ကမ္ဘာဂြိုဟ်—ပျက်စီးသွားမည်လော
၂၀ ရာစုအဆုံးပိုင်းသည် ချဉ်းကပ်လာနေပြီး ၂၁ ရာစုသည် ပေါ်ထွက်လုနီးနီးဖြစ်သည်။ ဤသို့သောအချိန်တွင် ပျက်စီးခြင်းအကြောင်း တင်ကူးပြောဆိုချက်များကို ပုံမှန်အားဖြင့် အနည်းငယ်မျှ သို့မဟုတ် ဂရုမစိုက်သူများတို့သည် အနာဂတ်တွင် ကမ္ဘာကြီးပျက်စီးတော့မည်လောဟု တွေးတောကြသည်။
ယင်းနှင့်ပတ်သက်သည့် သတင်းစာနှင့် မဂ္ဂဇင်းဆောင်းပါးများမက လုံးချင်းစာအုပ်များကိုပင် သင်သတိပြုမိခဲ့ပေမည်။ ၂၁ ရာစုသည် အဘယ်အဖြစ်အပျက်များနှင့်စတင်မည်ကို ကျွန်ုပ်တို့စောင့်ကြည့်ရပေမည်။ အချို့သူတို့က သက္ကရာဇ် ၂၀၀၀ အဆုံးရောက်ရန် တစ်နှစ် (သို့မဟုတ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ်ရောက်ရန်တစ်မိနစ်) သာလိုတော့သည်ဖြစ်ရာ အကြီးအကျယ်ထူးခြားမည်မဟုတ်ဟု ထောက်ပြကြသည်။ များစွာသောသူတို့ ပိုမိုစိတ်ဝင်စားနေကြသည်ကား ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ ရေရှည်အနာဂတ်ဖြစ်သည်။
ယခုအချိန်တွင် မကြာခဏကြားရသော ကြိုတင်ဟောကိန်းတစ်ခုမှာ တစ်ချိန်ချိန်တွင်—မဝေးတော့သည့်အနာဂတ်၌ဖြစ်စေ၊ အလှမ်းဝေးသည့်အနာဂတ်၌ဖြစ်စေ—ကမ္ဘာဂြိုဟ်ကြီး လုံးဝပျက်စီးသွားမည်ဟူ၍ဖြစ်သည်။ ဤကဲ့သို့သော စိတ်ပျက်ဖွယ်ကြိုတင်ခန့်မှန်းချက်အချို့ကို သုံးသပ်ကြည့်ပါ။
၁၉၉၆ ခုနှစ်တွင် ပထမဦးဆုံးထုတ်ဝေသော ဤလောက၏ဆုံးခန်း—လူသားမျိုးနွယ်အစတုံးခြင်းဆိုင်ရာ သိပ္ပံပညာနှင့်ပြည်သူ့နီတိ ဟူသောသူ၏စာအုပ်တွင် စာရေးဆရာနှင့် အတွေးအခေါ်ပညာရှင် ဂျွန်လက်စ်လီက ကမ္ဘာပေါ်ရှိ လူ့အသက်ချုပ်ငြိမ်းနိုင်ပုံနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေသုံးခုကို ဖော်ပြခဲ့သည်။ ဦးဆုံး သူကဤသို့မေးခွန်းထုတ်ခဲ့သည်– “မီးကုန်ယမ်းကုန်ဆင်နွှဲသော နျူကလီးယားစစ်သည် လူသားမျိုးနွယ်ကို ဆုံးခန်းတိုင်စေနိုင်သလော။” ထို့နောက် သူကဤသို့ထပ်လောင်းပြောသည်– “သာ၍ဖြစ်နိုင်သည့်နည်းတစ်နည်းမှာ . . . ဓာတ်ရောင်ခြည်ထိခိုက်မှုများဖြစ်သော ကင်ဆာရောဂါများ၊ ကိုယ်ခံအားနည်းသည့်အတွက် ကူးစက်ရောဂါများပြန့်ပွားလာခြင်းနှင့် ချို့တဲ့မှုများဖြင့် မွေးဖွားလာသည့်ကလေးများ အလွန်များပြားလာခြင်းတို့ကြောင့် လူသားမျိုးနွယ်အစတုံးခြင်းဖြစ်ပေမည်။ ပတ်ဝန်းကျင်ကျန်းမာရေးအတွက် အရေးပါသော အဏုဇီဝရုပ် သေဆုံးမှုများလည်းဖြစ်လာနိုင်သည်။” မစ္စတာလက်စ်လီ ထုတ်ဖော်တင်ပြသော တတိယဖြစ်နိုင်ခြေမှာ ကမ္ဘာမြေကြီးသည် ကြယ်တံခွန်တစ်ခု သို့မဟုတ် ဂြိုဟ်မွှားတစ်လုံးနှင့်တိုက်မိနိုင်ခြင်းဖြစ်သည်– “၎င်းတို့၏ပတ်လမ်းကြောင်းတွင် လှည့်ပတ်ရင်းနှင့် ကမ္ဘာမြေကြီးနှင့်တစ်နေ့နေ့ တိုက်မိနိုင်သည်ဟုယူဆရသော အချင်း မိုင်ဝက်မှခြောက်မိုင်အထိရှိ ကြယ်တံခွန်များနှင့် ဂြိုဟ်မွှားများ နှစ်ထောင်ဝန်းကျင်ရှိသည်။ ပိုမိုကြီးမားသော ကြယ်တံခွန်ဂြိုဟ်မွှားများအရေအတွက်သည်နည်းပြီး (ခန့်မှန်းခြင်းမျှသာဖြစ်မည်) ယင်းအရွယ်အစားထက်ငယ်သော ကြယ်တံခွန်ဂြိုဟ်မွှားများအရေအတွက်မှာမူ သာ၍များသည်။”
“ကမ္ဘာပျက်မည့်နေ့” ကွင်းကွင်းကွက်ကွက်ဖော်ပြထား
သို့မဟုတ် သိပ္ပံပညာရှင်နောက်တစ်ဦးဖြစ်သူ ဩစတြေးလျနိုင်ငံ၊ အယ်ဒီလေ့ဒ်တက္ကသိုလ်မှပါမောက္ခ ပေါလ် ဒေးဗစ္စကိုကြည့်ပါ။ ဝါရှင်တန်တိုင်းမ်စ်သတင်းစာက သူ့ကို “နိုင်ငံတကာက အကောင်းဆုံးသိပ္ပံစာရေးဆရာအဖြစ် လက်ခံထားသည်” ဟုဖော်ပြထားသည်။ သူသည် ၁၉၉၄ ခုနှစ်တွင် “ကမ္ဘာပျက်မည့်နေ့အကြောင်း စာအုပ်အားလုံး၏မိခင်” ဟုခေါ်ဆိုကြသည့် နောက်ဆုံးသုံးမိနစ်အမည်ရှိစာအုပ်ကို ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်၏ပထမအခန်းကို “ကမ္ဘာပျက်မည့်နေ့” ဟုခေါ်ဆိုထားပြီး ကြယ်တံခွန်တစ်ခုသည် ကမ္ဘာဂြိုဟ်နှင့်တိုက်မိခဲ့သော် မည်သို့ဖြစ်ပျက်နိုင်ကြောင်း စိတ်ကူးယဉ်ဖော်ပြထားသည်။ သွေးလန့်စရာကောင်းသော သူ၏ဖော်ပြချက်တစ်စိတ်တစ်ပိုင်းကို ဖတ်ရှုကြည့်ပါလေ–
“ကမ္ဘာဂြိုဟ်သည် မြေငလျင်အကြိမ်တစ်သောင်းလှုပ်သည့်အားဖြင့် ရုတ်တရက်တုန်ခါသွားသည်။ မြေမျက်နှာပြင်ပေါ် ဖလှယ်ထုတ်လေပြင်း တိုက်ခတ်လိုက်လေရာ ယင်း၏လမ်းကြောင်းရှိ အဆောက်အဦအားလုံး မြေကြီးနှင့်တစ်ပြေးညီပြိုလဲပြီး ရှိရှိသမျှအရာအားလုံး ပျက်သုဉ်းကြေမွသွားလေတော့သည်။ ကြယ်တံခွန်ကြွေကျသည့် နေရာပတ်ပတ်လည်ရှိမြေပြန့်သည် မိုင်နှင့်ချီမြင့်သော