ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၄/၁၅ စာ. ၂၈-၃၁
  • သင်တို့သည် ဝိညာဉ်အစာကိုကောင်းစွာစားသုံးသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်တို့သည် ဝိညာဉ်အစာကိုကောင်းစွာစားသုံးသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝိညာဉ်ရေးရာကြီးထွားမှုအတွက် အစားအစာ
  • ဝိညာဉ်ခွန်အားအတွက် အစားအစာ
  • ဝိညာဉ်ရေးကျန်းမာမှုအတွက် အစားအစာ
  • ဝိညာဉ်ရေးညစ်ညမ်းမှု
  • ဝိညာဉ်အစာ အလျှံပယ်ပေါများခြင်း
  • ကောင်းစွာစားသုံးခြင်းအကျင့်
  • ဝိညာဉ်အစာကို သင်မည်မျှကောင်းစွာစားသုံးသနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • သင် “အချိန်တန်အစာ” ရရှိနေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သင့်ယုံကြည်ခြင်းနှင့် ဝိညာဏကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • လူတိုင်းအတွက် စိတ်ချရသော အစားအစာ
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၄/၁၅ စာ. ၂၈-၃၁

သင်တို့သည် ဝိညာဉ်အစာကိုကောင်းစွာစားသုံးသလော

“အာဟာရဖြစ်သောဓာတ်စာသည် အခြေခံအကျဆုံးသောလူ့လိုအပ်ရာဖြစ်သည်။ . . . အစားအစာအလုံအလောက်မရှိလျှင် ကျွန်ုပ်တို့သေလိမ့်မည်။” —အစားအစာနှင့်အာဟာရ။

ထိုအခြေခံမူကို “အခြေခံအကျဆုံးသောလူ့လိုအပ်ရာ” မရရှိသည့် ငတ်ပြတ်နေသောယောက်ျားများ၊ မိန်းမများ၊ ကလေးများတို့၏ ကြုံလှီသောကိုယ်ခန္ဓာက ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။ အခြားသူများသည် ယင်းလိုအပ်ချက်ကို အထိုက်အလျောက်ပြည့်မီနိုင်ကြသော်လည်း စိုးရိမ်ဖွယ်ကောင်းလောက်အောင် အာဟာရချို့တဲ့နေကြဆဲဖြစ်သည်။ သို့ရာတွင် ကောင်းစွာစားနိုင်သောက်နိုင်ပါလျက်နှင့် အာဟာရအနည်းငယ်သာ ပေးနိုင်သည့်အစာဖျင်းများစားသုံးပြီး မိမိတို့ကိုယ်ကို ကျေနပ်နေသူများစွာရှိသည်။ ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်ခြင်း စာအုပ်က “ကျွန်ုပ်တို့ပိုင်ဆိုင်ရာများထဲတွင် အစားအစာသည် အလွဲသုံးစားပြုခြင်းအခံရဆုံးသော အရာတစ်ခုဖြစ်ပုံရသည်” ဟုဆိုသည်။

ဘုရားသခင့်နှုတ်ကပါဌ်စကားတော်သမ္မာကျမ်းစာတွင် တွေ့ရသောဝိညာဉ်အစာသည်လည်း ထိုအတိုင်းပင်ဖြစ်နေသည်။ လူအချို့တို့သည် အခြေခံအကျဆုံးသောဝိညာဉ်အာဟာရပင် ချို့တဲ့ကြသည်; ဝိညာဉ်အစာ ငတ်မွတ်နေကြသည်။ အခြားသူတို့သည် ရရှိနိုင်သည့်ဝိညာဉ်အစာမှ အကျိုးအမြတ်ရယူခြင်းကို လျစ်လျူရှုကြသည်။ သင့်အနေနှင့်ကောအသို့နည်း။ သင်ကိုယ်တိုင် ဝိညာဉ်အစာကို ကောင်းစွာစားသုံးသလော။ သို့မဟုတ် သင်သည် မိမိကိုယ်ကို ဝိညာဉ်ရေးအာဟာရအငတ်ထားသည့်အဖြစ်သို့ ရောက်နေစေသလော။ ကျွန်ုပ်တို့သည် ကာယအစာထက် ဝိညာဉ်အစာ ပို၍လိုအပ်သဖြင့် ယင်းကိစ္စတွင် မိမိတို့ကိုယ်ကို ရိုးရိုးသားသားဆန်းစစ်ဖို့ အရေးကြီးသည်။—မဿဲ ၄:၄။

