ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ဘုရားသခင်၌ သင်ယုံကြည်နိုင်သလော
“သင်သည် . . . ခရစ်ယာန်တစ်ဦးဖြစ်ရန် ဘုရားသခင်ကိုယုံကြည်ဖို့မလိုပါ။ ယခုအခါ ကျွန်ုပ်တို့သည် ပြုပြင်ပြောင်းလဲမှုတွင် တစ်စိတ်တစ်ပိုင်းပါဝင်သည်၊ သို့သော် ၂၁ ရာစုရောက်သော် ထုံးတမ်းစဉ်လာသဘောအရ ဘုရားသခင်မဲ့ဖြစ်သွားမည်” ဟုအထက်တန်းဗြိတိသျှတက္ကသိုလ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကရှင်းပြသည်။ အနည်းဆုံးဗြိတိသျှ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ရာပါဝင်သည့် ယုံကြည်ခြင်းပင်လယ်လှုပ်ရှားမှုနှင့်ပတ်သက်၍ သူပြောဆိုနေခြင်းဖြစ်သည်။ ဤ “ခရစ်ယာန်ဘုရားသခင်မဲ့ဝါဒီများ” က ခရစ်ယာန်ဘာသာတရားဟူသည် လူ့ဖန်တီးမှုတစ်ရပ်သာဖြစ်ပြီး ယင်းအဖွဲ့ဝင်တစ်ဦး၏အဆိုအရ ဘုရားသခင်ဟူသည် “အတွေးအခေါ်တစ်ရပ်” မျှသာဖြစ်သည်ဟုဆိုသည်။ သဘာဝထက်လွန်ကဲသော ဘုရားသခင်ဟူသည် ယခုသူတို့၏တွေးခေါ်ပုံနှင့် မကိုက်ညီတော့ပါ။
၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက ရေပန်းစားနေသောဆောင်ပုဒ်တစ်ခုမှာ “ဘုရားသခင်သေပြီ” ဟူ၍ဖြစ်သည်။ ယင်းသည် ၁၉ ရာစုက ဂျာမန်အတွေးအခေါ်ပညာရှင် ဖရီးဒရစ်ခ်နီချီ၏ထင်မြင်ချက်ကို ထင်ဟပ်ခြင်းဖြစ်ပြီး လူငယ်များစွာတို့အား ကိုယ်ကြိုက်ရာကိုယ်လုပ်ရန်၊ တရားမဝင်သံဝါသပြုရန်နှင့် ကိုယ်ကျင့်တရားကန့်သတ်မှုမရှိဘဲ မူးယစ်ဆေးအလွဲသုံးရန် လမ်းဖွင့်ပေးသည်။ သို့သော် ဤကဲ့သို့သောလွတ်လပ်မှုမျိုးသည် ပန်းဆောင်ကလေးများဟုအမည်တွင်ခဲ့သူများကို ပို၍ပျော်ရွှင်ကျေနပ်သည့်အသက်တာ ရရှိစေခဲ့ပါသလော။
ထိုဆယ်စုနှစ်အတောအတွင်း အင်္ဂလီကန်ဘိရှော့ ဂျွန် အေ. တီ. ရော်ဘင်စင်သည် ဘုရားသခင်အပေါ်ရိုးသားခြင်းဟူသည့် အငြင်းပွားစေသောစာအုပ်ကို ထုတ်ဝေခဲ့သည်။ ဘုရားသခင်ဟူသည် “လူ့တွေ့ ကြုံမှုတွင် နက်နဲမှု၏အသွင်အပြင်တစ်ခုမျှသာဖြစ်သည်” ဟူသောသူ၏ထင်မြင်ချက်ကို အခြားဘုန်းတော်ကြီးများစွာက အပြစ်တင်ကြသည်။ ခရစ်ယာန်ဓမ္မပညာပါမောက္ခ ကိသ် ဝက်ဒ်က “ဘုရားသခင်ရှိသည်ဟုယုံကြည်ခြင်းသည် ယခုအခါဉာဏ်ပညာရှိသူများက စွန့်ပယ်လိုက်သော လက်ခံနိုင်ဖွယ်ရာမရှိတော့သည့် အယူသီးမှုတစ်မျိုးဖြစ်ပါသလော” ဟုမေးခွန်းထုတ်ခဲ့သည်။ မိမိ၏မေးခွန်းကိုဖြေဆိုရာတွင် သူက “ယနေ့ [ခရစ်ယာန်]ဘာသာရေးတွင် ဘုရားသခင်နှင့်ပတ်သက်သော ရိုးရာအယူအဆအသိပညာကို ပြန်လည်ရရှိဖို့လောက် မည်သည့်အရာမျှအရေးမကြီးပါ” ဟုဖြေဆိုခဲ့သည်။
