“ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” သည်ဆင်းရဲဒုက္ခခံရသူများကို ဂရုစိုက်တော်မူ
သမ္မာကျမ်းစာက ဆင်းရဲဒုက္ခများကို ရှေးခေတ်ဒါဝိဒ်ခံခဲ့ရကြောင်း ရှင်းပြသည်။ သူ့ကိုသတ်ပစ်ရန်ဆုံးဖြတ်ထားသော ဆိုးယုတ်၍ သဘောထားတင်းမာသည့်ဘုရင်၏ ညှာတာမှုကင်းမဲ့စွာဖြင့် သဲသဲမဲမဲလိုက်လံဖမ်းဆီးမှုကြောင့် သူသည် နှစ်ပေါင်းတော်တော်များများ ဝရမ်းပြေးဘဝရောက်ခဲ့ရသည်။ ဤဆင်းရဲဒုက္ခကာလအတောအတွင်း ဒါဝိဒ်သည် သီးခြားအရပ်ဒေသများတွင် ပုန်းအောင်းခဲ့ရသည်။ ထို့အပြင် နောက်ထပ်တစ်ခုပါ သူပြုလုပ်ခဲ့သည်။ ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ ယေဟောဝါထံ သူစွဲစွဲမြဲမြဲဆုတောင်းခဲ့သည်။ နောက်ပိုင်းတွင် သူက မိမိအလူးအလဲခံခဲ့ရသော စုံစမ်းခြင်းနှင့်စပ်လျဉ်း၍ “ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့ လွှင့်၍ဆုတောင်းပတ္ထနာပြု၏။ ရှေ့တော်၌ မြည်တမ်းသောစကားကိုမြွက်၍၊ ခံရသောဆင်းရဲဒုက္ခကိုကြားလျှောက်ရ၏” ဟုရေးသားခဲ့သည်။—ဆာလံ ၁၄၂:၁၊ ၂။
ယနေ့ အချို့က ဒါဝိဒ်၏ဘုရားသခင်အပေါ်မှီခိုအားထားခြင်းကို သရော်ကြပေမည်။ သူတို့က ဆုတောင်းခြင်းသည် စိတ်တွင်းအားပေးထောက်မမှုအတွက်မျှသာဖြစ်ပြီး လက်တွေ့၌မူ ယင်းသည် အချိန်ဖြုန်းခြင်းဖြစ်သည်ဟု ပြောကြပေလိမ့်မည်။ သို့တိုင် ဘုရားသခင်အပေါ်ဒါဝိဒ်၏ ယုံကြည်စိတ်ချမှုသည် လွဲချော်၍မသွားခဲ့ပါ၊ အဘယ်ကြောင့်ဆိုသော် သူ၏ရန်သူများသည် နောက်ဆုံးတွင်ရှုံးနိမ့်သွားသောကြောင့်ဖြစ်သည်။ မိမိ၏အဖြစ်အပျက်ကို ပြန်ပြောင်းသတိရ၍ ဒါဝိဒ်က “ဤဆင်းရဲသောသူ၏အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည်နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏” ဟုရေးသားခဲ့သည်။ (ဆာလံ ၃၄:၆) ဒါဝိဒ်အကူအညီတောင်းခဲ့သော စစ်မှန်သည့်ဘုရားသခင်ကို အခြားတစ်နေရာတွင် “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” ဟုခေါ်ဆိုထားသည်။ (ဖိလိပ္ပိ ၄:၉; ဟေဗြဲ ၁၃:၂၀) ဆင်းရဲဒုက္ခများအကြားမှ ကျွန်ုပ်တို့အတွက် ငြိမ်သက်ခြင်းကို ဖြစ်စေမည့်သက်သာမှုကို ကိုယ်တော်လုပ်ဆောင်ပေးမည်လော။
သင့်ကို ယေဟောဝါဂရုစိုက်တော်မူ
