် ယုဒနိုင်ငံသို့ ချဉ်းနင်းဝင်ရောက်လာမည်။ ယေရုရှလင် လွတ်မည်မဟုတ်။ လူနေရပ်ကွက်နှင့် စီးပွားရေးအချက်အချာနေရာတို့သည် ဖျက်ဆီးခံရမည်။ “ထာဝရဘုရားမိန့်တော်မူသည်ကား ‘ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကိုလည်းကောင်း၊ ဒုတိယမြို့၌ ငိုကြွေးမြည်တမ်းသံကိုလည်းကောင်း၊ တောင်ရိုး၌ပြင်းစွာချိုးဖျက်သံကိုလည်းကောင်း ကြားရ၏။ မတ္တေရှ [ယေရုရှလင်မြို့၏ ရပ်ကွက်တစ်ခု] အရပ်သားတို့ ငိုကြွေးမြည်တမ်းကြလော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကိုဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ။’”—ဇေဖနိ ၁:၁၀၊ ၁၁။
၁၂ ဂျူးများစွာသည် ယေဟောဝါ၏နေ့နီးကြောင်းကို မယုံကြည်ဘဲ အမြတ်အစွန်းကောင်းသော စီးပွားရေးအရဲစွန့်လုပ်ငန်းများတွင် ခြေစုံပစ်ပါဝင်ခဲ့ကြသည်။ သို့သော် သူတို့၏ဥစ္စာစည်းစိမ်သည် “သူတစ်ပါးလုယူ၍ သူတို့၏နေရာသည် လူဆိတ်ညံ” လိမ့်မည်ဖြစ်ကြောင်း မိမိ၏ပရောဖက်ဇေဖနိမှတစ်ဆင့် ယေဟောဝါ တင်ကူးမိန့်မြွက်တော်မူသည်။ သူတို့လုပ်သည့် ဝိုင်ကို သူတို့သောက်ရမည်မဟုတ်၊ “ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။”—ဇေဖနိ ၁:၁၃၊ ၁၈။
အခြားလူမျိုးများ တရားစီရင်ခံရ
၁၃။ ဇေဖနိသည် မောဘလူမျိုး၊ အမ္မုန်လူမျိုးနှင့် အာရှုရိလူမျိုးတို့ကိုဆန့်ကျင်သော အဘယ်တရားစီရင်ချက်သတင်းစကားကို ကြေညာခဲ့သနည်း။
၁၃ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို မတော်မတရားပြုမူခဲ့သည့် လူမျိုးများအပေါ်သက်ရောက်စေမည့် မိမိ၏အမျက်ဒေါသကိုလည်း မိမိ၏ပရောဖက်ဇေဖနိအားဖြင့်ဖော်ပြတော်မူသည်။ ကိုယ်တော်ဤသို့ကြေညာခဲ့သည်– “မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ၏လူမျိုးကို ကဲ့ရဲ့အပြစ်တင်၍၊ ငါ၏လူနေရာတစ်ဖက်၌ ဝါကြွားသောစကားကို ငါကြားပြီ။ သို့ဖြစ်၍၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ‘မောဘပြည်နှင့် အမ္မုန်ပြည်သည်၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဖို့မြေတူးရာအရပ် အစဉ်အမြဲပျက်စီးရာအရပ်ဖြစ်၍ . . . မြောက်မျက်နှာကိုလည်းတိုက်၍ အာရှုရိပြည်ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာအရပ်၊ လွင်ပြင်ကဲ့သို့သွေ့ခြောက်သောအရပ်ဖြစ်စေတော်မူမည်။’”—ဇေဖနိ ၂:၈၊ ၉၊ ၁၃။
၁၄။ တိုင်းတစ်ပါးသားများသည် ဣသရေလလူမျိုးများနှင့် သူတို့၏ဘုရားသခင် ယေဟောဝါကို ဆန့်ကျင်၍ ‘လေလုံးထွားခဲ့ကြ’ ကြောင်း အဘယ်သာဓက ရှိသနည်း။
၁၄ မောဘလူမျိုးနှင့် အမ္မုန်လူမျိုးတို့သည် ကြာမြင့်စွာကတည်းက ဣသရေလလူမျိုး၏ ရန်သူများဖြစ်လာခဲ့ကြသည်။ (တရားသူကြီး ၃:၁၂-၁၄ နှိုင်းယှဉ်။) ပြင်သစ်နိုင်ငံ လူဗားပြတိုက်ရှိ မောဘကျောက်တုံးတွင် မောဘဘုရင်မေရှာ၏ ကြွားလုံးများပါသော ကမ္ပည်းတစ်ခုက သက်သေခံသည်။ သူက မိမိ၏ဘုရား ခေမုရှ၏အကူအညီဖြင့် ဣသရေလမြို့ကြီးများစွာကို သိမ်းပိုက်လိုက်ကြောင်း ဝင့်ဝါစွာ ဖော်ပြထားသည်။ (၄ ဓမ္မရာဇဝင် ၁:၁) ဇေဖနိနှင့်တစ်ခေတ်တည်းသား ယေရမိက အမ္မုန်လူမျိုးတို့သည် သူတို့၏ဘုရားမိလကုံအမည်ဖြင့် ဣသရေလ ဂဒ်နယ်မြေကို သိမ်းယူခြင်းအကြောင်း ဖော်ပြထားသည်။ (ယေရမိ ၄၉:၁) အာရှုရိရှင်ဘုရင် ပဉ္စမမြောက် ရှာမနေဇာမူ ဇေဖနိအချိန်မတိုင်မီ အနှစ်တစ်ရာခန့်က ရှမာရိမြို့ကို ဝိုင်းရံသိမ်းပိုက်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၇:၁-၆) နောက်များမကြာမီ ဘုရင် သနာခရိပ်သည် ယုဒနိုင်ငံကို တိုက်ခိုက်ကာ ယင်း၏ခိုင်ခံ့သောမြို့ကြီးများစွာကို သိမ်းပိုက်ခဲ့ပြီး ယေရုရှလင်ကိုပင် ခြိမ်းခြောက်ခဲ့သည်။ (ဟေရှာယ ၃၆:၁၊ ၂) အာရှုရိဘုရင်၏ ပြောရေးဆိုခွင့်ရှိသူသည် ယေရုရှလင်လက်နက်ချအညံ့ခံဖို့ တောင်းဆိုနေသောအခါ ယေဟောဝါကို အံတုကာ အမှန်ပင်လေလုံးထွားခဲ့သည်။—ဟေရှာယ ၃၆:၄-၂၀။
၁၅။ ယေဟောဝါသည် မိမိလူမျိုးတော်အပေါ် ဆန့်ကျင်လေလုံးထွားခဲ့သည့် လူမျိုးများ၏ဘုရားများကို မည်သို့အရှက်ခွဲမည်နည်း။
၁၅ ဣသရေလနိုင်ငံကို ဆန့်ကျင်၍ လေလုံးထွားခဲ့ကြသည့် မောဘ၊ အမ္မုန်နှင့် အာရှုရိအပါအဝင် ဆာလံ ၈၃ တွင်ဖော်ပြထားသည် လူမျိုးများသည် ဤသို့ကြွားလုံးထုတ်ခဲ့ကြသည်– “ဣသရေလ၏နာမကို နောက်တစ်ဖန်အောက်မေ့စရာမရှိစေခြင်းငှာလာကြ၊ သူတို့အမျိုးကို ပယ်ဖြတ်ကြကုန်အံ့။” (ဆာလံ ၈၃:၄) ပရောဖက်ဇေဖနိက မောက်မာသောဤလူမျိုးများနှင့် သူတို့၏ဘုရားများကို ဗိုလ်ခြေတို့၏အရှင်ယေဟောဝါ အရှက်ခွဲတော်မူမည်ဖြစ်ကြောင်း ရဲရင့်စွာကြေညာခဲ့သည်။ “ထိုသူတို့သည် မာနကြီးသောသူဖြစ်၍၊ ကဲ့ရဲ့လျက်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ လူမျိုးတစ်ဖက်၌ ဝါကြွားသောကြောင့် ထိုသို့သောအပြစ်ကို ခံရကြလိမ့်မည်။ ထာဝရဘုရားသည် သူတို့တစ်ဖတ်၌ ကြောက်မက်ဖွယ်ဖြစ်၍၊ လောကီဘုရားရှိသမျှတို့ကို အငတ်ထားတော်မူလိမ့်မည်။ တစ်ပါးအမျိုးသားနေရာ ကျွန်းရှိသမျှတို့သည် အသီးအသီးမိမိတို့အရပ်၌ ရှိခိုးကြလိမ့်မည်။”—ဇေဖနိ ၂:၁၀၊ ၁၁။