ဆင်းရဲဒုက္ခနှင့် ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ဘုရားသခင်
ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယုံကြည်သူများစွာတို့သည် မိမိတို့၏ယုံကြည်ချက်နှင့် မြင်တွေ့နေရသော ကြေကွဲဖွယ်ရာဖြစ်ရပ်များ၊ ဆင်းရဲဒုက္ခများကိုဆက်စပ်နိုင်ရန် အခက်တွေ့ကြသည်။ ဥပမာအနေနှင့် ၁၉၉၆၊ မတ်လတွင် စကော့တလန်နိုင်ငံ၊ ဒန်ဘလင်မြို့၌ ကလေးငယ် ၁၆ ဦးတို့သည် သူတို့၏ဆရာမများနှင့်အတူ သေနတ်ဖြင့်ပစ်သတ်ခံရကြသည်။ အလွန်အမင်း တုန်လှုပ်ချောက်ချားနေသော အမျိုးသမီးတစ်ဦးက “ဘုရားသခင်ရဲ့အလိုတော်ကို ကျွန်မနားကိုမလည်နိုင်ဘူး” ဟုဆိုသည်။ ကြေကွဲဝမ်းနည်းဖွယ်ပူဆွေးမှုကို ကလေးများ၏ကျောင်းအပြင်ဘက်၌ ပန်းများနှင့်အတူကတ်တစ်ခုဖြင့် ဖော်ပြခဲ့သည်။ အဆိုပါကတ်ပေါ်တွင် “ဘာကြောင့်လဲ” ဟူသော စကားလုံးတစ်လုံးကို ရေးသားထားသည်။ ဒန်ဘလင်မြို့၊ ကယ်သီဒရယ်မှဘုန်းတော်ကြီးက “ရှင်းပြချက်မရှိပါဘူး။ ဘာကြောင့်ဒီလိုဖြစ်ရတာကို ကျွန်တော်တို့မဖြေနိုင်ပါဘူး” ဟုဆိုခဲ့သည်။
ထိုနှစ်အတွင်း နောက်များမကြာမီမှာပင် အင်္ဂလီကန်ချာ့ချ်မှ လူကြိုက်များသော ခရစ်ယာန်ဓမ္မဆရာငယ်တစ်ဦးသည် ရက်စက်စွာအသတ်ခံခဲ့ရသည်။ လီဗာပူးလ်မြို့မှ ဂိုဏ်းထောက်ကြီးက “ဘုရားသခင်၏တံခါးပေါက်တွင် ဘာကြောင့်လဲ၊ ဘာကြောင့်လဲ ဟူသည့်မေးခွန်းနှင့် တရစပ်မေးကြောင်း” ပြောဆိုပုံကို မိန်းမောတွေဝေနေသော အသင်းတော်ကကြားခဲ့ရကြောင်း ချာ့ချ်တိုင်းမ်စ်သတင်းစာက ဖော်ပြသည်။ ဤဘုန်းတော်ကြီးသည်လည်း ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ဘုရားသခင့်ထံတော်မှ နှစ်သိမ့်မှုဖြစ်စေသော စကားတစ်ခွန်းမှမရရှိခဲ့ချေ။
သို့ဖြစ်လျှင် ကျွန်ုပ်တို့မည်သည့်အရာကို ယုံကြည်ရမည်နည်း။ ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ဘုရားသခင်ကို ယုံကြည်ခြင်းသည် ယုတ္တိတန်သည်။ ယင်းသည် အထက်တွင်တင်ပြထားသော မဖြစ်မနေဖြေရမည့်မေးခွန်းများကို ဖြေဆိုရာတွင် အဓိကသော့ချက်ဖြစ်သည်။ လာမည့်ဆောင်းပါး၌ တင်ပြထားသော အထောက်အထားများကိုသုံးသပ်ရန် သင့်အားကျွန်ုပ်တို့ခေါ်ဖိတ်ပါသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကတ်က “ဘာကြောင့်လဲ” ဟုမေးခဲ့
[Credit Line]
NEWSTEAM No. 278468/Sipa Press