ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၁/၁၅ စာ. ၂၈-၃၁
  • သင်သည် မေရှိယကိုအသိအမှတ်ပြုမည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် မေရှိယကိုအသိအမှတ်ပြုမည်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ကျွန်ုပ်တို့သည်နိမိတ်လက္ခဏာကိုမြင်လိုပါသည်’
  • ‘ငွေတပ်မက်သူများ’
  • “ဂျူးများ၏ကြောက်ရွံ့ ခြင်း”
  • သင်သည် မေရှိယကို အမှန်ပင်အသိအမှတ်ပြုမည်လော
  • မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • မေရှိယကို သူတို့ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ငါတို့သည်မေရှိကိုတွေ့ကြပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေရှုခရစ်ဘုရားသခင်အားသိကျွမ်းခြင်းပညာ၏သော့ချက်
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၁/၁၅ စာ. ၂၈-၃၁

သင်သည် မေရှိယကိုအသိအမှတ်ပြုမည်လော

ယရှုခရစ်သည် ဣသရေလလူမျိုးအလယ်တွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သုံးနှစ်ခွဲကြာဟောပြောခဲ့သည်။ သို့သော် ကိုယ်တော်၏မြေကြီးပေါ် ဓမ္မအမှုကုန်ဆုံးချိန်အထိ မိမိနှင့်တစ်ခေတ်တည်းသားအများစုသည် ကိုယ်တော်ကို မေရှိယ သို့မဟုတ် ဘုရားသခင်ကတိထားခဲ့သည် “ဘိသိက်ခံရသူ” အဖြစ်လက်မခံခဲ့ကြပါ။ အဘယ်ကြောင့်နည်း။

ပထမရာစုအချိန်ကဂျူးများသည် ယေရှုအား မေရှိယအဖြစ်အသိအမှတ်မပြုသည့်အကြောင်းရင်းများစွာကို ခွဲခြားသိမြင်ရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့အားကူညီပေးသည်။ ဤအကြောင်းရင်းများထဲမှသုံးခုသည် မေရှိယဘုရင်အဖြစ်အုပ်စိုးနေသည့် ယေရှု၏လက်ရှိရာထူးကို အသိအမှတ်ပြုရန် များစွာသောသူတို့အား အဟန့်အတားဖြစ်စေသည်။

‘ကျွန်ုပ်တို့သည်နိမိတ်လက္ခဏာကိုမြင်လိုပါသည်’

ပထမရာစုအချိန်ကဂျူးများသည် မေရှိယကိုအသိအမှတ်မပြုသည့်အကြောင်းရင်းတစ်ခုမှာ မေရှိယဖြစ်ကြောင်းညွှန်ပြထားသည့် ကျမ်းဆိုင်ရာနိမိတ်များကို လက်ခံရန်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ တစ်ခါက ယေရှုကိုနားထောင်နေသည့်လူတို့က ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာကြောင်းကိုသက်သေပြရန် နိမိတ်တစ်ခုပြဖို့တောင်းဆိုခဲ့သည်။ ဥပမာ၊ မဿဲ ၁၂:၃၈ (သမ) တွင်ကျမ်းပြုဆရာနှင့်ဖာရိရှဲအချို့ ဤသို့ပြောခဲ့သည်ကို မှတ်တမ်းတင်ထားသည်– “အကျွန်ုပ်တို့သည် ဆရာပြသည့်နိမိတ်လက္ခဏာကိုမြင်လိုပါသည်။” ယေရှုသည်သူတို့အား နိမိတ်လက္ခဏာများမပြခဲ့၍လော။ အမှန်ပင်ပြခဲ့ပြီးဖြစ်သည်။

