ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁၅ စာ. ၂၅-၂၉
  • နှလုံးခိုင်မာသူများ တုံ့ပြန်ချိန်ဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှလုံးခိုင်မာသူများ တုံ့ပြန်ချိန်ဝယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • အလုပ်စတင်ခဲ့ခြင်း
  • ထိရောက်သောပညာရေးအစီအစဉ်
  • ပျော်ရွှင်မှုပေးသော အထူးအစည်းအဝေးများ
  • အံ့ဖွယ်ကောင်းသည့် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့
  • ယခင်မိတ်ဆွေများထံမှဖိအားပေးခံရ
  • ဘုရားသခင်၏ဆက်ကပ်အပ်နှံကျေးကျွန်များ ဖြစ်လာကြခြင်း
  • ထောင်အာဏာပိုင်များက ကျေးဇူးတင်ရှိခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁၅ စာ. ၂၅-၂၉

နှလုံးခိုင်မာသူများ တုံ့ပြန်ချိန်ဝယ်

၁၉၈၉ ခုနှစ်၌ ပိုလန်နိုင်ငံရှိ ယေဟောဝါသက်သေများအား ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။ ခရစ်ယာန်ကြားနေခြင်းအတွက် ထောင်ချခံရသောသက်သေခံများသည် တဖြည်းဖြည်းလွတ်မြောက်ခဲ့သောကြောင့် သမ္မာကျမ်းစာနှင့်ပတ်သက်၍ ပိုမိုသိရှိလိုသူအကျဉ်းသားများစွာသည် ထောင်ထဲ၌ကျန်ရစ်ခဲ့ကြသည်။ ဤသို့သောထောင်တစ်ခု၌ တစ်ချိန်တစ်ခါက နှလုံးခိုင်မာခဲ့ကြသူတို့အား ဘုရားသခင့်နှုတ်မြွက်စကားတော်၏တန်ခိုးကို တုံ့ပြန်ကြစေရန် ယေဟောဝါသက်သေများသည် မည်သို့ကြိုးစားကူညီပေးခဲ့ကြောင်းကို အောက်တွင် ဖော်ပြထားသည်။

ပိုလန်အနောက်တောင်ပိုင်း လူဦးရေ ၁၂,၀၀၀ ရှိသော ဗော့ဝူဖ်မြို့တွင် ပိုလန်၏အဆိုးဆုံးရာဇဝတ်သားအချို့ကိုအကျဉ်းချသည့် အနှစ် ၂၀၀ သက်တမ်းရှိ အကျဉ်းထောင်တစ်ခုရှိသည်။ ယေဟောဝါသက်သေများ၏လုပ်ငန်းကို တရားဝင်အသိအမှတ်ပြုချိန်ကတည်းက သူတို့သည် ထိုနေရာရှိအကျဉ်းသားများထံ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောရန် ကြိုးစားခဲ့ကြပြီး အလွန်စိတ်အားထက်သန်စွာ ထိုသို့လုပ်ဆောင်ခဲ့ကြ၏။

လမ်းဖွင့်ပေးခဲ့သည်ကား ပိုလန်ရှိညွှန်ကြားရေးမှူးအားလုံးထံသို့ ၁၉၉၀၊ ဖေဖော်ဝါရီလတွင် တရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သောစာတစ်စောင်ဖြစ်သည်။ ထိုစာက ကင်းမျှော်စင်စာပေများကိုရရှိလိုသူ သို့မဟုတ် ယေဟောဝါသက်သေများနှင့်တွေ့ဆုံလိုသူ မည်သည့်အကျဉ်းသားကိုမျှ “အခက်အခဲမရှိစေ” သင့်ဟုအကြံပြုခဲ့သည်။ ဗော့ဝူဖ်ထောင်တွင် နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့ဖူးသူအချို့အပါအဝင် သက်သေခံများသည် ယင်းနေရာရှိ နှလုံးခိုင်မာသောအကျဉ်းသားများစွာကို သိကျွမ်းခဲ့ကြ၏။ သို့ရာတွင် နှလုံးခိုင်မာသောအခြားအကျဉ်းသားများကို ကျမ်းစာသမ္မာတရားဖြင့် စိတ်ပျော့ပျောင်းလာစေရန် မိမိတို့၏ကြိုးစားအားထုတ်မှုအပေါ် ကောင်းချီးပေးဖို့ ယေဟောဝါအား သူတို့အားကိုးခဲ့ကြသည်။

