ယေရုရှလင်—“မဟာမင်းကြီး၏မြို့တော်”
“ယေရုရှလင်မြို့ကိုတိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏ မြို့တော်ဖြစ်သတည်း။”—မဿဲ ၅:၃၄၊ ၃၅။
၁၊ ၂။ ယေရုရှလင်နှင့်ပတ်သက်၍ အဘယ်အရာသည် လူအချို့အတွက်စဉ်းစားရခက်စေမည်နည်း။
ယေရုရှလင်—ယင်းအမည်ကိုယ်နှိုက်ကပင် ဘာသာအသီးသီးမှလူတို့ကို ပြင်းပြသောစိတ်ထားများပေါ်ထွက်စေသည်။ မှန်ပါသည်၊ ဤရှေးဟောင်းမြို့တော်ကို သတင်းများတွင် မကြာခဏဖော်ပြတတ်ရာ ယင်းကို ကျွန်ုပ်တို့လျစ်လျူရှုမထားနိုင်ကြချေ။ သို့သော် ဝမ်းနည်းစရာမှာ သတင်းများစွာကဖော်ပြသည့်အတိုင်း ယေရုရှလင်မြို့သည် ငြိမ်သက်ခြင်းတည်ရာအရပ် အမြဲမဟုတ်ခြင်းဖြစ်သည်။
၂ ယင်းသည် သမ္မာကျမ်းစာဖတ်ရှုသူအချို့အတွက် စဉ်းစားရခက်စေပေမည်။ တစ်ချိန်က ယေရုရှလင်မြို့၏နာမည်အတိုကောက်သည် “ငြိမ်သက်ခြင်း” ဟုအဓိပ္ပာယ်ရှိသောရှာလင်ဖြစ်၏။ (ကမ္ဘာဦး ၁၄:၁၈; ဆာလံ ၇၆:၂; ဟေဗြဲ ၇:၁၊ ၂) ထို့ကြောင့် သင်သည် ဤသို့တွေးမိပေမည်။ ‘လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ဤအမည်ရှိသောမြို့သည် အဘယ်ကြောင့် ငြိမ်သက်ခြင်း ဤမျှကင်းမဲ့ခဲ့ရသနည်း။’
၃။ ယေရုရှလင်အကြောင်း စိတ်ချရသောအချက်အလက်များကို အဘယ်တွင်ရရှိနိုင်သနည်း။
၃ ထိုမေးခွန်းကိုဖြေဆိုရန် သမိုင်းနောက်ကြောင်းနှင့် ရှေးခေတ်ယေရုရှလင်မြို့အကြောင်းသိရှိရန်လိုသည်။ သို့သော် အချို့က ‘ရှေးခေတ်သမိုင်းကိုလေ့လာရန် အချိန်မရှိ’ ဟုထင်ပေမည်။ သို့သော် ယေရုရှလင်မြို့၏ရှေးခေတ်သမိုင်းကို တိကျမှန်ကန်စွာသိရှိထားခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက်တန်ဖိုးရှိ၏။ ထိုသို့ဖြစ်ရသည့်အကြောင်းကို သမ္မာကျမ်းစာက ဤသို့ဖော်ပြထားသည်– “ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်းအကြောင်းကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမသြဝါဒပေး၍ရေးထားသတည်း။” (ရောမ ၁၅:၄) ယေရုရှလင်မြို့အကြောင်း သမ္မာကျမ်းစာအသိပညာသည် ကျွန်ုပ်တို့အားနှစ်သိမ့်မှုပေးနိုင်သည်၊ ထို့အပြင် ၎င်းမြို့၌သာမက ကမ္ဘာတစ်ဝန်းတွင်ငြိမ်သက်ခြင်းရှိမည်ဟု မျှော်လင့်နိုင်သည်။
“[ယေဟောဝါ] ၏ရာဇပလ္လင်တော်” တည်ရာ
၄၊ ၅။ ဘုရားသခင်၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာ၌ ယေရုရှလင်မြို့သည် အဓိကကဏ္ဍမှပါဝင်ရန် ဒါဝိဒ်မည်သို့ဆောင်ရွက်ပေးခဲ့သနည်း။
၄ ဘီ.စီ.အီး. ၁၁ ရာစုတွင် ယေရုရှလင်မြို့သည် ငြိမ်းချမ်းလုံခြုံသည့် နိုင်ငံတစ်ခု၏မြို့တော်အဖြစ် ကမ္ဘာသိဖြစ်လာခဲ့သည်။ ယေဟောဝါဘုရားသခင်သည် ရှေးဣသရေလနိုင်ငံကိုအုပ်စိုးရန် လူငယ်ဒါဝိဒ်ကိုဘုရင်အဖြစ်ဘိသိက်ပေးခဲ့သည်။ ယေရုရှလင်မြို့တွင် အစိုးရတည်ရှိသဖြင့် ဒါဝိဒ်နှင့်သူ၏မင်းမျိုးမင်းနွယ်များသည် “[ယေဟောဝါ] ၏နိုင်ငံတော်ရာဇပလ္လင်” သို့မဟုတ် “[ယေဟောဝါ] ၏ပလ္လင်” ပေါ်တွင်ထိုင်လာခဲ့ကြသည်။—၁ ရာဇဝင်ချုပ် ၂၈:၅; ၂၉:၂၃။
