ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၀/၁၅ စာ. ၁၈-၂၃
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျေနပ်ရောင့်ရဲမှုနှင့် ရွှင်လန်းမှုဆိုင်ရာ နက်ရှိုင်းသောခံစားချက်များ
  • ယေဟောဝါ၏ဂရုစိုက်မှုဆိုင်ရာ သာဓက
  • “ယေဟောဝါထံ သာ၍နီးကပ်စေသော အကောင်းဆုံးနည်းလမ်း”
  • ပိုမိုလုပ်ဆောင်ရန် သင့်နှလုံးပြင်းပြသလော
  • ကျွန်ုပ်တို့အားလုံး ရှေ့ဆောင်စိတ်ဓာတ်တင်ပြနိုင်
  • ရှေ့ဆောင်ဓမ္မအမှု၏ ကောင်းချီးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ပိုခိုင်ခံ့စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ရှေ့ဆောင်များကို အားပေးထောက်ခံကြောင်း တင်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၀/၁၅ စာ. ၁၈-၂၃

ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ

“ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။”—သု. ၁၀:၂၂။

၁၊ ၂။ (က) အချိန်ပြည့်ဓမ္မအမှုနှင့်စပ်လျဉ်း၍ ရှေ့ဆောင်တစ်ဦးက မိမိ၏ခံစားချက်ကို မည်သို့ဖော်ပြသနည်း။ (ခ) တပည့်ဖြစ်စေခြင်း၏ရွှင်လန်းမှုကို ရှေ့ဆောင်ဖြစ်သူများက အဘယ်ကြောင့် ပို၍အပြည့်အဝခံစားကြရသနည်း။

“သင်လေ့ကျင့်သင်ကြားပေးသူတစ်ဦး ယေဟောဝါကိုတက်ကြွစွာချီးမွမ်းသူတစ်ဦးဖြစ်လာသည်ကိုတွေ့မြင်ရခြင်းထက် သာ၍ကြီးမားသောရွှင်လန်းမှုရှိနိုင်ပါမည်လော။ ယေဟောဝါနှစ်သက်ဖို့အလို့ငှာ သူတို့၏အသက်တာကိုပြောင်းလဲသွားအောင်လှုံ့ဆော်ပေးသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်၏အစွမ်းထက်ပုံကို တွေ့မြင်ရခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပြီး ယုံကြည်ခြင်းကိုခိုင်ခံ့စေပါသည်။” အချိန်ပြည့်ဓမ္မအမှုတွင် နှစ်ပေါင်း ၃၂ နှစ်ထက်မကလုပ်ဆောင်ခဲ့သူ ကနေဒါနိုင်ငံမှရှေ့ဆောင်တစ်ဦး ထိုသို့ရေးသားခဲ့သည်။ သူ၏ရှေ့ဆောင်ဓမ္မအမှုနှင့်စပ်လျဉ်း၍ ဤသို့ဆို၏– “တခြားတစ်ခုခုကိုလုပ်ဖို့ စဉ်းစားလို့မရနိုင်ဘူး။ အဲ့ဒီလိုမျိုးရွှင်လန်းမှုဖြစ်စေမယ့်အရာတစ်ခုခုကို စဉ်းစားလို့မရနိုင်တာ တကယ်ပါ။”

၂ အသက်လမ်းပေါ် တစ်ဦးတစ်ယောက်ကိုကူညီပေးရခြင်း၌ပါဝင်ရခြင်းသည် ကြီးမားသောရွှင်လန်းမှုကိုဖြစ်စေကြောင်း သင်သဘောတူပါသလော။ အမှန်မှာ ထိုသို့သောရွှင်လန်းမှုကို ရှေ့ဆောင်များသာခံစားကြရသည်မဟုတ်။ ယေဟောဝါ၏ကျေးကျွန်အားလုံးသည် “တပည့်ဖြစ်စေ” ရန်တာဝန်အပ်နှင်းခံထားရသူများဖြစ်ကြပြီး ထိုသို့ပြုလုပ်ရန် ကြိုးစားအားထုတ်ကြသည်။ (မဿဲ ၂၈:၁၉) သို့ရာတွင် ရှေ့ဆောင်များသည် လယ်ကွင်းဓမ္မအမှုတွင် အချိန်များစွာအသုံးပြုကြသောကြောင့် တပည့်ဖြစ်စေခြင်း၏ရွှင်လန်းမှုကို ပို၍အပြည့်အဝခံစားရလေ့ရှိကြသည်။ သို့သော် ရှေ့ဆောင်ခြင်းက အခြားအကျိုးကျေးဇူးများကိုလည်း ရရှိစေသည်။ ရှေ့ဆောင်များနှင့် စကားပြောဆိုကြည့်ပါ၊ ရှေ့ဆောင်ခြင်းသည် ‘စည်းစိမ်ကိုဖြစ်စေတတ်သော ယေဟောဝါ၏ကောင်းချီးမင်္ဂလာ’ ကိုအလွန်အံ့ဖွယ်ကောင်းသောနည်းဖြင့် ခံစားရစေကြောင်း သူတို့ပြောပြကြပါလိမ့်မည်။—သု. ၁၀:၂၂။

၃။ ယေဟောဝါအား ဆက်၍အမှုဆောင်စဉ် အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်ကောင်းလှုံ့ဆော်မည်နည်း။

၃ မကြာသေးခင်က ကမ္ဘာ့ဒေသအသီးသီးမှရှေ့ဆောင်များကို အချိန်ပြည့်ဓမ္မအမှုတွင် သူတို့ခံစားရသည့်ကောင်းချီးများအကြောင်း ဖော်ပြကြရန်တောင်းဆိုခဲ့သည်။ သူတို့ပြောဆိုခဲ့ကြသည့်အရာကို သုံးသပ်ကြည့်ကြစို့။ သို့ပင်ငြားလည်း ကျန်းမာရေးချို့တဲ့မှု၊ အသက်အရွယ်ကြီးရင့်လာမှု၊ သို့မဟုတ် အခြားအခြေအနေအရပ်ရပ်ကြောင့် သင့်အမှုဆောင်ခြင်းသည် အကန့်အသတ်သာဖြစ်နေလျှင် စိတ်ဓာတ်မကျပါနှင့်။ မည်သို့သောအဖြစ်အနေတွင်ရှိပါစေ ယေဟောဝါအား စိုးလ်အကြွင်းမဲ့အမှုဆောင်ခြင်းသည် အခရာကျသည့်အရာဖြစ်ကြောင်းကို သတိရပါ။ သို့တိုင် အချို့သောရှေ့ဆောင်များ၏ပြောဆိုချက်များကို ကြားနာရခြင်းက ဤအကျိုးကျေးဇူးပေးသောလုပ်ငန်းကို အတတ်နိုင်ဆုံးလုပ်ဆောင်ရန် သင့်စိတ်ဝင်စားမှုကို တိုးပွားစေပေမည်။