အလုပ်စတင်ခဲ့ခြင်း

ဗော့ဝူဖ်ထောင်မှ ၂၅ မိုင်ခန့်ကွာဝေးသော ဗရော့ဆလာဖ်မြို့မှ ထောင်ထဲဝင်ခွင့်ရရှိထားသူ ညီအစ်ကိုချီစ်ဝါဖ်က ဤသို့ဆိုသည်– “ဒီအစီအစဉ်ကိုစဖို့ မလွယ်ကူခဲ့ဘူး။ ကျွန်တော်တို့ရဲ့ ‘ဘာသာရေးလုပ်ငန်း’ ဟာအကျဉ်းသားတွေအတွက် အကျိုးရှိမယ်ဆိုတာကို သူတို့လက်ခံယုံကြည်လာအောင် ထောင်ပိုင်တွေနဲ့ အတော်ကြာတဲ့ဆွေးနွေးပွဲများစွာလုပ်ခဲ့ကြရတယ်။”

ပိုခက်ခဲစေသည်မှာ “အရာရှိတစ်ဦးက အကျဉ်းသားတွေဟာ ဘာသာရေးလုပ်ငန်းကို ဗန်းပြပြီး ကိုယ်ကျိုးရှာပြုလုပ်နေကြတာပါလို့ ဇွတ်ပြောခဲ့တာဖြစ်တယ်” ဟုချီစ်ဝါဖ်၏လုပ်ဆောင်ဖက် ပါးဗျူးကပြောပြသည်။ သို့သော် တစ်ချိန်က အလွန်ဆိုးခဲ့သော ရာဇဝတ်သားသုံးဦးသည် ၁၉၉၁ ခုနှစ်တွင် နှစ်ခြင်းခံယူခဲ့ကြသောအခါ ထောင်အာဏာပိုင်များ၏သဘောထားပြောင်းလဲသွားပြီး ပိုမိုပူးပေါင်းဆောင်ရွက်လေသည်။

“ထောင်အမှုထမ်းတွေအပါအဝင် အကျဉ်းသားတွေ၊ သူတို့ကိုလာတွေ့တဲ့ သူတို့မိသားစုတွေကို သက်သေခံခြင်းဖြင့်စခဲ့တယ်။ အဲဒီနောက် ထောင်ခန်းတစ်ခန်းကနေတစ်ခန်း သတင်းကောင်းလိုက်ဟောခွင့်ရတယ်၊ အဲဒါအထူးခြားဆုံးပဲ။ နောက်ဆုံးတော့ ဦးဆုံးစိတ်ဝင်စားသူတွေကို ကျွန်တော်တို့တွေ့ခဲ့တဲ့အခါ ကျမ်းစာသင်အံမှုတွေနဲ့ ခရစ်ယာန်စည်းဝေးတွေကျင်းပဖို့ ခန်းမငယ်တစ်ခုကို အသုံးပြုခွင့်ပေးခဲ့တယ်” ဟုချီစ်ဝါဖ်ကရှင်းပြသည်။ ယေဟောဝါသည် နှလုံးခိုင်မာသော အကျဉ်းသားများကို အမှန်ပင်လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ထိရောက်သောပညာရေးအစီအစဉ်

ထိုခန်းမငယ်သည် မကြာခင်တွင် အလွန်သေးငယ်သွားပါသည်။ နှစ်ခြင်းခံပြီးသောအကျဉ်းသားများနှင့် ထောင်အပြင်မှလာကြသောညီအစ်ကိုများပါ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ကြသောကြောင့် အစည်းအဝေးများကို စတင်တက်ရောက်ခဲ့ကြသူ အကျဉ်းသား ၅၀ အထိရှိလာသည်။ “သုံးနှစ်ကျော်ကျော် အဲဒီမှာ စည်းဝေးအားလုံးကို ကျင်းပခဲ့တယ်၊ အကျဉ်းသားတွေကလည်း အပတ်စဉ်စည်းဝေးတွေကို မှန်မှန်တက်ခဲ့ကြတယ်” ဟူ၍ ဒေသခံအကြီးအကဲတစ်ဦးကရှင်းပြသည်။ ထို့ကြောင့် ၁၉၉၅၊ မေလတွင် ထိုထက်ကြီးသောခန်းမတစ်ခုကို အသုံးပြုခွင့်ပေးခဲ့သည်။

တာဝန်ခံညီအစ်ကိုများသည် ထောင်ထဲ၌ ကျင်းပသောအစည်းအဝေးများကို မည်သူတို့တက်ရောက်နိုင်ကြောင်း မည်သို့ဆုံးဖြတ်ကြသနည်း။ “ကျွန်တော်တို့ဆီမှာ သမ္မာတရားကို စိတ်ရင်းမှန်နဲ့စိတ်ဝင်စားမှုပြတဲ့အကျဉ်းသားတွေရဲ့ နာမည်စာရင်းရှိတယ်။ တကယ်လို့ အကျဉ်းသားတစ်ယောက်ဟာ မတိုးတက်ဘူး၊ ဒါမှမဟုတ် အကြောင်းကောင်းမရှိဘဲ စည်းဝေးတွေကို ပျက်ကွက်မယ်ဆိုရင် ဒီအစီအစဉ်တွေကို လေးမြတ်မှုမရှိတဲ့သူလို့ သူ့ကိုသတ်မှတ်ပြီး သူ့ရဲ့နာမည်ကို စာရင်းထဲကဖျက်လိုက်ပြီး ထောင်ညွှန်ကြားရေးမှူးကိုလည်း အသိပေးလိုက်ပါတယ်” ဟုညီအစ်ကိုချီစ်ဝါဖ်နှင့်ဇဒစ်ချ်ဝါဖ်တို့က ရှင်းပြခဲ့သည်။