ဝိညာဉ်ရေးရာကြီးထွားမှုအတွက် အစားအစာ

သင့်လျော်သောဓာတ်စာရရှိခြင်း၏အရေးကြီးမှုကို ဆွေးနွေးထားသည့် အစားအစာနှင့်အာဟာရ စာအုပ်က ကျွန်ုပ်တို့ ကောင်းစွာစားသောက်ရန်လိုအပ်သည့် အကြောင်းရင်းသုံးချက်ပေးထားသည်။ ပထမတစ်ချက်အနေနှင့် “ကြီးထွားမှုကို ဖြစ်ထွန်းစေဖို့နှင့် ပျက်စီးသွားသော ခန္ဓာဆဲလ်များကို အစားထိုးပေးဖို့” အစားအစာလိုအပ်သည်။ မိမိဘဝတစ်လျှောက်၏နေ့ရက်တိုင်းတွင် ခန္ဓာဆဲလ်သန်းထောင်ပေါင်းများစွာသည် ပျက်စီးယိုယွင်းပြီး ပြန်လည်အစားထိုးဖို့ လိုအပ်သည်ကို သင်သိသလော။ သင့်လျော်သောကြီးထွားမှုနှင့် ကိုယ်ခန္ဓာပြုပြင်ထိန်းသိမ်းမှုတို့အတွက် အာဟာရဖြစ်သောအစားအစာ လိုအပ်သည်။

ဝိညာဉ်ရေးအရလည်း ထိုအတိုင်းပင်ဖြစ်သည်။ ဥပမာ၊ တမန်တော်ပေါလုသည် ဧဖက်မြို့ရှိ အသင်းတော်ကို စာရေးစဉ်က ခရစ်ယာန်ယောက်တိုင်းသည် “အရွယ်ရောက်သူ” ဖြစ်ဖို့ အာဟာရဖြစ်သောဝိညာဉ်အစာ လိုအပ်ကြောင်း အလေးပေးရေးသားခဲ့သည်။ (ဧဖက် ၄:၁၁-၁၃၊ သမ္မာ) ကျွန်ုပ်တို့သည် အာဟာရရှိသောဝိညာဉ်အစာကို စနစ်တကျစားသုံးသောအခါ မိမိကိုယ်ကိုမကာကွယ်နိုင်သော၊ အန္တရာယ်အမျိုးမျိုးကိုအရှုံးပေးရသော၊ အားနည်းသောသူငယ်များနှင့်မတူတော့ချေ။ (ဧဖက် ၄:၁၄) သို့အစား “ယုံကြည်ခြင်းတရားစကားများကျွေးမွေးခံရ” သောကြောင့် ယုံကြည်ခြင်းအတွက် ခက်ခဲသောတွန်းလှန်မှုပြုလုပ်နိုင်မည့် သန်မာသောလူကြီးများအဖြစ် ကြီးထွားလာမည်။—၁ တိမောသေ ၄:၆၊ သမ္မာ။

သင်လည်း ထိုသို့ဖြစ်နေပါသလော။ သင်သည် ဝိညာဉ်ရေးအရ ကြီးထွားနေပြီလော။ သို့မဟုတ် သင်သည် ယခုအချိန်အထိ အန္တရာယ်ကိုမကာကွယ်နိုင်သော၊ အခြားသူများအပေါ် လုံးလုံးလျားလျားမှီခိုနေရသော၊ ခရစ်ယာန်တာဝန်များကိုအပြည့်အဝမထမ်းဆောင်နိုင်သော ဝိညာဉ်ရေးအရ ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသလော။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ သူငယ်ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုပြောသောသူ အနည်းငယ်သာရှိမည်မှန်သော်လည်း မိမိကိုယ်ကို ရိုးသားစွာ ဆန်းစစ်သင့်သည်မှာ ရှင်းနေပါသည်။ ပထမရာစုရှိ အချို့ဘိသိက်ခံခရစ်ယာန်တို့သည် ထိုအတိုင်းပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်တွင် ပြောထားသည့်အရာများကို အခြားသူများအား သွန်သင်ပေးရန် လိုလိုလားလားနှင့်တတ်နိုင်သော “ဆရာသမားများ” ဖြစ်သင့်သော်လည်း တမန်တော်ပေါလုက “သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ဗျာဒိတ်တော်၌ ရှေးဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါး၌ တစ်ဖန် သင်ရသောအကြောင်းရှိသည်ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏” ဟုရေးသားခဲ့သည်။ သင်သည် ဝိညာဉ်ရေးအရ ကြီးထွားလိုလျှင် ကြေခဲသောဝိညာဉ်အစာ ကောင်းစွာစားသုံးချင်စိတ်ကို ပျိုးထောင်ပါ။ သူငယ်ဝိညာဉ်အစာဖြင့် မရောင့်ရဲပါနှင့်။—ဟေဗြဲ ၅:၁၂။