၅ ဘုရားသခင်ကိုကြောက်ရွံ့သောယုဒအနွယ်ဝင် ဣသရေလလူမျိုးတစ်ဦးဖြစ်သူ ဒါဝိဒ်သည် ရုပ်ပုံကိုးကွယ်သောယေဗုသိလူတို့ထံမှ ယေရုရှလင်မြို့ကိုသိမ်းပိုက်ခဲ့သည်။ ထိုစဉ်က မြို့သည် ဇိအုန်တောင်တစ်ခုကိုသာ နေရာယူထားသည်၊ သို့သော် ထိုအမည်သည် ယေရုရှလင်အတွက် သဘောချင်းတူသည့်စကားလုံးဖြစ်လာခဲ့သည်။ အတန်ကြာသော် ဒါဝိဒ်သည် ဣသရေလလူမျိုးနှင့်ဖွဲ့ခဲ့သော ဘုရားသခင့်ပဋိညာဉ်သေတ္တာတော်ကို ယေရုရှလင်မြို့သို့ပြောင်းရွှေ့ပြီး တဲတော်၌ထားခဲ့သည်။ အစောပိုင်းနှစ်များတွင် ဘုရားသခင်သည် ထိုမြင့်မြတ်သောသေတ္တာတော်အထက်ရှိမိုးတိမ်မှ မိမိ၏ပရောဖက်မောရှေအား စကားပြောခဲ့သည်။ (ထွက်မြောက်ရာ ၂၅:၁၊ ၂၁၊ ၂၂; ဝတ်ပြုရာ ၁၆:၂; ၁ ရာဇဝင်ချုပ် ၁၅:၁-၃) သေတ္တာတော်သည် ဘုရားသခင်ကျိန်းဝပ်နေခြင်းကိုပုံဆောင်ခဲ့သည်။ အကြောင်းမှာ ယေဟောဝါသည် ဣသရေလလူမျိုး၏စစ်မှန်သောဘုရင်ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် နှစ်ထပ်ကွမ်းသဘောမျိုးဖြင့် ယေဟောဝါဘုရားသခင်သည် ယေရုရှလင်မြို့မှအုပ်စိုးသည်ဟု ပြောနိုင်သည်။
၆။ ယေဟောဝါသည် ဒါဝိဒ်နှင့် ယေရုရှလင်မြို့တို့နှင့်ပတ်သက်၍ အဘယ်ကတိကိုပေးခဲ့သနည်း။
၆ ဇိအုန် သို့မဟုတ် ယေရုရှလင် ပုံဆောင်သည့် ဒါဝိဒ်အမျိုးအနွယ်၏နိုင်ငံသည် အဆုံးမရှိတည်မည်ဟု ယေဟောဝါကတိပေးခဲ့သည်။ ဆိုလိုသည်မှာ ဒါဝိဒ်မှဆင်းသက်သူတစ်ဦးသည် ဘုရားသခင်၏ဘိသိက်ခံ—မေရှိယ သို့မဟုတ် ခရစ်တော်—အဖြစ် ထာဝစဉ်အုပ်ချုပ်ခွင့်ရရှိမည်ဟူသောအဓိပ္ပာယ်ဖြစ်သည်။a (ဆာလံ ၁၃၂:၁၁-၁၄; လုကာ ၁:၃၁-၃၃) “[ယေဟောဝါ] ၏ပလ္လင်” တော်ကိုထာဝရအမွေခံသူသည် ယေရုရှလင်မြို့၌သာမကဘဲ နိုင်ငံအားလုံးကိုအုပ်စိုးရလိမ့်မည်ဟူ၍လည်း သမ္မာကျမ်းစာကဖော်ပြသည်။—ဆာလံ ၂:၆-၈; ဒံယေလ ၇:၁၃၊ ၁၄။
၇။ ဘုရင်ဒါဝိဒ်သည် စင်ကြယ်သောဝတ်ပြုရေးကို မည်သို့မြှင့်တင်ခဲ့သနည်း။
၇ ဘုရားသခင်၏ဘိသိက်ခံ ဘုရင်ဒါဝိဒ်ကိုဖယ်ရှားရန်ကြိုးစားခဲ့ခြင်းတို့သည် အချည်းနှီးသက်သက်ဖြစ်ခဲ့သည်။ ယင်းအစား ရန်သူနိုင်ငံများသာ နှိမ်နင်းခံခဲ့ရပြီး ကတိထားရာပြည်တော်၏နယ်နိမိတ်ကို ဘုရားသခင်သတ်မှတ်ထားသည့်အစွန်းအထိတိုးချဲ့နိုင်ခဲ့သည်။ ဒါဝိဒ်သည် ဤအခြေအနေကိုအခွင့်အရေးယူကာ စင်ကြယ်သောဝတ်ပြုရေးကို မြှင့်တင်ခဲ့သည်။ ထို့အပြင် ဒါဝိဒ်၏ဆာလံသီချင်းများစွာသည် ယေဟောဝါအား ဇိအုန်ရှိစစ်မှန်သောဘုရင်အဖြစ် ချီးမွမ်းထောမနာပြုထားသည်။—၂ ဓမ္မရာဇဝင် ၈:၁-၁၅; ဆာလံ ၉:၁၊ ၁၁; ၂၄:၁၊ ၃၊ ၇-၁၀; ၆၅:၁၊ ၂; ၆၈:၁၊ ၂၄၊ ၂၉; ၁၁၀:၁၊ ၂; ၁၂၂:၁-၄။
၈၊ ၉။ ရှောလမုန်ဘုရင်လက်ထက်၌ ယေရုရှလင်မြို့တွင် စစ်မှန်သောဝတ်ပြုရေးသည် မည်သို့ကျယ်ပြန့်ခဲ့သနည်း။
၈ ဒါဝိဒ်၏သားရှောလမုန်လက်ထက်တွင် ယေဟောဝါ၏ဝတ်ပြုရေးသည် အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ ရှောလမုန်သည် (မျက်မှောက်ခေတ် ကျောက်သားခေါင်းလုံးဗလီရှိရာ) မောရိယတောင်ပါပါဝင်စေရန် ယေရုရှလင်ကို မြောက်ဘက်သို့တိုးချဲ့ခဲ့သည်။ သူသည် ဤသာ၍မြင့်သောအရပ်တွင် ယေဟောဝါအားဂုဏ်တင်ချီးမွမ်းသည့် ခမ်းနားထည်ဝါသောဗိမာန်တော်တစ်ခုဆောက်လုပ်ခွင့်ရရှိခဲ့သည်။ ဤဗိမာန်တော်၏အသန့်ရှင်းဆုံးအခန်းတွင် ပဋိညာဉ်သေတ္တာတော်ကို ထားခဲ့သည်။—၃ ဓမ္မရာဇဝင် ၆:၁-၃၈။
