လူငယ်များ—မည်သို့ ဖြစ်နေကြသနည်း
သတင်းကောင်း သို့မဟုတ် သတင်းဆိုး—မည်သည့်သတင်းကို သင်ဦးဆုံးကြားလိုသနည်း။ ယင်းမေးခွန်းအမေးခံရသည့်အခါ မိမိတို့၏စိတ်ထဲ သတင်းကောင်းစွဲကျန်ရစ်ဖို့မျှော်လင့်လျက် လူအများက သတင်းဆိုးကို ဦးဆုံးကြားနာရန် ရွေးချယ်ကြသည်။
လူငယ်များ၏အဖြစ်အပျက်ကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်သောအခါ မျက်မှောက်ခေတ်အခြေအနေကို ဦးဆုံးဆင်ခြင်သုံးသပ်ပါလေ။ ယခုခေတ်လူငယ်များသည် အတိတ်ကလူငယ်များနှင့်မတူကြောင်း အသက်ကြီးသူများက ဝေဖန်လေ့ရှိကြသည်။ အခြားတစ်ဖက်တွင်မူ လူငယ်များက မိမိတို့သည် လွန်ခဲ့သည့်နှစ်၏စံနှုန်းများကို မိမိတို့မပြည့်မီဟူသော မည်သည့်ဖော်ပြချက်ကိုမဆို မခံချိမခံသာဖြစ်ကြသည်။ သို့သော် လူ့သဘာဝကို အာရုံစူးစိုက်လေ့လာသူများက ယခုခေတ်လူငယ်များသည် ရှေးခေတ်လူငယ်များနှင့် ကွာခြားကြောင်း သဘောတူကြပါသည်။
မည်သို့ကွာခြားသနည်း
လူအများစုက လူငယ်တို့သည် အမူအကျင့်ကောင်းများ၊ တာဝန်သိတတ်သောစိတ်နှင့် အခြားသူများကို ရိုသေလေးစားသင့်သည်ဟု ယူမှတ်ကြသော်လည်း အမှန်တကယ်တွင်မူ ဤမွန်မြတ်သည့်စံများကို လိုက်မီရန်အလှမ်းဝေးလေ့ရှိသည်။ လန်ဒန်မြို့ထုတ် သည်အင်ဒီပဲန်ဒင့် သတင်းစာ၌ဖော်ပြထားသော သုံးသပ်ချက်တစ်ခုအရ လူငယ်များသည် “သူတို့အားအတော်ပင်စိတ်ပျက်စေသည်ဟု သူတို့မြင်သည့်ကမ္ဘာကိုဆန့်ကျင်၍ ‘ပုန်ကန်သောစိတ်သဘောသစ်’ ကိုကြီးထွားဖြစ်ပေါ်နေစေသည်” ဟုဆိုသည်။ မျက်မှောက်ခေတ်လူငယ်တို့တွင် “အဆင်ခြင်ရှိကာတာဝန်သိ” သူအဖြစ် မိမိတို့ကိုယ်ကိုရှုမှတ်လိုသူ နည်းလာခြင်းသည် ထို “ပုန်ကန်သောစိတ်သဘောသစ်” ကိုရောင်ပြန်နေသည်။ သို့အစား သူတို့သည် “အထိန်းအကွပ်မဲ့ကာ ခန့်မှန်း၍မရ” သူများအဖြစ် ရှုမြင်ခံလိုကြသည်။
ဥပမာ၊ ဗြိတိန်နိုင်ငံတွင် တိုင်ချက်ဖွင့်ခဲ့သော ရာဇဝတ်မှုသည် ၁၉၅၀ နှင့် ၁၉၉၃ ခုနှစ်အတွင်း ဆယ်ဆတိုးများလာခဲ့သည်—ယင်းမှ အများစုသည် လူငယ်များကျူးလွန်ခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် အရက်အလွဲသုံးစားခြင်းကလည်း ယင်းနှင့်အပြိုင်တိုးများလာသည်။ တစ်ချိန်တည်းတွင် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအားလုံးနီးပါးတို့၌ “ဒုတိယကမ္ဘာစစ်မှစ၍ လူငယ်တို့တွင် စိတ်ပိုင်းဆိုင်ရာကမောက်ကမမှုများ သိသိသာသာတိုးလာသည်” ကိုတွေ့ကြုံခဲ့ရကြောင်း လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ် သတင်းစာကဖော်ပြသည်။ ပြစ်မှုဗေဒဆိုင်ရာ ပါမောက္ခ ဒေးဗစ် ဂျေ. စမစ်၏အဆိုအရ အဆိုပါချို့ယွင်းမှုများသည် “ချို့ငဲ့ခြင်း သို့မဟုတ် ကုံလုံကြွယ်ဝမှုတိုးပွားလာခြင်းနှင့် မည်သည့်နားလည်ရလွယ်ကူသည့်နည်းဖြင့်မျှ မသက်ဆိုင်ပေ” ဟုဆိုသည်။ လူငယ်များနှင့် လူကြီးများစပ်ကြား သာ၍ကြီးမားသောကွာခြားမှုတစ်ရပ် သိသာထင်ရှားလာနေကြောင်း ရှာဖွေတွေ့ရှိချက်က ဖော်ပြနေသည်။