ကျေနပ်ရောင့်ရဲမှုနှင့် ရွှင်လန်းမှုဆိုင်ရာ နက်ရှိုင်းသောခံစားချက်များ

၄၊ ၅။ (က) အခြားသူများကို သတင်းကောင်းဝေငှပေးခြင်းသည် အဘယ်ကြောင့် ဤမျှအကျိုးကျေးဇူးရှိရသနည်း။ (ခ) အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ရခြင်းကို ရှေ့ဆောင်များ မည်သို့ယူမှတ်ကြသနည်း။

၄ “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ (တမန်တော် ၂၀:၃၅၊ ကဘ) မှန်ပါသည်၊ ကိုယ်ကျိုးမဖက်သောပေးကမ်းခြင်းသည် ကိုယ်တိုင်အကျိုးပြန်ခံစားရစေသည်။ (သု. ၁၁:၂၅) အခြားသူများအား သတင်းကောင်းကိုဝေငှသောအခါ ယင်းသည် အထူးသဖြင့်မှန်ကန်၏။ အမှန်မှာ လူသားချင်းတို့အား ထာဝရအသက်ရစေသော ဘုရားသခင့်သိကျွမ်းခြင်းပညာကိုရရှိစေရန်ကူညီပေးခြင်းထက် သာ၍ကြီးမားသော မည်သည့်လက်ဆောင်ကို ကျွန်ုပ်တို့ပေးနိုင်သနည်း။—ယောဟန် ၁၇:၃။

၅ အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်သူတို့သည် သူတို့၏ဓမ္မအမှုမှရရှိသော ရွှင်လန်းမှုနှင့်ကျေနပ်မှုခံစားချက်အကြောင်း ထုတ်ဖော်ပြောဆိုလေ့ရှိကြသည်မှာ အဆန်းမဟုတ်ပေ။ “တခြားသူတွေကို သမ္မာတရားဝေမျှခြင်းကနေရရှိလာတဲ့ ကျေနပ်ရောင့်ရဲမှုမျိုးကို အခြားဘယ်အလုပ်ကမှမရရှိစေနိုင်ဘူးဆိုတာ ကျွန်တော်သိတယ်” ဟုဗြိတိန်နိုင်ငံမှအသက် ၆၄ နှစ်ရှိပြီဖြစ်သော ရှေ့ဆောင်တစ်ဦးကဆို၏။ ဇိုင်ယာနိုင်ငံမှမုဆိုးမတစ်ဦးကလည်း ရှေ့ဆောင်ခြင်းသည် သူမအတွက်မည်သည့်အဓိပ္ပာယ်ရှိကြောင်း ဤသို့ဖော်ပြသည်– “ကျွန်မချစ်ရတဲ့ခင်ပွန်း သေဆုံးပြီးတဲ့နောက်ပိုင်းမှာ ရှေ့ဆောင်လုပ်ငန်းဟာ ကျွန်မအတွက် တကယ့်ကိုနှစ်သိမ့်မှုပေးခဲ့ပါတယ်။ တခြားသူတွေကိုကူညီဖို့ ဓမ္မအမှုမှာပါဝင်လေလေ၊ ကြေကွဲဖွယ်ဆုံးရှုံးရတဲ့ခံစားချက်ဟာ လျော့နည်းလေလေပါပဲ။ ယေဟောဝါရဲ့ကတိတော်ကို ယုံကြည်စိတ်ချထားပြီး ကျွန်မသင်အံပေးနေသူများ သူတို့အသက်တာကိုပြောင်းလဲလာအောင် ဘယ်လိုများကူညီပေးနိုင်မလဲဆိုတာကိုပဲ များသောအားဖြင့် စဉ်းစားပါတယ်။ တစ်နေ့တာရဲ့အဆုံးတိုင်းမှာတော့ နှစ်ခြိုက်စွာအိပ်ပျော်သွားပြီး ကျွန်မရဲ့နှလုံးသားက ရွှင်လန်းမှုနဲ့ပြည့်နေပါတယ်။”

၆။ အချို့ရှေ့ဆောင်များသည် မည်သည့်အထူးရွှင်လန်းမှုကို တွေ့ကြုံခံစားကြရသနည်း။

၆ ဆယ်စုနှစ်များစွာ ရှေ့ဆောင်နေသူအချို့တို့သည် ဝေးလံသောဒေသများတွင်အမှုဆောင်လျက် အသင်းတော်များတည်ထောင်ကာ ယင်းတို့သည် နောက်ဆုံးတွင် တိုက်နယ်များအဖြစ်သို့ကျယ်ပြန့်လာခြင်းအစရှိသည်တို့နှင့်ဆိုင်သော အထူးရွှင်လန်းမှုကိုခံစားကြရသည်။ သာဓကအနေနှင့် ဟောက်ကိုင်ဒို (ဂျပန်နိုင်ငံ၏မြောက်ဘက်အစွန်ဆုံးကျွန်းစု)၊ အဘာရှီရီမြို့တွင်ရှိသည့် ၃၃ နှစ်ကြာရှေ့ဆောင်လုပ်ခဲ့သူ ညီအစ်မတစ်ဦးဖြစ်သည်။ သူမ၏ဦးဆုံးအကြိမ်တိုက်နယ်စည်းဝေးတွင်—ဟောက်ကိုင်ဒိုတစ်ခုလုံးအတွက်—တက်ရောက်သူ ၇၀ မျှသာရှိကြောင်း သူမအမှတ်ရသည်။ ယခုတွင်ကော။ ထိုကျွန်းပေါ်တွင် ကြေညာသူစုစုပေါင်း ၁၂,၀၀၀ ကျော်နှင့်အတူ တိုက်နယ် ၁၂ ခုရှိပြီဖြစ်သည်။ ထိုကျွန်းပေါ်၌ သူမ၏ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူချင်းများနှင့်အတူ အစည်းအဝေးများနှင့် စည်းဝေးကြီးများကို သူမတက်ရောက်သောအခါ သူမ၏နှလုံးရွှင်လန်းမှုနှင့် မည်မျှပြည့်လျှံမည်ကို စဉ်းစားကြည့်ပါ!