ထိုအချိန်တွင် ယေရှုသည် အံ့ဖွယ်အမှုများစွာပြခဲ့ပြီးဖြစ်သည်။ ကိုယ်တော်သည် ရေမှစပျစ်ရည်ဖြစ်အောင်ပြုလုပ်ခြင်း၊ သေခါနီးယောက်ျားကလေးတစ်ယောက်ကိုကုသပေးခြင်း၊ ဖျားနေသည့်ပေတရုယောက္ခမကိုကုသပေးခြင်း၊ အနူသည်ကိုသန့်ရှင်းစေခြင်း၊ ခြေလက်သေသည့်လူကိုလမ်းလျှောက်စေခြင်း၊ ၃၈ နှစ်ပတ်လုံးရောဂါစွဲနေသည့်လူကို ပြန်ကျန်းမာစေခြင်း၊ လူတစ်ဦး၏သေနေသည့်လက်တစ်ဖက်ကို ပုံမှန်ပြန်ဖြစ်စေခြင်း၊ ရောဂါဝေဒနာခံစားရသူများစွာကို ချမ်းသာပေးခြင်း၊ တပ်မှူးတစ်ဦး၏ကျွန်ကိုကုသပေးခြင်း၊ မုဆိုးမတစ်ဦး၏သားကိုသေခြင်းမှထမြောက်စေခြင်း၊ မျက်စိကန်းပြီးအနေသူတစ်ဦးကိုကုသပေးခြင်းတို့ကိုပြုတော်မူခဲ့သည်။ ဤအံ့ဖွယ်အမှုများကို ကာနမြို့၊ ကပေရနောင်မြို့၊ ယေရုရှလင်မြို့နှင့်နာဣနမြို့တို့တွင်ပြုခဲ့သည်။ ထို့အပြင် ထိုသို့သောအံ့ဖွယ်အမှုများပြုသည့်သတင်းသည် ယုဒနယ်နှင့်ပတ်ဝန်းကျင်နိုင်ငံအနှံ့အပြားတွင် ပျံ့နှံ့သွားသည်။—ယောဟန် ၂:၁-၁၂; ၄:၄၆-၅၄; မဿဲ ၈:၁၄-၁၇; ၈:၁-၄; ၉:၁-၈; ယောဟန် ၅:၁-၉; မဿဲ ၁၂:၉-၁၄; မာကု ၃:၇-၁၂; လုကာ ၇:၁-၁၀; ၇:၁၁-၁၇; မဿဲ ၁၂:၂၂။

ယေရှုသည်မေရှိယဖြစ်ကြောင်း သက်သေပြသည့်နိမိတ်လက္ခဏာများစွာရှိနေသည်မှာ ထင်ရှားသည်။ လူတို့ရှေ့နိမိတ်လက္ခဏာများစွာပြခဲ့သော်လည်း သူတို့သည်ကိုယ်တော်အား မယုံကြည်ခဲ့ကြပေ။ ယေရှုကိုဘုရားသခင်စေလွှတ်ကြောင်း သက်သေအထောက်အထားကိုမြင်ရသော်လည်း ကိုယ်တော်ကိုမေရှိယအဖြစ်အသိအမှတ်မပြုခဲ့သူများသည် ဝိညာဏမျက်စိကန်းသူများဖြစ်သည်။ သူတို့၏နှလုံးသည် ခိုင်မာပြီး သမ္မာတရားကိုလက်မခံလိုကြပေ။—ယောဟန် ၁၂:၃၇-၄၁။

ကျွန်ုပ်တို့အချိန်တွင်ကောမည်သို့နည်း။ “ကျွန်တော်ကိုယ်တိုင်မျက်စိနဲ့မြင်ရမှပဲယုံမယ်” ဟုလူအချို့ကြွေးကြော်ကြသည်။ သို့သော် ယင်းသည်အမှန်ပင်ပညာရှိလမ်းစဉ်ဖြစ်သလော။ ကျမ်းစာပရောဖက်ပြုချက်က ယေရှုသည် မေရှိယနိုင်ငံတော်တွင် ကောင်းကင်ဘုရင်အဖြစ်နန်းထိုင်နေပြီဖြစ်ကြောင်းညွှန်ပြသည်။ ကိုယ်တော်ကိုမမြင်ရသောကြောင့် ကိုယ်တော့်အုပ်ချုပ်မှုကို ပိုင်းခြားသိမြင်ရန်အကူအညီဖြစ်စေဖို့ နိမိတ်လက္ခဏာတစ်ခုလိုအပ်သည်၊ ယင်းက ဤအစီအစဉ်စနစ်ဆိုး၏နောက်ဆုံးကာလအစကို မှတ်သားပြသည်။ နိမိတ်လက္ခဏာကို သင်အသိအမှတ်ပြုသလော။—မဿဲ ၂၄:၃။

