နာ့ခ်မန်းနဒီးစ်—ခရစ်ယာန်ဘာသာကို မှားကြောင်းဖော်ပြခဲ့သလော
အလယ်ခေတ်။ ယင်းက မည်သည့်အရာကိုသတိရစေသနည်း။ ခရူးဆိတ်စစ်ပွဲများလော။ ဘာသာရေးစစ်ကြောမေးမြန်းခန်းများလော။ နှိပ်စက်ညှဉ်းပန်းမှုများလော။ ထိုအချိန်၌ ပွင့်လင်းသောဘာသာရေးဆွေးနွေးမှု မရှိခဲ့သော်လည်း ၁၂၆၃ ခုနှစ်တွင် ဥရောပသမိုင်း၌ အထူးခြားဆုံး ဂျူး-ခရစ်ယာန် စကားအချေအတင်ဆွေးနွေးပွဲ ဖြစ်ပေါ်ခဲ့သည်။ မည်သူတို့ ပါဝင်ခဲ့သနည်း။ မည်သည့်အရေးကိစ္စများ ပေါ်ပေါက်ခဲ့သနည်း။ ယနေ့ စစ်မှန်သောဘာသာကို ခွဲခြားသိမြင်ရန် ယင်းသည် ကျွန်ုပ်တို့အားမည်သို့ အထောက်အကူပြုနိုင်သနည်း။
စကားအချေအတင်ဆွေးနွေးပွဲကို မည်သည်ကအစပျိုးပေးခဲ့သနည်း
အလယ်ခေတ်တစ်လျှောက်တွင် ချာ့ချ်သည်မိမိကိုယ်ကို စစ်မှန်သောဘာသာတရားအဖြစ် တင်ပြခဲ့သည်။ သို့ဖြစ်စေကာမူ ဂျူးလူမျိုးတို့သည် ဘုရားသခင်၏ရွေးချယ်ထားသော လူမျိုးဖြစ်သည်ဟူသည့် မိမိတို့၏အဆိုကို မည်သည့်အခါမျှမစွန့်လွှတ်ကြချေ။ ဘာသာကူးပြောင်းဖို့လိုအပ်သည်ကို ဂျူးများလက်ခံယုံကြည်လာရန် ချာ့ချ်မှမစွမ်းဆောင်နိုင်ခြင်းကြောင့် စိတ်ပျက်ခြင်းနှင့် မကြာခဏဆိုသလို အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ဖြစ်ပေါ်စေသည်။ ခရူးဆိတ်စစ်ပွဲများအတွင်း နှစ်ခြင်းခံမည်လော သို့မဟုတ် အသေခံမည်လောဟု ရွေးချယ်ခိုင်းစဉ်က ထောင်သောင်းချီသော ဂျူးများသည် အတုံးအရုံးသတ်ဖြတ်ခံရ၊ တိုင်ပေါ်တွင်မီးရှို့ခံခဲ့ကြရသည်။ချာ့ချ်၏သွေးထိုးလှုံ့ဆော်မှုကြောင့် ဂျူးမုန်းတီးရေးဝါဒသည် နိုင်ငံများစွာတွင် ပျံ့နှံ့လျက်ရှိည်။
သို့သော် ယင်းနှင့်ဆန့်ကျင်သည့်စိတ်ဓာတ်သည် ၁၂ နှင့် ၁၃ ရာစုနှစ်များတွင် ကက်သလစ်ဘာသာ ထွန်းကားသော စပိန်နိုင်ငံ၌ တည်ရှိခဲ့သည်။ ဂျူးလူမျိုးတို့သည်—ခရစ်ယာန်ယုံကြည်ခြင်းကို ဆန့်ကျင်မှုမပြုသမျှ ကာလပတ်လုံး—ဘာသာရေးလွတ်လပ်မှုကို ရကြကာ ဘုရင့်နန်းတော်၌ အရေးပါအရာရောက်သော ရာထူးကိုပင် ပေးအပ်ခံရကြသည်။ သို့သော် ယင်းသို့မျက်နှာသာပေးခံရပြီး တစ်ရာစုခန့်အကြာတွင် ဒိုမေနီကန်ဓမ္မဆရာများက ဂျူးသြဇာလွှမ်းမိုးမှု အားပျော့သွားစေရန်နှင့် ဂျူးလူမျိုးများကို ကက်သလစ်ဝါဒသို့ ပြောင်းလဲစေရန် စတင်လုပ်ဆောင်ခဲ့လေသည်။ ဂျူးဘာသာသည် နိမ့်ကျကြောင်းနှင့် ဂျူးလူမျိုးအားလုံး ဘာသာပြောင်းရန်လိုအပ်ကြောင်း သက်သေထူဖို့ တရားဝင်သော စကားအချေအတင်ဆွေးနွေးပွဲတစ်ခုကို စီစဉ်ပေးရန် အာရဂွန်ဒေသမှ ပထမမြောက်ဂျိမ်းဘုရင်သည် ဒိုမေနီကန်တို့၏ဖိအားပေးမှုကိုခံခဲ့ရသည်။