ယခုခေတ် ကလေးသူငယ်များနှင့် ဆယ်ကျော်သက်လူငယ်များသည် တိုးပွားလျက်ရှိသည့် ဖိစီးမှုများကို ရင်ဆိုင်နေရသည်။ ကိုယ်ကိုကိုယ်သတ်သေမှုများ သို့မဟုတ် သေကြောင်းကြံစည်မှုတို့သည် အဆန်းမဟုတ်တော့ပေ။ ဆယ်နှစ်အတွင်းပင် အသက် ၁၂ နှစ်အောက် ကလေးငယ်များသည် မိမိတို့ကိုယ်ကိုသေကြောင်းကြံရန် ကြိုးပမ်းမှုများမှာ နှစ်ဆတိုးလာသည်ဟု စကော့တလန်၊ ဂလက်စ်ဂိုမြို့ထုတ် ဟယ်ရယ်လ် သတင်းစာက သတင်းပေးသည်။ ယင်းထက်ကြီးသော ကလေးငယ်များသည် ထပ်တူပြုရန် စိတ်ပျက်အားလျော့မှု၏ လွှမ်းမိုးမှုကိုခံကြသည်။ “ယင်းတို့သည် လူငယ်များတွင် တိုးပွားများပြားလာနေသော စိတ်ပိုင်းဆိုင်ရာပြဿနာများကြောင့် ဖြစ်ပေါ်လာသော အစွန်းရောက်ရလဒ်များဖြစ်သည်၊ ယင်းသည် သူတို့အား ကူညီပေးရန်အစီအစဉ်များကိုပင် အလျင်မမီနိုင်အောင်ဖြစ်သွားစေနိုင်ဖွယ်ရှိသည်” ဟုထိုသတင်းစာက မှတ်ချက်ချသည်။
မည်သူ့ကိုအပြစ်ပုံချရမည်နည်း
လူကြီးများက လူငယ်များ၏ “ခွတိုက်သော” ရှုမြင်ပုံများအပေါ် အလွယ်တကူအပြစ်ပုံချကြသည်။ သို့တိုင် အမှန်ဆိုလျှင် ယနေ့လူငယ်များကြားတွင် ဖြစ်ပေါ်နေသည့်အရာများသည် များသောအားဖြင့် လူကြီးများကြောင့်မဟုတ်ပေလော။ အနိုင်ကျင့်ခံရခြင်း၊ မိဘဝတ္တရားပျက်ကွက်ခြင်း၊ လူငယ်များယုံကြည်အားထားလောက်သော စံပြပုံသက်သေများမရှိခြင်းတို့ကို အကြောင်းပြချက်အဖြစ် ဖော်ပြလေ့ရှိသည်။ ဗြိတိန်ဆေးပညာသုတေသနကောင်စီ ကလေးစိတ်ရောဂါဌာနဆိုင်ရာအကြီးအကဲ ပါမောက္ခ ဆာ မိုက်ကယ်လ် ရာတာက “ယေဘုယျလူများထဲတွင် ဖြစ်ပေါ်နေသော စိတ်ကျဝေဒနာသည် လွန်ခဲ့သောအနှစ် ၃၀ ကကဲ့သို့ပင်ဖြစ်သည်” ဟုဆိုသည်။ “သို့သော် အဆိုပါအဖြစ်သည် ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များကြားတွင် လွန်စွာပင်တိုးပွားလာခဲ့သည်။ . . . လင်မယားကွာရှင်းရုံသာမက လူကြီးများစပ်ကြား စိတ်ဝမ်းကွဲပြားမှုနှင့် ပဋိပက္ခဖြစ်မှုအမျိုးမျိုးတို့ကြောင့် မိသားစုပြိုကွဲခြင်းသည် အကြောင်းတစ်ခုဖြစ်သည်မှာ သံသယရှိစရာမလိုပါ” ဟုထပ်လောင်းပြောကြားခဲ့သည်။
လူငယ်များသည် “အများဓလေ့ထုံးစံအတိုင်း လိုက်နာပြုမူခြင်းကို ပစ်ပယ်နေကြသည်” ဟုသုတေသီတစ်ဦးကဆိုသည်။ အဘယ်ကြောင့်နည်း။ “ယင်းထုံးစံများသည် သူတို့နှင့်မသက်ဆိုင်သောကြောင့်ဖြစ်သည်။” ယောက်ျား၊ မိန်းမအခန်းကဏ္ဍအပေါ် ရှုမြင်ပုံပြောင်းလဲခြင်းကို ဥပမာအနေနှင့်ကြည့်ပါ။ ငယ်ရွယ်သောအမျိုးသားများသည် မိန်းမဆန်လာစဉ် အမျိုးသမီးငယ်များက ရန်လိုစိတ်၊ အကြမ်းဖက်စိတ်စသည့် ယောက်ျားတို့၌တွေ့ရလေ့ရှိသည့် စရိုက်များကိုအတုယူနေကြသည်။ အတိတ်ကစံနှုန်းများနှင့် ကွာခြားလိုက်လေခြင်း!
သို့သော် ယင်းသို့သော လုံးလုံးလျားလျားပြောင်းလဲမှုများကို ယခုကျွန်ုပ်တို့အဘယ်ကြောင့်တွေ့ ကြုံနေရသနည်း။ ထို့ပြင် မျက်မှောက်ခေတ်လူငယ်များအကြောင်း အဘယ်သတင်းကောင်းရှိသနည်း။ လုံခြုံသည့်အနာဂတ်ကို သူတို့မည်သို့ရရှိနိုင်မည်နည်း။ ဤမေးခွန်းများ၏အဖြေကို နောက်ဆောင်းပါးတွင် သုံးသပ်ထားပါသည်။