ချော်ရည်တောင်များဖြစ်နေရာ ထိပ်ဝအကျယ်မိုင်တစ်ရာရှိကျင်းကြီးခြေရင်းတွင် မြေကြီး၏အတွင်းပိုင်းကို တွေ့မြင်နေရသည်။ အမှိုက်သရိုက်ဖုန်ထုကြီးသည် လေထုထဲသို့တလိမ့်လိမ့်တက်နေရာ ကမ္ဘာဂြိုဟ်တစ်ခုလုံး မှောင်သွားသည်။ ယခုအခါ နေရောင်အစား ဥက္ကာခဲတစ်ဘီလီယံ၏ စိုးရွံ့ဖွယ်စူးရှသောအလင်းပေါ်လာပြီး ၎င်း၏အပူရှိန်ကြောင့် မြေပြင်လောင်ကျွမ်းနေစဉ် ကမ္ဘာ့လေထုအတွင်းသို့ အာကာသမှ ဒြပ်ဝတ္ထုများ ပြန်ထိုးကျလာလေသည်။”
ပါမောက္ခဒေးဗစ္စက ဤစိတ်ကူးယဉ်အဖြစ်အပျက်ကို ဆွစ်ဖ်-တပ်တဲလ်ကြယ်တံခွန်သည် ကမ္ဘာမြေကြီးကိုဝင်တိုက်လိမ့်မည်ဟူသည့် ကြိုတင်ဟောကိန်းနှင့် ဆက်စပ်ခဲ့သည်။ မကြာမီတွင် ထိုသို့ဖြစ်နိုင်ဖွယ်မရှိသော်လည်း သူ၏ထင်မြင်ယူဆချက်မှာ “ဆွစ်ဖ်-တပ်တဲလ် သို့မဟုတ် ယင်းကဲ့သို့သောအရာတစ်ခုသည် ကမ္ဘာမြေကြီးကို အနှေးနှင့်အမြန်တိုက်မိလိမ့်မည်” ဟူ၍ထပ်ဆင့်သတိပေးခဲ့သည်။ သူ၏ကောက်ချက်မှာ အချင်းတစ်မိုင်၏လေးပုံတစ်ပုံ သို့မဟုတ် ထိုထက်မကရှိသော ဒြပ်ဝတ္ထု ၁၀,၀၀၀သည် ကမ္ဘာပတ်လမ်းများကိုဖြတ်သန်းသွားသော ပတ်လမ်းများတွင် ရွေ့လျားနေသည်ဟူသော ခန့်မှန်းချက်များအပေါ်အခြေပြုသည်။
ထိတ်လန့်ဖွယ်ကောင်းသော ထိုအလားအလာသည် အမှန်ဖြစ်မည်ဟုသင်ယုံပါသလော။ လူအများယုံကြည်ကြသည်မှာ အံ့အားသင့်စရာပင်။ သို့သော် သူတို့အသက်ရှင်ချိန်၌ ဖြစ်မည်မဟုတ်ပါဟု မိမိတို့ကိုယ်ကိုနှစ်သိမ့်အားပေးခြင်းဖြင့် စိုးရိမ်မှုများကိုဖယ်ရှားပစ်ကြသည်။ သို့ရာတွင် ကမ္ဘာဂြိုဟ်သည်—မကြာမီတွင်ဖြစ်စေ၊ ယခုအချိန်မှ နောင်အနှစ်ထောင်ချီသည့်အခါတွင်ဖြစ်စေ အဘယ်ကြောင့်တစ်ချိန်ချိန်တွင် ပျက်စီးရပါမည်နည်း။ ကမ္ဘာမြေကြီးကိုယ်နှိုက်သည် ယင်းကိုမှီတင်းနေထိုင်နေကြသောလူ သို့မဟုတ် တိရစ္ဆာန်များအတွက် အဓိကပြဿနာမဖြစ်သည်မှာ သေချာပါသည်။ ထိုသို့ဖြစ်မည့်အစား “မြေကြီးကိုဖျက်ဆီး” ပစ်နိုင်ခြေရှိခြင်းအပါအဝင် ဤ ၂၀ ရာစုရှိပြဿနာအများစု၏တရားခံသည် လူသားပင်မဟုတ်ပေလော။—ဗျာဒိတ် ၁၁:၁၈။
လူတို့၏အလွဲသုံးစားပြုမှု ပြောင်းပြန်လှန်ခံရခြင်း