၎င်းဂျူး-ခရစ်ယာန် စကားအချေအတင်ဆွေးနွေးပွဲသည် ပထမဆုံးအကြိမ် မဟုတ်ပါ။ ၁၂၄၀ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ တရားဝင်သော စကားအချေအတင်ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်။ ယင်း၏ အဓိကရည်ရွယ်ချက်မှာ ဂျူးလူမျိုးများ အထွတ်အမြတ်ထားသော တာလ်မွဒ်ကျမ်းကို မှန်မမှန်ရုံးတင်စစ်ဆေးဖို့ဖြစ်သည်။ သို့သော်လည်း ယင်းဆွေးနွေးပွဲတွင် ဂျူးဘာသာဝင်များကို လွတ်လပ်စွာပြောဆိုခွင့် အနည်းငယ်သာပေးသည်။ ချာ့ချ်သည် ၎င်းစကားအချေအတင်ဆွေးနွေးပွဲတွင် မိမိအနိုင်ရကြောင်းကြေညာပြီးနောက် တာလ်မွဒ်ကျမ်းအမြောက်အမြားမှာ လူထုရှေ့မီးရှို့ဖျက်ဆီးခြင်းခံရသည်။
သို့ရာတွင် ယင်းဟန်ပြစစ်ဆေးမှုသည် အာရဂွန်ဒေသမှ ပထမမြောက်ဂျိမ်းဘုရင်၏ သည်းခံနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားသည်။ ယင်းကိုသိရှိနားလည်လျက် ဒိုမေနီကန်တို့သည် အခြားနည်းဖြင့်ချဉ်းကပ်ဖို့ ကြိုးစားကြပြန်သည်။ မိမိ၏ ရုံးတင်ခံရသောဂျူးဘာသာ ဟူသည့်စာအုပ်တွင် ကီယမ် မာကိုဘီ ဖော်ပြချက်အရ သူတို့သည် “ပါရီတွင်ပြုလုပ်ခဲ့သည့် လူရှေ့သူရှေ့ပြစ်တင်ရှုတ်ချမှုကဲ့သို့မဟုတ်ဘဲ ယဉ်ကျေးပျူငှာမှုနှင့် ယုံကြည်သက်ဝင်မှုအသွင်ဆောင်ထားသည့်” စကားအချေအတင်ဆွေးနွေးပွဲသို့ ဂျူးလူမျိုးများကိုခေါ်ဖိတ်ခဲ့သည်။ ဒိုမေနီကန်တို့သည် မိမိတို့၏ကိုယ်စားလှယ်ချုပ်အဖြစ် . . . ကက်သလစ်ဘာသာသို့ကူးပြောင်း၍ ဒိုမေနီကန်ဓမ္မဆရာတစ်ဦးဖြစ်လာသူ ဂျူးလူမျိုးတစ်ဦးဖြစ်သည့် ပါဘလို ခရစ္စတီယားနီကို ခန့်အပ်လိုက်သည်။ ဒိုမေနီကန်တို့သည် တာလ်မွဒ်ကျမ်းနှင့် ရဗ္ဗိဆရာတို့၏အရေးအသားကို ကောင်းစွာသိထားသည့် ပါဘလို ခရစ္စတီယားနီ၏အသိပညာကို အသုံးပြုခြင်းဖြင့် မိမိတို့၏အမှုအရေးကို သက်သေထူနိုင်မည်ဟု အခိုင်အမာယူမှတ်ကြသည်။
နာ့ခ်မန်းနဒီးစ်ကို အဘယ်ကြောင့် ရွေးချယ်ခဲ့ကြသနည်း