ကျွန်ုပ်တို့သည်လည်း ရန်လိုမုန်းတီးနေသောလောကကို ရင်ဆိုင်နေရသောကြောင့် နေ့စဉ်သွေးဆောင်မှုများအားဖြင့် ထိခိုက်သွားသောအရာအချို့ ပြန်လည်ပြုပြင်ရန် ဤကြေခဲသောဝိညာဉ်အစာလိုအပ်သည်။ ယင်းတို့သည် ကျွန်ုပ်တို့၏ဝိညာဉ်ခွန်အားကို ဆုတ်ယုတ်စေနိုင်သည်။ သို့သော် ဘုရားသခင်သည် ထိုခွန်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါသည်။ ပေါလုက “ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ဖျက်ဆီးခြင်းသို့ ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏” ဟုဆိုသည်။ (၂ ကောရိန္သု ၄:၁၆) ကျွန်ုပ်တို့သည် “တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်း” မည်သို့ခံရမည်နည်း။ တစ်စိတ်တစ်ဒေသအနေနှင့် ကျမ်းစာနှင့် ကျမ်းစာကိုအခြေပြုထားသောစာပေများကို တစ်ဦးချင်းနှင့် အုပ်စုလိုက်လေ့လာခြင်းအားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကို မှန်မှန်စားသုံးခြင်းဖြစ်သည်။

ဝိညာဉ်ခွန်အားအတွက် အစားအစာ

“အပူနှင့်ခွန်အားဖြစ်စေရန်” လည်း အစားအစာလိုအပ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ် ကောင်းစွာလှုပ်ရှားနိုင်ဖို့ အစားအစာက အားဖြည့်ပေးသည်။ အကယ်၍ ကျွန်ုပ်တို့ လုံလုံလောက်လောက် မစားသုံးလျှင် ခွန်အားအနည်းငယ်သာ ရရှိလိမ့်မည်။ ကျွန်ုပ်တို့ဓာတ်စာထဲတွင် သံဓာတ်ချို့ယွင်းနေပါက မောပန်းနွမ်းနယ်မှုနှင့် လေးလံထိုင်းမှိုင်းမှုကို ခံစားရနိုင်သည်။ ဝိညာဉ်ရေးလှုပ်ရှားမှုနှင့်ပတ်သက်လျှင် တစ်ခါတစ်ရံ ထိုအတိုင်းခံစားရသလော။ သင်သည် ခရစ်ယာန်တစ်ဦးအနေနှင့် ဒွန်တွဲနေသောတာဝန်များထမ်းဆောင်ရန် ခက်ခဲမှုရှိသလော။ ယေရှုခရစ်၏ နောက်လိုက်ဆိုသူအချို့သည် ထိုဝိညာဉ်ရေးလှုပ်ရှားမှုတွင် အားလျော့လာကြပြီး ခရစ်ယာန်လုပ်ငန်းတော်တွင် ခံနိုင်ရည်လျော့နည်းလာကြသည်။ (ယာကုပ် ၂:၁၇၊ ၂၆) အကယ်၍ ယင်းသည် မိမိအဖြစ်အပျက်တွင် မှန်ကန်မှုရှိကြောင်းသိမြင်လျှင် ဖြေရှင်းနည်းသည် မိမိ၏ဝိညာဉ်ရေးဓာတ်စာကို တိုးတက်ကောင်းမွန်စေခြင်း သို့မဟုတ် တိုး၍စားသုံးခြင်းတို့အပေါ် များစွာမူတည်ပေလိမ့်မည်။—ဟေရှာယ ၄၀:၂၉-၃၁; ဂလာတိ ၆:၉။