ယေဟောဝါသည် မိမိလူမျိုးတို့၏ ဆင်းရဲဒုက္ခသောကများနှင့်ပတ်သက်၍ လျစ်လျူရှုမထားပါ။ (ဆာလံ ၃၄:၁၅) ကိုယ်တော်သည် မိမိကျေးကျွန်တို့၏လိုအပ်ရာများကို ဂရုစိုက်ရာတွင် အုပ်စုတစ်စုလုံးအနေဖြင့်သာမကဘဲ မိမိအားကြောက်ရွံ့သူ တစ်ဦးချင်းစီကိုပါ ဂရုစိုက်တော်မူသည်။ ရှေးခေတ် ယေရုရှလင်မြို့တွင် ဗိမာန်တော်ကိုအပ်နှံသောအခါ ရှောလမုန်က ယေဟောဝါအား “အသီးအသီးမိမိခံရသောဘေးဒဏ်နှင့် နာကျင်ခြင်းဝေဒနာကိုသိလျက်၊ ကိုယ်တော်၏လူဣသရေလအမျိုးသားဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ မည်သူမဆို ဤအိမ်တော်သို့ မိမိတို့လက်ဝါးကိုဖြန့်၍၊ မည်သည့်အသနားခံခြင်း၊ ပတ္ထနာပြုခြင်းအားဖြင့် ဆုတောင်းလျှင်” နားညောင်းတော်မူရန် အနူးအညွတ်တောင်းပန်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၆:၂၉၊ သမ္မာ) ရှောလမုန်အသိအမှတ်ပြုခဲ့သကဲ့သို့ပင် တစ်ဦးချင်းစီတွင် ခံရသောဆင်းရဲဒုက္ခတစ်မျိုးစီရှိကြသည်။ လူတစ်ဦးအတွက် ၎င်းသည် ကာယရေးဆိုင်ရာ နာတာရှည်ဖျားနာမှုဖြစ်ပေမည်။ အခြားတစ်ဦးအတွက်မူ စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်ချေမည်။ အချို့ကမူ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားရခြင်းအတွက် ပူဆွေးသောကရောက်နေပေမည်။ ဤခက်ခဲသောကာလများတွင် အလုပ်လက်မဲ့ဖြစ်မှု၊ စီးပွားရေးကျပ်တည်းမှုနှင့် မိသားစုပြဿနာများကလည်း လူအများကြုံနေရသည့်ဆင်းရဲဒုက္ခများဖြစ်ကြသည်။
‘သင်ခံရသောဘေးဒဏ်နှင့် နာကျင်ခြင်းဝေဒနာ’ ကိုခဏမျှစဉ်းစားကြည့်လိုက်ပါ။ “သနားသောသူကိုကြည့်၍မမြင်။ သက်သာစေသောသူကို ရှာ၍မတွေ့ရပါ” ဟုရေးသားခဲ့သောဆာလံဆရာဒါဝိဒ် ခံစားခဲ့ရသည့်နည်းတူ ရံဖန်ရံခါ သင်လည်းခံစားရပေမည်။ သို့တိုင် သင့်အခြေအနေနှင့်ပတ်သက်၍ ဘုရားသခင်ဂရုစိုက်တော်မူကြောင်း သင်ယုံကြည်စိတ်ချနိုင်ပါသည်၊ အကြောင်းမှာ နောက်ပိုင်းတွင် ထိုဆာလံဆရာဒါဝိဒ်ကပင် “ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသောမိမိလူတို့ကို မထီမဲ့မြင်ပြုတော်မမူတတ်” ဟုရေးသားခဲ့သောကြောင့်ဖြစ်သည်။—ဆာလံ ၆၉:၂၀၊ ၃၃။