အချေအတင်ဆွေးနွေးပွဲ၌ ဂျူးလူမျိုးဘက်မှကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန်ဝိညာဉ်ရေးဆိုင်ရာ အရည်အချင်းရှိသူ—မိုးဇက်ဘင်နာ့ခ်မန်း သို့မဟုတ် နာ့ခ်မန်းနဒီးစ်ဟူသည့် ပုဂ္ဂိုလ်တစ်ဦးတည်းသာ စပိန်နိုင်ငံ၌ရှိသည်။a ၁၁၉၄ ခုနှစ်ခန့်တွင် ဟေရိုးနားမြို့၌မွေးဖွားခဲ့သည့် နာ့ခ်မန်းနဒီးစ်သည် ဆယ်ကျော်သက်အရွယ်တွင် သမ္မာကျမ်းစာနှင့် တာလ်မွဒ်ကျမ်းပညာရှင်တစ်ဦးအဖြစ် ထင်ရှားကျော်ကြားမှုကို ရရှိခဲ့ပြီးဖြစ်သည်။ အသက် ၃၀ အရွယ်ရောက်သည့်အခါ တာလ်မွဒ်ကျမ်းအစိတ်အပိုင်းအများစုကို အနက်ဖွင့်ဆိုခဲ့သည်၊ အသက် ၃၀ ကျော်အရွယ်ရောက်သော် ဂျူးအသိုင်းအဝိုင်းတွင် စိတ်ဝမ်းကွဲမှုဖြစ်စေနိုင်သည့်၊ မိုင်မွန်နီးဒီးစ်၏အရေးအသားများအပေါ် အငြင်းပွားစရာဖြစ်စေသောအချက်များကို ကြားဝင်ဖြေရှင်းပေးရာတွင် ပြောရေးဆိုခွင့်အရှိဆုံးပုဂ္ဂိုလ် ဖြစ်လာလေသည်။b နာ့ခ်မန်းနဒီးစ်သည် သူ့လူမျိုးဆက်တွင် အထင်ပေါ်အကျော်ကြားဆုံး ဂျူးကျမ်းဂန်ဆိုင်ရာနှင့် တာလ်မွဒ်ကျမ်းဆိုင်ရာ ပညာရှင်အဖြစ် ယူမှတ်ခံရကာ ထိုအချိန်တွင် ဂျူးအယူဝါဒအပေါ် ဩဇာလွှမ်းမိုးမှု၌ မိုင်မွန်နီးဒီးစ်က ဒုတိယနေရာကိုသာရခဲ့သည်။
နာ့ခ်မန်းနဒီးစ်သည် ကက်တလိုးညားဒေသရှိ ဂျူးအသိုင်းအဝိုင်းအပေါ် တိုး၍သြဇာလွှမ်းမိုးလာပြီး ပထမမြောက်ဂျိမ်းဘုရင်ကပင် နိုင်ငံတော်အရေးကိစ္စအတော်များများကိုသူနှင့်တိုင်ပင်တတ်သည်။ သူ၏ထက်မြက်သော စဉ်းစားတွေးခေါ်နိုင်စွမ်းကို ဂျူးနှင့် တစ်ပါးအမျိုးသားများက လေးစားရသည့်အထိဖြစ်သည်။ ဂျူးလူမျိုးများကို ထိထိရောက်ရောက်အရှက်ခွဲနိုင်ရန် သူတို့၏အရေးအပါဆုံးရဗ္ဗိသည် စကားအချေအတင်ပြောဆိုသောသူ ဖြစ်ရမည်ဟု ဒိုမေနီကန်တို့က နားလည်ထားကြသည်။
ဒိုမေနီကန်တို့သည် တရားမျှတစွာနှင့် အပြန်အလှန်စကားပြောဆိုဖို့ မရည်ရွယ်ကြောင်းကို နာ့ခ်မန်းနဒီးစ်သိရှိထားသည့်အတွက် စကားအချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ရန်စိတ်မပါဘဲရှိသည်။ မေးလာသည့်မေးခွန်းများကို ဖြေဆိုနိုင်သော်လည်း မေးခွန်းပြန်မေးပိုင်ခွင့်မရှိချေ။ သို့သော်လည်း ဘုရင်၏တောင်းဆိုချက်ကိုလိုက်နာကာ လွတ်လပ်စွာပြန်လည်ချေပခွင့်ပေးဖို့ မေတ္တာရပ်ခံလိုက်သည်။ ယင်းကို ပထမမြောက်ဂျိမ်းဘုရင်က သဘောတူသည်။ ယင်းသို့ လွတ်လပ်စွာပြောဆိုခွင့်သည် အလယ်ခေတ်တစ်လျှောက် ယခင်ကမရှိခဲ့ဖူးသကဲ့သို့ နောင်လည်းမရှိခြင်းက နာ့ခ်မန်းနဒီးစ်ကို ဘုရင်ကအလွန်အထင်ကြီးသည့် သာဓကတစ်ရပ်ဖြစ်သည်။ သို့တိုင် နာ့ခ်မန်းနဒီးစ်သည် စိတ်ထင့်နေဆဲဖြစ်သည်။ စကားအချေအတင်ဆွေးနွေးပွဲတွင် ဆန့်ကျင်သောစကားများကို အလွန်အကျွံပြောဆိုမိပါက သူကိုယ်တိုင်နှင့် ဂျူးအသိုင်းအဝိုင်းပါ ဒုက္ခရောက်သွားနိုင်သည်။ အချိန်မရွေး အကြမ်းဖက်မှုဖြစ်ပေါ်လာနိုင်သည်။
နာ့ခ်မန်းနဒီးစ်က ပါဘလို ခရစ္စတီယားနီကိုဆန့်ကျင်ပြောဆိုခြင်း
စကားအချေအတင်ဆွေးနွေးပွဲကို ဗာစယ်လိုးနားပြည်နယ်ရှိ ဘုရင့်နန်းတော်၌ပြုလုပ်သည်။ အစီအစဉ်လေးခုကို ၁၂၆၃ ခုနှစ်၊ ဇူလိုင် ၂၀၊ ၂၃၊ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။ အစီအစဉ်တစ်ခုစီကို ဘုရင်ကိုယ်တိုင်ဦးစီးဆောင်ရွက်ကာ ချာ့ချ်နှင့် နိုင်ငံတော်အစိုးရအကြီးအမှူးများနှင့် ဒေသခံဂျူးလူမျိုးများပါ တက်ရောက်ကြသည်။
ချာ့ချ်သည် စကားအချေအတင်ဆွေးနွေးပွဲ၏ရလဒ်ကို စိတ်ချထားပြီးဖြစ်သည်။ ဒိုမေနီကန်တို့၏ တရားဝင်ကြေညာချက်၌ ဖော်ပြထားသည်မှာ စကားအချေအတင်ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ‘ယုံကြည်ခြင်းကို သံသယဖြစ်စရာအကြောင်းရှိဘိသကဲ့သို့ ဆွေးနွေးငြင်းခုံစရာအချက်အဖြစ် ဖော်ထုတ်ရန်မဟုတ်ဘဲ ဂျူးတို့၏အမှားများနှင့် သူတို့၏ခိုင်မာသော ယုံကြည်ချက်ကို ပယ်ဖျက်ဖို့’ ဖြစ်သည်။
နာ့ခ်မန်းနဒီးစ်သည် အသက် ၇၀ အရွယ်ခန့်ရှိသော်လည်း အရင်းအမြစ်ကျသော အချက်များကိုသာဆွေးနွေးရန် ကန့်သတ်လိုက်ခြင်းဖြင့် သူ၏ထက်မြက်သော စဉ်းစားဆင်ခြင်နိုင်စွမ်းကို ပြသခဲ့လေသည်။ သူက “တစ်ပါးအမျိုးသားများနှင့် ဂျူးများအကြား [ယခင်က] ဖြစ်ပေါ်ခဲ့သည့် အငြင်းပွားမှုများသည် ယုံကြည်ခြင်းဆိုင်ရာ အရင်းခံကျသောစည်းမျဉ်းမူပေါ် မူမတည်ဘဲ ဘာသာရေးထုံးတမ်း၏ ရှုထောင့်များနှင့်သက်ဆိုင်သည်။ သို့သော်လည်း ဤဘုရင့်တရားရုံးတွင်မူ အငြင်းပွားမှုတစ်ခုလုံးနှင့် ပတ်သက်ဆက်နွှယ်နေသည့် ကိစ္စရပ်များအကြောင်းကိုသာ ကျွန်ုပ်အချေအတင်ဆွေးနွေးလိုပါသည်” ဟုစတင်၍ပြောသည်။ ထိုအခါ မေရှိယရောက်ရှိနေပြီလော၊ ကိုယ်တော်သည် ဘုရားသခင်လော၊ လူသားလော၊ ပညတ်တရားအစစ်အမှန်ကို ပိုင်ဆိုင်သူမှာ ဂျူးများလော၊ ခရစ်ယာန်များလော ဟူသည့်အကြောင်းကိုသာ ဆွေးနွေးဖို့သဘောတူခဲ့ကြသည်။