သမ္မာကျမ်းစာအရ မေရှိယဘုရင်အဖြစ် ယေရှု၏အုပ်ချုပ်မှုအစပြုခြင်းကို တစ်ခါနှင့်မျှမတူသည့်အတိုင်းအတာဖြင့် စစ်ဖြစ်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ အစာခေါင်းပါးခြင်းနှင့်ကပ်ရောဂါထူပြောခြင်းတို့ဖြင့် မှတ်သားပြမည်ဖြစ်သည်။ “နောက်ဆုံးကာလ” တွင် တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်းနှင့် ချုပ်တည်းမှုကင်းမဲ့ခြင်းတို့သည် လူ့ဆက်ဆံရေးတို့၏ဝိသေသလက္ခဏာများဖြစ်မည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ; မဿဲ ၂၄:၆၊ ၇; လုကာ ၂၁:၁၀၊ ၁၁) ခုနှစ်သက္ကရာဇ်စဉ်နှင့်ပြသည့်သက်သေအပြင် နောက်ဆုံးကာလ၏ခြားနားသည့်လက္ခဏာ ၂၀ ကျော်ကမေရှိယ၏အုပ်စိုးခြင်းသည် ၁၉၁၄ တွင်စတင်ကြောင်းအတိအကျညွှန်ပြသည်။—၁၉၉၃၊ မတ် ၁၊ ကင်းမျှော်စင် စာမျက်နှာ ၅ ရှု။

‘ငွေတပ်မက်သူများ’

ရုပ်ဝါဒလိုက်စားခြင်းသည် ယေရှုအားမေရှိယအဖြစ် ဂျူးတို့ငြင်းပယ်ရသည့်နောက်အကြောင်းရင်းတစ်ခုဖြစ်သည်။ ချမ်းသာကြွယ်ဝမှုကို အလွန့်အလွန်အလေးထားခြင်းကြောင့် ယေရှုနောက်လိုက်ဖို့ များစွာသောသူတို့အား အဟန့်အတားဖြစ်စေသည်။ ဥပမာ၊ ဖာရိရှဲတို့သည် ‘ငွေတပ်မက်သူများ’ အဖြစ်ထင်ရှားခဲ့ကြသည်။ (လုကာ ၁၆:၁၄) ယေရှုထံချဉ်းကပ်ပြီး ထာဝရအသက်ကိုမည်သို့ရနိုင်ကြောင်းမေးခဲ့သည့် ကြွယ်ဝချမ်းသာသောလူငယ်အရာရှိတစ်ဦး၏ကိစ္စကိုသုံးသပ်ကြည့်ပါ။ “ပညတ်တော်တို့ကိုစောင့်ရှောက်လော့” ဟုယေရှုက ပြန်၍မိန့်ကြားတော်မူခဲ့သည်။ “ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်း” ဟုလူငယ်မေးခဲ့ခြင်းက အချို့သောပညတ်များကို လိုက်လျှောက်ခြင်းထက်မက ပိုလိုအပ်သည်ကို သူသဘောပေါက်ကြောင်းသိသာသည်။ “ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှငါ့နောက်သို့လိုက်လော့” ဟုထိုသူအား ယေရှုမိန့်တော်မူခဲ့သည်။ မေရှိယ၏တပည့်တော်တစ်ဦးဖြစ်ရခြင်းသည် အခွင့်ထူးတစ်ခုပါတကား! သို့သော် ထိုအရာရှိသည် စိတ်မသာမယာဖြင့်ထွက်သွားခဲ့သည်။ အဘယ်ကြောင့်နည်း။ သူ့အတွက် မြေကြီးဘဏ္ဍာသည်ကောင်းကင်ဘဏ္ဍာထက် ပို၍အရေးကြီးသောကြောင့်ဖြစ်သည်။—မဿဲ ၁၉:၁၆-၂၂။