ဒါဝိဒ်၏စကားများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်စဉ်းစားကြည့်မည်ဆိုလျှင် တင်စားမှုအနေနှင့် သူတို့၏ဆင်းရဲဒုက္ခများဖြင့် အချုပ်အနှောင်ခံနေရသူများ၏ ဆုတောင်းချက်များကိုနားညောင်းတော်မူသည့်လူသားတို့၏ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့သည် အမှန်ပင်ယုံကြည်စိတ်ချနိုင်ပါသည်။ ထိုထက်ကား ကိုယ်တော်သည် သူတို့၏ဒုက္ခကို အရေးတယူဆောင်ရွက်ပေးတော်မူသည်။ ဆင်းရဲဒုက္ခခံရသူများအတွက် ယေဟောဝါ၏ထောက်ထားစာနာမှုကိုဖော်ပြသော အောက်ပါထုတ်ဖော်ပြောဆိုတော်မူချက်များကို သုံးသပ်ကြည့်ကြစို့။
“မိဘမရှိသောသူငယ်နှင့် မုဆိုးမကို သင်တို့သည်မနှောင့်ယှက်ရ။ နှောင့်ယှက်ခြင်းတစ်စုံတစ်ခုကိုပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင်၊ ငါသည်ထိုအသံကို အမှန်ကြား၍၊ ငါအမျက်ပြင်းစွာထွက် . . . မည်။”—ထွက်မြောက်ရာ ၂၂:၂၂-၂၄။
“ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ညနေ့မပြတ်အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည်သူတို့ဘက်၌ တရားမစီရင်ဘဲနေတော်မူမည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။”—လုကာ ၁၈:၇။
“ငတ်မွတ်သောသူအော်ဟစ်သောအခါ၊ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍၊ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍၊ သူတို့အသွေးကိုနှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၂-၁၄။
“သင်တို့ [မြေကြီးပေါ်ရှိ ဘုရားသခင်၏လူမျိုး] ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏။”—ဇာခရိ ၂:၈။
ဤဥပမာအနည်းငယ်က ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မိမိလူမျိုးတို့၏သက်သာရာကို အလွန်အာရုံစိုက်တော်မူကြောင်း ဖော်ပြသည်။ ထို့ကြောင့် တမန်တော်ပေတရု၏ ဤသတိပေးစကားကိုလိုက်နာရန် ကျွန်ုပ်တို့တွင် အကြောင်းကောင်းရှိပေသည်– “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။” (၁ ပေတရု ၅:၇) သို့သော် ဆင်းရဲဒုက္ခကာလတွင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့ထောက်မကူညီပေးတော်မူမည်နည်း။
ဆင်းရဲဒုက္ခခံရသူများကို ဘုရားသခင် ထောက်မပေးတော်မူပုံ
ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း ဒါဝိဒ်သည် ဆင်းရဲဒုက္ခခံရချိန်တွင် လမ်းညွှန်ချက်အတွက် ဘုရားသခင်ထံ စွဲစွဲမြဲမြဲဆုတောင်းခဲ့သည်။ တစ်ချိန်တည်း၌ပင် သူသည် ထိုအခြေအနေမှသက်သာစေရန် ကြံရည်ဖန်ရည်ကိုအသုံးပြု၍ သူ့ကိုလိုက်လံဖမ်းဆီးသူများထံမှ လွတ်မြောက်ရန် အစပြုလုပ်ဆောင်သည်။ သို့ဖြစ်၍ ယေဟောဝါအပေါ် မှီခိုအားထားခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျလုံ့လစိုက်ထုတ်ခြင်းအားဖြင့် ဒါဝိဒ်သည် မိမိ၏ဆင်းရဲဒုက္ခကို ခံရပ်နိုင်ခဲ့သည်။ ယင်းမှ ကျွန်ုပ်တို့ မည်သည့်သင်ခန်းစာရရှိနိုင်သနည်း။
ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခနှင့်ကြုံရသောအခါ ပြဿနာများကို အကျိုးသင့်အကြောင်းသင့်ရှိရှိ အစပြုဖြေရှင်းခြင်းသည် မမှားယွင်းပေ။ ဥပမာအနေဖြင့် ခရစ်ယာန်တစ်ဦးသည် အလုပ်လက်မဲ့ဖြစ်နေပါက သူသည်ကြိုးစား၍ အလုပ်မရှာဘဲနေမည်လော။ သို့မဟုတ် ကာယရေးဆိုင်ရာ ဖျားနာနေသူတစ်ဦးသည် ဆေးကုသမှုမခံယူဘဲနေမည်လော။ အမှန်အားဖြင့် ဖျားနာမှုအမျိုးမျိုးကို ကုသရန်တန်ခိုးရှိတော်မူသော ယေရှုပင်လျှင် ‘နာသောသူတို့သည် ဆေးသမားကိုအလိုရှိကြကြောင်း’ အသိအမှတ်ပြုခဲ့သည်။ (မဿဲ ၉:၁၂; ၁ တိမောသေ ၅:၂၃ နှိုင်းယှဉ်။) မှန်သည်၊ ပူပင်သောကအချို့ကို ဖယ်ရှားပစ်နိုင်မည် မဟုတ်ပေ; ၎င်းတို့ကို ကြံ့ကြံ့ခံရပ်တည်ရမည်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ခရစ်ယာန်စစ်တစ်ဦးသည် လူအချို့ရှုမြင်သကဲ့သို့ ဆင်းရဲဒုက္ခကိုယ်နှိုက်ကို အကျင့်သီလကောင်းအဖြစ် မယူမှတ်ကြပါ။ (၃ ဓမ္မရာဇဝင် ၁၈:၂၈ နှိုင်းယှဉ်။) ယင်းအစား သူသည် မိမိ၏ဆင်းရဲဒုက္ခကို တတ်နိုင်သမျှတွန်းလှန်ပေသည်။
သို့သော်လည်း တစ်ကြိမ်တည်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ ယေဟောဝါထံဆုတောင်းခြင်းသည် ကျိုးကြောင်းညီညွတ်မှုရှိရာကျပေသည်။ အဘယ်ကြောင့်နည်း။ ဦးဆုံးအနေဖြင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို မှီခိုအားထားခြင်းက “သာ၍အရေးကြီးသောအရာများကို . . . သေချာစွာသိနိုင်” ရန်အကူအညီရရှိပေသည်။ (ဖိလိပ္ပိ ၁:၉၊ ကဘ) ဥပမာအနေဖြင့် အလုပ်ရှာဖွေရာ၌ ဆုတောင်း၍ဘုရားသခင်အားမှီခိုခြင်းက ကျမ်းစာမူများနှင့် ဆန့်ကျင်သောအလုပ်ကို လက်မခံမိစေရန် ကျွန်ုပ်တို့ကို ကူညီပေးလိမ့်မည်။ ငွေကိုတပ်မက်ခြင်းကြောင့် “ယုံကြည်ခြင်းတရားလမ်းမှလွဲသွား” သည့်အဖြစ်မှလည်း ကျွန်ုပ်တို့ရှောင်ရှားရမည်။ (၁ တိမောသေ ၆:၁၀) အရေးကြီးသောဆုံးဖြတ်ချက်များချရာ၌—အလုပ်နှင့်ပတ်သက်၍ဖြစ်စေ၊ ဘဝ၏အခြားကဏ္ဍများနှင့် စပ်လျဉ်း၍ဖြစ်စေ—ကျွန်ုပ်တို့သည် “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ” ဟူသည့် ဒါဝိဒ်၏သတိပေးချက်ကို လိုက်နာရန် အမှန်ပင်လိုအပ်ပါသည်။—ဆာလံ ၅၅:၂၂။
