ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၅/၁၅ စာ. ၄-၇
  • စစ်မှန်သောလုံခြုံမှု—ယခုနှင့် ထာဝရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်သောလုံခြုံမှု—ယခုနှင့် ထာဝရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏ကျေးကျွန်များအတွက် လုံခြုံမှု
  • မိမိလူမျိုးတော်အတွက် ဘုရားသခင်ပြုတော်မူသောအရာ
  • စစ်မှန်သောလုံခြုံမှုသည် အားလုံးအတွက်ဖြစ်သလော
  • အဆုံး၌—ထာဝစဉ်တည်သွားမည့် စစ်မှန်သောလုံခြုံမှု
  • မည်သို့သောလုံခြုံမှုမျိုးကို သင်တမ်းတသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • လူသားမဖန်တီးနိုင်သော “ငြိမ်းချမ်းခြင်းနှင့်လုံခြုံမှု” ကိုရှုမျှော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဘုရားသခင် ဘာတွေ လုပ်ဆောင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ကတိတော်ထားရာ သာ၍ကောင်းသောအသက်တာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၅/၁၅ စာ. ၄-၇

စစ်မှန်သောလုံခြုံမှု—ယခုနှင့် ထာဝရ

ယဟောဝါဘုရားသခင်သည် မိမိ၏လူမျိုးတော်အတွက် လုံခြုံမှုပေးနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ကိုယ်တော်သည် “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရား” ဖြစ်တော်မူ၏။ (ဆာလံ ၆၈:၁၄) ကိုယ်တော်၏ အတုမရှိသော နာမတော်၏အဓိပ္ပာယ်မှာ “ဖြစ်စေရန် ကိုယ်တော်ဖြစ်စေသည်” ဟူ၍ဖြစ်၏။ စကြဝဠာတစ်ခွင်လုံးတွင် ကိုယ်တော်တစ်ပါးတည်းသာ မိမိ၏ကတိတော်များကို ပြည့်စုံစေရန်နှင့် မိမိ၏အလိုတော်ကို ပြီးမြောက်အောင်မြင်စေရန်အတွက် အတားအဆီးမှန်သမျှကို ကျော်လွှားနိုင်သူအဖြစ် ယင်းက ဖော်ပြပေသည်။ ဘုရားသခင်ကိုယ်တော်တိုင်က “ထိုအတူ ငါ၏နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” ဟု မိန့်ဆိုခဲ့သည်။—ဟေရှာယ ၅၅:၁၁။

ဘုရားသခင်သည် မိမိကို ယုံကြည်ကိုးစားသူများအတွက် လုံခြုံမှုကို ပေးတော်မူ၏။ ကိုယ်တော်၏နှုတ်ကပါဌ်တော်က ယင်းကို အာမခံသည်။ “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏” ဟု ပညာရှိ ရှောလမုန်မင်းက ဘုရားသခင်၏ဝိညာဉ်တော်မှုတ်သွင်းမှုဖြင့် ဖော်ပြခဲ့သည်။ “ထာဝရဘုရားကို ခိုလှုံသောသူမူကား လုံခြုံလိမ့်မည်” ဟု ထပ်ဆင့် မိန့်ဆိုခဲ့သေး၏။—သု. ၁၈:၁၀; ၂၉:၂၅။

ဘုရားသခင်၏ကျေးကျွန်များအတွက် လုံခြုံမှု

ယေဟောဝါရှင်သည် မိမိကို မှီခိုအားကိုးသူများအတွက် လုံခြုံမှု အမြဲပေးတော်မူ၏။ ဥပမာ ပရောဖက်ယေရမိသည် ဘုရားသခင်၏အကာအကွယ်ရရှိခဲ့သည်။ အယူဖောက်ပြန်သော ယေရုရှလင်မြို့ကို ဗာဗုလုန်စစ်တပ်များ ဝိုင်းရံပိတ်ဆို့ထားချိန်၌ လူတို့သည် “မုန့်ကိုချိန်လျက် စိုးရိမ်သောစိတ်နှင့်စားရကြမည်။” (ယေဇကျေလ ၄:၁၆) အခြေအနေမှာ အလွန်ခက်ခဲလာသောကြောင့် မိန်းမအချို့တို့သည် သူတို့၏သားသမီးများကို ချက်ပြုတ်၍ စားသောက်ကြ၏။ (ယေရမိမြည်တမ်းစကား ၂:၂၀; ၄:၁၀) ထိုအချိန်၌ ယေရမိသည် မကြောက်မရွံ့ ဟောပြောခဲ့သည့်အတွက်ကြောင့် အချုပ်အနှောင်ခံနေရသော်လည်း ယေဟောဝါသည် “မြို့တွင် မုန့်မကုန်မီတိုင်အောင် မုန့်သည်တန်းမှ မုန့်တစ်လုံးကို နေ့တိုင်းအစဉ်ပေး” စေရန် စီစဉ်ပေးတော်မူခဲ့၏။—ယေရမိ ၃၇:၂၁။

