ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၀/၁ စာ. ၃-၄
  • ကျွန်ုပ်တို့ အိပ်မက်မြင်မက်ရမည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့ အိပ်မက်မြင်မက်ရမည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိပ်မက်ကမ္ဘာ
  • အိပ်မက်ထဲကသတင်းစကားများသည် ဘုရားသခင်ထံမှလော
    နိုးလော့!—၂၀၀၂
  • အိပ်မက်များ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • အိပ်ရေးဝဝအိပ်ခြင်း
    နိုးလော့!—၂၀၀၄
  • ဘုရားသခင်မြင်မက်စေတဲ့ အိပ်မက်များ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၀/၁ စာ. ၃-၄

ကျွန်ုပ်တို့ အိပ်မက်မြင်မက်ရမည်

သင် အိပ်မက် မြင်မက်ပါသလော။ မြင်မက်သည်ဟု ယူမှတ်ခြင်းသည် သင့်အတွက် မမှားပါ။ အကြောင်းမှာ ကျွန်ုပ်တို့မမြင်မက်ပါဟု ဆိုကြသည့်တိုင် အိပ်ပျော်စဉ်အခါ၌ ကျွန်ုပ်တို့အားလုံးအိပ်မက် မြင်မက်ကြသည်။ ၉၅ ရာခိုင်နှုန်းထက်မကသော အိပ်မက်များကို ပြန်မမှတ်မိကြဟု ခန့်မှန်းခဲ့ကြပြီ။ အဘယ်တစ်ခုကို အသင်မှတ်မိသနည်း။ အမှန်သော် ကျွန်ုပ်တို့မှတ်မိလေ့ရှိသည့်အရာများသည် ကျွန်ုပ်တို့မနိုးထမီအချိန်ကလေးတွင် မြင်မက်သော အိပ်မက်များဖြစ်လေသည်။

အိပ်မက်ကို စူးစမ်းလေ့လာကြသူများက အိပ်စက်ခြင်းဟူသည် ပထမနာရီပိုင်းအနည်းငယ်၌ အနှစ်ခြိုက်ဆုံးအိပ်ပျော်သွားပြီး နောက်ပိုင်း၌ အအိပ်ဆတ်လာသော အဆင့်ဆင့်ဖြစ်ပွားနေသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ရှာဖွေတွေ့ရှိကြ၏။ အိပ်မက်သည် ရွမ် အိပ်ခြင်းဟုခေါ်သော မျက်စိလှုပ်ရှားမှုနှုန်းမြှင့်ချိန်အတောအတွင်း အထူးသဖြင့် ဖြစ်ပျက်တတ်သည်။ ၎င်းသည် ရွမ် အိပ်ခြင်းမဟုတ်သော အိပ်စက်ခြင်းနှင့် တစ်လှည့်စီဖြစ်ပျက်လျက်ရှိ၏။ ရွမ် အိပ်ခြင်းနှင့် ရွမ် အိပ်ခြင်းမဟုတ်သော အိပ်စက်ခြင်းတို့ တစ်ပတ်လည်တိုင်း မိနစ် ၉၀ ကြာညောင်းတတ်ပြီး ညအချိန်အတွင်း၌ အဆိုပါဖြစ်ပျက်မှုသည် ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်ဖြစ်ပျက်လေ့ရှိသည်။ နောက်ဆုံးတစ်ခုသည် ကျွန်ုပ်တို့ မနိုးထမီအချိန်ကလေးတွင် ဖြစ်ပျက်၏။

