လုံခြုံသောအနာဂတ်ဖြင့် လူငယ်များ
“မည်သည့် [ဗလက္ကာရပြုမှု] ကဲ့သို့ပင် ယင်းသည် ထိတ်လန့်စရာနှင့် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်” ဟုပြစ်မှုတစ်ခုကို မကြာသေးမီကစီရင်ခဲ့သော ဦးစီးတရားသူကြီးက ဖော်ပြခဲ့သည်။ အသက် ၁၄ နှင့် ၁၈ နှစ်ကြားရှိ ဆယ်ကျော်သက်ရှစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လန်ဒန်မြို့တွင်း လူနေထူထပ်သောနေရာတစ်နေရာတွင် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတစ်ဦးကို လမ်းမှချောင်းမြောင်းစောင့်ဆိုင်း၍ ထပ်တလဲလဲ ဗလက္ကာရပြုကျင့်ပြီးနောက် သူမကရေမကူးတတ်ကြောင်းပြောသော်လည်း အနီးအနားရှိ တူးမြောင်းတစ်ခုထဲသို့ ပစ်ထည့်လိုက်ကြသည်။ ထိုဆယ်ကျော်သက်တို့တွင် ပါဝင်သူတစ်ဦး၏မိခင်က ရုပ်မြင်သံကြားသတင်းမှတ်တမ်း၌ မိမိသားပြုလုပ်ခဲ့ရာကို သူမတွေ့လိုက်ရသည့်အခါ ယူကျုံးမရဖြစ်သွားသည်ဟုဆိုခြင်းကို နားလည်နိုင်ပါသည်။
အဆိုပါဖြစ်ရပ်သည် ယနေ့တွင် လူ့အဖွဲ့အစည်း၌ဖြစ်ပျက်နေမှုကို ပေါ်လွင်စေသည်မှာ ဝမ်းနည်းစရာပင်။ ရာဇဝတ်မှုတွင်ဖြစ်စေ၊ အိမ်တွင်းအကြမ်းဖက်မှုတွင်ဖြစ်စေ သို့မဟုတ် ဘော်လ်ကန်နယ်မြေ၊ အာဖရိကအလယ်ပိုင်း၊ အနောက်ပိုင်းနှင့် အခြားအရပ်များ၌ ဖြစ်ပျက်နေသော လူမျိုးစုပဋိပက္ခများတွင်ဖြစ်စေ ရက်စက်ကြမ်းကြုတ်မှုကိုစံနှုန်းအဖြစ် သတ်မှတ်ထားကြပေပြီ။ လူငယ်များသည် ယင်းသို့သောအခြေအနေများကြားတွင် ကြီးပြင်းလာကြသည်၊ သို့မဟုတ် ထိုအကြောင်းအရာများကို ကြားလေ့ကြားထရှိကြသည်။ ထို့ကြောင့် များစွာသောသူတို့သည် “ပင်ကိုအရချစ်ခင်စုံမက်ခြင်းမရှိ”၊ “ချုပ်တည်းခြင်းမရှိ” ဘဲ ကြမ်းတမ်းလာကြသည်မှာ အဆန်းမဟုတ်ပေ။—၂ တိမောသေ ၃:၃၊ ကဘ။
‘ပြင်းထန်ကြမ်းကြုတ်သောသူ’
ခရစ်ယာန်တမန်တော်ပေါလုသည် အကြီးအကဲချင်းတိမောသေထံ မိမိ၏ဒုတိယစာစောင်ကို ရေးသားချိန်တွင် ရောမအင်ပါယာသည် ကမ္ဘာ့အကြီးဆုံးအာဏာစက်ဖြစ်ခဲ့သည်။ ရောမအားကစားကွင်းများတွင် ရက်စက်ခြင်းနှင့် ရိုင်းစိုင်းသောအပြုအမူများသည် တင်းကျမ်းပြည့်နေသည်။ သို့တိုင် နောင်ကာလသည် “ထော်လော်ကန့်လန့်” ဖြစ်မည်ဟု ပေါလုသတိပေးခဲ့သည်။ (၂ တိမောသေ ၃:၁၊ ကဘ) စိတ်ဝင်စားစရာမှာ ဤအချိန်ကို “ထော်လော်ကန့်လန့်” ကာလအဖြစ်ဖော်ပြသည့် ဂရိစကားလုံးတွင် “ကြမ်းကြုတ်သော” သဘောပါဝင်သည်။ လွန်ခဲ့သည့်အနှစ် ၃၀ ကျော်အချိန်ကဖြစ်သော ယေရှု၏မြေကြီးခရစ်ယာန်ဓမ္မအမှုဆောင်အချိန်ကာလအတွင်းမှ အဖြစ်အပျက်တစ်ခုက သူ့ခေတ်ရှိရက်စက်ကြမ်းကြုတ်မှုအချို့၏ နောက်ကွယ်တွင် မည်သည့်အရာရှိသည်ကို ဖော်ပြပါသည်။
ယေရှုသည် ဂါလိလဲပင်လယ်အရှေ့ဘက်ကမ်းသို့ လှေဖြင့်ဆိုက်ရောက်ခါစရှိသည်။ ကမ်းပေါ်သို့တက်လိုက်သည်နှင့် လူနှစ်ဦးသည် ကိုယ်တော့်ကိုရင်ဆိုင်ခဲ့သည်။ သူတို့၏ရိုင်းသော အသွင်အပြင်နှင့် အော်ဟစ်နေပုံကိုထောက်လျှင် သူတို့၌တစ်ခုခု ဆိုးဆိုးရွားရွားချွတ်ယွင်းနေသည်မှာ သိသာလှသည်။ သူတို့သည် “အလွန်ကြမ်းကြုတ်” ကြ၏၊ အမှန်ဆိုလျှင် နတ်ဆိုးစွဲနေသူများဖြစ်ကြသည်။a သူတို့အော်ဟစ်ပြောဆိုရာများသည် သူတို့၏အကြမ်းဖက်လုပ်ရပ်များကို ထိန်းချုပ်နေသော နတ်ဆိုးများထံမှဖြစ်သည်။ “ဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း၊ အချိန်မရောက်မီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှာ ကြွလာတော်မူသလော” ဟုသူတို့ကအော်ဟစ်ကြသည်။ ဘုရားသခင်သည် နတ်ဆိုးများကို စီရင်ချက်ချရန်အချိန် သတ်မှတ်ထားပြီဖြစ်ကြောင်း ထိုသူနှစ်ဦးကိုပူးကပ်သည့် နတ်ဆိုးများက ကောင်းကောင်းသိထားကြ၏။ ယင်းသည် သူတို့၏ထာဝရပျက်စီးခြင်း ဖြစ်လိမ့်မည်။ သို့သော် သူတို့သည် ထိုအချိန်အထိ မိမိတို့၏ လူသားများထက်သာလွန်သော အစွမ်းသတ္တိကိုအသုံးပြုပြီး အပြင်းအထန်အကြမ်းဖက်ကြမည်ဖြစ်သည်။ နတ်ဆိုးများကိုနှင်ထုတ်သည့် ယေရှု၏အံ့ဖွယ်လုပ်ရပ်ကသာလျှင် ထိုသူနှစ်ဦးကိုသက်သာစေခဲ့သည်။—မဿဲ ၈:၂၈-၃၂; ယုဒ ၆။
လူငယ်များအပါအဝင် လူတို့သည် ယနေ့မိုက်မဲသောလမ်းစဉ်ကို လိုက်လျှောက်သည့်အခါ ထိုဖြစ်ရပ်ကို ကျွန်ုပ်တို့ပြန်သတိရသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်ဖြစ်သည့် ဗျာဒိတ်ကျမ်း၌ ရှင်းပြထားသကဲ့သို့ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောအမျက်ဒေါသနှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ” ဖြစ်သောကြောင့် ဤ ၂၀ ရာစုတွင် ယင်းနှင့်ဆက်နွှယ်နေသောအန္တရာယ်ကို ကျွန်ုပ်တို့ရင်ဆိုင်ကြရသည်။ (ဗျာဒိတ် ၁၂:၁၂) ယင်းသို့စာတန်နှိမ့်ချခံရခြင်းက “ပြင်းစွာသောအမျက်ဒေါသ” နှင့်တွဲနေသည်ကို ကျေးဇူးပြု၍သတိပြုပါ၊ အကြောင်းမှာ သူ၏အချိန်ကာလ တစ်ခဏသာရှိသည်ကို သိသောကြောင့်ဖြစ်သည်။
တိုက်ခိုက်ခံနေရ
ဤဂျာနယ်၏စာမျက်နှာများတွင် ဖော်ပြလေ့ရှိသည့်အတိုင်း ၁၉၁၄ ခုနှစ်တွင် ယေရှုခရစ်သည် ကောင်းကင်၌ ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် စိုးစံတော်မူခဲ့သည်။ ယေရှုသည် ဘုရားသခင့်အဓိကရန်သူကြီး စာတန်ကို ချက်ချင်းအရေးယူတော်မူခဲ့သည်။ ထို့ကြောင့် စာတန်နှင့် သူ၏နတ်ဆိုးများသည် ကောင်းကင်မှနှင်ချခံရပြီးဖြစ်၍ ယခုသူတို့သည် မြေကြီးကို အာရုံစိုက်နေကြပါသည်။ (ဗျာဒိတ် ၁၂:၇-၉) စာတန်၏သြဇာအာဏာ သက်ရောက်ရာနယ်ပယ်သည် အလွန်ကျဉ်းလာသောကြောင့် သူသည် “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” (၁ ပေတရု ၅:၈) အလွယ်တကူဖမ်းဆီးနိုင်သော သူ၏သားကောင်များကား မည်သူများနည်း။ အထူးသဖြင့် ဘဝအတွေ့အကြုံနှင့် လူမှုဆက်ဆံရေးတွင် အတွေ့အကြုံနည်းသူများဖြစ်မည်မှာ ရှင်းမနေပေလော။ ထို့ကြောင့် ယခုခေတ်လူငယ်များသည် မာရ်နတ်၏ပစ်မှတ်များ ဖြစ်လာကြသည်။ သူတို့၏တေးဂီတနှင့် အပျော်အပါးလိုက်စားရာများမှတစ်ဆင့် သူတို့သည် မမြင်နိုင်သည့်စဉ်းလဲသော ကြိုးကိုင်ခြယ်လှယ်သူ၏ လက်ခုပ်ထဲရောက်သွားကြလေသည်။—ဧဖက် ၆:၁၁၊ ၁၂။
ဘဝတွင် အောင်မြင်ရန် လူငယ်များကြိုးစားကြသည့်အခါ၌ပင် အတားအဆီးတွေ့ရကြသည်။ ဒုတိယကမ္ဘာစစ်ပြီးသည့်အချိန်မှစ၍ စစ်ဒဏ်ကြုံတွေ့ခဲ့ရသော နိုင်ငံများစွာမှလူတို့သည် မိမိတို့၏မိသားစုများကို ကုံလုံကြွယ်ဝသောအသက်တာမျိုးပေးခြင်းဖြင့် ထေမိစေရန် ကြိုးစားခဲ့ကြသည်။ ရုပ်ပစ္စည်းပိုင်ဆိုင်မှု၊ အထိန်းအကွပ်မရှိသော ပျော်ရွှင်မှုနှင့် အပန်းဖြေမှုတို့သည် အဓိကပန်းတိုင်များဖြစ်လာကြ၏။ အကျိုးဆက်တစ်ခုအနေနှင့် လူများစွာတို့သည် ထိခိုက်နစ်နာခဲ့ကြပြီ။ တိမောသေကို ပေါလုကဤသို့သတိပေးခဲ့သည်– “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ . . . အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် . . . ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ခြင်းခပ်အောင်ထိုးကြပြီ။” (၁ တိမောသေ ၆:၉၊ ၁၀) မျက်မှောက်ခေတ် ရုပ်ပစ္စည်းပဓာနထားသည့် လူ့အဖွဲ့အစည်းသည် စီးပွားရေး၊ ငွေရေးကြေးရေးနှင့် စိတ်ဓာတ်ရေးဆိုင်ရာ နာကျင်မှုများနှင့် ထိုးနှက်ခံရသည်ကို ကျွန်ုပ်တို့အများအားဖြင့်တွေ့ရှိရသည်။ ဘုရားသခင့်မဟာရန်သူကြီး၏ ဤလျှို့ဝှက်ပရိယာယ်၏သားကောင်တို့တွင် လူငယ်များစွာပါဝင်သည်။
သို့သော် ဝမ်းသာစရာမှာ သတင်းကောင်းရှိပါသည်။ ယင်းသည် မိမိတို့ရှေ့တွင် လုံခြုံသည့်အနာဂတ်ရှိသော လူငယ်များနှင့်သက်ဆိုင်ပါသည်။ မည်သို့ဖြစ်နိုင်မည်နည်း။
ရှာလျှင်တွေ့မည်
လူငယ်များစွာတို့တွင် မြင့်မားသောအတွေးအခေါ်များ ရှိကြသည်။ လူကြီးတို့တွင် တွေ့မြင်ရလေ့ရှိသည့် ယိုယွင်းသောစံနှုန်းများကို သူတို့လက်မခံကြချေ။ အာဏာမက် . . . နှင့် စီးပွားရေးသမားများ၏ တရားမျှတမှုမရှိ စာနာမှုကင်းသောသဘောထားကို သူတို့ရွံမုန်းကြသည်။ သင်သည် ငယ်ရွယ်သူဖြစ်ပါက ယင်းသို့ခံစားနေရပေမည်။
စက်ဒရစ်ခ်အမည်ရှိသော ဆယ်ကျော်သက်နှောင်းပိုင်း လူငယ်တစ်ဦး၏အဖြစ်အပျက်ကို စဉ်းစားကြည့်ပါ၊ သူ့အဖြစ်မှာ အဆန်းမဟုတ်ပေ။b ကလေးငယ်တစ်ဦးအနေနှင့် သူ့မှာသေခြင်းကိုကြောက်ရွံ့ခြင်းအပါအဝင် စိုးရိမ်ကြောက်ရွံ့မှုများစွာရှိခဲ့သည်။ ဘဝရည်ရွယ်ချက်ကို သူသိလိုခဲ့သည်။ အသက် ၁၅ နှစ်အရွယ်တွင် သူ့မေးခွန်းများ၏အဖြေကို ရှာမတွေ့ရကား အခြားစိတ်ကူးယဉ်တတ်သည့် လူငယ်များနှင့်ပေါင်းသင်းကာ ဘဝအကြောင်း တွေးတောဆင်ခြင်လေတော့သည်။ “ကျွန်တော်တို့ မူးယစ်ဆေးတွေသုံးပြီး နာရီနဲ့ချီထိုင်စကားပြောကြတယ်။ လူတိုင်းက ကိုယ့်လိုပဲတွေးကြတယ်လို့ထင်ရပေမဲ့ ဘယ်သူ့ဆီမှာမှ အဖြေမရှိဘူး” ဟုသူကပြန်ပြောပြသည်။