ယေရုရှလင်မြို့သည် ဗာဗုလုန်လက်တွင်း ကျရောက်သွားသောအခါ ယေရမိသည် အသတ်မခံရသကဲ့သို့ ဗာဗုလုန်သို့ သုံ့ပန်းအဖြစ်လည်း ဆွဲခေါ်သွားခြင်းမခံခဲ့ရပေ။ “[ဗာဗုလုန်လူမျိုး] ကိုယ်ရံတော်မှူးက . . . စားစရိတ်နှင့် လက်ဆောင်ကိုပေး၍ လွှတ်လိုက်လေ၏။”—ယေရမိ ၄၀:၅။

နောက်ပိုင်းရာစုနှစ်ပေါင်းများစွာအကြာ၌ ဘုရားသခင်၏ကျေးကျွန်များအား ယေရှုခရစ်က “‘အဘယ်သို့ စားသောက်ရအံ့နည်း၊ အဘယ်သို့ ဝတ်ရအံ့နည်း’ ဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဟု အာမခံထားတော်မူသည်။—မဿဲ ၆:၃၁-၃၃။

ယင်းက ယေဟောဝါ၏ကျေးကျွန်များသည် ယခုခေတ်ရှိ ဘေးဒုက္ခအားလုံးမှ ဘုရားသခင်၏ကာကွယ်မှုကို ရရှိကြလိမ့်မည်ဟု ဆိုလိုခြင်းလော။ ယင်းသို့မဟုတ်ပါ။ သစ္စာရှိသူများ၌ အန္တရာယ်မကျရောက်ဘဲမနေပါ။ စစ်မှန်သောခရစ်ယာန်များသည် ဖျားနာကြရ၊ ညှဉ်းပန်းနှိပ်စက်ခြင်းခံကြရ၊ ရာဇဝတ်မှု၏သားကောင်ဖြစ်ကြရ၊ မတော်တဆမှုနှင့် သေဆုံးကြရကာ အခြားသောနည်းများဖြင့်လည်း ဒုက္ခရောက်ကြရသည်။

ယေဟောဝါသည် ဘေးအန္တရာယ်မှ လုံခြုံမှု အပြည့်အဝ မပေးသေးသော်လည်း သတင်းရပ်များက ကိုယ်တော်သည် မိမိ၏ကျေးကျွန်များကို ထောက်မကာကွယ်ရန် တန်ခိုးတော်ကို အသုံးပြုနေကြောင်း တင်ပြလေသည်။ ခရစ်ယာန်များသည် သမ္မာကျမ်းစာမူများကို သူတို့၏အသက်တာတွင် လိုက်လျှောက်ကျင့်ကြံကြသောကြောင့် မြောက်မြားစွာသောပြဿနာတို့မှလည်း ကာကွယ်မှုရရှိကြသည်။ (သု. ၂၂:၃) ထို့ ပြင် လိုအပ်သည့်အခါ၌ တစ်ဦးကိုတစ်ဦးကူညီပေးတတ်ကြသော ချစ်ခင်တတ်သည့် ဝိညာဏညီအစ်ကို၊ ညီအစ်မများနှင့်ဖွဲ့စည်းထားသော ကမ္ဘာချီအသင်းအပင်းတစ်ရပ်မှလည်း လုံခြုံမှုကို သူတို့ရရှိကြသည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ရောမ ၈:၂၈) ဥပမာ စစ်ဒဏ်ခံ ရဝမ်ဒါမှ သူတို့ညီအစ်ကိုများ၏ ဆိုးဝါးလှသည့်အဖြစ်ကို တုံ့ ပြန်ရာတွင် ဥရောပရှိယေဟောဝါသက်သေများသည် အလျင်အမြန်ပင် ထည့်ဝင်လှူဒါန်းကြပြီး အဝတ်အစား ၆၅ တန်နှင့် ဒေါ်လာ ၁,၆၀၀,၀၀၀ တန်ဖိုးရှိသော ဆေးဝါးများ၊ အစားအသောက်များနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ပေးပို့ခဲ့ကြသည်။—တမန်တော် ၁၁:၂၈၊ ၂၉ နှိုင်းယှဉ်။