၉ ယေရုရှလင်တွင်ဗဟိုပြုထားသော ယေဟောဝါ၏ဝတ်ပြုရေးကို ဣသရေလလူမျိုးသည် စိတ်နှလုံးအပြည့်ထောက်မနေကြသ၍ ငြိမ်သက်မှုခံစားခဲ့ကြသည်။ ဤအခြေအနေကို လှပတင့်တယ်စွာဖွဲ့နွဲ့ကာ ကျမ်းစာကဤသို့ဆိုသည်– “ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက်နေကြ၏။ ရှောလမုန်သည် . . . အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။ လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် . . . အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။”—၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၄၊ ၂၅။
၁၀၊ ၁၁။ ရှောလမုန်လက်ထက် ယေရုရှလင်မြို့အကြောင်း သမ္မာကျမ်းစာအဆိုကို ရှေးဟောင်းသုတေသနက မည်သို့ထောက်ခံသနည်း။
၁၀ ရှေးဟောင်းသုတေသနဆိုင်ရာတွေ့ရှိချက်များက ဤသာယာဝပြောသော ရှောလမုန်၏လက်ထက်အကြောင်းကို ထောက်ခံအတည်ပြုသည်။ ပါမောက္ခယိုဟာနာ အာဟာရိုနီက သူ၏ အစ္စရေးနိုင်ငံ၏ရှေးဟောင်းသုတေသနစာအုပ်တွင် ဤသို့ဖော်ပြထားသည်– “အရပ်ရပ်မှ နန်းတွင်းသို့ဆက်သသောဘဏ္ဍာနှင့် ဖြစ်ထွန်းသည့်ကုန်သွယ်မှုတို့ကြောင့် . . . စည်းစိမ်မျိုးစုံ အလျင်အမြန် သိသာထင်ရှားစွာ ပေါကြွယ်လာခဲ့သည်။ . . . ဤသို့စည်းစိမ်ရှိသည့်ပြောင်းလဲမှုကို . . . ဇိမ်ခံပစ္စည်းများတွင်သာမက အထူးသဖြင့် ကြွေထည်ပစ္စည်းများတွင်လည်းတွေ့ရှိရသည်။ . . . မြေထည်များနှင့် ယင်း၏ မီးဖုတ်နည်းစနစ်အရည်အသွေးသည် အကြီးအကျယ်တိုးတက်ခဲ့သည်။”
၁၁ အလားတူစွာ ဂျယ်ရီ အဲမ်. လန်ဒေက ဤသို့ရေးသားခဲ့သည်– “ရှောလမုန်လက်ထက်၌ ဣသရေလလူမျိုး၏စည်းစိမ်သည် ယခင်နှစ်ပေါင်းနှစ်ရာအတွင်းကထက် အနှစ်သုံးဆယ်အတွင်း ပို၍တိုးတက်ခဲ့သည်။ တူးဖော်တွေ့ရှိရသော ရှောလမုန်ခေတ်မှပစ္စည်းများတွင် ခမ်းနားလှသောအဆောက်အဦအကြွင်းအကျန်များ၊ ကြီးမားသောမြို့ကြီးများနှင့် ကျယ်ပြန့်သောမြို့ရိုးများ၊ လူကုံထံများနေထိုင်ရာအိမ်ကြီးအိမ်ကောင်းရပ်ကွက်များ တစ်ဟုန်ထိုးတိုးများလာခြင်း၊ အိုးလုပ်ငန်းနည်းပညာကျွမ်းကျင်မှုနှင့် ယင်း၏ကုန်ထုတ်လုပ်မှုစနစ်တို့ အဆမတန်တိုးတက်လာခြင်းတို့ကိုတွေ့ရသည်။ ရပ်ဝေးနယ်ခြားတွင်ထုတ်လုပ်သော လူသုံးကုန်ပစ္စည်းအစအနများကိုလည်းတွေ့ရရာ အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေး ထွန်းကားခဲ့သည့်လက္ခဏာဖြစ်သည်။”—ဒါဝိဒ်၏အိမ်တော်။
ငြိမ်သက်ခြင်းမှ ပျက်စီးခြင်းသို့
၁၂၊ ၁၃။ ယေရုရှလင်မြို့တွင် စစ်မှန်သောဝတ်ပြုရေးကို အဘယ်ကြောင့်ဆက်၍မမြှင့်တင်ခဲ့ကြသနည်း။
