အသက်လမ်း အတွက် လမ်းညွှန်တိုင်များ
သင်အကျွမ်းတဝင်မရှိသောလမ်းပေါ် ခရီးသွားနေသည်ဆိုလျှင် လမ်းညွှန်တိုင်များကို အနှောင့်အယှက်တစ်ခုအဖြစ် သင်မြင်မည်လော။ မြင်မည်မဟုတ်ပေ! သင်ရောက်လိုသည့်ခရီးမှ လမ်းလွှဲမသွားစေဖို့ကူညီပေးသော အထောက်အကူအဖြစ် သင်မြင်မည်မှာသေချာသည်။
သို့သော် အသက်လမ်းတွင်ကော အသို့နည်း။ လမ်းညွှန်တိုင်များမရှိဘဲ အောင်မြင်စွာသွားနိုင်မည်လော။ ဤကိစ္စနှင့်ပတ်သက်သည့် လူ့အားနည်းချက်များကို ရှေးခေတ် ဘုရားသခင့်ပရောဖက်တစ်ပါးက အသိအမှတ်ပြုခဲ့သည်။ သူဤသို့ဆိုခဲ့သည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို ကိုယ်တိုင်ရွေးချယ်၍မရ; သူ၏ဘဝလမ်းခရီးကိုလည်း ဆုံးဖြတ်၍မရပါ။”—ယေရမိ ၁၀:၂၃၊ အင်္ဂလိပ်ကျမ်းစာသစ်။
သို့ဖြစ်လျှင် လိုအပ်သောလမ်းညွှန်မှုကို အဘယ်နေရာတွင်တွေ့ ရှိနိုင်မည်နည်း။ ယင်းသို့သောလမ်းညွှန်မှု၏ ယုံကြည်စိတ်ချရသောအရင်းအမြစ်မှာ လူ့ဖန်ဆင်းရှင်ဖြစ်ပြီး ပုံဆောင်လမ်းညွှန်တိုင်များကို သမ္မာကျမ်းစာတွင်တွေ့ ရှိနိုင်သည်။ မိမိ၏နှုတ်မြွက်စကားတော်အားဖြင့် ယေဟောဝါက ဤသို့မိန့်တော်မူခဲ့၏– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင်၊ ‘ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့’ ဟုသင့်နောက်၌ပြောသောစကားကို ကိုယ်နားနှင့်ကြားရလိမ့်မည်။”—ဟေရှာယ ၃၀:၂၁။
မှန်ပါသည်၊ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့ဘဝကဏ္ဍအသီးသီးအတွက် ယုံကြည်စိတ်ချရသော လမ်းညွှန်မှုကိုပေးထားပါသည်။ (ဟေရှာယ ၄၈:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇) သို့သော် လူအများစုသည် ဘုရားသခင့်လမ်းညွှန်မှုနှင့်ကင်းကွာလျက် ဘဝလမ်းခရီးကိုနှင်နေကြသည်မှာ ဝမ်းနည်းစရာပင်။ (မဿဲ ၇:၁၃) သို့ဖြစ်လျက်ပင် လမ်းညွှန်တိုင်များကိုအခိုင်အမာစိုက်ထူထားဆဲဖြစ်သည်! အသက်လမ်းကိုလျှောက်လှမ်းနေစဉ် ယင်းတို့ကိုသင်လိုက်နာမည်လော။