စစ်မှန်သောခရစ်ယာန်များကို စုံစမ်းနှောင့်ယှက်မှုများနှင့် ကြုံတွေ့ရန် ယေဟောဝါခွင့်ပြုထားသော်လည်း ခံနိုင်ရည်ရှိဖို့ ခွန်အား၊ ထောက်မမှုနှင့် ဉာဏ်ပညာပေးမည်ဟူသည့် ကတိတော်ကို သူတို့ရရှိထားသည်။ ယုံကြည်သူချင်းတို့ထံ စာရေးခဲ့ချိန်၌ တမန်တော်ပေါလုက “လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည်ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်” ဟု ဆိုခဲ့သည်။—၁ ကောရိန္သု ၁၀:၁၃။

မိမိလူမျိုးတော်အတွက် ဘုရားသခင်ပြုတော်မူသောအရာ

ယနေ့အချိန်၌ သန်းပေါင်းများစွာသောသူတို့သည် ဘုရားသခင်၏အလိုတော်ဆောင်ရွက်ရခြင်းကို ကျေနပ်နှစ်သက်ကြသည်။ သူတို့သည် အတင်းတွန်းအားပေးခံရ၍ ဘုရားသခင့်အမှုတော်ကိုထမ်းဆောင်ကြခြင်းမဟုတ်ပါ; ကိုယ်တော့်ကို သိ၍ ချစ်သောကြောင့်သာ ထိုသို့ ပြုကြခြင်းဖြစ်၏။ အပြန်အလှန်အနေနှင့် ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များကို ချစ်သောကြောင့် နာခံသည့်လူသားများ ငြိမ်းချမ်းမှု၊ ကျန်းမာမှုနှင့် လုံခြုံမှုကို ထာဝစဉ်ခံစားကြရမည့် ပရဒိသုတစ်ခုဖြစ်လာအောင် ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲရန် ရည်ရွယ်တော်မူသည်။—လုကာ ၂၃:၄၃။

ဘုရားသခင်သည် မိမိခန့်အပ်ထားသောဘုရင်ယေရှုခရစ်အုပ်စိုးသည့် ကောင်းကင်အစိုးရအားဖြင့် ယင်းကို ပြုလုပ်တော်မူလိမ့်မည်။ (ဒံယေလ ၇:၁၃၊ ၁၄) သမ္မာကျမ်းစာက ယင်းအစိုးရကို “ဘုရားသခင်၏နိုင်ငံတော်” နှင့် “ကောင်းကင်နိုင်ငံတော်” အဖြစ် ရည်ညွှန်းကိုးကားလေ့ရှိ၏။ (၁ ကောရိန္သု ၁၅:၅၀; မဿဲ ၁၃:၄၄) ဘုရားသခင်၏နိုင်ငံတော်သည် လူ့အစိုးရအားလုံးနေရာတွင် အစားဝင်မည်။ ကမ္ဘာမြေပေါ်၌ အစိုးရအများရှိနေမည့်အစား အစိုးရတစ်ခုတည်းသာရှိလိမ့်မည်။ ယင်းက ကမ္ဘာမြေတစ်ခွင်လုံးကို ဖြောင့်မတ်ခြင်းနှင့်အညီ အုပ်စိုးသွားလိမ့်မည်။—ဆာလံ ၇၂:၇၊ ၈; ဒံယေလ ၂:၄၄။