ဝိညာဉ်အစာ ကောင်းစွာမစားသုံးသည့် အကျင့်ကိုမွေးမြူသည့်အဖြစ်သို့ အရောက်မခံပါနှင့်။ နှစ်ရာစုများတစ်လျှောက် စာတန်အသုံးပြုခဲ့သည့် အကြီးမားဆုံးလှည့်ဖြားမှုတစ်ခုမှာ ကျမ်းစာကိုဖတ်ရှု၍ ယင်းမှတိကျမှန်ကန်သော အသိပညာများကိုရယူဖို့မလိုအပ်ဟု လူများကို ယုံမှတ်စေခြင်းဖြစ်သည်။ ဝင်ရောက်တိုက်ခိုက်သောစစ်တပ်သည် ရန်သူ၏မြို့ကို အောင်မြင်နိုင်ရန် ဝိုင်းရံပိတ်ဆို့ရိက္ခာဖြတ်တောက်သည့်နည်းကဲ့သို့ အလွန်ရှေးကျသောနည်းကို စာတန်အသုံးပြုသည်။ သို့သော် သူက ဤနည်းစနစ်အသုံးပြုရာတွင် တစ်ဆင့်တိုး၍ အသုံးပြုသည်။ သူ၏ “ပိတ်ဆို့မှု” အောက်တွင် ရှိနေသူများသည် မိမိတို့ဝန်းကျင်၌ ဝိညာဉ်အစာတောင်ပုံရာပုံရှိလျက်နှင့် မိမိကိုယ်ကို ငတ်ပြတ်သည့်အဖြစ်သို့ ရောက်အောင်ပြုရန် လှည့်ဖြားခံရကြသည်။ သူ့တိုက်ခိုက်မှုကြောင့် လူများစွာကျရှုံးသွားခြင်းသည် အဆန်းမဟုတ်ပါ။—ဧဖက် ၆:၁၀-၁၈။

ဝိညာဉ်ရေးကျန်းမာမှုအတွက် အစားအစာ

အစားအစာနှင့်အာဟာရ စာအုပ်က ကျွန်ုပ်တို့ အစားအစာကိုလိုအပ်ရခြင်း၏ တတိယအချက်မှာ “ကိုယ်ခန္ဓာကို ပုံမှန်ကျန်းမာစေဖို့ . . . နှင့်ရောဂါကာကွယ်နိုင်ဖို့” ဖြစ်သည်ဟု ဆိုသည်။ အာဟာရဖြစ်သောအစားအစာ၏ ကျန်းမာရေးအကျိုးဆက်များသည် ချက်ချင်းထင်ရှားမည်မဟုတ်။ ကျွန်ုပ်တို့မစဉ်းစားဖူးသောအရာမှာ အာဟာရဖြစ်သောအစာကို စားသုံးပြီးသောအခါ ‘ကျွန်ုပ်တို့နှလုံး (ကျောက်ကပ်၊ ကြွက်သား၊ စသဖြင့်) ကို အားဖြစ်စေသည့်’ အချက်ပင်ဖြစ်သည်။ သို့ရာတွင် အချိန်အတော်ကြာ အစာမစားဘဲနေလျှင် သင့်ကျန်းမာရေးအကျိုးဆက်သည် ထင်ရှားလာမည်။ အကျိုးဆက်ကားအဘယ်နည်း။ ဆေးဘက်ဆိုင်ရာကိုးကားစာအုပ်တစ်အုပ်က “ဖြစ်ရိုးဖြစ်စဉ်အကျိုးဆက်ကား မကောင်းပါ– ကြီးထွားဖွံ့ဖြိုးမှုမရှိဘဲဖြစ်လာမည်၊ အသေးအမွှားရောဂါကူးစက်သည်ကို ကာကွယ်နိုင်စွမ်းလျော့နည်းလာမည်၊ ခွန်အားချို့တဲ့လာမည်” ဟုရေးသားထားသည်။ ယင်းနှင့်အလားတူသည့် ဝိညာဉ်ရေးဖျားနာမှုသည် ရှေးဣသရေလလူမျိုးအပေါ် သက်ရောက်ခဲ့သည်။ ပရောဖက်ဟေရှာယက သူတို့နှင့်ပတ်သက်၍ ဤသို့ပြောသည်– “ဦးခေါင်းသည် အနာသက်သက်ရှိ၏၊ နှလုံးသည်လည်း ခွန်အားအလျှင်းမရှိ။ ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။”—ဟေရှာယ ၁:၅၊ ၆။