“ငါ့ကို ငံ့လင့်ကြလော့”
၁၆။ (က) ချဉ်းကပ်လာနေသောယေဟောဝါ၏ နေ့သည် မည်သူများအတွက် ရွှင်လန်းမှု၏အရင်းအမြစ်ဖြစ်သနည်း၊ အဘယ်ကြောင့်နည်း။ (ခ) ဤသစ္စာရှိကျန်ကြွင်းသူများကို အဘယ်စေ့ဆော်တောင်းဆိုချက် ဆင့်ဆိုထားသနည်း။
၁၆ ဝိညာဉ်ရေးကိုလျစ်လျူရှုခြင်း၊ သံသယသဘောထား၊ ရုပ်ပုံကိုးကွယ်မှု၊ အဂတိလိုက်စားမှုနှင့် ရုပ်ပစ္စည်းအဓိကဝါဒတို့သည် ခေါင်းဆောင်များနှင့် ယုဒပြည်သူယေရုရှလင်မြို့သားများထဲတွင် လွှမ်းမိုးနေရာယူနေသော်လည်း အချို့သောသစ္စာရှိဂျူးများမူ ဇေဖနိ၏သတိပေးပရောဖက်ပြုချက်များကို နားထောင်ခဲ့ကြောင်း ထင်ရှားသည်။ သူတို့သည် ယုဒပြည်ရှိ မင်းညီမင်းသားများ၊ တရားသူကြီးများနှင့် ယဇ်ပုရောဟိတ်များ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကျင့်အကြံများကြောင့် စိတ်မချမ်းမသာဖြစ်နေကြသည်။ ဇေဖနိ၏ဆင့်ဆိုချက်များသည် ဤသစ္စာရှိများအတွက် စိတ်သာမှုရစေသော အရင်းအမြစ်တစ်ခုဖြစ်သည်။ ချဉ်းကပ်လာနေသော ယေဟောဝါ၏နေ့က အဆိုပါရွံရှာဖွယ်အကျင့်အကြံများကို ရပ်တန်းကရပ်စေမည်ဖြစ်သောကြောင့် ယင်းသည် သူတို့အတွက် စိတ်သောကရောက်စရာမဟုတ်ဘဲ ရွှင်လန်းမှု၏အရင်းအမြစ်တစ်ခုဖြစ်သည်။ ဤသစ္စာရှိကျန်ကြွင်းသူများသည် ယေဟောဝါ၏ ဤစေ့ဆော်တောင်းဆိုချက်ကို လိုက်နာခဲ့ကြသည်– “‘ဖမ်းဆီးလုယက်ခြင်းငှာ ငါမထမီတိုင်အောင် ငါ့ကိုငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင်သွန်းလောင်းမည်ဟုငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတစ်ပြင်လုံးကိုလောင်ရလိမ့်မည်။’”—ဇေဖနိ ၃:၈။
၁၇။ ဇေဖနိ၏ တရားစီရင်ချက်သတင်းစကားများသည် လူမျိုးများအပေါ်သို့ အဘယ်အချိန်နှင့် မည်သို့စတင်ပြည့်စုံခဲ့သနည်း။
၁၇ ထိုသတိပေးချက်ကို လိုက်နာသောသူတို့သည် အငိုက်မိမည်မဟုတ်။ များစွာသောသူတို့သည် ဇေဖနိပရောဖက်ပြုချက်၏ ပြည့်စုံချက်ကို မြင်တွေ့လိုက်ရသည်။ ဘီ.စီ.အီး. ၆၃၂ တွင် နိနေဝေမြို့သည် ဗာဗုလုန်လူမျိုး၊ မေဒိလူမျိုးများနှင့် သကုသိလူမျိုးများဖြစ်ဖွယ်ရှိသည့် မြောက်ပိုင်းမှ လူအုပ်စုများပေါင်းစည်းသည့် တပ်ပေါင်းစုအင်အားဖြင့် သိမ်းပိုက်ဖျက်ဆီးခံခဲ့ရသည်။ သမိုင်းဆရာ ဝေလ် ဒူးရန့်တ်က ဤသို့ဇာတ်ကြောင်းပြန်ပြသည်– “စိုင်အက်စရိဇ်ကွပ်ကဲသော မီးဒီးစ်စစ်တပ်တစ်တပ်၊ ကော့ကေးဆပ်မှ စစ်သီးယမ်းစ် [သကုသိ] အုပ်စုတို့နှင့်ပူးပေါင်းထားသော နဗိုပိုလေဇာ ကွပ်ကဲသည့် ဘေဘီလိုးနီးယန်းတပ်တစ်တပ်သည် မြောက်ပိုင်းခံတပ်များကို အံ့ဩစရာကောင်းလောက်အောင် အလွယ်တကူနှင့် မြန်မြန်ဆန်ဆန်သိမ်းပိုက်ခဲ့သည်။ . . . တစ်ချီတည်းနှင့် အဆီးရီးယားသည် သမိုင်းမှ တိမ်မြုပ်ပျောက်ကွယ်ခဲ့သည်။” ဇေဖနိပရောဖက်ပြုခဲ့သည့်အတိုင်း တစ်သဝေမတိမ်းဖြစ်ပျက်ခဲ့သည်။—ဇေဖနိ ၂:၁၃-၁၅။