ပါဘလို ခရစ္စတီယားနီးက မိမိ၏အချေအတင်ဆွေးနွေးချက်ကို နိဒါန်းပျိုးရာတွင် မေရှိယရောက်ရှိပြီးဖြစ်ကြောင်းကို တာလ်မွဒ်ကျမ်းမှ သက်သေပြမည်ဟု အတိအလင်းပြောသည်။ ဤသို့ဖြစ်ရိုးမှန်ပါက တာလ်မွတ်ကျမ်းကိုလက်ခံသည့် ရဗ္ဗိများသည် ယေရှုအားအဘယ်ကြောင့် လက်မခံကြသနည်းဟု နာ့ခ်မန်းနဒီးစ်က တုံ့ပြန်ချေပသည်။ ခရစ္စတီယားနီသည် သူ၏ဆွေးနွေးချက်ကို ရှင်းလင်းသော ကျမ်းစာကျိုးကြောင်းဆင်ခြင်မှုပေါ်တွင် အခြေပြုမည့်အစား မိမိ၏အချေအတင်ပြောဆိုချက်များကို တည်စေရန် မရေရာသည့် ရဗ္ဗိအရေးအသားကောက်နုတ်ချက်များကို အကြိမ်ကြိမ်ကိုးကားသည်။ နာ့ခ်မန်းနဒီးစ်က ယင်းကောက်နုတ်ချက်များသည် ရှေ့နောက်စကားမပါဘဲ ကြိုက်ရာကိုဆွဲ၍ ကိုးကားထားသည်ကိုပြကာ တစ်ချက်ချင်းမှားကြောင်း ထောက်ပြသည်။ နာ့ခ်မန်းနဒီးစ်သည် ကျမ်းအရေးအသားများတွင် သူ၏ဘဝကိုမြှုပ်နှံ၍ လေ့လာခဲ့ခြင်းကြောင့် ယင်းတို့နှင့်ပတ်သက်၍ ပိုမိုကျွမ်းကျင်ကြောင်း သက်သေထူနိုင်ခြင်းသည် ကျိုးကြောင်းညီညွတ်ပေသည်။ ခရစ္စတီယားနီက ကျမ်းချက်များကိုကိုးကားသည့်အခါ၌ပင် သူ့အဆိုပြုချက်များသည်မှားကြောင်း အလွယ်တကူထောက်ပြနိုင်သည့်အချက်က ပေါ်လွင်သည်။
မေးခွန်းများကို ဖြေဆိုဖို့ကန့်သတ်ထားသော်လည်း ချာ့ချ်၏အနေအထားကို ဂျူးများနှင့် အခြားကျိုးကြောင်းဆင်ခြင်တတ်သူများက အဘယ့်ကြောင့်လက်မခံကြောင်း ပြသည့် ထိမိသောအကြောင်းပြချက်ကို နာ့ခ်မန်းနဒီးစ် တင်ပြနိုင်ခဲ့သည်။ သုံးပါးပေါင်းတစ်ဆူအယူနှင့် ပတ်သက်၍ သူက “ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းသည့် ဖန်ဆင်းရှင်သည် . . . ဂျူးအမျိုးသမီးတစ်ဦး၏ ဝမ်းမှမွေးဖွားလာကာ . . . နောက်ပိုင်း၌ မိမိရန်သူများလက်တွင် သတ်ဖြတ်ခံရမည်ဟူသည့်အချက်ကို မည်သည့်ဂျူး သို့မဟုတ် မည်သည့်လူတစ်ဦးမျှ မယုံကြည်နိုင်သည့်အချက်ဖြစ်သည်” ဟုအခိုင်အမာပြောဆိုသည်။ နာ့ခ်မန်းနဒီးစ်က “သင်ယုံကြည်သည့်အရာ—ယင်းသည် သင့်ယုံကြည်ခြင်း၏အုတ်မြစ်—သည် တွေးတောဆင်ခြင်တတ်သောစိတ်အတွက် လက်ခံနိုင်စရာမဟုတ်ချေ” ဟူ၍ တိကျစွာဖော်ပြခဲ့သည်။