၇၊ ၈။ နှစ်ရှည်ရှေ့ဆောင်အများစုသည် မည်သည့်ရွှင်လန်းမှုကို တွေ့ကြုံခံစားကြသနည်း။

၇ အခြားနှစ်ရှည်ရှေ့ဆောင်များမူ ကျမ်းစာသင်သားများကနှစ်ခြင်းယူကြပြီး ထိုမှတစ်ဆင့် သာ၍ကြီးမားသောလုပ်ငန်းတော်အခွင့်အရေးများအတွက် တက်လှမ်းကြသည်ကို တွေ့မြင်ရသည့်ရွှင်လန်းမှုကို ခံစားကြရသည်။ ၁၉၅၇ ကတည်းက ခြားနားသောနေရာကိုးနေရာတွင် ရှေ့ဆောင်တာဝန်ကျ၍အမှုဆောင်ခဲ့သူ ဂျပန်နိုင်ငံရှိ ညီအစ်မတစ်ဦးက ဘဏ်တစ်ခုတွင်အလုပ်လုပ်နေသော အမျိုးသမီးငယ်တစ်ဦးအား နိုးလော့! မဂ္ဂဇင်းတစ်စောင်ကိုဝေငှခဲ့ကြောင်း အမှတ်ရသည်။ ကိုးလဖြင့်ထိုအမျိုးသမီးငယ်နှစ်ခြင်းခံခဲ့သည်။ သူမအိမ်ထောင်ပြုပြီးနောက်ပိုင်း သူမနှင့်သူမခင်ပွန်းတို့သည် အထူးရှေ့ဆောင်များဖြစ်လာကြသည်။ တတိယမြောက်တာဝန်ကျသော သူမ၏အသင်းတော်သို့ တိုက်နယ်ကြီးကြပ်မှူးအသစ်နှင့် သူ၏ဇနီး—ယခင်က သူမ၏ကျမ်းစာသင်သားဖြစ်သူ—သည်လည်ပတ်ကြသောအခါ သူမအတွက် မည်မျှရွှင်လန်းစရာပါတကား!

၈ ရှေ့ဆောင်ဓမ္မအမှုကို အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်စေကြသူများသည် ၂၂ နှစ်လုပ်ဆောင်ခဲ့သော ရှေ့ဆောင်တစ်ဦးတင်ပြသကဲ့သို့ “အဖိုးမဖြတ်နိုင်သော တန်ဖိုးရှိအခွင့်ထူး” အဖြစ် ယင်းကို ရှုမြင်ကြခြင်းမှာမဆန်းပေ!

ယေဟောဝါ၏ဂရုစိုက်မှုဆိုင်ရာ သာဓက

၉။ မဟာမစရှင်အဖြစ်ယေဟောဝါသည် မိမိကျေးကျွန်များကို အဘယ်ကတိပြုတော်မူပြီး ယင်းသည်ကျွန်ုပ်တို့အတွက် မည်သည့်အဓိပ္ပာယ်ရှိသနည်း။

၉ မဟာမစရှင်ယေဟောဝါသည် မိမိ၏ကျေးကျွန်များအားထောက်မရန် ကတိပြုတော်မူကာ သူတို့၏ဝိညာဉ်ရေးရာနှင့် ကာယရေးရာတို့ကို ကြည့်ရှုစောင့်ရှောက်တော်မူ၏။ ရှေးဘုရင်ဒါဝိဒ်မင်းကြီးက ဤသို့ပြောနိုင်ခဲ့သည်– “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရမည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။” (ဆာလံ ၃၇:၂၅) အမှန်မှာ ဤဘုရားသခင့်အာမခံချက်က ကျွန်ုပ်တို့၏မိသားစုအား ရုပ်ပစ္စည်းထောက်ပံ့ပေးခြင်းတာဝန်မှ မကင်းလွတ်စေသကဲ့သို့ ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများ ရက်ရောမှုအပေါ်တွင်လည်း အခွင့်အရေးယူရန် လိုင်စင်ထုတ်ပေးခြင်းမဟုတ်ချေ။ (၁ သက်သာလောနိတ် ၄:၁၁၊ ၁၂; ၁ တိမောသေ ၅:၈) သို့တိုင် ယေဟောဝါအား ပို၍အပြည့်အဝအမှုထမ်းဆောင်ဖို့အလို့ငှာ ကျွန်ုပ်တို့၏အသက်တာတွင် ပေးဆက်မှုများကို လိုလိုလားလားပေးပါက ကျွန်ုပ်တို့ကို ကိုယ်တော် ဘယ်တော့မျှစွန့်ပစ်မည်မဟုတ်။—မဿဲ ၆:၃၃။

၁၀၊ ၁၁။ အတွေ့အကြုံမှ ရှေ့ဆောင်များသည် ယေဟောဝါ၏ထောက်မပေးနိုင်သည့်အစွမ်းနှင့်ပတ်သက်၍ အဘယ်အရာသိရှိကြသနည်း။