၁၂ ယေဟောဝါ၏သန့်ရှင်းရာဌာနတည်ရာမြို့တော်၊ ယေရုရှလင်မြို့၏ငြိမ်းချမ်းသာယာဝပြောမှုသည် ဆုတောင်းရန်သင့်တော်သောအကြောင်းတစ်ခုဖြစ်ခဲ့သည်။ ဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– “‘ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆုတောင်းကြလော့။ ထိုမြို့ကိုမြတ်နိုးစုံမက်သောသူတို့သည် ချမ်းသာရကြပါစေသော။ သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။ သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသော’ ဟုငါသည်ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက်ပြောဆိုပါမည်။” (ဆာလံ ၁၂၂:၆-၈) ရှောလမုန်သည် ထိုငြိမ်းချမ်းသောမြို့တော်တွင် ခမ်းနားသောဗိမာန်တော်ကို ဆောက်လုပ်ခွင့်ရခဲ့သော်လည်း နောက်ပိုင်း၌ အယူမှားသောမိန်းမများစွာကို ထိမ်းမြားခဲ့သည်။ သူ၏အသက်ကြီးပိုင်းအရွယ်တွင် မိန်းမများသည် ထိုခေတ်ကမှောက်မှားသောဘုရားများဝတ်ပြုရေးကိုမြှင့်တင်ရန် သွေးဆောင်ခဲ့ကြသည်။ ဤဖောက်ပြန်မှုသည် နိုင်ငံတစ်ခုလုံးကို ထိခိုက်ယိုယွင်းစေခဲ့ရာ ယင်းမြို့နှင့် မြို့သားများထံမှ စစ်မှန်သောငြိမ်သက်ခြင်းကိုပပျောက်စေခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၁:၁-၈; ၁၄:၂၁-၂၄။
၁၃ ရှောလမုန်၏သားရောဗောင်လက်ထက်အစောပိုင်း၌ ဆယ်နွယ်ပုန်ကန်ပြီး မြောက်ဘက်ဣသရေလနိုင်ငံကိုတည်ထောင်ခဲ့ကြသည်။ သူတို့၏အရုပ်ကိုးကွယ်မှုကြောင့် ဘုရားသခင်သည် အာရှုရိနိုင်ငံအားဖြင့် ထိုနိုင်ငံကို မှောက်လှန်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၂:၁၆-၃၀) တောင်ဘက်ရှိ ယုဒနှစ်နွယ်နိုင်ငံသည် ယေရုရှလင်မြို့တွင် ဆက်၍ဗဟိုပြုခဲ့သည်။ သို့သော် အတန်ကြာလေသော် သူတို့သည်လည်း စင်ကြယ်သောဝတ်ပြုရေးမှသွေဖည်သွားကြရာ ဘုရားသခင်သည် ဘီ.စီ.အီး. ၆၀၇ တွင် ထိုထင်ရာစိုင်းသောမြို့ကို ဗာဗုလုန်လူမျိုးများ၏လက်ချက်ဖြင့် ဖျက်ဆီးခံရရန်ခွင့်ပြုခဲ့သည်။ ပြည်နှင်ဒဏ်ခံရသောဂျူးများသည် အနှစ် ၇၀ ခန့်ဗာဗုလုန်နိုင်ငံတွင် သုံ့ပန်းများအဖြစ်လုံးပါးပါးခဲ့ကြရသည်။ ထို့နောက် ဘုရားသခင့်ကရုဏာတော်ကြောင့် ယေရုရှလင်မြို့သို့ပြန်လာကြရပြီး စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခွင့်ရခဲ့ကြသည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅-၂၁။
၁၄၊ ၁၅။ ဗာဗုလုန်သို့ပြည်နှင်ခံရပြီးနောက် ယေရုရှလင်သည် အဓိကအခန်းကဏ္ဍကို မည်သို့ပြန်လည်ရရှိခဲ့သနည်း၊ သို့သော် အဘယ်ပြောင်းလဲမှုရှိခဲ့သနည်း။
၁၄ အနှစ် ၇၀ လူသူဆိတ်ညံရာအရပ်ဖြစ်ပြီးနောက် ပျက်စီးနေသောအဆောက်အဦများသည် ချုံနွယ်ပိတ်ပေါင်းထူထပ်နေခဲ့ပေမည်။ ယေရုရှလင်မြို့ရိုးပြိုလဲနေရာ တစ်ချိန်ကတံခါးများ၊ မျှော်စင်များရှိခဲ့သည့်နေရာများတွင် အပေါက်ကြီးများဖြစ်နေသည်။ သို့တိုင် ပြန်လာသောဂျူးများသည် အားယူပြီး ယခင်ဗိမာန်တော်ရှိရာအရပ်တွင် ယဇ်ပလ္လင်ကိုတည်ကြကာ ယေဟောဝါအား နေ့စဉ်ယဇ်ပူဇော်မှုများကို စတင်ပြုလုပ်ခဲ့ကြသည်။
၁၅ ယင်းသည် အလားအလာကောင်းသောအစဖြစ်သော်လည်း ပြန်လည်တည်ထောင်ထားသော ထိုယေရုရှလင်မြို့သည် ဘုရင်ဒါဝိဒ်၏အမျိုးအနွယ်တစ်ဦးနန်းထိုင်မည့် နိုင်ငံတစ်ခု၏မြို့တော် နောက်တစ်ဖန်ပြန်မဖြစ်တော့ချေ။ ယင်းအစား ဂျူးများသည် ဗာဗုလုန်ကိုအနိုင်ရသူများခန့်အပ်သည့် ဘုရင်ခံတစ်ဦး၏အုပ်စိုးမှုကိုခံရပြီး သူတို့၏ပါးရှားသခင်များအား အခွန်ဆက်သနေကြရသည်။ (နေဟမိ ၉:၃၄-၃၇) ‘ခြေဖြင့်အနင်းခံ’ နေရသည့်အခြေအနေတွင်ရောက်ခဲ့သော်လည်း ယေရုရှလင်မြို့သည် တစ်ကမ္ဘာလုံးတွင် ယေဟောဝါဘုရားသခင်၏အထူးမျက်နှာသာရ မြို့တစ်မြို့ဖြစ်ဆဲပင်ဖြစ်ခဲ့သည်။ (လုကာ ၂၁:၂၄) စင်ကြယ်သောဝတ်ပြုရေးဗဟိုပြုရာအရပ်အဖြစ် ဤမြို့သည် ဒါဝိဒ်မင်း၏မျိုးနွယ်တစ်ဦးအားဖြင့် ကမ္ဘာကို ဘုရားသခင်ပိုင်သအုပ်စိုးခွင့်ရှိကြောင်း တင်စားခဲ့သည့်မြို့လည်းဖြစ်သည်။