ဆုတောင်းခြင်းက စိတ်တည်ငြိမ်မှုကို ဆက်လက်ရှိစေရန် ကျွန်ုပ်တို့အားကူညီပေးသဖြင့် ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခက ကျွန်ုပ်တို့ကိုမလွှမ်းမိုးတော့ချေ။ တမန်တော်ပေါလုက “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့” ဟုရေးသားခဲ့သည်။ အဘယ် ရလဒ်ရရှိမည်နည်း။ “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) မှန်ပါသည်၊ ဘုရားသခင်၏ငြိမ်သက်ခြင်းပင် ဖြစ်သတည်း။ ထိုငြိမ်သက်ခြင်းသည် “အဘယ်သူမျှကြံ၍မမှီနိုင်” သောကြောင့် သောကဗျာပါဒများဖြင့် ကျွန်ုပ်တို့ဝန်ပိနေချိန်များတွင် ယင်းက ကျွန်ုပ်တို့ကို တည်ငြိမ်ခိုင်ခံ့စေနိုင်သည်။ ယင်းက ‘ကျွန်ုပ်တို့၏ စိတ်နှလုံးတို့ကို စောင့်မ’ လိမ့်မည်ဖြစ်ပြီး၊ ဆင်းရဲဒုက္ခကိုထပ်ပိုးပေးခြင်း ဖြစ်စေနိုင်သည့် ပညာမဲ့စွာဖြင့် စိတ်လိုက်မာန်ပါလုပ်ဆောင်ခြင်းမှရှောင်ရှားရန် ကျွန်ုပ်တို့ကို ကူညီပေးသည်။—ဒေသနာ ၇:၇။
ဆုတောင်းခြင်းက အကျိုးဖြစ်ထွန်းစေပါသေးသည်။ ယင်းက ခြားနားသောအခြေအနေတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ သမ္မာကျမ်းစာဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ တမန်တော်ပေါလုသည် ရောမ၌ ထောင်ကျနေစဉ် မိမိအတွက်ဆုတောင်းပေးကြရန် ခရစ်ယာန်ချင်းတို့အား သူတိုက်တွန်းခဲ့သည်။ အဘယ်ကြောင့်နည်း။ “ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့်ရှိစေခြင်းငှာ၊ ငါတို့အဖို့ဆုတောင်းမည်အကြောင်း ငါသည် သာ၍နှိုးဆော်တောင်းပန်၏” ဟူ၍ထိုသူတို့ထံသို့ သူရေးသားခဲ့သည်။ (ဟေဗြဲ ၁၃:၁၉) ယုံကြည်သူခရစ်ယာန်ချင်းတို့၏ စွဲစွဲမြဲမြဲဆုတောင်းခြင်းက အဘယ်အချိန်တွင် မိမိလွတ်လိမ့်မည်ဟူသည်နှင့်စပ်လျဉ်း၍ ခြားနားသောအကျိုးသက်ရောက်မှုရှိစေနိုင်ကြောင်း ပေါလုသိသည်။—ဖိလေမုန် ၂၂။