အိပ်စက်နေချိန်၌ သင့်ဦးနှောက်သည် လှုပ်ရှားမှုနှုန်း နိမ့်သည့်အဆင့်တွင် ရှိနေသည်ဟု ထင်မှတ်ခြင်းသည် မှားပေသည်။ စိတ်အာရုံ၊ မှတ်ဉာဏ်တို့နှင့်ဆက်စပ်နေသော ဦးနှောက်ညှာတံအတွင်းရှိ အာရုံကြောဆဲလ်အချို့မှလွဲ၍ ဦးနှောက်သည် နိုးထနေသော အခြေအနေအချို့တွင်ထက် အိပ်မက်ထဲတွင် ပို၍လှုပ်လှုပ်ရှားရှားရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပြီ။ ၎င်းတို့သည် ရွမ် အိပ်ခြင်းဖြစ်ချိန်အတောအတွင်း၌ ရပ်နားသွားဟန်ရှိ၏။ သို့သော် ယေဘုယျအားဖြင့်ဆိုရလျှင် ဦးနှောက်ထဲရှိ နာ့ဗ်ကြောဆဲလ်များသည် အတွင်းပိုင်းဆက်သွယ်မှု အဆက်မပြတ်ဖြစ်ပျက်လျက်ရှိသည်။

ကျွန်ုပ်တို့၏ဦးနှောက်သည် တစ်စက္ကန့်အတွင်း သတင်းအချက်အလက် တစ်ရာမှ နှစ်ရာ၊ သုံးရာခန့်အထိ ထုတ်လုပ်ပေးလျက်ရှိသော အစိတ်အပိုင်းကုဋေပေါင်းများစွာပါဝင်သည့် အံ့ဖွယ်ကောင်းလောက်အောင်ရှုပ်ထွေးသော ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခုဖြစ်၏။ လူတစ်ဦး၏ဦးနှောက်အတွင်းရှိ အစိတ်အပိုင်းများသည် ကမ္ဘာပေါ်တွင်ရှိသောလူများထက် ပိုများ၏။ အချို့သော စူးစမ်းရှာဖွေသူများက ၎င်း၌ အစိတ်အပိုင်းပေါင်း ကုဋေ ၂,၀၀၀ မှ ကုဋေ ၅,၀၀၀ အထိပါရှိနိုင်သည်ဟု ခန့်မှန်းကြသည်။ ၎င်း၏ရှုပ်ထွေးပွေလီမှုက “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းပါမည်” ဟု လူ့ကိုယ်ခန္ဓာနှင့်ပတ်သက်၍ ကျမ်းရေးဆရာဒါဝိဒ်ရေးသားခဲ့သည့်အချက်ကို ခိုင်မာမှုရှိစေလေသည်။—ဆာလံ ၁၃၉:၁၄။