လူငယ်များစွာကဲ့သို့ပင် စက်ဒရစ်ခ်သည် စိတ်လှုပ်ရှားစရာဘဝမျိုးကိုလိုချင်သည်။ မူးယစ်ဆေးဝါးသုံးစွဲရုံမျှနှင့် သူမကျေနပ်တော့ပါ။ မကြာမီသူသည် ခိုးမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ပါဝင်လာသည်။ သို့တိုင် အသစ်သောစိတ်လှုပ်ရှားမှုများကို သူရှာဖွေနေဆဲပင်။ ပစ္စည်းမှာယူသူများအတွက် ခိုးယူစပြုလေတော့သည်။ “အဲလိုလုပ်ရတာကို ကျွန်တော်ပျော်တယ်၊ ဒါပေမဲ့ သာမန်လူတွေရဲ့ပစ္စည်းကို ကျွန်တော်တစ်ခါမှ မခိုးခဲ့ပါဘူး။ ကားတစ်စီးခိုးသုံးပြီးရင် မပျက်မစီးထားပေးခဲ့ပါတယ်။ ဆိုင်တစ်ခုကိုဖောက်ထွင်းမယ်ဆိုရင်လည်း အာမခံထားတဲ့ဆိုင်တွေကိုပဲ ကျွန်တော်ဖောက်ထွင်းပါတယ်။ အဲဒါတွေက ကျွန်တော့်လုပ်ရပ်တွေမမှားပါဘူးလို့ ယူဆစေတယ်” ဟုသူဝန်ခံသည်။ သင်ထင်မည်ဖြစ်သည့်အတိုင်း စက်ဒရစ်ခ်သည် ထောင်ကျခဲ့သည်။
စက်ဒရစ်ခ်က ဤသို့ပြန်ပြောင်းသတိရသည်– “မာ့ခ်လို့ခေါ်တဲ့ ထောင်သားချင်းတစ်ယောက်က ကျွန်တော့်ကိုလာစကားပြောတယ်။ ကျွန်တော့်လက်မောင်းပေါ်မှာ လက်ဝါးကားတိုင်ပုံ မင်ကြောင်ထိုးထားတာကို သူသတိပြုမိပြီး ဘာလို့အဲဒါထိုးထားတာလဲလို့ ကျွန်တော့်ကိုမေးတယ်။ အဲဒါက ကျွန်တော့်အတွက် ဘာသာတရားအရ အရေးကြီးတာဖြစ်ရမယ်လို့ သူယူမှတ်ခဲ့တယ်။” ရက်သတ္တနှစ်ပတ်ခန့်ကြာပြီးနောက် မာ့ခ်က စက်ဒရစ်ခ်ကို သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဟူသောစာအုပ်တစ်အုပ်ပေးသည်။c “‘ထာဝစဉ်အသက်ရှင်နိုင်သည်’—ဆိုတဲ့စကားလုံးတွေက ကျွန်တော့်ကို ချက်ချင်းစွဲမှတ်သွားစေပါတယ်။ အဲဒါက ကျွန်တော်တို့ပြောနေကျ အကြောင်းအရာပဲ၊ ဒါပေမဲ့ တစ်ခါမှ အဖြေမှန်မရခဲ့ဘူး။” အကျဉ်းထောင်သို့လည်ပတ်လာသော ယေဟောဝါသက်သေတစ်ဦးနှင့် ကြိမ်ဖန်များစွာဆွေးနွေးပြီးနောက် မိမိကြိုးပမ်းခဲ့ရာကိုရရှိနိုင်ကြောင်း—သို့သော်လည်း ဘုရားသခင်၏နည်းလမ်းအားဖြင့်သာလျှင် ရရှိနိုင်သည်ကို စက်ဒရစ်ခ်သိရှိလာသည်။
“တစ်ချိန်ကကျွန်တော့်သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်လိုက်တာနဲ့ မြန်မြန်ဆန်ဆန်တိုးတက်လာတယ်” ဟုစက်ဒရစ်ခ် မှတ်ချက်ချသည်။ သဘောပေါက်လာမှုနှင့် ပျော်ရွှင်မှုအပေါ် တိုးတက်သိမြင်လာခြင်းကို အလွယ်တကူရခဲ့သည်မဟုတ်ပါ။ “ကျွန်တော်ကြိုးစားနေဆဲပါပဲ။ ကျွန်တော့်တွေးခေါ်ပုံနဲ့ပတ်သက်ပြီး သတိထားရပါတယ်” ဟုသူပြောပြသည်။ စိတ်လှုပ်ရှားမှုအပေါ်ဗဟိုပြုသော လုပ်ဆောင်မှုများအားဖြင့်သာ မိမိ၏ပန်းတိုင်များကိုရနိုင်မည်ဟုထင်မှတ်သည့် စိတ်ကူးယဉ်ခြင်းသည် မာရ်နတ်၏ထောင်ချောက်ထဲရောက်စေခဲ့ကြောင်း စက်ဒရစ်ခ်ယခု သဘောပေါက်လာသည်။