အာဟာရဖြစ်သောဝိညာဉ်အစာသည် ဝိညာဉ်ရေးအားနည်းမှုနှင့် ဝိညာဉ်ရေးရောဂါကူးစက်မှု၏အကျိုးဆက်များကို ကာကွယ်ဖို့ စွမ်းအားပေးပါသည်။ ဘုရားသခင်ထံမှအသိပညာကို စားသုံးလျှင် ယင်းက ကျွန်ုပ်တို့ကို ဝိညာဉ်ရေးတွင် ကောင်းစွာရှိမြဲရှိနေဖို့ ကူညီပေးပါသည်တကား! မိမိခေတ်ရှိ လူအများစုသည် လျောက်ပတ်သော ဝိညာဉ်အစာစားခြင်းကိစ္စတွင် သူတို့ဘိုးဘေးများ၏ပေါ့ဆမှုကို သင်ခန်းစာမယူကြကြောင်း ယေရှုခရစ်ဝေဖန်ခဲ့သည်။ သူတို့သည်လည်း ကိုယ်တော်သွန်သင်ပေးသည့် သမ္မာတရားတို စားသုံးရန် ငြင်းပယ်ကြသည်။ ရလဒ်ကားအဘယ်နည်း။ ယေရှုကဤသို့မိန့်တော်မူသည်– “ဤလူမျိုးသည် မျက်စိ မမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်လျက်ရှိကြ၏ဟူသော စကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။” (မဿဲ ၁၃:၁၅) လူအများစုသည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်၏ ကုသပေးနိုင်သောတန်ခိုးတော်မှ ဘယ်တော့မှအကျိုးမခံစားရချေ။ သူတို့သည် ဝိညာဉ်ရေးအရ ဖျားနာသူများအဖြစ် ရှိခဲ့ကြသည်။ အချို့သောဘိသိက်ခံခရစ်ယာန်များပင် “အားနည်းသောသူ၊ မကျန်းမာသောသူ” ဖြစ်လာကြသည်။ (၁ ကောရိန္သု ၁၁:၃၀) ဘုရားသခင် ကျွေးမွေးနေသောဝိညာဉ်အစာကို ကျွန်ုပ်တို့ ဘယ်တော့မျှ မထီမဲ့မြင်မပြုမိပါစေနှင့်။—ဆာလံ ၁၀၇:၂၀