နိုင်ငံတော်အောက်၌ နေထိုင်ရန်ဖိတ်ခေါ်ချက်ကို အားလုံးသောသူတို့အား ယေဟောဝါ ကမ်းလှမ်းတော်မူသည်။ ယင်းကို ကိုယ်တော်ပြုလုပ်သည့်နည်းတစ်နည်းမှာ ဘုရားသခင့်နိုင်ငံတော်က လူသားများအတွက် အဘယ်အရာပြုလုပ်ပေးမည်ကို ရှင်းလင်းပြသော သမ္မာကျမ်းစာအုပ်ကို အနှံ့အပြားဖြန့်ဝေခြင်းအားဖြင့်ဖြစ်သည်။ သမ္မာကျမ်းစာသည် ကမ္ဘာ့အဖြန့်ဝေရဆုံးသော စာအုပ်ဖြစ်ကာ ယခုဆိုလျှင် ယင်းကို တစ်အုပ်လုံးအနေနှင့်သော်လည်းကောင်း၊ အပိုင်းလိုက်အနေနှင့်သော်လည်းကောင်း ဘာသာပေါင်း ၂,၀၀၀ ကျော် ဖြင့် ရရှိနိုင်ပေပြီ။

ယေဟောဝါဘုရားသခင်သည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သည့်အရာသွန်သင်ပေးကြောင်း လူများနားလည်သဘောပေါက်စေရန် မေတ္တာပါစွာဖြင့် ကူညီမစပေးတော်မူသည်။ သမ္မာကျမ်းစာအကြောင်း အခြားသူတို့ကို ရှင်းပြပေးရန် လူများကို လေ့ကျင့်သင်ကြားပေးပြီး စေလွှတ်ခြင်းအားဖြင့် ယင်းကို ကိုယ်တော်လုပ်ဆောင်တော်မူသည်။ ယခု နိုင်ငံပေါင်း ၂၃၀ ကျော်တို့တွင် ငါးသန်းကျော်သော ယေဟောဝါသက်သေများသည် ဘုရားသခင်၏နိုင်ငံတော်နှင့်စပ်ဆိုင်သော သတင်းကောင်းကို ကြွေးကြော်လျက်ရှိကြသည်။

စစ်မှန်သောလုံခြုံမှုသည် အားလုံးအတွက်ဖြစ်သလော

ဘုရားသခင်၏ဖြောင့်မတ်သည့်စံချိန်များနှင့်အညီ ပြုမူနေထိုင်ခြင်းဖြင့် ဘုရားသခင်၏နိုင်ငံတော်လက်အောက်ခံဖြစ်လာရန် ဖိတ်ခေါ်ချက်ကို လူတိုင်းလက်ခံလိမ့်မည်လော။ လက်ခံလိမ့်မည်မဟုတ်ပါ။ အကြောင်းမှာ မြောက်မြားစွာသောသူတို့သည် ဘုရားသခင်၏အလိုတော်အတိုင်း လုပ်ဆောင်ရန် စိတ်ဝင်စားမှုမရှိကြပေ။ ပိုကောင်းစားရန်အတွက် သူတို့၏အသက်တာကို ပြောင်းလဲဖို့ ကြိုးစားကူညီပေးမှုများကို ငြင်းဆန်ကြသည်။ “ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို [ဘုရားသခင်] မငြိမ်းစေရသည်တိုင်အောင် သူတို့စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက်ရှိကြ၏” ဟု ယေရှုမိန့်ဆိုခဲ့သောသူများနှင့်တူကြောင်း သူတို့ကိုယ်ကိုသူတို့ အမှန်ပင်ပြသကြသည်။—မဿဲ ၁၃:၁၅။

ဘုရားသခင်၏ဖြောင့်မတ်သည့် နည်းလမ်းတော်များနှင့်အညီအသက်ရှင်နေထိုင်ရန် ငြင်းဆန်ကြသူများအလယ်တွင် အဘယ်သို့အားဖြင့် စစ်မှန်သောလုံခြုံမှု ကမ္ဘာမြေပေါ်၌ ရှိလာနိုင်မည်နည်း။ မရှိနိုင်ပေ။ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်လိုသူများ၏ လုံခြုံမှုကို ဘုရားတရားမဲ့သူတို့သည် ခြိမ်းခြောက်လျက်ရှိ၏။