လူကိုယ်တိုင်သည် မိမိ၏အလွဲသုံးစားပြုမှုနှင့် လောဘကြောင့် ကမ္ဘာမြေကြီးကို လုံးဝပျက်စီးစေနိုင်သည့် သာ၍ဖြစ်နိုင်ခြေကိစ္စနှင့်ပတ်သက်၍ကော။ သစ်တောပြုန်းတီးမှု၊ ထိန်းချုပ်၍မရအောင် လေထုညစ်ညမ်းမှုနှင့် ရေလမ်းကြောင်းများ ပျက်စီးမှုတို့ကြောင့် ကမ္ဘာ့ဒေသအချို့သည် အကြီးအကျယ်ပျက်စီးလျက်ရှိသည်မှာ အထင်အရှားပင်။ ယင်းကို လွန်ခဲ့သော ၂၅ နှစ်ခန့်က စာရေးဆရာမ ဘာဘရာဝေါ့ဒ်နှင့် ရီနေးဒဘိုးတို့ရေးသားခဲ့သော ကမ္ဘာတစ်ခုသာ ဟူသောစာအုပ်တွင် ဤသို့ကောင်းစွာဖော်ပြထားသည်– “ကျွန်ုပ်တို့ဆန်းစစ်ရမည့် ကျယ်ပြန့်စွာညစ်ညမ်းနေသည့်ကဏ္ဍသုံးရပ်—လေ၊ ရေ၊ မြေ—သည် ကျွန်ုပ်တို့ဤကမ္ဘာပေါ်အသက်ရှင်နိုင်ရေးအတွက် အဓိကအခြေခံဓာတ်သုံးခုဖြစ်သည်။” ထိုအချိန်နောက်ပိုင်းတွင် အခြေအနေသာ၍ကောင်းလာခြင်းမရှိချေ၊ မဟုတ်ပေလော။
လူသည် မိမိ၏မိုက်မဲမှုဖြင့် မြေကြီးကိုဖျက်ဆီးပစ်နိုင်ခြေရှိခြင်းကို ဆင်ခြင်သည့်အခါ ကမ္ဘာဂြိုဟ်၏အံ့ချီးဖွယ်ကောင်းသော ပြန်လည်ရှင်သန်နိုင်စွမ်းကိုထည့်တွက်ခြင်းဖြင့် အားယူနိုင်ကြပါသည်။ အံ့အားသင့်ဖွယ်ကောင်းသော အဆိုပါပြန်ရှင်သန်နိုင်စွမ်းကို ဖော်ပြရာတွင် ရီနေးဒဘိုးသည် ဂေဟစနစ်၏ဒဏ်စွမ်းအင်သိုမှုဟူသော အခြားစာအုပ်တစ်အုပ်၌ ဤအားယူစရာအချက်များကို ရေးသားထားသည်–
“ပြုပြင်မရနိုင်အောင် ဂေဟစနစ်ကို ဖျက်ဆီးထားပြီဖြစ်သောကြောင့် ဝန်းကျင်ယိုယွင်းမှုအကြောင်းသိရှိလာခြင်းသည် အလွန်နောက်ကျလွန်းပြီဟု များစွာသောသူတို့က စိုးရိမ်ကြသည်။ ဤအဆိုးမြင်ဝါဒမျိုးရှိစရာမလိုပါဟု ကျွန်ုပ်ယူမှတ်သည်၊ အကြောင်းမှာ ဂေဟစနစ်တွင် ထိတ်လန့်ဖွယ်တွေ့ကြုံမှုများ ကြုံရပြီးနောက် ကြီးမားစွာသော ပြန်ရှင်သန်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။
“ဂေဟစနစ်တွင် မိမိဘာသာပြုပြင်နိုင်သည့် ဖြစ်စဉ်သဘောတရားများစွာရှိသည်။ . . . ဝန်းကျင်ဆိုင်ရာမျှတမှုရှိသော မူလအခြေအနေသို့ တဖြည်းဖြည်းပြန်ရောက်ရှိစေခြင်းဖြင့် ယင်းဖြစ်စဉ်တို့သည် နှောင့်ယှက်ဖျက်ဆီးမှုများ၏အကျိုးဆက်ကို ဂေဟစနစ်များက ကျော်လွှားနိုင်ရန် လုပ်ဆောင်ပေးနိုင်သည်။”
ဖြစ်နိုင်သည်