၁၀ ကမ္ဘာတစ်ဝန်းလုံးရှိရှေ့ဆောင်များသည် မိမိတို့ကိုယ်ကို ကိုယ်တော့်ကြည့်ရှုမှုလက်တော်အောက်ထားရှိသူများကို ယေဟောဝါထောက်မပေးတော်မူကြောင်း အတွေ့အကြုံမှသိရှိကြသည်။ ဘုရားသခင့်နိုင်ငံတော်ဟောပြောသူများ သာ၍လိုအပ်သည့်နေရာဖြစ်သော မြို့ငယ်လေးတစ်မြို့သို့ပြောင်းရွှေ့သွားကြသူ ရှေ့ဆောင်မောင်နှံစုံတစ်စုံအကြောင်းကို သုံးသပ်ကြည့်ပါ။ လအနည်းငယ်ကြာပြီးနောက်ပိုင်း လောကီအလုပ်ရှားပါးလာကာ အသုံးစရိတ်ပါပြတ်လပ်သွားသည်။ ထိုအခါ ၈၁ ဒေါ်လာကုန်ကျသော ကားအာမခံကြေးတောင်းခံလွှာရောက်ရှိလာသည်။ “အဲဒါကိုပေးဖို့ ဘယ်နည်းလမ်းမှမရှိဘူး” ဟူ၍ညီအစ်ကိုကရှင်းပြသည်။ “အဲဒီညမှာ အပြင်းအထန်ဆုတောင်းခဲ့ကြတယ်။” နောက်တစ်နေ့တွင် သူတို့ကိုယ်တိုင် ငွေကြေးအတွက်ရုန်းကန်နေကြရသော မိသားစုတစ်စုထံမှ ကတ်တစ်ခုရရှိခဲ့ကြသည်။ အခွန်အမ်းငွေကို ထိုမိသားစုရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်သည် သူတို့ကြိုတင်မှန်းဆထားသည်ထက်ပိုနေသောကြောင့် ရှေ့ဆောင်မောင်နှံကို ဝေမျှလိုကြခြင်းဖြစ်ကြောင်း ကတ်တွင်ရှင်းပြထားသည်။ ၈၁ ဒေါ်လာတန် ချက်လက်မှတ်ကို စာအိတ်ထဲတွင်ထည့်ထားသည်။ “ကျွန်တော့် ဆံပင်မွေးတွေထောင်ကုန်တဲ့ အဲဒီနေ့ကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး!” ဟုရှေ့ဆောင်ညီအစ်ကိုကဆို၏။ “အဲဒီမိသားစုရဲ့ ရက်ရောမှုကို တကယ်ပဲကျေးဇူးတင်တယ်။” ထို့ပြင် ထိုသို့သောကြင်နာမှုကို ယေဟောဝါတန်ဖိုးထားတော်မူ၏၊ ယင်းကား မိမိ၏ကျေးကျွန်များကို ကိုယ်တော်အားပေးတိုက်တွန်းသည့် ရက်ရောသောစိတ်ဓာတ်ပုံစံဖြစ်ပါသည်။—သု. ၁၉:၁၇; ဟေဗြဲ ၁၃:၁၆။

၁၁ များစွာသောရှေ့ဆောင်များသည် အလားတူတွေ့ကြုံမှုများကို ပြန်ပြောင်းပြောပြနိုင်ကြပါသည်။ သူတို့ကိုမေးကြည့်ပါ၊ ဘယ်တော့မျှ “လုံးလုံးပစ်ပယ်မခံရ” ကြောင်းပြောပြကြပါလိမ့်မည်။ အချိန်ပြည့်ဓမ္မအမှုတွင် နှစ်ပေါင်း ၅၅ နှစ်ကျော်ကြာခဲ့သည့်ကာလကိုပြန်သုံးသပ်ကြည့်ကာ အသက် ၇၂ နှစ်ရှိရှေ့ဆောင်တစ်ဦးက ဤသို့ဆို၏– “ယေဟောဝါဟာ ကျွန်မကို ဘယ်တော့မှမပျက်စီးမရှုံးနိမ့်စေပါဘူး။”—ဟေဗြဲ ၁၃:၅၊ ၆။

“ယေဟောဝါထံ သာ၍နီးကပ်စေသော အကောင်းဆုံးနည်းလမ်း”

၁၂။ သတင်းကောင်းကိုကြွေးကြော်ခြင်းလုပ်ငန်းသည် အဘယ်ကြောင့် ဤမျှထူးခြားသောအခွင့်ထူးဖြစ်သနည်း။

၁၂ ကိုယ်တော့်နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းကိုကြွေးကြော်ရန် ကျွန်ုပ်တို့အား ယေဟောဝါတောင်းဆိုခြင်းသည်ပင် ကျွန်ုပ်တို့အတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့သည် မစုံလင်သောလူသားများဖြစ်ကြသော်လည်း ဤအသက်ကယ်လုပ်ငန်းတွင် ကိုယ်တော်၏ “အလုပ်လုပ်သောသူချင်း” ဖြစ်ကြ၏။ (၁ ကောရိန္သု ၃:၉; ၁ တိမောသေ ၄:၁၆) ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဟောပြောကြစဉ်၊ ဆိုးသွမ်းမှုအဆုံးတိုင်တော့မည်အကြောင်း ကြွေးကြော်ကြစဉ်၊ ရွေးနုတ်ဖိုးပြင်ဆင်ပေးသော ကိုယ်တော့်အံ့ဖွယ်မေတ္တာတော်ကို လူတို့အားရှင်းပြကြစဉ်၊ ကိုယ်တော်၏အသက်ရှင်သောနှုတ်ကပါဌ်တော်ကိုဖွင့်ကာ စိတ်နှလုံးရိုးဖြောင့်သူများအား ၎င်း၌ပါသော တန်ဖိုးရှိအကြောင်းအရာများကို သင်ကြားပေးကြစဉ် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်သူ ယေဟောဝါထံနီးကပ်ရန် အလိုလိုဆွဲဆောင်ခံရကြသည်။—ဆာလံ ၁၄၅:၁၁; ယောဟန် ၃:၁၆; ဟေဗြဲ ၄:၁၂။

၁၃။ အချို့သူများက ယေဟောဝါနှင့်သူတို့၏ဆက်ဆံရေးအပေါ် ရှေ့ဆောင်ဓမ္မအမှုက အကျိုးသက်ရောက်စေသောအကြောင်း အဘယ်အရာကို ပြောဆိုကြသနည်း။

