ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ကျူးဘားတွင် “ဆောင်ရွက်ခွင့်တံခါး ကျယ်စွာဖွင့်ထား”
တမန်တော်ပေါလုသည် ထင်ရှားသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောသူတစ်ဦးဖြစ်သည်။ သူသည် အခွင့်အရေးရတိုင်း နာခံမှုရှိသောလူသားတို့အတွက် ဖန်ဆင်းရှင်၏ ထာဝရအသက်ကတိတော်များကို အခြားသူများအား ဝေမျှလေ့ရှိသည်။ ရှေးဧဖက်မြို့ကို သွားရောက်လည်ပတ်စဉ် သာ၍များသောလူများကို ပို၍အကူအညီပေးနိုင်မည့် အခြေအနေသစ်တစ်ရပ်ကို သတိပြုမိခဲ့သည်။ သူက “ဧဖက်မြို့တွင် ဆောင်ရွက်ခွင့်တံခါး ကျယ်စွာဖွင့်ထားသည့်အလျောက် . . . နေဦးမည်” ဟုသူပြောခဲ့သည်။—၁ ကောရိန္သု ၁၆:၈၊ ၉၊ သမ။
ကျူးဘားတွင်ရှိသော ယေဟောဝါသက်သေများသည်လည်း အခြေအနေသစ်တစ်ရပ်ကို တွေ့ ကြုံကြရသည်။ တရားဝင်မှတ်ပုံမတင်ရသေးသော်လည်း သက်သေခံများသည် ယခုအခါတွင် သူတို့၏ကျမ်းစာမျှော်လင့်ချက်ကို နိုင်ငံသားချင်းတို့အား ပြောင်ပြောင်တင်းတင်းဝေမျှနိုင်ကြသည်။ ကျူးဘားအစိုးရသည် မကြာသေးမီကမှ အမျိုးမျိုးအမည်မည်သောဘာသာရေးအုပ်စုများကို လွတ်လပ်စွာလှုပ်ရှားခွင့်ပေးခြင်းဖြင့် အလေးအနက်စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ ယေဟောဝါသက်သေများသည် ကျူးဘားအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်တိုးတက်လာသော ဘာသာရေးအုပ်စုဖြစ်ကြောင်း သမ္မတ ကက်စ်ထရိုက လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါအခြေအနေသစ်က ယေဟောဝါသက်သေများအတွက် “ဆောင်ရွက်ခွင့်တံခါး ကျယ်စွာဖွင့်” ပေးခဲ့သည်။ ဥပမာ၊ ယေဟောဝါသက်သေများသည် ကျူးဘားတွင် ရုံးတစ်ရုံးကို မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ အဆိုပါရုံးက ထိုနိုင်ငံရှိ ဟောပြောခြင်းလုပ်ငန်းကို ညှိနှိုင်းလုပ်ဆောင်ရန် သူတို့အား အကူအညီပေးသည်။ ၆၅,၀၀၀ ကျော်သော သက်သေခံများသည် ပြည်သူလူထုကို ကျမ်းစာသင်ပေးကာ နားလည်သဘောပေါက်ရန် အကူအညီပေးနေကြသည်။ သူတို့သည် ကင်းမျှော်စင်နှင့် နိုးလော့! ကဲ့သို့သော ကျမ်းစာစာပေများကို အသုံးပြုကြသည်။ မှန်ကန်ရာဘက်တွင်စိတ်ပါလာသော ကျူးဘားလူမျိုးများစွာသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခြင်းမှ အကျိုးခံစားနေရသည်။
သက်သေခံများသည် ကျွန်းအနှံ့တွင် အုပ်စုငယ်လေးများဖွဲ့ကာ ပုံမှန်အစည်းအဝေးများကိုလည်း ကျင်းပနေကြသည်။ တစ်ခါတစ်ရံ ၁၅၀ ခန့် ရှိသောအုပ်စုများဖွဲ့ကာ သာ၍ကြီးမားသောအစည်းအဝေးများကိုပင် ကျင်းပခွင့်ရရှိကြသည်။ ကျူးဘားအစိုးရက သူတို့အား ခွင့်ပြုချက်ပေးသည့်အတွက် အမှန်ပင်ကျေးဇူးတင်ကြသည်။ ထို့ကြောင့် သူတို့၏ဝိညာဏညီအစ်ကို ညီအစ်မများနှင့် ပေါင်းစည်းခွင့်ရ၊ အတူတကွ ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုခွင့်ရပြီး ဆုတောင်းခွင့်ရရှိကြသည်။
မကြာသေးမီက “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်အစည်းအဝေးကြီးကို သီတင်းပတ်အကုန်ပိုင်း သုံးခုအတွင်းတွင် အကြိမ် ၁,၀၀၀ ကျော် ကျင်းပခဲ့သည်။ အစည်းအဝေးကြီးတိုင်းတွင် “စည်းစနစ်ကျနမှု၊ စည်းကမ်းသေဝပ်မှုနှင့် အေးဆေးငြိမ်သက်မှု” ထင်ရှားပေါ်လွင်ကြောင်း သတင်းတစ်ပုဒ်က ဖော်ပြသည်။ အာဏာပိုင်များက ဤအချက်နှင့်ပတ်သက်၍ ယေဟောဝါသက်သေတို့ကို ဝမ်းမြောက်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
ကမ္ဘာတစ်လွှားရှိ ခရစ်ယာန်စစ်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောလော့ဟူသည့် ဘုရားပေးအမိန့်တော်ကို ကြိုးစားလိုက်နာနေကြသည်။ တစ်ချိန်တည်းမှာပင် အစိုးရအာဏာပိုင်များနှင့် ဆက်ဆံရေးပြေပြစ်မှုကိုလည်း ကြိုးစားထိန်းသိမ်းကြသည်။ (တိတု ၃:၁) ယေဟောဝါသက်သေများသည် တမန်တော်ပေါလု၏ ဤသြဝါဒကို လိုက်နာကြသည်– “ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်းကို ရှေးဦးစွာပြုစေခြင်းငှာ ငါတိုက် တွန်းသွေးဆောင်၏။” —၁ တိမောသေ ၂:၁၊ ၂။