ယင်းနှင့်ပတ်သက်သော သိသာထင်ရှားသည့် သာဓကတစ်ခုမှာ မကြာသေးမီနှစ်များအတွင်း လန်ဒန်မြို့၏ ကျော်ကြားသောသိမ်းစ်မြစ်ကို တဖြည်းဖြည်းရှင်းလင်းခဲ့ခြင်းဖြစ်သည်။ ဂျက်ဖရီ ဟယ်ရီစင်နှင့် ပီတာ ဂရဲန့်ထ်တို့၏ သိမ်းစ်မြစ်အသွင်ပြောင်းခြင်းဟူသောစာအုပ်တွင် လူတို့သည် ပူးပေါင်းပြီးအများအကျိုးဆောင်ကြသောအခါ ထူးခြားသောအောင်မြင်မှုကို ရရှိနိုင်ကြောင်း ရေးသားဖော်ပြထားသည်။ ထိုစာအုပ်၏စကားချီးတွင် ဗြိတိန်နိုင်ငံ၏ အဲဒင်ဗာ့ဂ်မြို့စားက ဤသို့ရေးသားခဲ့သည်– “ထိန်းသိမ်းခြင်းအခက်အခဲများသည် အမှန်အားဖြင့် ယူဆထားသလောက် မခက်ခဲပါဟုယူမှတ်အားရှိဖွယ်ဖြစ်သည့်တိုင် အကြီးအကျယ်အောင်မြင်မှုရရှိပြီဖြစ်ခြင်းကို ထုတ်ဖော်ကြေညာသင့်ပေသည်။ . . . သိမ်းစ်မြစ်တွင် ဖြစ်မြောက်မှုမှ သူတို့အားယူနိုင်ကြပါသည်။ သတင်းကောင်းမှာ ဖြစ်နိုင်သည့်အပြင် စီမံချက်များလည်း အောင်မြင်နိုင်ခြင်းဖြစ်သည်။”
“မဟာသန့်စင်မှု” ဟူသောအခန်းတွင် လွန်ခဲ့သောအနှစ် ၅၀ အတွင်းဖြစ်မြောက်ခဲ့ရာများအကြောင်း ဟယ်ရီစင်နှင့် ဂရဲန့်ထ်တို့က ဤသို့စိတ်အားထက်သန်စွာ ရေးသားခဲ့ကြသည်– “ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အကြီးအကျယ်ညစ်ညမ်း၍ စက်မှုလုပ်ငန်းအများအပြားရှိသောမြစ်သည် ရေကြက်ငှက်နှင့် ငါးများပေါများလာသည့်အဆင့်အထိပြန်သန့်လာပေပြီ။ ယခင်က အတော်ပင်မျှော်လင့်ချက်မရှိပုံပေါ်သည့် အခြေအနေမှ ဤမျှလျင်မြန်စွာပြောင်းလဲလာခဲ့ခြင်းက အဆိုးမြင်သဘောထားအရှိဆုံး တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းသူကိုပင် အားတက်စေသည်။”
ထို့နောက် အသွင်ပြောင်းခြင်းကို သူတို့ဤသို့ဖော်ပြခဲ့ကြသည်– “နှစ်များတစ်လျှောက် ၎င်းမြစ်၏အခြေအနေသည် တဖြည်းဖြည်းယိုယွင်းပျက်စီးလာရာ ဒုတိယကမ္ဘာစစ်အတွင်း ပင်မမိလ္လာပိုက်လိုင်းများပျက်စီးသွားသောအခါ အညစ်ညမ်းဆုံးဖြစ်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်နှင့် ၁၉၅၀ ပြည့်နှစ်များအတွင်း သိမ်းစ်မြစ်သည် အနိမ့်ဆုံးအဆင့်သို့ရောက်သွားလေသည်။ ထိုမြစ်သည် ပွင့်နေသောမိလ္လာမြောင်းနှင့်မထူးမခြားလှပေ; မြစ်ရေသည်မဲညစ်နေပြီး