ဆုတောင်းခြင်းက သင့်ဆင်းရဲဒုက္ခ၏အကျိုးဆက်ကို ပြောင်းလဲပေးပါမည်လော။ ပြောင်းလဲပေးကောင်း ပြောင်းလဲပေးပေမည်။ သို့သော် ကျွန်ုပ်တို့သိရှိထားသင့်သည်မှာ ဆုတောင်းခြင်းကို ကျွန်ုပ်တို့မျှော်လင့်သည့်နည်းဖြင့် ယေဟောဝါသည် အမြဲဖြေကြားတော်မူမည်မဟုတ်ကြောင်းပင်ဖြစ်သည်။ ဥပမာအနေဖြင့် ပေါလုသည်မိမိ၏ “ကိုယ်၌စူးသောဆူး”—သူ့မျက်စိနှင့် ဆက်နွှယ်သော ကာယရေးပြဿနာဖြစ်ကောင်းဖြစ်မည်—နှင့်ပတ်သက်၍ အထပ်ထပ်အခါခါဆုတောင်းခဲ့သည်။ ထိုဆင်းရဲဒုက္ခကို ဖယ်ရှားပေးမည့်အစား ပေါလုကိုဘုရားသခင်က “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” ဟုမိန့်တော်မူသည်။—၂ ကောရိန္သု ၁၂:၇-၉။
ထို့ကြောင့် ရံဖန်ရံခါ ကျွန်ုပ်တို့၏ဆင်းရဲဒုက္ခသည် ဖယ်ရှားပစ်ခြင်းခံရမည်တော့မဟုတ်ချေ။ ယင်းအစား ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်ကို မှီခိုအားထားကြောင်း သက်သေထူရန်အခွင့်အလမ်း ရရှိပေမည်။ (တမန်တော် ၁၄:၂၂) ထိုထက်ကား ဆင်းရဲဒုက္ခကို ယေဟောဝါသည် ဖယ်ရှားမပေးခဲ့သည့်တိုင် ကိုယ်တော်က “[ကျွန်ုပ်] တို့သည်ခံနိုင်မည်အကြောင်း . . . ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်” ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ (၁ ကောရိန္သု ၁၀:၁၃) မှန်ပေသည်၊ “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်၊ . . . ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည်ငါတို့အားသက်သာစေတော်မူ၏” ဟုယေဟောဝါကို ခေါ်ဝေါ်သမုတ်ထားခြင်းမှာ ကျိုးကြောင်းညီညွတ်လှပေသည်။ (၂ ကောရိန္သု ၁:၃၊ ၄) ကိုယ်တော်သည် သင့်လျော်သောငြိမ်သက်ခြင်းနှင့်အတူ ကျွန်ုပ်တို့ခံရပ်နိုင်ရန် လိုအပ်ရာကို ပေးတော်မူသည်။
မကြာမီ—ဆင်းရဲဒုက္ခမရှိတော့သည့်ကမ္ဘာ!
ဖန်ဆင်းရှင်က မိမိ၏နိုင်ငံတော်အားဖြင့် လူသားတို့၏ဆင်းရဲဒုက္ခကို မကြာမီ ဖယ်ရှားပစ်တော့မည်ဖြစ်ကြောင်း ကတိပြုထားသည်။ ယင်းကို ကိုယ်တော် မည်သို့ပြီးမြောက်စေတော်မူမည်နည်း။ သမ္မာကျမ်းစာ၌ “ဤလောကကိုအစိုးရသောဘုရား” ဟုဖော်ပြထားသည့် ငြိမ်သက်ခြင်း၏ဦးဆုံးရန်သူ၊ ဆင်းရဲဒုက္ခကိုဖြစ်စေရန် အဓိကအားဖြင့်သွေးထိုးလှုံ့ဆော်ပေးသူ၊ စာတန်မာရ်နတ်ကို ဖယ်ရှားပစ်ခြင်းအားဖြင့်ဖြစ်သည်။ (၂ ကောရိန္သု ၄:၄) ထို့အပြင် လူသားတို့အပေါ်သူ၏ချုပ်ကိုင်မှုသည် မကြာမီကုန်ဆုံးတော့မည်ဖြစ်သည်။ သူ့အားသုတ်သင်လိုက်ခြင်းကြောင့် ဘုရားသခင်ကိုကြောက်ရွံ့သူများအတွက် မရေမတွက်နိုင်သောကောင်းချီးမင်္ဂလာများကို ရရှိဖို့လမ်းပွင့်သွားပေလိမ့်မည်။ ယေဟောဝါသည် “သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟူ၍ သမ္မာကျမ်းစာက ကတိပြုထားသည်။—ဗျာဒိတ် ၂၁:၁-၄။