ဝိညာဉ်ရေးညစ်ညမ်းမှု

ဝိညာဉ်ရေးမွတ်သိပ်ခြင်းဘေးအပြင် ကျွန်ုပ်တို့သိဖို့လိုအပ်သည့် အခြားအန္တရာယ်—ကျွန်ုပ်တို့စားသုံးနေသည့် အစာအမျိုးအစားကိုယ်နှိုက်က ညစ်ညမ်းနေခြင်းလည်း ရှိသေးသည်။ အန္တရာယ်ရှိသော နတ်ဆိုးအယူအဆများဖြင့် အကျင့်ပျက်ပြားစေသည့် သွန်သင်ချက်များကို လက်ခံခြင်းသည် ရောဂါပိုးများ သို့မဟုတ် အဆိပ်များပြည့်နေသည့် ညစ်ညမ်းသောကာယအစာကို စားသုံးသောအခါ လွယ်လွယ်ကူကူ အဆိပ်ဖြစ်နိုင်သကဲ့သို့ ကျွန်ုပ်တို့ကို အဆိပ်ဖြစ်စေနိုင်ပါသည်။ (ကောလောသဲ ၂:၈) အဆိပ်ရှိသောအစာကို ခွဲခြားသိမြင်ရန် အမြဲလွယ်ကူမည်မဟုတ်။ “တစ်ခါတစ်ရံ အစားအစာသည် အန္တရာယ်ကင်းဟန်ရှိသော်လည်း ရောဂါပိုးများပါဝင်နေတတ်သည်” ဟု ပညာရှင်တစ်ဦးကဆိုသည်။ ထို့ကြောင့် အယူဖောက်ပြန်သည့်စာပေများကဲ့သို့သော စာပေအချို့သည် ကျမ်းစာနှင့်မညီညွတ်သည့် သွန်သင်ချက်များ၊ အတွေးအခေါ်များ သွတ်သွင်းထားခြင်းခံရသောကြောင့် ညစ်ညမ်းနိုင်ကြောင်း စိတ်တွင်မှတ်သားထားကာ ကျွန်ုပ်တို့၏ပုံဆောင်အစာ၏ဇာစ်မြစ်ကို စစ်ဆေးသင့်သည်။ အစားအစာထုတ်လုပ်သူအချို့တို့သည် မိမိတို့၏ထုတ်ကုန်တွင်ပါရှိသည့်အရာနှင့်ပတ်သက်၍ လိမ်ညာသည့်တံဆိပ်များကို အသုံးပြုခြင်းဖြင့် စားသုံးသူများကို လှည့်ဖြားကြသည်။ မဟာလှည့်ဖြားရှင်စာတန်သည် ထိုနည်းအတိုင်းပြုလုပ်မည်ကို ကျွန်ုပ်တို့ သေချာပေါက်မျှော်လင့်နိုင်သည်။ ထို့ကြောင့် သင်သည် “ယုံကြည်ခြင်း၌ ကျန်းခံ့စေ” ဖို့အလိုငှာ ပုံဆောင်အစားအစာကို ယုံကြည်စိတ်ချရသော ဇာစ်မြစ်မှ ရရှိရန် သေချာစေပါသည်။—တိတု ၁:၉၊ ၁၄ သမ။

၁၇ ရာစုရှိ တရားဟောဆရာ သောမတ်စ်အေဒမ်စ်သည် မိမိခေတ်ရှိလူတို့ကို “သူတို့သည် မိမိတို့၏သွားဖြင့် မိမိတို့သေတွင်းကို တူးကြသည်” ဟုပြောခဲ့သည်။ တစ်နည်းအားဖြင့် သူတို့စားသုံးလိုက်သောအစားအစာသည် သူတို့ကို သေတွင်းထဲသို့ရောက်စေပါသည်။ သင်စားသုံးလိုက်သော ဝိညာဉ်အစာကြောင့် သေရသည့်အဖြစ်သို့ အရောက်မခံပါနှင့်။ အာဟာရဖြစ်စေသော ဝိညာဉ်အစာကို ကြိုးစားရှာဖွေပါ။ ကိုယ်တော်၏လူများဟုဆိုကာ မှားယွင်းသောဆရာသမားများနှင့်ပရောဖက်များအား အားထားကြသူများကို ယေဟောဝါဘုရားသခင်က “အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကို အဘယ်ကြောင့် ကုန်စေကြသနည်း” ဟုမေးခဲ့သည်။ “ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမွေ့လျော်စေလိမ့်မည်။ နူးညွတ်သောနားနှင့် ငါ့ထံသို့လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။”—ဟေရှာယ ၅၅:၂၊ ၃; ယေရမိ ၂:၈၊ ၁၃ နှိုင်းယှဉ်။

ဝိညာဉ်အစာ အလျှံပယ်ပေါများခြင်း

အာဟာရဖြစ်သောဝိညာဉ်အစာ ပြတ်လပ်သွားခြင်းမရှိပါ။ ယေရှုခရစ်ပရောဖက်ပြုထားသည့်အတိုင်း ယခုအခါ ကိုယ်တော်က ဝိညာဉ်အစာလိုလားသူ မည်သူ့အတွက်မဆို “အချိန်တန်အစာ” ဖြန့်ဝေခြင်းတွင် အလုပ်များနေသော သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းအစားကို ထားရှိပေးသည်။ (မဿဲ ၂၄:၄၅၊ သမ) ပရောဖက်ဟေရှာယအားဖြင့် ယေဟောဝါရှင်က “ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား၊ မွတ်သိပ်ကြလိမ့်မည်။ . . . ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်” ဟုကတိပေးခဲ့သည်။ အမှန်ဆိုသော် ကိုယ်တော်သည် ဝိညာဉ်အစာစားချင်သူများအတွက် စားသောက်ပွဲကြီး ပြုလုပ်ပေးမည်ဟု ကတိပေးသည်။ “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်၊ ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော၊ ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ . . . စီရင်တော်မူလိမ့်မည်။”—ဟေရှာယ ၆၅:၁၃၊ ၁၄; ၂၅:၆။