ဝမ်းသာစရာကား စက်ဒရစ်ခ်သည် အကျဉ်းထောင်မှလွတ်သည်မှာ ကြာပြီဖြစ်ကာ မိမိတို့ရှာဖွေနေသည့်အရာကို တွေ့ရှိခဲ့ကြသည့် အခြားသူများနှင့် မှန်မှန်ပေါင်းဖော်ရခြင်း၌ သူပျော်မွေ့နေပါသည်။ ယခုသူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်နေပြီး ဤမြေကြီးပရဒိသုတွင်အသက်ရှင်ရမည့် သူတို့၏မျှော်လင့်ချက်ကိုလည်း ယုံကြည်လက်ခံထားသူတစ်ဦးဖြစ်သည်။ စာတန့်သြဇာလွှမ်းမိုးမှု အသွင်အမျိုးမျိုးအဆုံးတိုင်ရန်လည်း သူစောင့်မျှော်နေပါသည်။
အမှန်မှာ စက်ဒရစ်ခ်ကဲ့သို့သော လူငယ်များ၌သာ လုံခြုံသောအနာဂတ်ရှိသည်မဟုတ်; ကျမ်းစာသမ္မာတရား ချစ်မြတ်နိုးသည့်စိတ်ကို မိမိတို့သားသမီးများ၏နှလုံးထဲ သွတ်သွင်းပေးကြသည့် ဘုရားသခင်ဝတ်၌မွေ့လျော်သောမိဘများ၏ ပြုစုပျိုးထောင်ပေးခြင်းကိုခံခဲ့ရသော အခြားသူများ၌လည်းရှိပါသည်။
ဘုရားသခင်ရေးရာလေ့ကျင့်မှုက အကျိုးအမြတ်ဖြစ်ထွန်းစေ
ရှေးအချိန်မှ ပညာရှိရှောလမုန်မင်းကြီးက “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲလိုက်သွားလိမ့်မည်” ဟုရေးသားခဲ့သည်။ (သု. ၂၂:၆) ယင်းသည် သမ္မာကျမ်းစာစံနှုန်းများကို လိုက်လျှောက်ရန် ရွေးချယ်ခဲ့ကြသော ပန်းတိုင်တစ်ခုတည်းရှိ လူငယ်များစွာ၏အဖြစ်၌ မှန်ကန်ကြောင်းထင်ရှားပေပြီ။
ရှီလာ၊ ဂေါ်ဒင်နှင့် စဲရာတို့သည် ယင်းသို့ပြုလုပ်ခဲ့ကြသည်။ သူတို့၏မိဘများသည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကြေညာခြင်းဖြင့် ‘သွား၍ . . . တပည့်ဖြစ်စေ’ ပါဟူသည့် ယေရှု၏အမိန့်တော်ကို နာခံခြင်းအပေါ် အလွန်အလေးထားခဲ့ကြောင်း သတိရကြသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) “တစ်ခုခုကို ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ‘အဲဒါကဟောပြောခြင်းလုပ်ငန်းကို ဘယ်လိုထိခိုက်မလဲ’ လို့အမေနဲ့ကျွန်မ တစ်ယောက်ကိုတစ်ယောက် ပြောလေ့ရှိတယ်” ဟုရှီလာကပြန်ပြောပြသည်။ “အဲဒီလိုဆင်ခြင်သုံးသပ်လို့ အစီအစဉ်အတော်များများကို ကျွန်မတို့စွန့်လွှတ်ခဲ့ကြတယ်၊ ဒါပေမဲ့ တကယ့်ကောင်းချီးတွေကို ရရှိခဲ့တာပါပဲ!” ဟုသူမဝန်ခံခဲ့သည်။ ရှီလာနှင့် သူမမိခင်သည် သတင်းကောင်းဖြင့် လူတို့၏အိမ်တွင် တစ်နေကုန်လည်ပတ်ပြီးနောက် ညနေပိုင်းတွင် သီချင်းဆို၍အိမ်သို့ တစ်လှမ်းချင်းပြန်လျှောက်ခဲ့ကြသည်။ “ပျော်လိုက်တာမပြောပါနဲ့တော့၊ အခုတောင်ခံစားနေရတုန်းပါပဲ” ဟုသူမပြောပြသည်။
ပျော်ရွှင်ဖွယ်ကောင်းသည့် စနေနေ့ညနေပိုင်းများကို ဂေါ်ဒင်သတိရမိသည်။ “အသင်းတော်အကြီးအကဲတွေက ကျွန်တော့်ကိုသူတို့အိမ်ခေါ်ဖိတ်ကြပြီး အကျိုးရှိတဲ့ဉာဏ်စမ်းပဟေဠိနဲ့ ဆွေးနွေးမှုတွေလုပ်ကြတယ်။ သမ္မာကျမ်းစာထဲက အခန်းငယ်တွေကိုအလွတ်ကျက်မှတ်ဖို့၊ ကျမ်းစာနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ်ပြောဆိုဖို့၊ ဟောပြောခြင်းတွေ့ကြုံမှုတစ်ခုကို ပြန်ပြောပြဖို့နဲ့ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း ဘယ်လိုတိုးချဲ့နေတယ်ဆိုတာတွေသင်ယူဖို့ ကျွန်တော်တို့အားပေးခံရကြတယ်။ ဒီအရာတွေအားလုံးက အခြေခံကောင်းတစ်ခုချမှတ်ဖို့နဲ့ ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးတဲ့စိတ်မွေးမြူဖို့ ကျွန်တော့်ကိုထောက်ကူပေးခဲ့တယ်” ဟုဂေါ်ဒင်ပြန်ပြောပြသည်။
အလည်အပတ်ရောက်လာသော သက်သေခံများနှင့်အတူကုန်လွန်စေခဲ့သည့် သာယာသောညနေခင်းများကို စဲရာအမှတ်ရမိသည်။ “ကျွန်မတို့အတူတူ အစာစားကြတယ်။ ပြီးတော့ ဘုရားသခင့်နိုင်ငံတော်သီချင်းဆိုသူတွေနဲ့အတူ စန္ဒရားတီး၊ သီချင်းဆိုရင်း လည်ပတ်ချိန်ကို အဆုံးသတ်လိုက်ကြတယ်။ အထူးသဖြင့် ကျွန်မတို့ကျောင်းနေစဉ်အတွင်းမှာ တေးဂီတဟာ တကယ့်ကိုအကျိုးပြုခဲ့ပါတယ်၊ အကြောင်းကတော့ မိသားတစ်စုလို ကျွန်မတို့ကို အတူတကွလုပ်ဆောင်ခွင့် ရစေခဲ့တဲ့အတွက်ပါပဲ။”
ယေဟောဝါ၏အလိုတော်နှင့်တွေ့ရန် ကြိုးစားကြသည့်လူငယ်အားလုံး စံထားလောက်သောမိသားစုအခြေအနေမျိုး မရှိကြသည်တော့မှန်ပါသည်။ သို့ရာတွင် အသင်းတော်မှ အခြားသက်သေခံမိသားစုများနှင့် အနီးကပ်ပေါင်းဖော်ခြင်းက သူတို့ကိုလုံခြုံမှုနှင့် ရင်းနှီးဖော်ရွေမှုကိုခံစားရစေသည်။
အနာဂတ်အတွက် လုံခြုံသော အုတ်မြစ်တစ်ခုကို တန်ဖိုးထားခြင်း