ဆင်းရဲဒုက္ခမရှိတော့သည့်ကမ္ဘာဟူသည် ယုံရခက်ကြီးဖြစ်မနေပေလော။ကျွန်ုပ်တို့သည် သောကဗျာပါဒများနှင့် အသက်ရှင်နေထိုင်ရခြင်းမှာ ကျင့်သားရသွားပြီဖြစ်သောကြောင့် ယင်းတို့မရှိခြင်းကိုစဉ်းစားရန် ကျွန်ုပ်တို့အဖို့အလွန်ခက်ပေသည်။ သို့သော် ကြောက်ရွံ့မှု၊ စိုးရိမ်မှုနှင့် ဘေးဆိုးတို့မရှိခြင်းသည် ဖန်ဆင်းချိန်ကတည်းက လူသားတို့အတွက် ဘုရားသခင်၏ရည်ရွယ်တော်မူချက်ဖြစ်ရာ ကိုယ်တော်၏ရည်ရွယ်တော်မူချက်သည် ပြည့်စုံတော်မူလိမ့်မည်။—ဟေရှာယ ၅၅:၁၀၊ ၁၁။
ဤကား အဖွင့်ဆောင်းပါးတွင် ဖော်ပြထားသော ဆိုနီယာ၊ ဖာဘယာနာနှင့် အာနာတို့တွေ့ရှိခဲ့သည့် မျှော်လင့်ချက်ပင်ဖြစ်သည်။ အေအိုင်ဒီအက်စ်ရောဂါဖြင့် သားနှစ်ဦးဆုံးရှုံးသွားရရှာသော ဆိုနီယာသည် သမ္မာကျမ်းစာမှကတိပေးထားတော်မူသည့်—ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း—မျှော်လင့်ချက်မှ သာ၍ငြိမ်သက်ခြင်းကို ရရှိခဲ့သည်။ (တမန်တော် ၂၄:၁၅) “သေချာတာတစ်ခုကတော့ ကျွန်မတို့ရဲ့မျှော်လင့်ချက်က ဘယ်ဝေဒနာထက်ကိုမဆို သာလွန်ပါတယ်” ဟုသူမကပြောသည်။
အာနာသည် မိဘမဲ့ဂေဟာ၌နေထိုင်နေစဉ်ပင် ယေဟောဝါသက်သေတစ်ဦး သူမထံ ရောက်လာခဲ့သည်။ “သူမက ကျွန်မကို သမ္မာကျမ်းစာထဲက ယေဟောဝါရဲ့နာမတော်ကို ပြတယ်၊ ကျွန်မဖြင့် ပျော်လွန်းလို့ မျက်ရည်များတောင်ကျခဲ့ရတယ်။ ကျွန်မမှာ အကူအညီအရမ်းလိုအပ်နေပြီး ကျွန်မတို့ကို ဂရုစိုက်တဲ့ဘုရားသခင်တစ်ပါးရှိတယ်ဆိုတာ သိလိုက်ရတယ်” ဟုသူမကပြောပြသည်။ မိဘမဲ့ဂေဟာမှထွက်လာပြီးနောက် အာနာသည်ကျမ်းစာသင်အံမှုကို လက်ခံခဲ့ကာ ယေဟောဝါ၏ကတိတော်များနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာသည်။ ထို့နောက် သူမသည် မိမိ၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံခြင်းအားဖြင့် ယင်း၏အထိမ်းအမှတ်ကိုဖော်ပြခဲ့သည်။ “အဲဒီအချိန်ကစပြီး ကျွန်မအနေနဲ့ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါအပေါ် ဆက်လက်မှီခိုအားထားတဲ့အတွက် ကိုယ်တော်ကူညီမှာပဲဆိုတဲ့ ယုံကြည်စိတ်ချမှုက ကျွန်မကိုနှစ်သိမ့်မှုဖြစ်စေခဲ့တယ်။”