ဤအရာကို စဉ်းစားသုံးသပ်ကြည့်ပါ– ကျွန်ုပ်တို့သည် စားသောက်ပွဲကြီးတွင် ဆာလောင်နေနိုင်ပါသည်တကား! ဝိညာဉ်အစာ ဖောဖောသီသီရှိသော်လည်း ဝိညာဉ်အစာအချို့ကို စားသုံးရန် မိမိတို့ကိုယ်ကို မလှုံ့ဆော်လျှင် ဆိုးဆိုးဝါးဝါးအာဟာရချို့တဲ့သွားနိုင်ပါသည်။နယပုံပြင် ၂၆:၁၅ က “ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်းသော်လည်း၊ တစ်ဖန်နုတ်၍ မိမိပါးစပ်သို့ခွံ့ရလျှင် စိတ်ညစ်တတ်၏” ဟုပကတိအဖြစ်ကိုဖော်ပြထားသည်။ ဝမ်းနည်းစရာပါတကား! ကျွန်ုပ်တို့သည်လည်း ဝိညာဉ်အစာစားသုံးဖို့အတွက် စီမံပေးထားသည့် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်နှင့် ကျမ်းစာစာပေများကို ကိုယ်ပိုင်လေ့လာမှုပြုရာတွင် အားစိုက်ဖို့ အလွန်ပျင်းရိသောသူဖြစ်လာနိုင်သည်။ ခရစ်ယာန်အသင်းတော်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ တက်ရောက်ခြင်းတို့ကို အလွန်ငြီးငွေ့လာနိုင်ပါသည်။

ကောင်းစွာစားသုံးခြင်းအကျင့်

ထို့အပြင် ကျွန်ုပ်တို့တွင် အာဟာရဖြစ်သောဝိညာဉ်အစာစားသုံးခြင်း အကျင့်ကို တိုးတက်ကောင်းမွန်စေသည့် အကြောင်းများစွာရှိသည်။ သို့သော်လည်း မိမိတို့၏ဝိညာဉ်အစာကို တို့ကနန်းဆိတ်ကနန်းစားသူ များစွာရှိသကဲ့သို့ လုံးဝအငတ်ခံသူအချို့ပင် ရှိနေသည်မှာအမှန်ဖြစ်ပါသည်။ ထိုသူတို့သည် လျောက်ပတ်သောဓာတ်စာ၏အရေးကြီးမှုကို သဘောမပေါက်သောကြောင့် အသက်ကြီးမှဒုက္ခရောက်သူများနှင့် တူနိုင်သည်။ ကောင်းစွာစားသုံးခြင်းသည် ဘဝတွင် မရှိမဖြစ်လိုအပ်ကြောင်းသိသော်လည်း စားသုံးခြင်းအကျင့်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်ကြောင့် ဂရုမစိုက်ရခြင်းကို ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်ခြင်း စာအုပ်က ဤသို့ဖော်ပြထားသည်– “ပြဿနာကား [ချို့တဲ့စွာစားသုံးခြင်းအကျင့်၏ အကျိုးဆက်အနေနှင့်] ကျန်းမာရေးအခြေအနေသည် လျင်မြန်စွာယိုယွင်းသွားခြင်းမဟုတ်ချေ။ လမ်းမပေါ် နမော်နမဲ့လမ်းဖြတ်ကူးခြင်းကြောင့် ရုတ်တရက်ဖြစ်ပေါ်လာသော ရလဒ်ကဲ့သို့မဟုတ်ချေ။ သို့အစား ကျန်းမာရေးအခြေအနေသည် မသိမသာတဖြည်းဖြည်းယိုယွင်းလာခြင်း၊ အလွယ်တကူ ရောဂါကူးစက်လာခြင်း၊ အရိုးများကျိုးပဲ့လွယ်လာခြင်း၊ ဒဏ်ရာများနှင့် ရောဂါများပျောက်ကင်းမှုနှေးကွေးလာခြင်း တို့ဖြစ်ပေမည်။”