အခြေအနေသည်ပြောင်းမသွားပါ။ မေရှိယနိုင်ငံတော်၏နောက်လိုက်အစစ်အမှန်ဖြစ်ခြင်းဟူသည် မြေကြီးဆိုင်ရာပစ္စည်းဥစ္စာများအပါအဝင်အရာခပ်သိမ်းထက် ဝိညာဉ်ရေးအကျိုးစီးပွားကိုအလေးထားခြင်းဖြစ်သည်။ ရုပ်ဝါဒဆန်သည့်အမြင်ရှိသူတိုင်းအတွက် ယင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ ဥပမာ၊ အရှေ့နိုင်ငံတစ်ခုရှိ သာသနာပြုဇနီးမောင်နှံတစ်စုံသည် အမျိုးသမီးတစ်ဦးအား သမ္မာကျမ်းစာအကြောင်းပြောပြခဲ့သည်။ သူမသည် ယေဟောဝါနှင့်သားတော်ယေရှုခရစ်အကြောင်းပို၍သိလိုမည်ဟုယူဆရသောကြောင့် ထိုဇနီးမောင်နှံသည် ကင်းမျှော်စင်နှင့် နိုးလော့!ကို ဝေငှခဲ့သည်။ သူမမည်သို့တုံ့ပြန်ခဲ့သနည်း။ “ဒီမဂ္ဂဇင်းတွေက ကျွန်မကိုငွေအများကြီးရအောင်ကူညီပေးမလား” ဟုသူမမေးခဲ့သည်။ အမျိုးသမီးသည် ဝိညာဉ်ရေးရာထက်ရုပ်ပစ္စည်းကို ပို၍စိတ်ဝင်စားခဲ့သည်။

ထိုဇနီးမောင်နှံသည် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးစတက်ရောက်ခဲ့သည့် လူငယ်တစ်ဦးနှင့်ကျမ်းစာသင်ခဲ့သည်။ “မင်းအချိန်ဖြုန်းနေတာပဲ” ဟုမိဘများကသူ့အားပြောသည်။ “ညနေပိုင်းမှာဒုတိယလုပ်ငန်းတစ်ခုကိုလုပ်ပြီး ငွေများများရအောင်ရှာသင့်တယ်။” မေရှိယ၏နိုင်ငံတော်အကြောင်းကိုလေ့လာခြင်းထက် ရုပ်ပစ္စည်းများကိုရှေးဦးထားရန် သားသမီးများကိုမိဘများကအားပေးခြင်းသည် ဝမ်းနည်းစရာပါတကား! “ရှင်ဘုရင်သည် ဓနဥစ္စာများစွာကြွယ်ဝချမ်းသာသော်လည်း အသက်နှစ်ပေါင်းတစ်သောင်းကိုမဝယ်နိုင်ပါ” ဟုတရုတ်စကားပုံတစ်ခုကဆိုပါသည်။

ယခုအခါ များစွာသောသူတို့သည် မေရှိယဘုရင်အကြောင်းလေ့လာခြင်းနှင့် ယင်းနောက်လိုက်ခြင်းသည် ငွေတပ်မက်ခြင်းအတွက် နေရာပေးဖို့မရှိကြောင်း သိလာကြသည်။ ငွေများများရသည့်ကိုယ်ပိုင်လုပ်ငန်းကိုလုပ်ကိုင်သူ ယေဟောဝါသက်သေတစ်ဦး ဤသို့ပြောခဲ့သည်– “ငွေများများရှိခြင်းဟာ အလွန်နှစ်လိုဖွယ်ဖြစ်ပေမဲ့ အဓိကလိုအပ်ရာမဟုတ်ပါဘူး။ ငွေဟာ လူတစ်ဦးကို ပျော်အောင်မလုပ်ပေးပါဘူး။” ယခု သူမသည် ဥရောပရှိကင်းမျှော်စင်အသင်းဌာနခွဲရုံးတစ်ခုတွင် ဗေသလအိမ်သားတစ်ဦးဖြစ်နေပါသည်။

“ဂျူးများ၏ကြောက်ရွံ့ ခြင်း”