နာ့ခ်မန်းနဒီးစ်က ယနေ့ခေတ်အထိဖြစ်တည်နေသော ရှေ့နောက်မညီမှုကြောင့်ယေရှု၏မေရှိယဖြစ်နိုင်ချေကို ဂျူးများစွာ လုံးဝထည့်မစဉ်းစားချင်တော့သည့်အထိ ဖြစ်သွားရကြောင်း မီးမောင်းထိုးပြကာ ချာ့ချ်၏ အကြီးအကျယ်သွေးပြစ်ကျူးလွန်မှုကို ဖိပြောခဲ့သည်။ သူက “မေရှိယလက်ထက်မှာ . . . ဓားလက်နက်တွေကို ထွန်သွားဖြစ်အောင်၊ လှံတွေကိုတံစဉ်ဖြစ်အောင် ထုလုပ်ကြမယ်; တစ်ပြည်နဲ့တစ်ပြည်စစ်မတိုက်ကြတော့တဲ့အပြင်၊ စစ်အတတ်ကို ဘယ်တော့မျှ မသင်ရတော့ဘူးလို့ ပရောဖက်က မြွက်ဟခဲ့တယ်။ နာဇရက်မြို့သားလက်ထက်ကနေ ကနေ့အထိကမ္ဘာကြီးတစ်ခုလုံးမှာ အကြမ်းဖက်မှု၊ လုယက်မှုတွေနဲ့ပြည့်နှက်နေပါကလား။ [မှန်လိုက်လေခြင်း] ခရစ်ယာန်ဘာသာဝင်တွေဟာ တခြားလူမျိုးတွေထက်တောင်မှ ပိုပြီးသွေးသွန်းကြတယ်၊ အကျင့်ပျက်ဘဝပုံစံနဲ့လည်း နေကြတယ်။ အိုး ကျွန်ုပ်ရဲ့အရှင်သခင်မင်းကြီး၊ ကိုယ်တော်ရဲ့သူရဲကောင်းတွေသာ . . . စစ်အတတ်ဘယ်တော့မှမသင်ကြတော့ဘူးဆိုရင် ကိုယ်တော်အတွက်ခက်လှချည်ရဲ့!” ဟုဆိုခဲ့သည်။—ဟေရှာယ ၂:၄။
အစီအစဉ်လေးပြီးသည့်နောက် ဘုရင်က စကားအချေအတင်ဆွေးနွေးပွဲကို ရုပ်သိမ်းခိုင်းလိုက်သည်။ သူက နာ့ခ်မန်းနဒီးစ်အား “မင်းလို မှားတဲ့ကြားက အငြင်းအခုံလုပ်နိုင်တဲ့သူမျိုး ငါတစ်ခါမှမတွေ့ဖူးဘူး” ဟုဆိုသည်။ မိမိ၏ကတိအတိုင်းပင် အာရဂွန်ဒေသမှ ပထမမြောက် ဂျိမ်းဘုရင်သည် လွတ်လပ်စွာပြောဆိုခွင့်နှင့် နာ့ခ်မန်းနဒီးစ်ကို အကာအကွယ်ပေးရန် အာမခံထားသည့်အတိုင်း ဆုငွေဒ င်္ဂါး ၃၀၀ နှင့်အတူ အိမ်သို့ပြန်ပို့ပေးသည်။ ဟေရိုနားနယ်ဂိုဏ်းအုပ်၏ တောင်းဆိုချက်အရနာ့ခ်မန်းနဒီးစ်သည် စကားအချေအတင်ဆွေးနွေးပွဲကို မှတ်တမ်းတင်ရေးသားခဲ့သည်။
အပြတ်အသတ်အနိုင်ရရှိကြောင်းကို ကြေညာသည့်အခါ ဒိုမေနီကန်တို့သည် မခံချိမခံသာဖြစ်သွားကြသည်။ နောက်ပိုင်း၌ စကားအချေအတင်ဆွေးနွေးပွဲနှင့် ပတ်သက်သော သူ၏အရေးအသားများကို အထောက်အထားအဖြစ်အသုံးပြု၍ နာ့ခ်မန်းနဒီးစ်အား ချာ့ချ်ကိုဆန့်ကျင်၍ မလေးမခန့်ပြုမှုဖြင့် တရားစွဲဆိုလိုက်ကြသည်။ ဒိုမေနီကန်တို့သည် နာ့ခ်မန်းနဒီးစ်အပေါ် ဘုရင်၏ဆက်ဆံပုံကို မကျေနပ်သောကြောင့် စတုတ္ထမြောက် ပုပ် ကလီမဲန့်ထံ အကူအညီတောင်းခံကြသည်။ နာ့ခ်မန်းနဒီးစ်သည် အသက် ၇၀ ကျော်ဖြစ်သော်လည်း စပိန်နိုင်ငံမှပြည်နှင်ဒဏ်ခံရသည်။c