၁၃ ရှေ့ဆောင်များသည် ယေဟောဝါအကြောင်း သင်ယူခြင်းနှင့် သင်ကြားပေးခြင်းတွင် လစဉ်အချိန်များစွာအသုံးပြုနိုင်ကြသည်။ ယင်းသည် ဘုရားသခင်နှင့်သူတို့၏ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုကို သူတို့မည်သို့ယူမှတ်ကြသနည်း။ “ရှေ့ဆောင်ခြင်းဟာ ယေဟောဝါဆီကို ပိုပြီးတော့နီးကပ်သွားစေတဲ့ အကောင်းဆုံးနည်းတစ်ခုဖြစ်ပါတယ်” ဟုဆယ်နှစ်ကျော် ရှေ့ဆောင်တစ်ဦးဖြစ်ခဲ့သူ ပြင်သစ်နိုင်ငံမှအကြီးအကဲတစ်ဦးက ဖြေဆိုပါသည်။ အချိန်ပြည့်ဓမ္မအမှုတွင် ၁၈ နှစ်ကြာပါဝင်ခဲ့သူ ထိုနိုင်ငံရှိနောက်ရှေ့ဆောင်တစ်ဦးက ဤသို့ဆို၏– “ရှေ့ဆောင်လုပ်ငန်းဟာ ‘ယေဟောဝါရဲ့ ကောင်းမြတ်တော်မူခြင်းအကြောင်းကို မြည်းစမ်း’ ကြည့်ဖို့အခွင့်ပေးပြီး နေ့စဉ်ရက်ဆက်ပါပဲ ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်နဲ့ဆက်ဆံရေးကိုလည်း ပိုပြီးတော့ခိုင်မာအောင်တည်ဆောက်ပေးပါတယ်။” (ဆာလံ ၃၄:၈) နှစ်ပေါင်း ၃၀ ကြာမျှရှေ့ဆောင်ဖြစ်ခဲ့သူ ဗြိတိန်နိုင်ငံရှိညီအစ်မတစ်ဦးကလည်း အလားတူယူမှတ်၏။ “ကျွန်မရဲ့ဓမ္မအမှုမှာ လမ်းညွှန်မှုအတွက် ယေဟောဝါရဲ့ဝိညာဉ်တော်ကိုအမှီပြုခြင်းက ကိုယ်တော်နဲ့ပိုပြီးနီးကပ်စေပါတယ်” ဟုသူမကဆို၏။ “တစ်စုံတစ်ရာသောအိမ်ကို အချိန်တန်တဲ့အခါရောက်ရှိဖို့ အချိန်အခါအတော်များများမှာ ယေဟောဝါရဲ့ဝိညာဉ်တော်က ကျွန်မကိုလမ်းညွှန်ပေးတယ်လို့ တကယ်ပဲခံစားခဲ့ရပါတယ်။”—တမန်တော် ၁၆:၆-၁၀ နှိုင်းယှဉ်။

၁၄။ အခြားသူများကိုသင်ကြားပေးရန် သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေခံစာပေများကို နေ့စဉ်ရက်ဆက်အသုံးပြုခြင်းမှ ရှေ့ဆောင်များ မည်သို့အကျိုးရရှိကြသနည်း။

၁၄ သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေခံစာပေများကို နေ့စဉ်ရက်ဆက်ရှင်းပြခြင်းနှင့် ကျမ်းစာသမ္မာတရားကိုသင်ကြားပေးခြင်းတို့က သူတို့ကို ဘုရားသခင့်နှုတ်ကပါဌ်တော်အသိပညာတိုးပွားစေရန်ထောက်ကူပေးကြောင်းကို များစွာသောရှေ့ဆောင်များကတွေ့ရှိကြသည်။ ၃၁ နှစ်ကြာရှေ့ဆောင်တစ်ဦးဖြစ်ခဲ့သူ စပိန်နိုင်ငံမှ အသက် ၈၅ နှစ်ရှိပြီဖြစ်သော ညီအစ်ကိုက ဤသို့ရှင်းပြသည်– “ရှေ့ဆောင်ခြင်းက နက်နဲတဲ့ကျမ်းစာအသိပညာကိုရရှိဖို့ ကျွန်တော့်ကိုအကူအညီပေးပါတယ်။ ရရှိတဲ့အသိပညာကို ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်တွေကို လူများစွာတို့သိရှိဖို့ အကူအညီပေးတဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။” ၂၃ နှစ်ကြာရှေ့ဆောင်ခဲ့သူ ဗြိတိန်နိုင်ငံမှ ညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “အချိန်ပြည့်ဓမ္မအမှုက ဝိညာဉ်အစာကိုတောင့်တတဲ့နှလုံးမွေးမြူရာမှာ ကျွန်မကို အကူအညီပေးပါတယ်။” အခြားသူများအား “မျှော်လင့်ခြင်းအကြောင်းကို” ရှင်းပြပေးခြင်းက သင်မြတ်နိုးစွဲကိုင်ထားသောယုံကြည်ချက်များနှင့်စပ်လျဉ်း၍ သင့်ကိုယ်နှိုက်၏ယုံကြည်စိတ်ချမှုများကို အားဖြည့်ပေးနိုင်ပါသည်။ (၁ ပေတရု ၃:၁၅) ဩစတြေးလျနိုင်ငံမှ ရှေ့ဆောင်တစ်ဦးက ဤသို့ဆို၏– “ကျွန်တော်ဟာ တခြားသူတွေကို ပြောပြရတာနဲ့အမျှ ရှေ့ဆောင်လုပ်ခြင်းဟာ ကျွန်တော့်ယုံကြည်ခြင်းကို တိုးပွားစေပါတယ်။”

၁၅။ ရှေ့ဆောင်ဓမ္မအမှုသို့ဝင်ရောက်ရန်နှင့် ယင်းတွင်စွဲမြဲရန်အတွက် အများသည် အဘယ်အရာကိုပြုရန် လိုလိုလားလားရှိကြသနည်း၊ အဘယ်ကြောင့်နည်း။

၁၅ ရှေ့ဆောင်ဓမ္မအမှုဆောင်များသည် ယေဟောဝါထံမှမရေမတွက်နိုင်သော ကောင်းချီးမင်္ဂလာများသက်ရောက်စေသော လုပ်ငန်းတော်ပုံစံတစ်ခုကို သူတို့ရွေးချယ်ခဲ့ကြောင်း ယုံကြည်စိတ်ချကြသည်မှာ ရှင်းနေပါသည်။ ထို့ကြောင့်ပင် အများသည် လောကီလုပ်ငန်းနှင့် ရုပ်ပစ္စည်းကြွယ်ဝမှုကိုပင်စွန့်လွှတ်ကာ ရှေ့ဆောင်ဓမ္မအမှုသို့ဝင်ရောက်ပြီး ယင်းတွင်ဆက်မြဲနေရန် သူတို့၏အသက်တာများကို လိုလိုလားလား ပြုပြင်ပြောင်းလဲကြခြင်းမှာ မဆန်းချေ!—သု. ၂၈:၂၀။