မှောက်မှားသောဘာသာရေးအိမ်နီးချင်းများ၏ ဆန့်ကျင်မှုခံရ
၁၆။ ဗာဗုလုန်မှပြန်လာခဲ့ကြသောဂျူးများသည် ယေရုရှလင်မြို့ပြန်လည်တည်ထောင်ခြင်းကို အဘယ်ကြောင့်ရပ်ဆိုင်းခဲ့ကြသနည်း။
၁၆ များမကြာမီ ယေရုရှလင်မြို့သို့ ပြည်နှင်ဒဏ်ခံရာမှပြန်လာကြသော ဂျူးများသည် ဗိမာန်တော်အသစ်တစ်ခု၏အုတ်မြစ်ကိုချခဲ့ကြသည်။ သို့သော် မှောက်မှားသောဘာသာဝင်အိမ်နီးချင်းများသည် ဂျူးများပုန်ကန်လိမ့်မည်ဖြစ်ကြောင်းဖော်ပြသည့် မဟုတ်မမှန်သောစာတစ်စောင်ကို ပါးရှားဘုရင်အာတဇေရဇ်ထံရေးပို့ခဲ့ကြသည်။ သို့နှင့် အာတဇေရဇ်က ယေရုရှလင်မြို့တွင် ထပ်မံဆောက်လုပ်ခြင်းကို ပိတ်ပင်လိုက်လေသည်။ ထိုအချိန်က ၎င်းမြို့တွင်သင်နေထိုင်ခဲ့မည်ဆိုလျှင် ယင်း၏အနာဂတ်သည် မည်သို့ဖြစ်မည်နည်းဟု သင်စဉ်းစားခဲ့ပေမည်။ နောက်ဆုံးတွင် ဂျူးများသည် ဗိမာန်တော်ဆောက်လုပ်ခြင်းကိုရပ်ဆိုင်းခဲ့ကြပြီး စည်းစိမ်ဥစ္စာရှာခြင်းကို အာရုံစိုက်လာခဲ့ကြလေသည်။—ဧဇရ ၄:၁၁-၂၄; ဟဂ္ဂဲ ၁:၂-၆။
၁၇၊ ၁၈။ ယေဟောဝါသည် ယေရုရှလင်မြို့ပြန်လည်တည်ဆောက်ခြင်းကို အဘယ်နည်းများအားဖြင့် ကြည့်ရှုခဲ့သနည်း။
၁၇ သူတို့ပြန်လာပြီး ၁၇ နှစ်ခန့်အကြာတွင် ဘုရားသခင်သည် မိမိလူမျိုး၏အတွေးအခေါ်ကိုပြုပြင်ပေးရန် ပရောဖက်များဖြစ်သော ဟဂ္ဂဲနှင့် ဇာခရိတို့ကို ပေါ်ထွန်းစေခဲ့သည်။ နောင်တရကြကာ ဂျူးများသည် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ခဲ့ကြလေသည်။ ထိုအတောအတွင်း ဒါရိမင်းသည် ပါးရှားဘုရင်ဖြစ်လာ၏။ ဤသူက ယေရုရှလင်ဗိမာန်တော်ကို ပြန်လည်ဆောက်လုပ်ရမည်ဟု ဘုရင်ကုရုအမိန့်ထုတ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဒါရိမင်းသည် ဂျူးတို့၏အိမ်နီးချင်းများထံ စာတစ်စောင်ပေးပို့ကာ ‘ယေရုရှလင်မြို့မှဝေးဝေးနေကြ’ ရန်နှင့် အဆောက်အဦလုပ်ငန်းပြီးစီးရေးအတွက် ဘုရင့်အခွန်များမှဘဏ္ဍာထောက်ပံ့ရန် သတိပေးလေသည်။—ဧဇရ ၆:၁-၁၃။
၁၈ ဂျူးများသည် သူတို့ပြန်လာပြီး ၂၂ နှစ်မြောက်တွင် ဗိမာန်တော်ကိုပြီးစီးခဲ့ကြ၏။ ဤသမိုင်းမှတ်တိုင်သည် အလွန်ပင်ဝမ်းမြောက်စွာ ပွဲခံစရာဖြစ်လိမ့်မည်ဟု သင်သဘောပေါက်ပေမည်။ သို့တိုင် ယေရုရှလင်မြို့နှင့် ယင်း၏မြို့ရိုးများသည် အတော်အတန်ပြိုလဲနေဆဲဖြစ်သည်။ ထိုမြို့ကို “မြို့ဝန်နေဟမိလက်ထက်၊ ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရလက်ထက်၌” လိုအပ်သည့်ပြုပြင်မှုကိုပြုခဲ့သည်။ (နေဟမိ ၁၂:၂၆၊ ၂၇) အထောက်အထားအရ ဘီ.စီ.အီး. ငါးရာစုအကုန်ပိုင်းတွင် ယေရုရှလင်မြို့ကို ရှေးခေတ်ကမ္ဘာ့မြို့ကြီးတစ်မြို့အဖြစ် လုံးဝပြန်လည်တည်ဆောက်ပြီးစီးခဲ့သည်။
မေရှိယပေါ်ထွန်းလာ!
