“စည်းလုံးမှုနှင့် ညီအစ်ကိုအသင်းအပင်း၏ စံနမူနာ” တစ်ခု
ယင်းသို့ အမျိုးသမီးတစ်ဦးဖော်ပြခဲ့သည်။ သူမ၏မိသားစုမှသူတစ်ဦးဆုံးရှုံးရသည့် စိတ်ဝေဒနာကိုခံစားရပြီးနောက် ယေဟောဝါသက်သေများ၏လုပ်ရပ်များကို ဆိုလိုခြင်းဖြစ်သည်။ သူမက ဤသို့ ရှင်းပြသည်–
“ကျွန်မနှင့် ကျွန်မမိသားစုကိုယ်စား ဂျာမနီနိုင်ငံ၊ ဖရိုင်းဘဂ်မြို့ရှိ အီတာလျံအသင်းတော်မှ သက်သေခံများကို ကျေးဇူးတင်ကြောင်းပြောလိုပါသည်။ ကျွန်မ၏အစ်ကိုအန်တိုနီယိုနှင့် သူ့ဇနီးအန်နာမှလွဲ၍ ကျွန်မတို့မိသားစုသည် ယေဟောဝါသက်သေများမဟုတ်ကြပါ။ ထိုဘာသာကိုကျွန်မတို့အစဉ်လေးစားခဲ့ကြသော်လည်း သူတို့၏ရွေးချယ်မှုကို ကြာမြင့်စွာကတည်းက ကျွန်မတို့အပြစ်တင်ဝေဖန်ခဲ့ကြသည်။
“သို့သော်၊ ယခု ကျွန်မတို့၏စိတ်ပြောင်းရပါတော့မည်။ အမှန်ဆိုလျှင် ကျွန်မတို့တစ်ခါမျှမျှော်လင့်မထားသော ညီအစ်ကိုအသင်းအပင်းနှင့် မေတ္တာ၏စံနမူနာကို ကျွန်မတို့တွေ့ကြုံခံစားခဲ့ကြရသည်။
“ဝမ်းနည်းဖွယ်ရာမှာ အန်နာသည် ယာဉ်တိုက်မှုကြောင့် အချိန်မတန်ဘဲသေဆုံးသွားခဲ့ရသည်။ ကျွန်မတို့သည် အီတလီနိုင်ငံတွင်နေထိုင်ကြသောကြောင့် ကျွန်မအစ်ကိုအန်တိုနီယိုနှင့် သူ၏ကလေးများကို အနည်းအကျဉ်းသာ ထောက်ကူပေးနိုင်ခဲ့ကြသည်။ သို့သော် သူ၏သက်သေခံညီအစ်ကိုများက ဝင်ပြီးကူညီပေးခဲ့ကြ၏။ သူတို့ကိုယ်တိုင်လာရောက်ခြင်း၊ သူတို့၏စကားများ၊ သူတို့၏ယုံကြည်ခြင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် ငွေရေးကြေးရေးပိုင်းတို့မှ ကူညီပေးကြ၏။ အသင်းတော်ကို ကျွန်မကိုယ်တိုင်ကိုယ်ကျ ကျေးဇူးမတင်နိုင်သောကြောင့် သင်တို့၏မဂ္ဂဇင်းမှတစ်ဆင့် ကျွန်မတို့မေ့လျော့မည်မဟုတ်သော သူတို့၏စည်းလုံးမှုနှင့် ညီအစ်ကိုအသင်းအပင်းစံနမူနာကို ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။”
ဤအမျိုးသမီး၏ ကြင်နာသောစကားများကို လေးမြတ်တန်ဖိုးထားပါသည်။ သူမ သတိပြုမိသည့်အတိုင်း ယေဟောဝါသက်သေများသည် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းတစ်ရပ်ဖြစ်သည်။ (၁ ပေတရု ၂:၁၇) မေတ္တာသည် ‘စုံလင်သောအနှောင်အဖွဲ့’ ဖြစ်ကြောင်းသိထားကြကာ သူတို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာမှုနှောင်ကြိုးခိုင်မြဲရန် ကြိုးစားကြသည်။ (ကောလောသဲ ၃:၁၄) ကျွန်ုပ်တို့အားလုံးတွေ့ကြုံနိုင်သော ဝမ်းနည်းဖွယ်အကောင်းဆုံးအခြေအနေမျိုး၌ပင်လျှင် ယေဟောဝါသက်သေများသည် ဘုရားသခင်နှင့်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်နှင့်ဖြစ်စေ နီးကပ်စွာနေကြပါသည်။—သု. ၁၈:၂၄; ဒေသနာ ၉:၁၁; ယောဟန် ၁၃:၃၄၊ ၃၅။