၁၈။ (က) ယေရုရှလင်မြို့ပေါ်သို့ ဘုရားသခင်၏တရားစီရင်ချက် မည်သို့ချမှတ်ခဲ့သနည်း၊ အဘယ်ကြောင့်နည်း။ (ခ) မောဘနှင့် အမ္မုန်လူမျိုးတို့နှင့်ပတ်သက်၍ ဇေဖနိပရောဖက်ပြုချက် မည်သို့ပြည့်စုံခဲ့သနည်း။
၁၈ ယေဟောဝါကို ဆက်၍ငံ့လင့်စောင့်စားနေသော ဂျူးများစွာသည် ယုဒနှင့် ယေရုရှလင်အပေါ် ကိုယ်တော်၏တရားစီရင်ခြင်းကို တွေ့မြင်လိုက်ရကြသည်။ ယေရုရှလင်နှင့် စပ်လျဉ်း၍ ဇေဖနိဤသို့ပရောဖက်ပြုခဲ့သည်– “ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲတတ်သောမြို့သည် အမင်္ဂလာရှိ၏! နှုတ်ကပါဌ်တော်အသံကို နားမထောင်၊ ဆုံးမတော်မူခြင်းကို မခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိဘုရားသခင့်ထံတော်သို့ မချဉ်းကပ်။” (ဇေဖနိ ၃:၁၊ ၂) ယေရုရှလင်သည် မိမိ၏သစ္စာမဲ့မှုကြောင့် ဗာဗုလုန်လူမျိုးများအားဖြင့် နှစ်ကြိမ်တိုင်တိုင် ဝိုင်းရံပိတ်ဆို့ခြင်းခံခဲ့ရပြီး နောက်ဆုံး ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် သိမ်းယူဖျက်ဆီးခြင်းခံခဲ့ရသည်။ (၂ ရာဇဝင်ချုပ် ၃၆:၅၊ ၆၊ ၁၁-၂၁) ဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ်အဆိုအရ မောဘနှင့် အမ္မုန်လူမျိုးတို့မူ ယေရုရှလင်ကျအပြီး ပဉ္စမနှစ်တွင် ဗာဗုလုန်လူမျိုးများက သူတို့အားစစ်ဆင်တိုက်ခိုက်ကာ အောင်နိုင်ခဲ့သည်။ ပရောဖက်ပြုထားသည့်အတိုင်း သူတို့သည် နောက်ပိုင်းတွင် ပျောက်ကွယ်သွားသည်။
၁၉၊ ၂၀။ (က) ယေဟောဝါသည် ကိုယ်တော်ကို ငံ့လင့်နေသူများအား မည်သို့ဆုချခဲ့သနည်း။ (ခ) ဤအဖြစ်သနစ်များက ကျွန်ုပ်တို့နှင့် အဘယ်ကြောင့်သက်ဆိုင်သနည်း၊ နောက်ဆောင်းပါးတွင် အဘယ်အရာကို သုံးသပ်မည်နည်း။
၁၉ ဇေဖနိပရောဖက်ပြုချက်မှ ဤအချက်များနှင့် အခြားအသေးစိတ်အချက်အလက်များ ပြည့်စုံမှုက ယေဟောဝါကို ငံ့လင့်နေသည့် ဂျူးများနှင့်ဂျူးမဟုတ်သူများအတွက် ယုံကြည်ခြင်းခိုင်မာစေသော တွေ့ကြုံမှုတစ်ခုဖြစ်သည်။ ယုဒနှင့် ယေရုရှလင်ကျဆုံးသည့် ဖျက်ဆီးခြင်းဘေးကို ကပ်ကျော်သူများထဲတွင် ယေရမိ၊ အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်နှင့် ရေခပ်အမျိုးသား