၁၉။ မေရှိယသည် ယေရုရှလင်မြို့၏ထူးခြားသောအနေအထားကို မည်သို့အသိအမှတ်ပြုခဲ့သနည်း။
၁၉ သို့သော် ရာစုအနည်းငယ်ခန့်ကျော်လွှားကာ စကြဝဠာနှင့်ချီသောအရေးကြီးသည့်အဖြစ်အပျက်တစ်ခုဖြစ်သော ခရစ်တော်ယေရှုမွေးဖွားခြင်းကို သုံးသပ်ကြည့်ကြစို့။ ယေဟောဝါဘုရားသခင်၏ကောင်းကင်တမန်သည် ယေရှု၏အပျိုစင်မိခင်အား ဤသို့ဆိုခဲ့သည်– “သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ . . . သူ၏နိုင်ငံသည်လည်းဆုံးခြင်းမရှိရ။” (လုကာ ၁:၃၂၊ ၃၃) နှစ်နှင့်ချီကြာပြီးနောက် ယေရှုသည် ကျော်ကြားသောတောင်ပေါ်တရားတော်ကို ဟောပြောခဲ့သည်။ ယင်းတွင် အကြောင်းအရာများစွာနှင့်ပတ်သက်၍ ကိုယ်တော်သည် အားပေးစကား၊ ဆုံးမစကားများကို ပြောဆိုခဲ့သည်။ ဥပမာ၊ ဘုရားသခင်အားပေးသောကတိကဝတ်များကိုပြုရန်၊ တစ်ကြိမ်တည်းတွင် ပေါ့ပေါ့ပျက်ပျက် ကတိပြုကျိန်ဆိုခြင်းမပြုရန်သတိပြုဖို့ ပရိသတ်အား ကိုယ်တော်တိုက်တွန်းခဲ့သည်။ ယေရှုက ဤသို့ဆို၏– “တစ်ဖန်တုံ၊ ‘မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကိုပြုသည်အတိုင်း ထာဝရဘုရားရှေ့တော်၌ တည်စေလော့’ ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကိုအလျှင်းမပြုရ။ ကောင်းကင်ဘုံကိုတိုင်တည်၍ မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။ မြေကြီးကိုတိုင်တည်၍ မကျိန်ရ။ မြေကြီးကားဘုရားသခင်၏ ခြေတော်တင်ရာခုံဖြစ်သတည်း။ ယေရုရှလင်မြို့ကိုတိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏ မြို့တော်ဖြစ်သတည်း။” (မဿဲ ၅:၃၃-၃၅) ရာစုနှစ်များစွာရရှိခဲ့သည့် ယေရုရှလင်မြို့၏ထူးခြားသောအနေအထားကို ယေရှုအသိအမှတ်ပြုကြောင်း သတိပြုထိုက်ပေသည်။ မှန်ပါသည်၊ ယင်းသည် ယေဟောဝါဘုရားသခင် “မဟာမင်းကြီး၏မြို့တော်” ဖြစ်ခဲ့သည်။
၂၀၊ ၂၁။ ယေရုရှလင်မြို့တွင် နေထိုင်သူများစွာ၏သဘောထားသည် မည်သို့အကြီးအကျယ်ပြောင်းလဲခဲ့သနည်း။
၂၀ ယေရှုသည် သူ၏မြေကြီးအသက်တာကုန်ဆုံးခါနီးတွင် ယေရုရှလင်မြို့သားများထံ အခါသင့်ဘိသိက်ခံဘုရင်အဖြစ်ရောက်ရှိခဲ့သည်။ ထိုစိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်ကိုတုံ့ပြန်ရာတွင် လူများစွာသည် ရွှင်လန်းစွာဖြင့် ဤသို့ကြွေးကြော်ခဲ့ကြသည်– “ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။”—မာကု ၁၁:၁-၁၀; ယောဟန် ၁၂:၁၂-၁၅။
၂၁ သို့ရာတွင် တစ်ပတ်မကြာပါ၊ လူအုပ်ကြီးသည် ယေရှုကိုဆန့်ကျင်ရန် ယေရုရှလင်ဘာသာရေးခေါင်းဆောင်များ၏လှုံ့ဆော်မှုကိုခံခဲ့ကြသည်။ ယေရုရှလင်မြို့နှင့် လူမျိုးတစ်မျိုးလုံးသည် ဘုရားသခင့်ရှေ့ သူတို့၏မျက်နှာသာရအနေအထား ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ကိုယ်တော်သတိပေးခဲ့သည်။ (မဿဲ ၂၁:၂၃၊ ၃၃-၄၅; ၂၂:၁-၇) ဥပမာ၊ ယေရှုက ဤသို့မိန့်မြွက်ခဲ့သည်– “အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည်မိမိသားငယ်တို့ကို အတောင်အောက်၌စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာငါအလိုရှိပြီ။ သင်မူကားအလိုမရှိ။ သင်တို့နေသောအိမ်သည် သင်တို့၌လူဆိတ်ညံလျက်ကျန်ရစ်ရ၏။” (မဿဲ ၂၃:၃၇၊ ၃၈) စီ.