သူတို့သည် ခွန်အားကို အဘယ်မှ ရရှိကြသနည်း
ဤပုံတွင်ပါသည့် လိပ်ပြာကို သင်အသေအချာကြည့်မည်ဆိုလျှင် အတောင်လေးခုအနက်မှ တစ်ခုသည် လုံးလုံးအသုံးမဝင်ကြောင်း သင်တွေ့လိမ့်မည်။ သို့တိုင် ထိုလိပ်ပြာသည် ဆက်ပြီးအစာရှာနိုင်၊ ပျံသန်းနိုင်သည်။ ယင်းသည် အထူးအဆန်းမဟုတ်ပါ။ လိပ်ပြာများသည် သူတို့၏အတောင်မျက်နှာပြင် ၇၀ ရာခိုင်နှုန်းလစ်ဟင်းလျက် ယင်းတို့၏နေ့စဉ်လှုပ်ရှားမှုအတွက် သွားလာနေကြောင်း လေ့လာတွေ့ ရှိခဲ့သည်။
အလားတူစွာ လူများစွာသည် ခိုင်မာသည့်စိတ်ဓာတ်ကို တင်ပြကြသည်။ သူတို့သည် ပြင်းထန်သည့် ကာယိကဒုက္ခနှင့် စိတ္တဒုက္ခများကို ခံစားရကြသော်လည်း လက်မြှောက်အရှုံးမပေးကြပါ။— ၂ ကောရိန္သု ၄:၁၆ နှိုင်းယှဉ်။
တမန်တော်ပေါလုကိုယ်တိုင် သူ၏သာသနာပြုခရီးစဉ်များအတွင်း ကြီးမားသည့်အခက်အခဲများကို ကြံ့ကြံ့ခံခဲ့သည်။ သူသည် ကြာပွတ်နှင့်ရိုက်ခံရ၊ ရိုက်နှက်ခံရ၊ ကျောက်ခဲနှင့်ပေါက်ခံရ၊ ထောင်ချခံခဲ့ရသည်။ ထိုအပြင် သူသည် မပြတ်ခံစားနေရသော “ကိုယ်၌စူးသောဆူး” ဖြစ်သည့် မျက်စိပြဿနာဖြစ်ဖွယ်ရှိသော ကိုယ်အင်္ဂါချို့တဲ့မှုတစ်မျိုးမျိုးကို ခံစားခဲ့ရသည်။—၂ ကောရိန္သု ၁၂:၇-၉; ဂလာတိ ၄:၁၅။
ယေဟောဝါထံမှရသောခွန်အားသည် သူနာလန်ပြန်ထူလာဖို့အတွက် အလွန်အရေးပါကြောင်း နှစ်ပေါင်းများစွာ စိတ်ကျဝေဒနာအပြင်းအထန်ခံစားနေရခြင်းကို တိုက်လှန်ခဲ့ရသည့် ဒေဗစ်အမည်ရှိ ခရစ်ယာန်အကြီးအကဲတစ်ဦး ယုံကြည်ခဲ့သည်။ “ခဲရာခဲဆစ်ရယူထားတဲ့ တိုးတက်မှုဟာ လုံးလုံးပျောက်လုမတတ် အကြိမ်ကြိမ်ဖြစ်ခဲ့တယ်” ဟုသူရှင်းပြသည်။ “အဲ့လိုစိတ်ဓာတ်ကျမှုမျိုးကို ရင်ဆိုင်ရတဲ့အခါ ကျွန်တော့်ကိုယ်ကို ယေဟောဝါဆီမှာ ပုံအပ်လိုက်တယ်၊ ကိုယ်တော်ဟာ ကျွန်တော့်ကို တကယ်ပဲထောက်မပေးပါတယ်။ နာရီနဲ့ချီပြီး ဆုတောင်းခဲ့တဲ့အချိန်တွေတောင်ရှိခဲ့တယ်။ ယေဟောဝါကို ကျွန်တော်စကားပြောလိုက်တဲ့အခါမှာ ကျွန်တော့်ရဲ့ အထီးကျန်ဆန်ပြီး အသုံးမကျပါဘူးဆိုတဲ့ခံစားချက်တွေဟာ ပျောက်ကုန်တယ်။ အလွန့်အလွန်အားနည်းနေတဲ့အချိန်တွေမှာ ကျွန်တော်ရုန်းကန်ခဲ့ရပေမဲ့လည်း အဲ့ဒီအားနည်းမှုကနေ ခွန်အားပြန်ရလာလို့ ယေဟောဝါကို ကျေးဇူးတင်မိတယ်—တခြားသူတွေကိုတောင် ကူညီပေးနိုင်တဲ့ခွန်အားရရှိခဲ့တယ်။”
ယေဟောဝါဘုရားသခင်သည် ပေါလုကို ခွန်အားပေးတော်မူခဲ့သည်။ ထို့ကြောင့် သူက “ငါသည်အားနည်းသည့်အခါ ခွန်အားနှင့်ပြည့်၏” ဟုပြောနိုင်ခဲ့သည်။ (၂ ကောရိန္သု ၁၂:၁၀၊ သမ) မှန်ပါသည်၊ ပေါလု၏အားနည်းမှုများက ဘုရားပေးခွန်အားပေါ်တွင် မှီခိုရန် သူ့အားသင်ပေးခဲ့သည်။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” ဟု တမန်တော်ဆိုခဲ့သည်။ (ဖိလိပ္ပိ ၄:၁၃) ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို အစွမ်းခွန်အား အမှန်ပင်ပေးတော်မူသည်။