လူကိုကြောက်ရွံ့ ခြင်းသည်လည်း ယေရှုကိုမေရှိယအဖြစ်ဂျူးများလက်မခံရသည့် နောက်အကြောင်းတစ်ခုဖြစ်သည်။ ကိုယ်တော်အားမေရှိယဖြစ်ကြောင်း လူထုရှေ့အသိအမှတ်ပြုခြင်းသည် သူတို့၏ဂုဏ်သိက္ခာကိုထိခိုက်စေသည်။ အချို့သူတို့အတွက်ပေးဆပ်ရမည့်တန်ဖိုးမှာ အလွန်မြင့်မားသည်။ ဆဲန်ဟီဒရင်ဟုခေါ်သော ဂျူးလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သူနိကောဒင်ကို သုံးသပ်ကြည့်ပါ။ ယေရှု၏နိမိတ်လက္ခဏာများနှင့်သွန်သင်ချက်များကိုစွဲမှတ်သွားခဲ့ပြီး ဤသို့ဝန်ခံခဲ့သည်– “အရှင်ဘုရား၊ ကိုယ်တော်သည်ပြတော်မူသောဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏အခွင့်မရှိလျှင် အဘယ်သူမျှမပြနိုင်သည်ကိုအကျွန်ုပ်တို့သည်ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှကြွလာတော်မူသောဆရာဖြစ်ကြောင်းကိုသိကြပါ၏။” သို့သော် နိကောဒင်သည် ယေရှုထံညဘက်တွင်လာခဲ့ခြင်းက အခြားဂျူးများမသိစေရန်ဖြစ်နိုင်သည်။—ယောဟန် ၃:၁၊ ၂။

ယေရှု၏စကားကိုကြားနာခဲ့သောလူများစွာသည် ဘုရားသခင့်နှစ်သက်မှုထက် လူတို့၏နှစ်သက်မှုကိုပို၍အလေးထားကြသည်။ (ယောဟန် ၅:၄၄) စီ.အီး. ၃၂ တွင် တဲတော်ပွဲတက်ရန်ယေရုရှလင်မြို့၌ယေရှုရှိနေစဉ် “လူအစုအဝေးတို့သည်ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲ ဖြစ်ကြ၏။” “ယုဒလူတို့ကိုကြောက်သောကြောင့်” မည်သူမျှယေရှုအကြောင်းပွင့်ပွင့်လင်းလင်းမပြောဝံ့ကြ။ (ယောဟန် ၇:၁၀-၁၃) ယေရှုကုသပေးခဲ့သည့် မျက်စိကန်းသူတစ်ဦး၏မိဘများပင်လျှင် ဘုရားသခင့်ကိုယ်စားလှယ်တော်မှပြုလုပ်ပေးသည့် အံ့ဖွယ်အမှုကို သူတို့ကိုယ်တိုင်အသိအမှတ်မပြုရဲခဲ့ပေ။ သူတို့သည်လည်း “ယုဒလူတို့ကိုကြောက်” ခဲ့ကြသည်။—ယောဟန် ၉:၁၃-၂၃။

ယနေ့၊ အချို့တို့သည် ကောင်းကင်တွင်မေရှိယဘုရင်အဖြစ် ယေရှုယခုအုပ်စိုးနေကြောင်းသိထားသော်လည်း ပွင့်ပွင့်လင်းလင်းအသိအမှတ်မပြုဝံ့ကြပေ။ အခြားသူတို့နှင့်သူတို့၏ရပ်တည်မှုဆုံးရှုံးသွားခြင်းသည် သူတို့အတွက် အဖိုးအခအလွန်ကြီးမားလှပါသည်။ ဥပမာ၊ ဂျာမနီနိုင်ငံတွင်ယေဟောဝါသက်သေတစ်ဦးသည် ဤသို့ဝန်ခံခဲ့သူတစ်ဦးနှင့်ကျမ်းစာဆွေးနွေးခဲ့သည်– “ခင်ဗျားတို့သက်သေခံတွေဟောနေတဲ့ကျမ်းစာအကြောင်းတွေဟာ အမှန်တရားပဲ။ ဒါပေမဲ့ ဒီနေ့ ကျွန်တော်ယေဟောဝါသက်သေတစ်ဦးဖြစ်သွားရင် မနက်ဖန်ဆိုရင် အဲဒီအကြောင်းကိုလူတိုင်းသိကြလိမ့်မယ်။ အလုပ်၊ အိမ်နီးနားချင်း၊ ကျွန်တော့်မိသားစုနဲ့ ကျွန်တော်နဲ့ဆိုင်တဲ့အသိုင်းအဝိုင်းကသူတွေ ကျွန်တော့်ကိုဘယ်လိုထင်ကြမလဲ။ အဲ့ဒါကိုကျွန်တော်ခံနိုင်ရည်မရှိဘူး။”

