ပညတ်တော် ဆယ်ပါး
မိမိ၏နယ်ပယ်ရှိ [ခရစ်ယာန်] ဓမ္မဆရာထက်ဝက်ကျော်သည် ပညတ်တော်ဆယ်ပါးကို မရွတ်ဆိုနိုင်ကြောင်းနှင့် သူတို့ထဲမှ ၁၀ ရာခိုင်နှုန်းသည် ယင်းတို့ကို သမ္မာကျမ်းစာ၏ မည်သည့်နေရာတွင် ရှာရမည်ကိုမသိကြကြောင်း အင်္ဂလန်နိုင်ငံ၏ဂလော့စတာဘိရှော့တွေ့ရှိခဲ့သည်။ သို့သော် ၎င်းသည် လွန်ခဲ့သောနှစ်ပေါင်း ၄၅၀ ကဖြစ်သည်။ ထိုအချိန်မှစ၍ အခြေအနေတိုးတက်ခဲ့ပြီလော။ မကြာမီက အင်္ဂလီကန်ဓမ္မဆရာများကို ကြုံကြိုက်၍မေးမြန်းသုတေသနပြုခဲ့သည့် ဆန်းဒေးတိုင်းမ်စ်အရ လုံးဝမတိုးတက်ခဲ့ချေ။
ဓမ္မဆရာ ၂၀၀ ကိုလူတွေ့မေးမြန်းသောအခါ ၃၄ ရာခိုင်နှုန်းကသာ ပညတ်တော်ဆယ်ပါးအားလုံးကို ကိုးကားဖော်ပြနိုင်ခဲ့သည်။ ကျန်သူတို့အထဲမှတစ်ဦးက တားမြစ်ချက်များလွန်းသည်ဟု ခံစားရပြီး နောက်တစ်ဦးက ခေတ်သစ်ကိုယ်ကျင့်တရားပြဿနာများနှင့် မအပ်စပ်သောကြောင့် ယင်းတို့ကို ဖယ်ရှားခဲ့သည်။
ပညတ်တော်ဆယ်ပါး သို့တည်းမဟုတ် ယင်းကိုတွေ့ရှိမည့်နေရာကို သင်သိပါသလော။ သမ္မာကျမ်းစာ၏ဒုတိယစာစောင်၊ ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀ အငယ် ၁-၁၇ တွင်ယင်းတို့ကို ဖော်ပြထားသည်။ ယင်းတို့ကို ဖတ်ကြည့်လျှင် မကောင်းပေလော။ ဤသည်မှာ ၎င်းတို့ကို ရိုးရိုးလေးအုပ်စုဖွဲ့နည်းဖြစ်သည်။ ပထမလေးခုက ဘုရားသခင်အား ဝတ်ပြုခြင်းနှင့်ပတ်သက်သည်၊ ငါးခုမြောက်က မိသားစုဘဝကိုပေါ်လွင်စေသည်။ နံပါတ် ခြောက်မှကိုးအထိသည် လူလူချင်းဆက်ဆံရေးနှင့်ပတ်သက်ပြီး ဆယ်ခုမြောက်သည် ထူးခြားကာ ကျွန်ုပ်တို့၏နှလုံးကိုဆန်းစစ်ရန်၊ ကျွန်ုပ်တို့၏သဘောထားများကို စစ်ဆေးရန်ဖြစ်စေသည်။ ဤတွင် ထိုမူများကို ခရစ်ယာန်များ မည်သို့ကျင့်သုံးနိုင်ကြောင်း အကျဉ်းချုပ်ဖော်ပြထားသည်။
ပထမ– ကျွန်ုပ်တို့၏ဖန်ဆင်းတော်မူရှင်အား အကြွင်းမဲ့ဆက်ကပ်အပ်နှံမှုပေးပါ။ ဒုတိယ– ဝတ်ပြုရေးတွင် ရုပ်ပုံများမသုံးပါနှင့်။ တတိယ– ဘုရားသခင်၏နာမတော်ကို အစဉ်အမြဲလေးစားကာ ခန့်ညားပါ။ စတုတ္ထ– စိတ်ပျံ့လွင့်မှုမရှိဘဲ ဝိညာဉ်ရေးရာများအပေါ် အာရုံစိုက်ရန် အချိန်ပေးပါ။ ပဉ္စမ– ကလေးတို့ သင်တို့၏မိဘများကို ရိုသေပါ။ ဆဋ္ဌမ– လူ့အသက်ကို မသတ်ပါနှင့်။ သတ္တမ– သူ့မယားပြစ်မှားခြင်းကို ရှောင်ကြဉ်ပါ။ အဋ္ဌမ– မခိုးပါနှင့်။ နဝမ– အမှန်ကိုပြောဆိုပါ။ ဒသမ– တပ်မက်မှုကို ရှောင်ပါ။
ပညတ်တော်ဆယ်ပါးသည် မောရှေအား ပေးသောပညတ်ဥပဒေတွင် တစ်ပိုင်းအပါအဝင်ဖြစ်သည်။ သို့သော် ယင်းတွင်ပါဝင်သောမူများသည် အကန့်အသတ်မဲ့အချိန်အတွက်ဖြစ်သည်။ (ရောမ ၆:၁၄; ကောလောသဲ ၂:၁၃၊ ၁၄) ဤအကြောင်းကြောင့် ယေရှု၏နောက်တော်လိုက်များသည် ပညတ်တော်ဆယ်ပါးကို ကိုးကားရည်ညွှန်းခဲ့ကြသည်။ (ရောမ ၁၃:၈-၁၀) အကယ်၍ လူအားလုံးသာ ဤမြင့်မြတ်သောမှုတ်သွင်းခံမူများကို လေးစားပြီး ယင်းတို့နှင့်အညီ အသက်ရှင်နေထိုင်ကြမည်ဆိုလျှင် ယနေ့ လူ့အသက်တာသည် မည်မျှပျော်ရွှင်စရာကောင်းပြီး လုံခြုံလိုက်မည်ဖြစ်ခြင်း!