ဘုရားသခင်သည် ပြောင်းလဲကြရန် လူတို့ကို အကျပ်ကိုင်မည်မဟုတ်သကဲ့သို့ ဆိုးညစ်မှုကိုလည်း အကန့်အသတ်မရှိ သည်းခံတော်မူလိမ့်မည်မဟုတ်ပါ။ ယေဟောဝါရှင်သည် မိမိ၏နည်းလမ်းတော်နှင့် ရည်ရွယ်ချက်များကို လူများအား သွန်သင်ပေးရန် မိမိ၏သက်သေများအား စိတ်ရှည်သည်းခံစွာဖြင့် ဆက်လက်စေလွှတ်ပေးနေသော်လည်း ထိုသို့ ကြာရှည်စွာဆက်လုပ်တော့မည်မဟုတ်ချေ။ ယေရှုခရစ်က “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟု ကြိုဟောတော်မူခဲ့သည်။—မဿဲ ၂၄:၁၄။

ဘုရားသခင်၏စံချိန်စံနှုန်းများကို ငြင်းဆန်သူတို့အတွက် “အဆုံး” သည် မည်သည့်အဓိပ္ပာယ်ရှိလိမ့်မည်နည်း။ သူတို့ အပြစ်ဒဏ်စီရင်ခံရပြီး ဖျက်ဆီးခံရမည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သမ္မာကျမ်းစာက “ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို . . . ဆပ်ပေး၍ တရားသဖြင့်စီရင်တော်မူလိမ့်မည်။ . . . ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတ္တံ့” ဟု မိန့်ဆိုထားသည်။—၂ သက်သာလောနိတ် ၁:၆-၁၀။

အဆုံး၌—ထာဝစဉ်တည်သွားမည့် စစ်မှန်သောလုံခြုံမှု

ငြိမ်းချမ်းမှုနှင့်ဆိုင်သော ယေဟောဝါ၏နည်းလမ်းတော်များကို ငြင်းဆန်သူတို့အား ဖျက်ဆီးပြီးနောက် ဘုရားသခင်၏နိုင်ငံတော်သည် ဖြောင့်မတ်သူများ၏အကျိုးအလို့ငှာ ကမ္ဘာမြေပေါ်တွင် လုံခြုံမှုရှိသည့် ထည်ဝါသောခေတ်သမယကို ဆောင်ကြဉ်းပေးတော်မူလိမ့်မည်။ (ဆာလံ ၃၇:၁၀၊ ၁၁) ထိုကမ္ဘာသစ်သည် ယနေ့ ကျွန်ုပ်တို့နေထိုင်နေရသည့် ကမ္ဘာကြီးနှင့် မည်မျှကွာခြားလိုက်မည်ဖြစ်ခြင်း!—၂ ပေတရု ၃:၁၃။

အစာရေစာခေါင်းပါးမှုနှင့် ငတ်မွတ်ဆာလောင်မှု ရှိတော့မည်မဟုတ်။ လူတိုင်း၌ စားသောက်ဖွယ် အလျှံပယ်ရှိလိမ့်မည်။ ‘လူအားလုံးတို့သည် ဆူသောခဲဖွယ်စားဖွယ်တို့ကို သုံးဆောင်ကြလိမ့်မည်’ ဟု သမ္မာကျမ်းစာက ဆို၏။ (ဟေရှာယ ၂၅:၆) အစားအသောက် ပြတ်လပ်မှုရှိလိမ့်မည်မဟုတ်။ အကြောင်းမှာ “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်” ဖြစ်သောကြောင့်တည်း။—ဆာလံ ၇၂:၁၆။

လူတို့သည် တဲကုပ်များ၊ ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်များတွင် နေရကြတော့မည်မဟုတ်။ ဘုရားသခင်၏နိုင်ငံတော်အောက်တွင် အားလုံးတို့သည် အိမ်ကြီးအိမ်ကောင်းများပိုင်ဆိုင်၍ ကိုယ်ပိုင်မြေမှထွက်သော အစာကို သုံးဆောင်ရကြလိမ့်မည်။ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်” ဟု သမ္မာကျမ်းစာက ကတိပြုထား၏။—ဟေရှာယ ၆၅:၂၁။