ပိုမိုလုပ်ဆောင်ရန် သင့်နှလုံးပြင်းပြသလော

၁၆၊ ၁၇။ (က) ရှေ့ဆောင်ခြင်းသည် သင့်အတွက်ဖြစ်နိုင်မဖြစ်နိုင် တွေးတောနေပါက သင်အဘယ်အရာပြုလုပ်နိုင်သနည်း။ (ခ) ရှေ့ဆောင်မဖြစ်နိုင်သောအခါ အချို့သူများ မည်သို့ခံစားကြသနည်း။

၁၆ ရှေ့ဆောင်ဓမ္မအမှုဆိုင်ရာကောင်းချီးများအကြောင်း ရှေ့ဆောင်များပြောဆိုကြသောအရာကိုသုံးသပ်ပြီးသည့်နောက် ရှေ့ဆောင်ခြင်းသည် သင့်အတွက် လက်တွေ့ကျမကျ တွေးတောမိပေမည်။ သို့ဖြစ်လျှင် အချိန်ပြည့်ဓမ္မအမှုတွင် အောင်မြင်မှုရရှိသူရှေ့ဆောင်တစ်ဦးထံ စကားပြောလျှင် မကောင်းပေလော! သင့်အကြောင်း—သင့်ကျန်းမာရေးအခြေအနေ၊ သင်စွမ်းဆောင်နိုင်မှုနှင့် သင့်မိသားစုတာဝန်များအကြောင်းသိရှိသူ အသင်းတော်ရှိအကြီးအကဲများထဲမှတစ်ဦးဦးကိုပြောဆိုခြင်းသည် များစွာအကူအညီဖြစ်စေကြောင်းကိုလည်း သင်တွေ့ရပါလိမ့်မည်။ (သု. ၁၅:၂၂) အခြားသူများ၏ လက်တွေ့ကျပြောဆိုချက်များက သင့်အတွက် ရှေ့ဆောင်ရန် ဖြစ်နိုင်မဖြစ်နိုင် ဂရုတစိုက်ချိန်ဆဖို့ ထောက်ကူပေးနိုင်သည်။ (လုကာ ၁၄:၂၈ နှိုင်းယှဉ်။) သင်သည် ရှေ့ဆောင်နိုင်ပါက သင့်ကောင်းချီးများသည် အမှန်ပင်ကြီးမားပါလိမ့်မည်။—မာလခိ ၃:၁၀။

၁၇ သို့ဖြစ်စေကာမူ ဓမ္မအမှုတွင် ပိုမိုလုပ်ဆောင်လိုသော်လည်း ရှေ့ဆောင်ရန်မဖြစ်နိုင်သော သစ္စာရှိဘုရားသခင့်နိုင်ငံတော်ကြေညာသူများစွာနှင့်ပတ်သက်၍ကော မည်သို့နည်း။ ဥပမာအနေနှင့် ကလေးလေးယောက်ကို ပြုစုပျိုးထောင်ရန် သူမတစ်ကိုယ်တည်း ကြိုးစားရုန်းကန်နေရသူ ခရစ်ယာန်ညီအစ်မတစ်ဦး၏ခံစားချက်ကို သုံးသပ်ကြည့်ပါ။ “ကျွန်မသိပ်ဝမ်းနည်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မမှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်ခဲ့လို့ပါပဲ၊ ဒါပေမဲ့ အခုတော့ ကျွန်မရဲ့အခြေအနေတွေကြောင့် လယ်ကွင်းလုပ်ငန်းတော်မှာ ကျွန်မလုပ်ခဲ့သလို မပါဝင်နိုင်တော့လို့ပါပဲ” ဟုသူမကဆို၏။ ဤညီအစ်မသည် သူမ၏ကလေးများကိုအလွန်ချစ်ကာ သူတို့ကို ထောက်ပံ့ကျွေးမွေးလို၏။ တစ်ချိန်တည်းတွင် ဟောပြောခြင်းလုပ်ငန်း၌ ပို၍ပါဝင်လိုသောဆန္ဒရှိ၏။ “ဓမ္မအမှုကိုချစ်တယ်” ဟူ၍သူမကရှင်းပြသည်။ ဘုရားသခင်ကိုချစ်သည့်မေတ္တာ၏လှုံ့ဆော်မှုကြောင့် ယေဟောဝါအား ‘စိတ်နှလုံးရှိသမျှနှင့်’ အမှုဆောင်လိုကြသည့် အခြားသစ္စာနှံခရစ်ယာန်များသည်လည်း အလားတူခံစားချက်မျိုးကိုတင်ပြကြသည်။—ဆာလံ ၈၆:၁၂။

၁၈။ (က) ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာမျှော်လင့်တော်မူသနည်း။ (ခ) ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့်အရာကို အခြေအနေများက ကန့်သတ်မှုဖြစ်စေလျှင် အဘယ်ကြောင့် စိတ်ဓာတ်မကျသင့်သနည်း။