အမှန်တရားကား မည်သည့်အရာပေါ်မူတည်သနည်း
နှစ်ဖက်စလုံးမှ အချေအတင်ဆွေးနွေးတင်ပြချက်များသည် စစ်မှန်သောဘာသာကို ခွဲခြားသိမြင်ရန် အထောက်အကူပြုပါသလော။ တစ်ဖက်၏အမှားများကို တစ်ဖက်ကဖော်ထုတ်သော်လည်း အမှန်တရား၏ ရှင်းလင်းပြတ်သားသည့် သတင်းတရားကို မည်သည့်ဘက်ကမျှ ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိချေ။ နာ့ခ်မန်းနဒီးစ်က မှားကြောင်းဖော်ပြသည့်အရာမှာ ခရစ်ယာန်ဘာသာစစ် မဟုတ်ဘဲ ယေရှုနောက်ပိုင်းရာစုတို့တွင် ခရစ်ယာန်ဘောင်ကထွင်လိုက်သည့် သုံးပါးပေါင်းတစ်ဆူသွန်သင်ချက်ကဲ့သို့သော လူဖန်တီးသည့် အယူဝါဒများဖြစ်သည်။ နာ့ခ်မန်းနဒီးစ် ရဲရဲဝံ့ဝံ့ဖော်ထုတ်တင်ပြခဲ့သည့် ခရစ်ယာန်ဘောင်၏ စာရိတ္တ ယိုယွင်းသောအမူအကျင့်နှင့် လူမဆန်သည့်သွေးသွန်းမှုတို့သည် သမိုင်းမှတ်တမ်းတွင် ကွက်ကွက်ကွင်းကွင်း ထင်ရှားလျက်ရှိသည်။
ယင်းသို့သောအခြေအနေများကြောင့် နာ့ခ်မန်းနဒီးစ်နှင့် အခြားဂျူးလူမျိုးတို့သည် ခရစ်ယာန်ဘာသာဘက်မှ ထောက်ခံဆွေးနွေးမှုကို အဘယ့်ကြောင့်အထင်မကြီးကြကြောင်းကို နားလည်ရန်မခက်ပါ။ ထို့အပြင် ပါဘလို ခရစ္စတီယားနီ၏ဆွေးနွေးချက်များသည် ဟေဗြဲကျမ်းစောင်၌ပါသော ရှင်းလင်းသည့်ကျိုးကြောင်းဆင်ခြင်မှုပေါ်အခြေမပြုဘဲ လွဲမှားစွာကိုးကားထားသည့် ရဗ္ဗိအရေးအသားများပေါ်တွင် အခြေပြုထားသည်။
အမှန်ဆိုရလျှင် နာ့ခ်မန်းနဒီးစ်သည် စစ်မှန်သောခရစ်ယာန်ဘာသာကို မှားကြောင်းဖော်ပြနေခြင်းမဟုတ်ပါ။ သူ့အချိန်၌ ယေရှုသွန်သင်ချက်၏စစ်မှန်သောအလင်းနှင့် မေရှိယဆိုင်ရာအထောက်အထားတို့သည် လွဲမှားသည့်ဖော်ပြချက်များကြောင့် မှေးမှိန်လာသည်။ အမှန်စင်စစ် ယင်းသို့သော အယူဖောက်ပြန်သည့် သွန်သင်ချက်၏ အသွင်အပြင်ကို ယေရှုနှင့် တမန်တော်များက တင်ကူး၍ပရောဖက်ပြုခဲ့ကြသည်။—မဿဲ ၇:၂၁-၂၃; ၁၃:၂၄-၃၀၊ ၃၇-၄၃; ၁ တိမောသေ ၄:၁-၃; ၂ ပေတရု ၂:၁၊ ၂။