မည်သည့်အကြောင်းများက လူကိုကြောက်ရွံ့စေသနည်း။ မာနစိတ်၊ မိသားစုနှင့်မိတ်ဆွေတို့အလယ်တွင် ထင်ပေါ်မှုကိုမြတ်နိုးခြင်း၊ ပြောင်လှောင်ခြင်းနှင့်အရှက်ခွဲခံရမည်ကိုကြောက်ခြင်း၊ လူအများ၏ခွဲခြားဆက်ဆံခံရမည်ကိုစိုးရိမ်ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုသို့သောသဘောထားများသည်အထူးသဖြင့် ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာစလေ့လာမည့်သူများအတွက် စမ်းသပ်မှုတစ်ခုဖြစ်ကြောင်းတွေ့ရသည်။ ဥပမာ၊ အမျိုးသမီးငယ်တစ်ဦးသည် ယေရှုခရစ်၏အုပ်ချုပ်မှုအောက်မြေကြီးပေါ်တွင် မေရှိယနိုင်ငံတော်ကတည်ထောင်ပေးမည့် ပရဒိသုအကြောင်းကို ဝမ်းပမ်းတသာသင်ယူခဲ့သည်။ သို့သော် သူမသည် ဒစ္စကိုအကကိုအလွန်ဝါသနာပါသူတစ်ဦးဖြစ်ရာ လူကိုကြောက်ရွံ့ ခြင်းက အခြားသူများကိုဤရည်ရွယ်ချက်အကြောင်းပြောရန် သူမအားအဟန့်အတားဖြစ်စေခဲ့သည်။ နောက်ဆုံးတွင် သူမသည် အခြားသူများကိုသမ္မာကျမ်းစာအကြောင်း ပွင့်ပွင့်လင်းလင်းပြောရဲရန်အားခဲလိုက်သည်။ သူမ၏ဒစ္စကိုမိတ်ဆွေများသည် သူမကိုအဆက်ဖြတ်ခဲ့သော်လည်း သူမ၏ခင်ပွန်းနှင့်မိဘများမူ စိတ်ဝင်စားကြောင်းပြခဲ့သည်။ အမျိုးသမီးနှင့်သူမ၏မိခင်သည် နောက်ဆုံးတွင်နှစ်ခြင်းခံခဲ့ပြီး သူမ၏ခင်ပွန်းနှင့်ဖခင်မှာ သမ္မာကျမ်းစာကိုစလေ့လာခဲ့ကြသည်။ လူကိုကြောက်ရွံ့ ခြင်းကိုအောင်နိုင်ခဲ့၍ ရရှိခဲ့သောဆုကျေးဇူးတစ်ခုပါတကား!

သင်သည် မေရှိယကို အမှန်ပင်အသိအမှတ်ပြုမည်လော

ညှဉ်းဆဲရာနှက်တိုင်ပေါ်ယေရှုသေခါနီးအချိန်တွင် တပည့်တော်အချို့ရှေ့မှောက်တွင်ရှိနေသည်။ သူတို့သည်ကိုယ်တော်အား ကြိုတင်ဟောထားသည့်မေရှိယအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ရှေ့မှောက်တွင်ရှိနေသည့်ဂျူးလူမျိုးမင်းအရာရှိတို့သည် နိမိတ်လက္ခဏာတစ်ခုတောင်းနေသည့်အလားပြောဆိုကြသည်။ “ခရစ်တော် [သို့မဟုတ်မေရှိယ] တည်းဟူသော ဘုရားသခင်ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေ။” (လုကာ ၂၃:၃၅) သူတို့သည် နိမိတ်လက္ခဏာတစ်ခုတောင်းခြင်းကို တစ်သက်လုံးရပ်ပါတော့မည်လော။ အံ့ဖွယ်အမှုမြောက်မြားစွာကို ယေရှုပြခဲ့ပြီးဖြစ်သည်။ ထို့အပြင် ကိုယ်တော်၏မွေးဖွားခြင်း၊ ဓမ္မအမှု၊ စုံစမ်းခြင်း၊ အသတ်ခံရခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့က ဟေဗြဲကျမ်းစာပါပရောဖက်ပြုချက်များကို ပြည့်စုံစေခဲ့သည်။—နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှထုတ်ဝေသည့် “ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” စာအုပ်စာမျက်နှာ ၃၄၃-၄ [လိပ်]ရှု။