အီး. ၃၃ ပသခါပွဲကျင်းပချိန်တွင် ယေရှုကိုဆန့်ကျင်သူများသည် ကိုယ်တော်အား ယေရုရှလင်မြို့ပြင်တွင် မတရားစီရင်ခဲ့ကြသည်။ သို့သော် ယေဟောဝါသည် ကိုယ်တော်၏ဘိသိက်ခံကိုထမြောက်စေခဲ့ပြီး ကောင်းကင်ဇိအုန်တွင် မသေနိုင်သောနာမ်ဝိညာဉ်အသက်တာဖြင့်ချီးမြှောက်ခဲ့ရာ ယင်းဖြစ်မြောက်မှုမှ ကျွန်ုပ်တို့အားလုံးအကျိုးရယူနိုင်ကြသည်။—တမန်တော် ၂:၃၂-၃၆။
၂၂။ ယေရှုသေဆုံးပြီးနောက် ယေရုရှလင်အားရည်ညွှန်းချက်များစွာသည် အဘယ်အရာနှင့်သက်ဆိုင်သနည်း။
၂၂ ထိုအချိန်မှစ၍ ဇိအုန် သို့မဟုတ် ယေရုရှလင်မြို့နှင့်ပတ်သက်သော မပြည့်စုံသေးသည့်ပရောဖက်ပြုချက်အများစုသည် ကောင်းကင်အစီအစဉ်များ သို့မဟုတ် ယေရှု၏ဘိသိက်ခံနောက်လိုက်များနှင့်သက်ဆိုင်ကြောင်း နားလည်နိုင်သည်။ (ဆာလံ ၂:၆-၈; ၁၁၀:၁-၄; ဟေရှာယ ၂:၂-၄; ၆၅:၁၇၊ ၁၈; ဇာခရိ ၁၂:၃; ၁၄:၁၂၊ ၁၆၊ ၁၇) ယေရှုသေဆုံးပြီးနောက်ရေးသားခဲ့သော “ယေရုရှလင်” သို့မဟုတ် “ဇိအုန်” အားရည်ညွှန်းချက်အတော်များများသည် ပုံဆောင်သဘောရှိပြီး ပကတိမြို့တော် သို့မဟုတ် တည်နေရာအရပ်နှင့်မသက်ဆိုင်ကြောင်းထင်ရှား၏။ (ဂလာတိ ၄:၂၆; ဟေဗြဲ ၁၂:၂၂; ၁ ပေတရု ၂:၆; ဗျာဒိတ် ၃:၁၂; ၁၄:၁; ၂၁:၂၊ ၁၀) ဒံယေလနှင့် ယေရှုခရစ်တို့ပရောဖက်ပြုခဲ့ကြသကဲ့သို့ ယေရုရှလင်ကို ရောမစစ်တပ်က ဖျက်ဆီးခဲ့သောအခါ ယေရုရှလင်သည် “မဟာမင်းကြီး၏မြို့တော်” မဟုတ်တော့ကြောင်း စီ.အီး. ၇၀ တွင်နောက်ဆုံးသက်သေထူခဲ့သည်။ (ဒံယေလ ၉:၂၆; လုကာ ၁၉:၄၁-၄၄) သမ္မာကျမ်းစာရေးသူများဖြစ်စေ၊ ယေရှုကိုယ်တော်တိုင်ဖြစ်စေ တစ်ချိန်က မြေကြီးဆိုင်ရာယေရုရှလင်ခံစားခဲ့ရသော ယေဟောဝါဘုရားသခင်၏အထူးမျက်နှာသာတော်ကို နောက်ပိုင်းတွင် ပြန်လည်ရရှိလိမ့်မည်ဟု ကြိုတင်မဟောခဲ့ကြပါ။—ဂလာတိ ၄:၂၅; ဟေဗြဲ ၁၃:၁၄။
တည်မြဲသောငြိမ်သက်ခြင်း၏ရှေ့ပြေးရောင်ခြည်များ
၂၃။ ယေရုရှလင်မြို့ကို ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ဝင်စားနေသင့်သေးသနည်း။
၂၃ မြေကြီးဆိုင်ရာယေရုရှလင်၏ အစောပိုင်းသမိုင်းကိုပြန်လည်သုံးသပ်ခဲ့ပြီဖြစ်ရာ ထိုမြို့သည် ဘုရင်ရှောလမုန်၏ငြိမ်းချမ်းသောလက်ထက်တွင် ယင်းအမည်၏အဓိပ္ပာယ်ဖြစ်သည့် “နှစ်မျိုးသောငြိမ်သက်ခြင်းပိုင်ဆိုင်ရာ [သို့မဟုတ် အခြေခံ]” နှင့်လိုက်လျောညီထွေခဲ့ကြောင်း ငြင်းဆိုနိုင်မည်မဟုတ်ချေ။ ၎င်းသည် ပရဒိသုအဖြစ်ပြောင်းလဲထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြမည့် ဘုရားသခင်အားချစ်မြတ်နိုးသူများမကြာမီခံစားရမည့် ငြိမ်းချမ်းသာယာဝပြောမှု၏ရှေ့ပြေးရောင်ခြည်တစ်ခုမျှသာဖြစ်သည်။—လုကာ ၂၃:၄၃။
၂၄။ ရှောလမုန်လက်ထက်ရှိ အခြေအနေများမှ အဘယ်အရာကိုကျွန်ုပ်တို့သိရှိနိုင်သနည်း။