ယခုခေတ်လူငယ်များ၌ ရွေးချယ်စရာတစ်ခုရှိ၏။ သူတို့သည် ယေရှုကြိုတင်ဟောထားသည့် လာလတ္တံ့သော “ကြီးစွာသောဒုက္ခ” တွင် ပျက်စီးခြင်းသို့ ဦးစိုက်ထိုးဆင်းနေသော ဤဆိုးသွမ်းသောလောကနှင့်အတူ ဆက်သွားနိုင်သည်။ သို့မဟုတ် မှုတ်သွင်းခံဆာလံဆရာအာသ သီဆိုခဲ့သကဲ့သို့ သူတို့သည် “ဘုရားသခင်ကိုယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကိုစောင့်” နိုင်ကြသည်။ ဘုရားသခင်အားနာခံခြင်းက “သဘောမဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ်အမြဲမဆည်းကပ်သောအမျိုး၊ ငြင်းဆန်၍ပုန်ကန်တတ်သောအမျိုး” ဖြစ်ခြင်းမှ သူတို့ကိုကာကွယ်ပေးမည်။—မဿဲ ၂၄:၂၁; ဆာလံ ၇၈:၆-၈။
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ အသင်းတော်ပေါင်း ၈၀,၀၀၀ ကျော်တွင် သင်အားကျနိုင်လောက်သည့် လူငယ်များစွာကိုတွေ့ပေမည်။ သူတို့သည် “မိမိတို့အဖို့ . . . လာလတ္တံ့သောကာလအတွက် ကောင်းသောအခြေအမြစ်ကို ဆည်းပူးလျက်၊ သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်းငှာ အသင့်ရှိခြင်းများကိုပြုရမည်အကြောင်း ပညတ်ထားလော့” ဟူ၍ လူငယ်တိမောသေကို ပေါလုပေးခဲ့သည့် အကြံပြုချက်ကို လိုက်နာကြသည်။ အကျိုးရလဒ်မှာ ယခုသူတို့သည် “အမှန်အစစ်ဖြစ်သော အသက်ကိုကိုင်ယူ” ထားကြသည်။ (၁ တိမောသေ ၆:၁၈၊ ၁၉၊ သမ္မာ) သူတို့၏ အစည်းအဝေးများကိုတက်ရောက်ခြင်းဖြင့် ဤစစ်မှန်သောခရစ်ယာန်များအကြောင်း ပို၍သိရှိရန်ပြုလုပ်ပါ။ သို့ပြုလျှင် သင်လည်း လုံခြုံသည့်အနာဂတ်မျှော်လင့်ချက် ရရှိနိုင်ပါမည်။
[အောက်ခြေမှတ်ချက်များ]
a “ပြင်းထန် [ကြမ်းကြုတ်] သော” ဟူသည် မဿဲ ၈:၂၈ နှင့် ၂ တိမောသေ ၃:၁ တွင်ပါသည့်တစ်ခုတည်းသော ဂရိစကားလုံးကို ပြန်ဆိုထားခြင်းဖြစ်သည်။
b အမည်များပြောင်းထားသည်။
c ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာမှ ထုတ်ဝေသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှုကုသပေးခဲ့သော “အလွန်ကြမ်းကြုတ်” သည့် လူများနောက်ကွယ်တွင် နတ်ဆိုးများရှိ၏
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
“လာလတ္တံ့သောကာလအတွက် ကောင်းသောအခြေအမြစ်” ကိုတည်ဆောက်ခြင်း