၁၈ ယေဟောဝါ ကျွန်ုပ်တို့ထံမှ မျှော်လင့်ရာသည် စိုးလ်အကြွင်းမဲ့အမှုဆောင်ခြင်းဖြစ်ကြောင်း သတိရပါ။ ယင်းအရေအတွက်နှင့်စပ်လျဉ်း၍ စိုးလ်တစ်ခုနှင့်တစ်ခုသည် အတော်ပင်ကွာခြားမှုရှိနိုင်ပေသည်။ အချို့တို့သည် မှန်မှန်ရှေ့ဆောင်များအဖြစ်အမှုဆောင်ရန်အတွက် သူတို့၏ကိစ္စရပ်များကိုပြုပြင်နိုင်ကြသည်။ များစွာသောသူများသည် ဓမ္မအမှုတွင် လစဉ်နာရီ ၆၀ အသုံးပြုခြင်းဖြင့် အရန်ရှေ့ဆောင်များအဖြစ် ရံဖန်ရံခါ စာရင်းသွင်းကြသည် သို့မဟုတ် ဆက်တိုက်သွင်းကြသည်။ သို့ရာတွင် ယေဟောဝါလူမျိုးတော်အများစုသည် အသင်းတော်ကြေညာသူများအဖြစ် ဟောပြောသွန်သင်ခြင်းကို စိုးလ်အကြွင်းမဲ့လုပ်ဆောင်ရန် သူတို့ကိုယ်ကိုပေးဆက်ကြသည်။ ထို့ကြောင့် သင်သည် ကျန်းမာရေးချို့တဲ့မှု၊ အသက်အရွယ်ကြီးရင့်မှု၊ မိသားစုတာဝန်များ၊ သို့မဟုတ် အခြားအခြေအနေအရပ်ရပ်တို့ကြောင့် အမှန်ပင်အကန့်အသတ်ဖြစ်နေမည်ဆိုလျှင် စိတ်မပျက်ပါနှင့်။ သင်အတတ်နိုင်ဆုံးပေးဆက်နေသမျှကာလပတ်လုံး အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်သူများကဲ့သို့ သင့်ဓမ္မအမှုသည် ယေဟောဝါ၏မျက်မှောက်တော်၌ တန်ဖိုးရှိတော်မူ၏!

ကျွန်ုပ်တို့အားလုံး ရှေ့ဆောင်စိတ်ဓာတ်တင်ပြနိုင်

၁၉။ ရှေ့ဆောင်စိတ်ဓာတ်ကားအဘယ်နည်း။

၁၉ သင်သည် ရှေ့ဆောင်တစ်ဦးအဖြစ်စာရင်းသွင်းရန် မဖြစ်နိုင်သည့်တိုင် ရှေ့ဆောင်စိတ်ဓာတ်ကို သင်တင်ပြနိုင်၏။ ရှေ့ဆောင်စိတ်ဓာတ်ကားအဘယ်နည်း။ ၁၉၈၉၊ ဖေဖော်ဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ဤသို့ဖော်ပြထားသည်– “ဟောပြော၍တပည့်ဖြစ်စေရန်အမိန့်တော်အပေါ် အပြုသဘောရှိခြင်းဟူ၍အနက်ဖွင့်ဆိုနိုင်ပါသည်။ လူတို့အပေါ် မေတ္တာနှင့်ပူပန်စိုးရိမ်မှုပြရန် စိတ်စွဲလမ်းခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း၊ သခင်အရှင်နောက်တော် တစ်သဝေမတိမ်းလိုက်ခြင်းမှ ပျော်ရွှင်မှုရခြင်း၊ ရုပ်ပိုင်းဆိုင်ရာမဟုတ်၊ ဝိညာဏရေးရာများတွင်ပျော်မွေ့ခြင်းတို့ဖြစ်သည်။” ရှေ့ဆောင်စိတ်ဓာတ်ကို သင်မည်သို့တင်ပြနိုင်သနည်း။

၂၀။ မိဘများ ရှေ့ဆောင်စိတ်ဓာတ်ကို မည်သို့တင်ပြနိုင်သနည်း။

၂၀ သင်သည် ငယ်ရွယ်သောကလေးများရှိသည့်မိဘဖြစ်ပါက ရှေ့ဆောင်များအဖြစ် အသက်မွေးလုပ်ငန်းလုပ်ဆောင်ရန် စိတ်နှလုံးအကြွင်းမဲ့ထောက်ခံနိုင်ပါသည်။ ယေဟောဝါ၏အမှုတော်ထမ်းဆောင်ခြင်းသည် သူတို့၏အသက်တာတွင် အရေးအကြီးဆုံးဖြစ်ရန်လုပ်ဖို့လိုအပ်ကြောင်း ဓမ္မအမှုပေါ်ထားသည့် သင်၏အပြုသဘောပါသောသဘောထားက သူတို့အား စိတ်ထဲစွဲမှတ်စေပါမည်။ သင်၏ကလေးများသည် အချိန်ပြည့်ဓမ္မအမှုတွင် ရွှင်လန်းမှုတွေ့ရှိသူတို့၏ပုံနမူနာများမှ အကျိုးရရှိနိုင်ရန်အလို့ငှာ ရှေ့ဆောင်များ၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ဇနီးများတို့ကို သင့်အိမ်သို့ဖိတ်ခေါ်ပေမည်။ (ဟေဗြဲ ၁၃:၇ နှိုင်းယှဉ်။) ယုံကြည်ခြင်းကွဲပြားသောအိမ်ထောင်များ၌ပင် ယုံကြည်သူမိဘများသည် အပြောအားဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း မိမိတို့၏ကလေးများအား အသက်တာတွင် အချိန်ပြည့်ဓမ္မအမှုကိုပန်းတိုင်ထားရှိရန်အတွက် ကူညီပေးနိုင်ပါသည်။—၂ တိမောသေ ၁:၅; ၃:၁၅။

၂၁။ (က) ရှေ့ဆောင်နေသူများကို ကျွန်ုပ်တို့အားလုံး မည်သို့ထောက်မပေးနိုင်သနည်း။ (ခ) ရှေ့ဆောင်များကိုအားပေးရန် အကြီးအကဲများ မည်သို့လုပ်ဆောင်နိုင်သနည်း။