အိပ်မက်ကမ္ဘာ

ကျွန်ုပ်တို့နိုးထနေသောအချိန်အတောအတွင်း၌ ကျွန်ုပ်တို့၏အာရုံငါးပါးသည် သတင်းအချက်အလက်များနှင့် ပုံရိပ်များကို ဦးနှောက်သို့ စဉ်ဆက်မပြတ်ပို့ဆောင်ပေးလျက်ရှိသော်လည်း အိပ်စက်စဉ်အတောအတွင်း၌ ထိုသို့ပို့ဆောင်ပေးခြင်းမရှိတော့ချေ။ ဦးနှောက်က အဘယ်ပြင်ပအာရုံခံစားမှုမျှမပါဘဲ ၎င်းဘာသာ ပုံရိပ်များကို ထုတ်လုပ်လေသည်။ ထို့ကြောင့် အိပ်မက်ထဲ၌ ကျွန်ုပ်တို့မြင်တွေ့ရသည့်အရာ၊ ၎င်းအထဲ၌ ကျွန်ုပ်တို့ကြုံတွေ့ခံစားရသည့် လုပ်ရပ်များသည် တစ်ခါတစ်ရံ အာရုံချောက်ချားသည့်ပုံစံမျိုးဖြစ်နေခြင်းပင် ဖြစ်သည်။ ၎င်းက ပီတာ ပဲန် ကဲ့သို့ ပျံသန်းခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာမရရှိဘဲ ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျခြင်းစသည့် သဘာဝတရားနှင့်ဆန့်ကျင်သောအရာများက ကျွန်ုပ်တို့အတွက် ဖြစ်နိုင်သယောင်ရှိစေသည်။ အချိန်ကာလကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သောကြောင့် အတိတ်ကို ပစ္စုပ္ပန်ကဲ့သို့ ဖြစ်စေတတ်၏။ သို့မဟုတ် အဝေးသို့ ကျွန်ုပ်တို့ပြေးသည်ဆိုပါက ကျွန်ုပ်တို့၏လှုပ်ရှားမှုများကို ထိန်းချုပ်နိုပ်စွမ်းမရှိဟန်ဖြစ်နေမည်။ ကျွန်ုပ်တို့၏ခြေများက မတုံ့ပြန်လိုကြပေ။ ကျွန်ုပ်တို့နိုးထနေစဉ်ကရရှိခဲ့သော ပြင်းပြထက်သန်သည့် စိတ်စွဲလမ်းမှုနှင့် အတွေ့အကြုံများက အိပ်မက်များ၌ အကျိုးသက်ရောက်မှုရှိနိုင်လေသည်။ ဆိုးရွားကြောက်မက်ဖွယ်ကောင်းသော စစ်အတွေ့အကြုံများရခဲ့သည့်သူများစွာတို့သည် ၎င်းတို့ကို အလွယ်တကူမမေ့ပျောက်နိုင်ကြသကဲ့သို့ ရာဇဝတ်ကောင်တစ်ယောက်၏ တိုက်ခိုက်ခြင်းကိုခံရသော ခံစားချက်ကိုလည်း အချို့သူတို့ မမေ့ပျောက်နိုင်ကြပေ။ ကျွန်ုပ်တို့ နိုးထနေချိန်၌ ထိုကဲ့သို့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အတွေ့အကြုံများသည် အိပ်မက်များအတွင်း၌ ပေါ်လာနိုင်ပြီး အိပ်မက်ဆိုးများကို ဖြစ်ပေါ်စေတတ်သည်။ ကျွန်ုပ်တို့၏စိတ်ထဲ၌ အများအားဖြင့်ရှိတတ်သည့်အရာများသည် အိပ်စက်ချိန်၌ အိပ်မက်ထဲတွင် ပေါ်လာနိုင်ပေသည်။

တစ်ခါတစ်ရံ ပြဿနာတစ်ရပ်ကို ဖြေရှင်းရန်ကြိုးစားနေသောအခါများ၌ ဖြေရှင်းနည်းသည် ကျွန်ုပ်တို့အိပ်စက်နေသောအချိန်များတွင် ပေါ်လာတတ်သည်။ ယင်းက အိပ်စက်မှုတစ်လျှောက်လုံး၌ အိပ်မက်သာ မြင်မက်နေခြင်းမဟုတ်ကြောင်း ဖော်ပြ၏။ ၎င်း၏တစ်စိတ်တစ်ပိုင်းသည် စဉ်းစားနေခြင်းဖြစ်သည်။

“အိပ်စက်ချိန်အတွင်း၌ ဖြစ်ပျက်နေကျစိတ်လှုပ်ရှားမှုပုံစံအများစုမှာ အိပ်မက်မြင်မက်ခြင်းမဟုတ်ဘဲ စဉ်းစားခြင်းဖြစ်သည်။ အိပ်စက်ချိန်၌ စဉ်းစားခြင်းသည် ထင်ယောင်ထင်မှားဖြစ်စေသည့် စိတ်အာရုံခံစားမှုများနှင့် တစ်ပြိုင်တည်းဖြစ်ပျက်ခြင်း မရှိသကဲ့သို့ ထူးခြားဆန်းပြားသည့် စိတ်အာရုံလည်းမဟုတ်ပေ။ ၎င်းသည် သာမညသာဖြစ်ပြီး ယမန်နေ့က သို့မဟုတ် နက်ဖြန်နေ့၌ ဖြစ်ပျက်တတ်သည့် တကယ့်အဖြစ်အပျက်များနှင့် ဆက်စပ်နေလေ့ရှိကာ ထူးဆန်းမှုမရှိခြင်း၊ ဖန်တီးမှုကင်းခြင်း၊ ထပ်တလဲလဲဖြစ်ခြင်းတို့ ဖြစ်တတ်လေသည်” ဟု အိပ်မက်နှင့် ကျွန်ုပ်တို့၏ဦးနှောက်ဆိုင်ရာ စာအုပ်တစ်အုပ်က ဖော်ပြသည်။