အထူးသာဓကတစ်ခုမှာ အစာမစားချင်သောစိတ်ဝေဒနာခံစားနေရသည့် အမျိုးသမီးငယ်တစ်ယောက်ကဲ့သို့ ဖြစ်ပေလိမ့်မည်။ အမှန်တကယ်အားဖြင့် သူမသည် ကျန်းမာရေးတွင် လုံးပါးပါးနေသော်လည်း မိမိကိုယ်ကို ကျန်းမာရေးကောင်းပြီး အစာအနည်းငယ်သာလိုအပ်သည်ဟု ထင်မှတ်နေသည်။ နောက်ဆုံးတွင် သူမ စားချင်စိတ်လုံးဝပျောက်သွားသည်။ “ယင်းသည် အန္တရာယ်ရှိသောအခြေအနေဖြစ်သည်” ဟုဆေးဘက်ဆိုင်ရာ ရည်ညွှန်းစာအုပ်တစ်အုပ်က ဆိုပါသည်။ အဘယ်ကြောင့်နည်း။ “လူနာတစ်ဦးသည် အစာငတ်ပြတ်ပြီး သေသည့်အဖြစ်မျိုးဖြစ်ခဲသော်လည်း သူမသည် အလွန်အာဟာရချို့တဲ့လာပြီး အသေးအမွှားရောဂါကူးစက်သည်ကိုပင် မခုခံနိုင်တော့သည့်အဖြစ်မျိုးသို့ ရောက်ရှိလာသည်။”

ခရစ်ယာန်အမျိုးသမီးတစ်ယောက်က “နှစ်ပေါင်းများစွာကတည်းက ပုံမှန်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ကိုယ်ပိုင်လေ့လာမှုတို့ လိုအပ်ကြောင်းသိကာ ကြိုးစားခဲ့သော်လည်း ၎င်းကိုတစ်ခါမျှမလုပ်နိုင်ခဲ့ပါ” ဟုဝန်ခံထားသည်။ မိမိ၏အခြေအနေသည် ဆိုးဝါးလာသည်ကို လုံးလုံးသတိထားမိသောအခါမှသာ ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကို ကောင်းစွာလေ့လာသူတစ်ယောက်ဖြစ်ရန်အလို့ငှာ ပြောင်းလဲမှုပြုလုပ်ခဲ့သည်။

သို့ဖြစ်သောကြောင့် တမန်တော်ပေါလုပေးထားသော ဤအကြံဉာဏ်တို နှလုံးသွင်းပါ။ “ဖွားစသောသူငယ်” ကဲ့သို့ဖြစ်ကာ “ကယ်တင်ခြင်းအလို့ငှာ နှုတ်ကပါဌ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊ ထိုတရားနုကို အလွန်လိုချင်သော စိတ်ရှိကြလော့။” (၁ ပေတရု ၂:၂) မှန်ပေသည်၊ ဘုရားသခင့်အသိပညာကို “အလွန်လိုချင်သောစိတ်”—သင့်စိတ်နှလုံးထဲတွင် ပြည့်ဝဖို့ ပြင်းပြသောဆန္ဒကို ပြုစုပျိုးထောင်ပါ။ ဝိညာဉ်ရေးအရလူကြီးဖြစ်နေသူများလည်း ထိုအလွန်လိုချင်သောစိတ်ကို ဆက်လက်ပြုစုပျိုးထောင်ရန် လိုအပ်သည်။ ဝိညာဉ်အစာကို ‘သင်တလွဲအသုံးချသောပိုင်ဆိုင်ရာ’ မဖြစ်စေပါနှင့်။ ဝိညာဉ်အစာကို ကောင်းစွာစားသုံးပြီး ဘုရားသခင့်နှုတ်ကပါဌ်စကားတော်သမ္မာကျမ်းစာတွင် တွေ့ရသည့် “စင်ကြယ်သောတရားစကား” အားလုံးမှအကျိုး အပြည့်အဝရယူပါ။—၂ တိမောသေ ၁:၁၃၊ ၁၄။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

သင်၏ဓာတ်စာတိုးတက်ကောင်းမွန်ရန်လိုအပ်ပါသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