အသိပေးသဘောတူဝန်ခံခွင့်ကို ထပ်မံအတည်ပြုခဲ့
မကြာသေးမီက အီတလီနိုင်ငံ၊ မစီးနာမြို့တော်တရားရုံး၏ ပဏာမစုံစမ်းစစ်ဆေးမှုများအတွက် တရားသူကြီးချမှတ်ခဲ့သည့်စီရင်ချက်တွင် အရွယ်ရောက်သူတစ်ဦး၏ဆေးကုသမှုဆန္ဒကို ဆရာဝန်များလိုက်နာရန်တာဝန်ရှိသည်ဟူ၍ ထပ်မံအတည်ပြုခဲ့သည်။ ယေဟောဝါသက်သေတစ်ဦးပါဝင်ပတ်သက်သည့်အမှုတစ်ခုတွင် ဤပြဋ္ဌာန်းချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၁၉၉၄၊ ဇန်နဝါရီတွင် အသက် ၆၄ နှစ်ရှိ သွေးမတိတ်ရောဂါသည်သက်သေခံလူနာ အန်တိုနီနိုစတယ်လာရီယိုလင်တီနီသည် မစီးနာမြို့၊ တော်မီနာရပ်ရှိဆေးရုံတစ်ရုံတွင် ကမန်းကတန်းတင်လိုက်ရသည်။ အန်တိုနီနို၏ဇနီးဖြစ်သူကာတေနာသည် ဆေးရုံဝန်ထမ်းများအား မိမိတို့သည် ယေဟောဝါသက်သေများဖြစ်သောကြောင့် သူမနှင့်သူမ၏ခင်ပွန်းသည် သွေးသွင်းကုသမှုကိုလက်ခံမည်မဟုတ်ကြောင်းပြောပြသည်။ (တမန်တော် ၁၅:၂၀၊ ၂၈၊ ၂၉) သူတို့၏ဆန္ဒကိုလေးစားခဲ့ကြသည်။
သို့သော်၊ အခြားကျန်းမာရေးဌာနသို့သယ်ဆောင်သွားစဉ်အတွင်း အန်တိုနီနိုသည် အသက်ရှူကျပ်ပြီး အသည်းအသန်အခြေအနေသို့ရောက်ခဲ့သည်။ မကြာမီအချိန်မှာပင် သူသေဆုံးသွားသည်။ ကာတေနာသည် ယူကျုံးမရဖြစ်သော်လည်း သမ္မာကျမ်းစာတွင်ကတိပြုထားသည့်ထမြောက်ခြင်းကြောင့် အလွန်နှစ်သိမ့်မှုရခဲ့သည်။ (တမန်တော် ၂၄:၁၅) ထို့နောက် တရားသူကြီးများသည်—လူထုဆက်သွယ်ရေးမှပြန့်လာသည့် မမှန်သောသတင်းများကြောင့်အထင်မှားသွားဖွယ်ရှိပြီး—ခင်ပွန်းသည်အား ခွဲစိတ်ကုသဖို့လိုအပ်သည်ဟု ဆရာဝန်များယူဆခဲ့သည်ကို သူမ ငြင်းဆိုခဲ့၍ခင်ပွန်းသည်သေဆုံးခဲ့ရသည်ဟု စွဲချက်တင်ခဲ့ခြင်းကြောင့် သူမအလွန်အံ့အားသင့်ခဲ့ရသည်။
တစ်နှစ်ကျော်ကြာပြီးနောက် ၁၉၉၅၊ ဇူလိုင် ၁၁ တွင် မည်သည့်ပြစ်မှုမျှမကျူးလွန်ခဲ့သောကြောင့် ကာတေနာကို တရားသေလွှတ်လိုက်သည်။ အမှန်မှာ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ၏သက်သေထွက်ဆိုချက်အရ လူနာ၏အခြေအနေကိုထောက်ရှုမည်ဆိုလျှင် မည်သည့်နည်းဖြင့်ခွဲစိတ်ခြင်းဆိုင်ရာကြားဝင်လုပ်ဆောင်စေကာမူ အကျိုးထူးမည်မဟုတ်ကြောင်း ထောက်ပြခဲ့သည်။
သို့သော် တရားသူကြီး၏ထုတ်ဖော်ပြောဆိုချက်က အဓိကစွဲချက်ကိုညွှန်ပြခဲ့သည်။ ကုသမှုကို လူနာသို့မဟုတ် လူနာကိုကိုယ်စားပြုသူများကငြင်းဆိုသည့်အခါ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ကြားဝင်လုပ်ဆောင်မည့်အစီအစဉ်ကို တရားရုံးကလက်ခံဖို့ခက်ကြောင်း သူထောက်ပြခဲ့သည်။ “ကြားဝင်လုပ်ဆောင်မှုတစ်ခုခုကိုမလုပ်မီ၊ ပတ်သက်သူ၏အသိပေးသဘောတူဝန်ခံချက်ရရှိဖို့ လိုအပ်ကြောင်းကိုကြိုသိထားရမည်” ဟုအီတလီနိုင်ငံ၏ ဆေးဘက်ကျင့်ဝတ္တရားဆိုင်ရာအက်ဥပဒေကပြဋ္ဌာန်းထားကြောင်း သူထပ်ဆင့်တင်ပြခဲ့သည်။ ထို့ကြောင့် ကာတေနာသည် “သူမ၏ခင်ပွန်အား ထိုသို့သောခွဲစိတ်ကုသခံခြင်းကို တရားဥပဒေအရကန့်ကွက်ခဲ့သည်” ဟုဖော်ပြခဲ့သည်။
ဤစီရင်ချက်က သူ သို့မဟုတ် သူမ၏ဆန္ဒနှင့်ဆန့်ကျင်ဘက်ဖြစ်သော ဆေးဘက်ဆိုင်ရာကုသမှုကို ငြင်းဆိုနိုင်သောအရွယ်ရောက်သူတစ်ဦး၏အခွင့်အရေးကို ထပ်မံအတည်ပြုသည်။