သို့သော် ယနေ့စစ်မှန်သောဘာသာကို အလွယ်တကူမှတ်သားဖော်ပြနိုင်ပါသည်။ မိမိ၏စစ်မှန်သော နောက်လိုက်များနှင့်ပတ်သက်၍ ယေရှုက “ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြလိမ့်မည်။ . . . ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကို သီးတတ်၏” ဟူ၍မိန့်တော်မူခဲ့သည်။ (မဿဲ ၇:၁၆၊ ၁၇) ထိုခွဲခြားမှုကိုပြုလုပ်ရန် သင့်အားကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။ ကျမ်းစာဆိုင်ရာ အထောက်အထားနှင့်ပတ်သက်၍ ရည်ရွယ်ချက်ရှိရှိစူးစမ်းရှာဖွေမှုပြုရန် ယေဟောဝါသက်သေများက သင့်ကိုကူညီရန် ခွင့်ပြုပါ။ သို့ဖြင့် မေရှိယနှင့် သူ၏အုပ်ချုပ်မှုနှင့်စပ်လျဉ်းသော ဘုရားသခင့်ကတိတော်အားလုံး၏ စစ်မှန်သောအဓိပ္ပာယ်ကို သင်သိနားလည်လာပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a “ရဗ္ဗိမိုးဇက်ဘင်နခ်မန်း” စကားလုံးများ၏ အစအက္ခရာများကို စုစည်းထားသည့် ဟေဗြဲ ထိပ်စာလုံးစု “ရမ်ဘန်” ကို ဂျူးများစွာတို့က နာ့ခ်မန်းနဒီးစ်ဖြစ်သည်ဟု ဆိုကြသည်။
b ကင်းမျှော်စင်၊ မတ် ၁၊ ၁၉၉၅၊ စာမျက်နှာ ၂၀-၃ မှ ‘မိုင်မွန်နီးဒီးစ်—ဂျူးဘာသာရေးကို တစ်ဖန်ပြဋ္ဌာန်းဖော်ပြသူ’ ဟူသည့်ဆောင်းပါးကိုကြည့်ပါ။
c နာ့ခ်မန်းနဒီးစ်သည် ၁၂၆၇ ခုနှစ်တွင် ယခုအချိန်၌ အစ္စရေးဟုခေါ်သည့်နိုင်ငံသို့ ရောက်ရှိသည်။ သူ့ဘဝနိဂုံးပိုင်းသည် အောင်မြင်မှုများနှင့် ပြည့်နေခဲ့သည်။ သူသည် ဂျူးလူမျိုးတို့၏အရှိန်အဝါနှင့် လေ့လာမှုဗဟိုတစ်ခုကို ယေရုရှလင်မြို့တွင် ပြန်လည်ပေါ်ပေါက်စေခဲ့သည်။ သမ္မာကျမ်းစာ၏ပထမကျမ်းငါးကျမ်းဖြစ်သည့် တိုရာကျမ်းကိုအနက်ဖွင့်ဆိုသည့် ဋီကာကျမ်းတစ်စောင်ကိုလည်း ရေးသားပြီးစီးခဲ့ပြီး မြောက်ပိုင်းကမ်းရိုးတန်းဒေသဖြစ်သော အေကာမြို့ရှိ ဂျူးအသိုင်းအဝိုင်းတွင် ဝိညာဉ်ရေးဦးဆောင်လမ်းပြသူ ဖြစ်လာကာ ၁၂၇၀ ပြည့်နှစ်တွင် ထိုမြို့၌ကွယ်လွန်သွားသည်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
နာ့ခ်မန်းနဒီးစ်သည် ဗာစယ်လိုးနားတွင် သူ့အမှုကိုချေပပြောဆိုခဲ့
[Picture Credit Line on page 19]
စာမျက်နှာ ၁၉-၂၀ ပါ သရုပ်ဖော်ပုံများကို– Illustrirte Pracht - Bibel/Heilige Schrift des Alten und Neuen Testaments, nach der deutschen Uebersetzung D. Martin Luther’s မှကူးယူထားသည်