အချို့ပုဂ္ဂိုလ်များက သူတို့၏အိပ်မက်ပါအကြောင်းအရာများသည် သူတို့အတွက် အထူးသတင်းများပါရှိသည်ဟု ယူဆကြသည်။ အိပ်မက်များကို အနက်ပြန်နိုင်ရန်အလို့ငှာ သူတို့၏အိပ်ရာဘေးတွင် မှတ်စုစာအုပ်တစ်အုပ်ထားကြသည်။ သို့အားဖြင့် သူတို့နိုးထလာသောအခါ၌ ၎င်းတို့ကို မှတ်သားနိုင်မည်ဖြစ်သည်။ အိပ်မက်သင်္ကေတများကို ကြိုးစားအဓိပ္ပာယ်ဖွင့်ပြထားသော စာအုပ်များ၏အသုံးဝင်မှုနှင့်ပတ်သတ်၍ အဲန် ဖာရာဒေး၏ အိပ်မက်ပရိယာယ်က “အိပ်မက်အကြောင်းအချက်များနှင့် သင်္ကေတများ၏အဓိပ္ပာယ်ကို သင်ရှာဖွေကြည့်ရှုသော အိပ်မက်စာအုပ်များသည် ဓလေ့ထုံးစံမှဖြစ်စေ၊ အချို့သော ခေတ်သစ်စိတ္တဗေဒသီအိုရီများအပေါ် အခြေခံထားသည်ဖြစ်စေ အသုံးဝင်မှုမရှိ” ဟု ဖော်ပြလေသည်။

အိပ်မက်များသည် အထူးသဖြင့် ဦးနှောက်အတွင်းမှဖြစ်ပေါ်လာရာဟု ယူမှတ်ရသောကြောင့် ၎င်းသည် ကျွန်ုပ်တို့အတွက် အထူးသတင်းအချက်အလက်များပါရှိသည်ဟု ယူဆခြင်းသည် ကျိုးကြောင်းညီညွတ်မှုမရှိပေ။ ၎င်းကို ဦးနှောက်အား ကောင်းမွန်သောအခြေအနေ၌ ဆက်ရှိနေရန် အကူအညီဖြစ်စေသော ဦးနှောက်၏ပုံမှန်လုပ်ဆောင်မှုတစ်ခုအဖြစ်သာ ကျွန်ုပ်တို့ရှုမြင်သင့်သည်။

သို့သော် ဆွေမျိုးတစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦး၏သေခြင်းနှင့်ပတ်သက်၍ အိပ်မက်မြင်မက်ပြီး နောက်တစ်နေ့တွင် ထိုပုဂ္ဂိုလ်သေဆုံးသွားကြောင်းကို သိရှိရသည်ဟု ဆိုသူများနှင့်ပတ်သက်၍ကော အသို့နည်း။ ၎င်းက အိပ်မက်သည် အနာဂတ်ကို ဖော်ပြနိုင်သည်ဟု ညွှန်ပြနေခြင်းပင် မဟုတ်ပေလော။ နောက်ဆောင်းပါးတွင် အနာဂတ်ကိုဖော်ပြသော အိပ်မက်များ၏နောက်ကွယ်၌ အဘယ်အရာရှိနေကြောင်း ကျွန်ုပ်တို့ဆွေးနွေးသုံးသပ်ပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