အနှံ့အပြား အလုပ်လက်မဲ့ဖြစ်နေမည့်အစား ထိုတွင် အကျိုးရှိသည့်အလုပ်များရှိကာ ယင်းမှ ရလဒ်ကောင်းများကို လူတို့ တွေ့မြင်ရကြလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်က “သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ” ဟု မိန့်ဆိုထား၏။—ဟေရှာယ ၆၅:၂၂၊ ၂၃။

ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုအောက်တွင် လူတို့သည် ရောဂါကြောင့် ဝေဒနာခံစားပြီး သေရကြတော့မည်မဟုတ်။ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” ဟူ၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က အာမခံထားသည်။—ဟေရှာယ ၃၃:၂၄။

မကြာမီ အမှန်တကယ်ဖြစ်လာတော့မည့် ကမ္ဘာ့ပရဒိသုတွင် ဒုက္ခဝေဒနာနှင့် နာကျင်မှု၊ ဝမ်းနည်းပူဆွေးမှုနှင့် သေခြင်းတို့သည် ပပျောက်သွားလိမ့်မည်။ မှန်သည်၊ သေခြင်းပင် ပပျောက်သွားမည်တည်း! လူတို့သည် ပရဒိသုတွင် ထာဝစဉ်နေကြလိမ့်မည်! ဘုရားသခင်သည် “သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟု သမ္မာကျမ်းစာက ဆိုသည်။—ဗျာဒိတ် ၂၁:၄။

“ငြိမ်သက်ခြင်းအရှင်” ဖြစ်သော ယေရှုခရစ်၏ အုပ်စိုးမှုအောက်၌ ကမ္ဘာမြေပေါ်ရှိအသက်တာသည် နောက်ဆုံးတွင် အမှန်ပင် လုံခြုံမှုရှိလိမ့်မည်။ အမှန်တကယ်ပင် ကမ္ဘာတစ်ခွင်လုံခြုံမှုသည် တစ်ခုတည်းသောအစိုးရ—ဘုရားသခင်၏နိုင်ငံတော်—၏ဖြောင့်မတ်၍ မေတ္တာပါသည့်အုပ်စိုးမှုအောက်၌သာ တည်ရှိပေလိမ့်မည်တည်း။—ဟေရှာယ ၉:၆၊ ၇; ဗျာဒိတ် ၇:၉၊ ၁၇။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

“လူ့လုံခြုံရေးဟာ နက်ဖြန်နေ့မှာပဲ ယုံကြည်စိတ်ချကြဖို့၊ . . . နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတည်ငြိမ်မှုမှာပဲ [ယုံကြည်စိတ်ချကြဖို့] အဓိပ္ပာယ်ရတယ်။”

—အာရှတိုက်တွင်နေထိုင်သော အမျိုးသမီးတစ်ဦး

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“ခင်ဗျားကို လုံခြုံမှုမရှိဘူးလို့ ခံစားမှုဖြစ်ပေါ်စေတဲ့အရာအားလုံးတို့အထဲမှာ အကြမ်းဖက်မှုနဲ့ အပြစ်ကျူးလွန်မှုတို့ဟာ ထိပ်ဆုံးမှာရှိတယ်။”

—တောင်အမေရိကတွင်နေထိုင်သော အမျိုးသားတစ်ဦး

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“ကျူးကျော်တိုက်ခိုက်မှု . . . ကာလအတွင်းမှာ လုံခြုံတယ်လို့ ကျွန်မမခံစားရဘူး။ နိုင်ငံတစ်နိုင်ငံမှာ စစ်ဖြစ်နေတယ်ဆိုရင် ပြည်သူလူထုဟာ ဘယ်လိုများ လုံခြုံတယ်လို့ ခံစားရပါ့မလဲ။”

—အရှေ့အလယ်ပိုင်းဒေသမှ မူလတန်းကျောင်းသူတစ်ဦး

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

“ဗလက္ကာရပြုမှုမခံရဘဲ ညအချိန်မှာ လမ်းထွက်လျှောက်နိုင်တယ်လို့ ကျွန်မသိရတဲ့အခါမှ လုံခြုံမှုရှိတယ်လို့ ကျွန်မခံစားရပါ့မယ်။”

—အာဖရိကမှ ကျောင်းသူလေးတစ်ဦး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