ဖာဘယာနာကလည်း အနာဂတ်နှင့်ပတ်သက်၍ ဘုရားသခင်ကတိတော်များကို သိရှိနားလည်လာရာ သူမ၏ ဆင်းရဲဒုက္ခများအတွက် စိတ်၏ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်မှုကိုတွေ့ရှိခဲ့သည်။ “သမ္မာကျမ်းစာမှ သမ္မာတရားကိုသိရှိလာခြင်းက အရမ်းမှောင်မိုက်တဲ့နေရာကနေထွက်လာပြီး ကြည်လင်တောက်ပပြီး နှစ်သက်ဖွယ်ကောင်းတဲ့အခန်းအတွင်းသို့ ဝင်ရောက်လာရခြင်းနဲ့တူပါတယ်။”—ဆာလံ ၁၁၈:၅ နှိုင်းယှဉ်။
သို့သော် ကမ္ဘာတစ်ဝန်းပကတိငြိမ်သက်ခြင်း မည်သို့နှင့် မည်သည့်အခါတွင် ဖြစ်ပေါ်လာမည်နည်း။ နောက်ဆောင်းပါးများတွင် ကျွန်ုပ်တို့ကြည့်ကြစို့။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ဆင်းရဲဒုက္ခ၏ မြောက်မြားစွာသောအသွင်အပြင်များ
▪ ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံနီးပါးသည် အလွန်အမင်းဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရပြီး သန်းပေါင်းများစွာခမျာ ဆက်အသက်ရှင်ဖို့အရေးကိုပင် ခြိမ်းခြောက်လျက်ရှိသည်အထိ လူတမ်းစေ့အောင်မနေရပါ။
▪ ကလေးသန်းပေါင်း ၂၀၀ ကျော်သည် အာဟာရချို့တဲ့လျက်ရှိသည်။
▪ နှစ်စဉ် အသက်ငါးနှစ်အောက်ကလေးငယ် သုံးသန်းသည် ဝမ်းရောဂါကြောင့် သေဆုံးနေရသည်။
▪ ကူးစက်ရောဂါများကြောင့် ၁၉၉၃ ခုနှစ်တစ်နှစ်တည်း၌ပင် လူပေါင်း ၁၆.၅ သန်းသေဆုံးခဲ့ရသည်။ နိုင်ငံအချို့သည် အဖျားအနာအမျိုးမျိုးကို ခွဲခြားသတ်မှတ်ကြသောကြောင့် အရေအတွက်အမှန်မှာ များစွာမြင့်မားပေမည်။
▪ လူသန်းပေါင်း ၅၀၀ သည် စိတ်ပိုင်းဆိုင်ရာပြဿနာအချို့ကို ခံစားနေရသည်ဟု ခန့်မှန်းချက်တစ်ခုကဖော်ပြသည်။
▪ ကိုယ့်ကိုကိုယ်သတ်သေသည့်နှုန်းမှာ အခြားအသက်အရွယ်များထက် ငယ်ရွယ်သူများထဲတွင် သာ၍လျင်မြန်စွာတိုးများလာသည်။
▪ “ငတ်မွတ်ခေါင်းပါးမှုနှင့် အလုပ်လက်မဲ့ဖြစ်ခြင်းက ကမ္ဘာမြေကြီးကို အသရေယုတ်စေသည်” ဟုယူနက်စကို ကူရီယာမဂ္ဂဇင်းကဖော်ပြသည်။ “ကမ္ဘာ့အချမ်းသာဆုံး ခုနစ်နိုင်ငံတွင် အလုပ်လက်မဲ့ ၃၅ သန်းရှိပြီး ဘရာဇီးတစ်နိုင်ငံတည်း၌ပင်လျှင် အလုပ်အကိုင်ရှိသူသန်း ၂၀ မှာလည်း အစားအသောက်လုံလုံလောက်လောက်ရှိသည်ဟု မဆိုသာချေ။”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဆုတောင်းခြင်းက ဘုရားသခင်ကတိထားတော်မူသော ဆင်းရဲဒုက္ခမရှိတော့သည့်ကမ္ဘာကို ကျွန်ုပ်တို့အာရုံစူးစိုက်နေစေရန် ကူညီပေးနိုင်