ဖြတ်သန်းသွားလာသူတို့သည် ယေရှုကိုရှုတ်ချပြောဆိုခြင်းဖြင့် မေရှိယဖြစ်ကြောင်းသက်သေအထောက်အထားကိုငြင်းပယ်ခဲ့ကြသည်။ (မဿဲ ၂၇:၃၉၊ ၄၀) စစ်သားများသည် ယေရှု၏အဝတ်ကို မက်မောစွာဖြင့်ခွဲဝေယူခဲ့ကြပြီး အတွင်းအဝတ်ကို မဲနှိုက်ယူကြသည်။ (ယောဟန် ၁၉:၂၃၊ ၂၄) အချို့ကိစ္စများတွင် လူကိုကြောက်ရွံ့ ခြင်းသည် ကဏ္ဍတစ်ခုဖြစ်ပေမည်။ ဥပမာ၊ ဆဲန်ဟီဒရင်လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အရိမသဲမြို့သားယောသပ်ကို သုံးသပ်ကြည့်ပါ။ သူသည် “ယုဒလူတို့ကိုကြောက်၍မထင်မရှားတပည့်တော်” တစ်ဦးဖြစ်ခဲ့သည်။ မေရှိယသေပြီးနောက် ယောသပ်နှင့်နိကောဒင်တို့သည် ယေရှု၏အလောင်းအတွက်တာဝန်ယူခဲ့ကြသည်။ ဤနည်းဖြင့် လူကိုကြောက်ရွံ့ခြင်းကို ယောသပ်ကျော်လွှားနိုင်ခဲ့သည်။—ယောဟန် ၁၉:၃၈-၄၀။

သင်သည် ပထမရာစုတွင်အသက်ရှင်ခဲ့မည်ဆိုလျှင် ယေရှုကိုမေရှိယအဖြစ်အသိအမှတ်ပြုမည်လော။ ဤသို့ပြုရန် သမ္မာကျမ်းစာပါအထောက်အထားများကိုလက်ခံဖို့၊ ရုပ်ဝါဒမက်သည့်အတွေးအခေါ်များကိုငြင်းပယ်ဖို့နှင့် လူကိုကြောက်ရွံ့သည့်စိတ်ကိုအရှုံးမပေးဖို့ လိုအပ်မည်။ ဤနောက်ဆုံးကာလတွင် ကျွန်ုပ်တို့ယောက်တိုင်း မိမိကိုယ်ကို ‘ငါဟာ ယေရှုကို ကောင်းကင်ဆိုင်ရာမေရှိယဘုရင်အဖြစ် အခုအသိအမှတ်ပြုသလော’ ဟုမေးသင့်သည်။ မကြာမီကိုယ်တော်သည် မြေကြီးဆိုင်ရာအရေးကိစ္စတို့ကို တာဝန်ယူဆောင်ရွက်တော့မည်။ ထိုအချိန်တွင် သင်သည် ယေရှုကို ကတိထားရာမေရှိယအဖြစ် အမှန်တကယ်အသိအမှတ်ပြုသူများထဲမှတစ်ဦးဖြစ်မည်လော။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေရှုသည်မေရှိယဘုရင်ဖြစ်ကြောင်းပြသည့် အထောက်အထားကို မည်သည့်အခါမျှ သင်တမင်လျစ်လျူမရှုပါနှင့်

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မေရှိယအကြောင်းသင်ယူခြင်းဟူသည် များသောအားဖြင့် အခြားသူများပြောလာနိုင်သည့်စကားများအားကြောက်ရွံ့ မှုကို ကျော်လွှားခြင်းဟုဆိုလိုသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