၂၁ အသင်းတော်အတွင်း ရှေ့ဆောင်လုပ်နိုင်သူများအား ကျွန်ုပ်တို့အားလုံး နှလုံးအကြွင်းမဲ့ထောက်ခံအားပေးနိုင်ပါသည်။ သာဓကအနေနှင့် ရှေ့ဆောင်ဖြစ်သူသည် အထူးသဖြင့် တစ်ဦးတည်းလုပ်ဆောင်နေရသောအခါများတွင် ဓမ္မအမှုတွင် ရှေ့ဆောင်တစ်ဦးနှင့်အတူတွဲလုပ်ရန် သင်အထူးကြိုးစားနိုင်မည်လော။ သို့ဖြင့် “အပြန်အလှန်အားပေး” မှုဖြစ်စေကြောင်း သင်တွေ့ရှိပါလိမ့်မည်။ (ရောမ ၁:၁၁၊ ၁၂၊ သတင်းကောင်း) သင်သည် အကြီးအကဲတစ်ဦးဖြစ်ပါက ရှေ့ဆောင်များကိုအားပေးတိုက်တွန်းရန် ထိုထက်ပင်လုပ်ဆောင်နိုင်ပါသည်။ အကြီးအကဲအဖွဲ့များသည် တွေ့ဆုံစည်းဝေးကြသောအခါ ရှေ့ဆောင်များ၏လိုအပ်ရာများကို ပုံမှန်သုံးသပ်ဆွေးနွေးသင့်သည်။ ရှေ့ဆောင်တစ်ဦးစိတ်ဓာတ်ကျသောအခါ သို့မဟုတ် အခက်အခဲတချို့တွေ့ကြုံရသောအခါ သူ သို့မဟုတ် သူမသည် ရှေ့ဆောင်ခြင်းမှရပ်နားလိုက်ရန်အတွက် အဆောတလျင်အကြံပြုထောက်ခံခြင်းမပြုပါနှင့်။ အချို့ကိစ္စရပ်များတွင် ထိုသို့သောအကြံပြုထောက်ခံချက်များပေးရန်လိုအပ်သော်လည်း ရှေ့ဆောင်ခြင်းသည် အချိန်ပြည့်အမှုဆောင်အတွက် အလွန်မြတ်နိုးဖွယ်ဖြစ်သော တန်ဖိုးရှိအခွင့်ထူးတစ်ရပ်ဖြစ်ကြောင်း မမေ့ပါနှင့်။ အနည်းငယ်သောအားပေးမှုနှင့် လက်တွေ့ကျအကြံဉာဏ်တချို့ သို့မဟုတ် အထောက်အကူတို့သည်သာ လိုအပ်သည့်အရာများဖြစ်ပေမည်။ စပိန်ဌာနခွဲရုံးက ဤသို့ရေးသားခဲ့သည်– “အကြီးအကဲများက ရှေ့ဆောင်များကိုအားပေး၍ လယ်ကွင်းဓမ္မအမှုတွင် ရှေ့ဆောင်များကို အားပေးထောက်မလျက် သူတို့ကို မှန်မှန်ထိန်းကျောင်းပေးသောအခါ ရှေ့ဆောင်များသည် ရွှင်လန်းမှုရရှိကြပြီး အသုံးဝင်သူများဖြစ်ကြောင်းခံစားကြရကာ အတားအဆီးများဖြစ်ပေါ်လာသည့်ကြားမှာပင် ဆက်၍လုပ်ဆောင်လိုကြသည်။”

၂၂။ ဤလူ့သမိုင်း၏ခက်ခဲကျပ်တည်းသောကာလပိုင်းတွင် အဘယ်အရာကိုလုပ်ဆောင်ရန် ကျွန်ုပ်တို့ စိတ်ပိုင်းဖြတ်သင့်သနည်း။

၂၂ ကျွန်ုပ်တို့သည် လူ့သမိုင်း၏ခက်ခဲကျပ်တည်းသောအချိန်ပိုင်းတွင် အသက်ရှင်နေကြသည်။ ယေဟောဝါသည် အသက်ကယ်ဆယ်ခြင်းလုပ်ငန်းကို ပြီးမြောက်စေရန်အတွက် ကျွန်ုပ်တို့ကိုပေးအပ်ထား၏။ (ရောမ ၁၀:၁၃၊ ၁၄) ဤအချိန်ပြည့်လုပ်ငန်းတွင် ရှေ့ဆောင်အဖြစ်ပါဝင်နိုင်သည်ဖြစ်စေ၊ မပါဝင်နိုင်သည်ဖြစ်စေ ရှေ့ဆောင်စိတ်ဓာတ်ကိုပြသကြစို့။ အရေးတကြီးခံစားချက်နှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကိုထားရှိကြစို့။ ယေဟောဝါတောင်းဆိုတော်မူသောအရာ—စိုးလ်အကြွင်းမဲ့အမှုဆောင်ခြင်းကို ပေးဆက်ရန်အတွက် စိတ်ပိုင်းဖြတ်ကြစို့။ ထို့ပြင် ကျွန်ုပ်တို့ပေးနိုင်သည့်အရာအားလုံးကိုပေးဆက်သောအခါ ယင်းသည် မုဆိုးမ၏ကြေးနီဒ င်္ဂါးပြားများနှင့်တူသည်ဖြစ်စေ၊ မာရိ၏တန်ဖိုးကြီးသောဆီမွှေးနှင့်တူသည်ဖြစ်စေ ကျွန်ုပ်တို့၏အမှုဆောင်ခြင်းသည် စိုးလ်အကြွင်းမဲ့ဖြစ်ပြီး စိုးလ်အကြွင်းမဲ့အမှုဆောင်ခြင်းကို ယေဟောဝါမြတ်နိုးတော်မူ၏!

သင်မှတ်မိသလော

◻ အချိန်ပြည့်ဓမ္မအမှုသည် ကျေနပ်ရောင့်ရဲမှုနှင့် ရွှင်လန်းမှုခံစားချက်ကို အဘယ်ကြောင့်ဖြစ်ပေါ်စေသနည်း။

◻ မိမိ၏ကျေးကျွန်များအပေါ် ယေဟောဝါ၏ကြည့်ရှုစောင့်ရှောက်နိုင်စွမ်းနှင့်ပတ်သက်သော မည်သည့်အရာကိုတွေ့ကြုံမှုမှ ရှေ့ဆောင်များ သိရှိကြသနည်း။

◻ သူတို့၏ဓမ္မအမှုက ယေဟောဝါနှင့်သူတို့၏ဆက်ဆံရေးအပေါ် မည်သည့် အကျိုးသက်ရောက်စေသည်ဟု ရှေ့ဆောင်များယူမှတ်ကြသနည်း။

◻ ရှေ့ဆောင်စိတ်ဓာတ်ကို သင်မည်သို့တင်ပြနိုင်သနည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ရှေ့ဆောင်များ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှ ကြီးမားသောရွှင်လန်းမှုရရှိကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သင့်ကလေးသည် အချိန်ပြည့် ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများနှင့်အတူပေါင်းသင်းခြင်းမှ အကျိုးရရှိနိုင်သည်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အကြီးအကဲများသည် လယ်ကွင်းဓမ္မအမှုတွင် ရှေ့ဆောင်များကို အားပေးနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