ယောနဒပ်၏မိသားစုတို့ပါဝင်သည်။ (ယေရမိ ၃၅:၁၈၊ ၁၉; ၃၉:၁၁၊ ၁၂၊ ၁၆-၁၈) ယေဟောဝါကို ဆက်၍မျှော်ကိုးကြသော နယ်နှင်ခံရသည့်ဂျူးများနှင့် သူတို့သားမြေးများသည် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ဗာဗုလုန်မှ လွတ်မြောက်ခံရပြီး စင်ကြယ်သောဝတ်ပြုရေးကို ပြန်လည်တည်ဆောက်ဖို့ ယုဒပြည်သို့ ပြန်လာကြသည့် ပျော်ရွှင်သောသူများအဝင်ဖြစ်လာကြသည်။—ဧဇရ ၂:၁; ဇေဖနိ ၃:၁၄၊ ၁၅၊ ၂၀။
၂၀ ဤအဖြစ်သနစ်ရှိရှိသမျှသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဇေဖနိအချိန်က အခြေအနေများသည် ယနေ့ခရစ်ယာန်ဘောင်တွင်ဖြစ်ပျက်နေသည့် ရွံရှာဖွယ်ရာများနှင့် နည်းများစွာဖြင့် တထေရာတည်းဖြစ်နေသည်။ ထို့အပြင် ထိုခေတ်ရှိ ဂျူးများ၏သဘောထားအမျိုးမျိုးသည် ယေဟောဝါ၏လူမျိုးတော်အတွင်း၌ပင် တွေ့ရှိနိုင်သည့် ယခုခေတ်လူတို့၏သဘောထားများနှင့်ဆင်တူနေကြောင်း ဖော်ပြသည်။ ယင်းတို့သည် နောက်ဆောင်းပါးတွင် ပါလာမည့်အကြောင်းအရာများဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a ဤအချိန်တွင် ယောရှိ၏သားတော်များသည် အလွန်ငယ်သေးရကား “ဘုရင့်သားတော်များ” ဟူသည်အသုံးအနှုန်းက မင်းမျိုးမင်းနွယ်အားလုံးကို ရည်ညွှန်းပုံရသည်။
ပြန်လည်ဆွေးနွေးခြင်းအားဖြင့်
◻ ဇေဖနိအချိန်တွင် ယုဒနိုင်ငံရှိဘာသာရေးအခြေအနေကား အဘယ်နည်း။
◻ အဘယ်အခြေအနေများသည် မြို့ပြခေါင်းဆောင်များအလယ်တွင် လွှမ်းမိုးပျံ့နှံ့နေသနည်း၊ ပြည်သူပြည်သားအများ၏ သဘောထားကား အဘယ်နည်း။
◻ လူမျိုးများသည် ယေဟောဝါ၏လူမျိုးတော်ကိုဆန့်ကျင်လျက် မည်သို့လေလုံးထွားခဲ့သနည်း။
◻ ဇေဖနိသည် ယုဒနှင့် အခြားလူမျိုးများကို အဘယ်သတိပေးချက် ထုတ်ဆင့်ခဲ့သနည်း။
◻ ယေဟောဝါကို ငံ့လင့်နေသူများသည် မည်သို့ ဆုချခံခဲ့ရသနည်း။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မောဘဘုရင်မေရှာသည် ရှေးဣသရေလနိုင်ငံကို ဆန့်ကျင်၍ ကဲ့ရဲ့ ရှုတ်ချသောစကားများကို ပြောဆိုခဲ့ကြောင်း မောဘကျောက်တုံးက အခိုင်အမာထောက်ခံသည်
[Credit Line]
Moabite Stone: Musée du Louvre, Paris
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
နိနေဝေမြို့သည် တပ်ပေါင်းစုများဖြင့်ဖျက်ဆီးခံခဲ့ ရကြောင်း ဖော်ပြသော ဗာဗုလုန်ရာဇဝင်ပြ ဤမြားသွားသဏ္ဌာန်စာကျောက်ပြားပါမှတ်တမ်းက ဇေဖနိပရောဖက်ပြုချက်ကို ထောက်ခံသည်
[Credit Line]
Cuneiform tablet: Courtesy of The British Museum