အောက်ဆီဂျင်မရှိဘဲ နွေရာသီလများအတွင်း သိမ်းစ်မြစ်မှအနံ့ဆိုးကို အတော်ဝေးဝေးမှရ၏။ . . . ရေမျက်နှာပြင်မှ လေကိုတိုက်ရိုက်ရှူနိုင်စွမ်းကြောင့် အသက်ရှင်ကျန်ရစ်သော ငါးရှဉ့်မျိုးအချို့မှအပ တစ်ကြိမ်က ပေါများလှသောငါးများသည် နောက်ဆုံးထွက်ခွာသွားကြသည်။ တိုက်တာများပြည့်နေသည့် လန်ဒန်နှင့် ဝူးလ်ဝိချ်မြို့များကြား မြစ်ကြောတစ်လျှောက်တွင် တောဘဲနှင့်ဘဲငန်းလက်တစ်ဆုပ်စာသာ ကျန်ရှိတော့၍ ယင်းတို့သည် သဘာဝအစာကိုမဟုတ်ဘဲ သီးနှံတင်ဆိပ်ကမ်းဘောတံတားများပေါ် ဖိတ်ကျထားရာတို့ကို မှီဝဲခဲ့ကြရသည်။ . . . ထိုစဉ်ကအခြေအနေရုတ်တရက်ပြောင်းပြန် ဖြစ်ပျက်တော့မည်ကို မည်သူယုံမည်နည်း။ ဆယ်နှစ်အတွင်း အဆိုပါမြစ်ကြောများသည် ငှက်လုံးဝမရှိသည့်အခြေအနေမှ ဆောင်းခိုသည့် တောကြက် ၁၀,၀၀၀ နှင့် ရေစပ်နေငှက် ၁၂,၀၀၀ အပါအဝင် ရေငှက်မျိုးစိတ်များစွာအတွက် မှီခိုကျက်စားရာနေရာများအဖြစ်ပြောင်းလဲခဲ့သည်။”
ထိုဖော်ပြချက်သည် ကမ္ဘာ့အရပ်ဒေသလေးတစ်ခုမှ အပြောင်းအလဲလေးမျှသာဖြစ်သည်မှာ မှန်ပါသည်။ သို့ရာတွင် အဆိုပါနမူနာမှ ကျွန်ုပ်တို့သင်ခန်းစာရယူနိုင်ပါ၏။ လူတို့၏အလွဲသုံးစားပြုမှု၊ လောဘနှင့် အဆင်အခြင်ကင်းမဲ့မှုတို့ကြောင့် ကမ္ဘာဂြိုဟ်ပျက်စီးလိမ့်မည်ဟု ယူမှတ်စရာမလိုကြောင်း ယင်းကဖော်ပြသည်။ သင့်လျော်သောပညာရေးနှင့် ပူးပေါင်းပြီး အများအကျိုးဆောင်ခြင်းသည် ကမ္ဘာမြေကြီး၏သတ္တလောက၊ ပတ်ဝန်းကျင်နှင့် မြေမျက်နှာပြင်တို့ အကြီးအကျယ်ပျက်စီးနေခြင်းကိုပင် ပြန်လည်ကောင်းမွန်စေနိုင်ပါသည်။ သို့သော် ရောက်တတ်ရာရာလှည့်ပတ်နေသော ကြယ်တံခွန် သို့မဟုတ် ဂြိုဟ်မွှားကဲ့သို့သော ပြင်ပမှစွမ်းအားများကြောင့် ဖြစ်နိုင်ဖွယ်ရှိသော ပျက်စီးမှုနှင့်ပတ်သက်၍ကော အသို့နည်း။
နောက်ဆောင်းပါးတွင် စိတ်ရှုပ်ထွေးစေသော ထိုမေးခွန်း၏ ကျေနပ်ဖွယ်အဖြေရရှိနိုင်သည့်နည်းလမ်းပါရှိသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ပညာပေးခြင်းနှင့် ပူးပေါင်း ကြိုးပမ်းမှုသည် ကမ္ဘာမြေကြီး လွန်စွာပျက်စီးနေခြင်းကိုပင် ပြန်လည် ကောင်းမွန်စေနိုင်သည်