၂၄ ဘုရင်ရှောလမုန်လက်ထက်ရှိအခြေအနေများကို ဆာလံ ၇၂ ကဖော်ပြထားသည်။ သို့သော် ထိုလှပစွာစပ်ဆိုထားသောသီချင်းသည် မေရှိယ၊ ယေရှုခရစ်၏ကောင်းကင်အစိုးရအောက်တွင် လူသားတို့ခံစားရမည့် ကောင်းချီးများနှင့်ပတ်သက်သောပရောဖက်ပြုချက်ဖြစ်သည်။ ကိုယ်တော်နှင့်ပတ်သက်၍ ဆာလံဆရာက ဤသို့ဆိုသည်– “လက်ထက်တော်၌ လသည်ပပျောက်ခြင်းသို့မရောက်မီတိုင်အောင်၊ တရားသောသူသည်ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။ . . . ငတ်မွတ်သောသူအော်ဟစ်သောအခါ၊ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍၊ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍၊ သူတို့အသွေးကိုနှမြောတော်မူလိမ့်မည်။ ပြည်တော်၌ များစွာသောစပါးရှိ၍၊ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၇၊ ၈၊ ၁၂-၁၄၊ ၁၆။
၂၅။ ယေရုရှလင်မြို့အကြောင်း ပို၍သိလိုစိတ် အဘယ်ကြောင့်ရှိသင့်သနည်း။
၂၅ ယေရုရှလင် သို့မဟုတ် ကမ္ဘာအနှံ့အပြားရှိ ဘုရားသခင်အားချစ်မြတ်နိုးသူများအတွက် ထိုစကားများသည် တကယ့်နှစ်သိမ့်မှုနှင့်မျှော်လင့်ချက်ပါတကား! သင်သည် မေရှိယနိုင်ငံတော်အောက် ကမ္ဘာချီငြိမ်သက်မှုခံစားကြရမည့် သူများအဝင်ဖြစ်နိုင်သည်။ ယေရုရှလင်မြို့၏အတိတ်ကိုသိရှိထားခြင်းသည် လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကိုနားလည်ရန် ကျွန်ုပ်တို့အထောက်အကူရနိုင်မည်။ နောက်ဆောင်းပါးများတွင် ဗာဗုလုန်ပြည်နှင်ဒဏ်ခံဘဝမှ ဂျူးများပြန်လာကြပြီးနောက် အနှစ် ၇၀ နှင့် ၈၀ အတွင်းဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကိုအာရုံစိုက်ပါမည်။ ယင်းက မဟာမင်းကြီး၊ ယေဟောဝါဘုရားသခင်၏အလိုတော်နှင့်အညီ ဝတ်ပြုလိုသူအားလုံးကို နှစ်သိမ့်မှုပေးပါသည်။
[အောက်ခြေမှတ်ချက်များ]
a “မေရှိယ” (ဟေဗြဲစကားလုံးမှပြုပြင်သုံးစွဲထား) နှင့် “ခရစ်တော်” (ဂရိမှ) ဟူသောဘွဲ့နှစ်ခုစလုံးသည် “ဘိသိက်ခံ” ဟူ၍အဓိပ္ပာယ်ရှိသည်။
◻ ယေရုရှလင်မြို့သည် အဘယ်နည်းဖြင့် “ယေဟောဝါ၏ပလ္လင်” တည်ရာအရပ်ဖြစ်လာသနည်း။
◻ စစ်မှန်သောဝတ်ပြုရေးကိုတိုးမြှင့်ခြင်း၌ ရှောလမုန်သည် အဘယ်ထူးခြားသောကဏ္ဍတွင်ပါဝင်ခဲ့သနည်း။
◻ ယေရုရှလင်မြို့သည် ယေဟောဝါ၏ဝတ်ပြုရေးဗဟိုမဟုတ်တော့ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။
◻ ယေရုရှလင်အကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်ပို၍သိလိုကြသနည်း။
[မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဒါဝိဒ်၏မြို့တော်သည် တောင်ဘက်ပိုင်းရှိ တောင်ကြောတွင် တည်ရှိခဲ့သော်လည်း ရှောလမုန်သည် မြို့တော်ကိုမြောက်ပိုင်းသို့ တိုးချဲ့ပြီး ဗိမာန်တော်ဆောက်လုပ်ခဲ့
[Credit Line]
Pictorial Archive (Near Eastern History) Est.
[Picture Credit Line on page 8]
Pictorial Archive (Near Eastern History) Est.