ညီအစ်ကိုများသည် ကျမ်းစာသင်အံနေစဉ်အတွင်း အကျဉ်းသားများကို အစည်းအဝေးများအတွက် ကောင်းစွာပြင်ဆင်ပုံနှင့် စာအုပ်စာတမ်းကို ထိရောက်စွာအသုံးပြုပုံတို့ကိုလည်း သင်ကြားပေးကြသည်။ ဤသို့ဖြင့် အကျဉ်းသားများသည် အစည်းအဝေးများလာတက်ကြသောအခါ သူတို့သည် ကောင်းစွာပြင်ဆင်ထားကြပြီး လွတ်လပ်စွာပါဝင်ဖြေဆိုခဲ့ကြသည်။ တည်ဆောက်မှုဖြစ်စေသော အဖြေများကို သူတို့ပေးကြသည်၊ သူတို့၏ကျမ်းစာများကို ကျွမ်းကျင်စွာအသုံးပြုကြသည်၊ ဆုံးမစကားကို လိုက်နာကျင့်သုံးကြပြီး သူတို့၏အဖြေများတွင် ‘ဒါကို သို့မဟုတ် ဟိုဟာကို ကျွန်တော်လုပ်ရမယ်ဆိုတာသိပြီ’ ဟူ၍အဖြေပေးရာတွင် ထည့်သွင်းလေ့ရှိကြသည်။

“ဗော့ဝူဖ်ထောင်မှာ စုစုပေါင်းကျမ်းစာသင်အံမှု ၂၀ ကျင်းပနေပါတယ်။ အဲဒီထဲက ရှစ်ခုကို အကျဉ်းသားကြေညာသူသုံးယောက်က ကျင်းပပေးနေတယ်” ဟုအသင်းတော်အတွင်းရေးမှူးကဆိုသည်။ တစ်ခန်းမှတစ်ခန်းနှင့် ထောင်ဝင်းအတွင်းလမ်းထွက်လျှောက်ရစဉ် ဟောပြောခြင်းတို့မှလည်း အောင်မြင်မှုရရှိခဲ့သည်။ ဥပမာ၊ ၁၉၉၃၊ စက်တင်ဘာလမှ ၁၉၉၄၊ ဇွန်လအထိ ဆယ်လအတွင်း စာအုပ်ကြီး ၂၃၅ အုပ်၊ ဘရိုရှာ ၃၀၀ နီးပါးနှင့် မဂ္ဂဇင်း ၁,၇၀၀ တို့ကိုဝေခဲ့ကြသည်။ မကြာမီက ထောင်အရာရှိနှစ်ဦးသည် ကျမ်းစာသင်အံမှုပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။

ပျော်ရွှင်မှုပေးသော အထူးအစည်းအဝေးများ

အတန်ကြာလေသော် ထိုထောင်ထဲ၌ ပညာပေးအစီအစဉ်တွင် အခြားအစီအစဉ်တစ်ခုဖြစ်သည့် အထူးအစည်းအဝေးအစီအစဉ်ကို ထပ်ဖြည့်ပေးခဲ့သည်။ နယ်လှည့်ကြီးကြပ်မှူးများနှင့် အခြားအရည်အချင်းပြည့်မီသောညီအစ်ကိုများက တိုက်နယ်အစည်းအဝေးနှင့် အထူးအစည်းအဝေးနေ့မှ အဓိကကဏ္ဍများကို ထောင်အားကစားရုံတွင် တင်ဆက်ဟောပြောပေးကြသည်။ ပထမဦးဆုံးအထူးအစည်းအဝေးကို ၁၉၉၃၊ အောက်တိုဘာလတွင် ကျင်းပခဲ့၏။ အကျဉ်းသားအယောက်ငါးဆယ်တက်ရောက်ခဲ့ကြသည့်အပြင် “ဗရော့ဆလာဖ်မြို့ကနေ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် မိသားစုလိုက်တက်ရောက်ခဲ့ကြတယ်” ဟုဆဝိုဗို ပိုလ်စခီး သတင်းစာက အစီရင်ခံခဲ့သည်။ စုစုပေါင်းတက်ရောက်သူ ၁၃၉ ဦးရှိခဲ့သည်။ အစည်းအဝေးအစီအစဉ်အားလပ်ချိန်တွင် ညီအစ်မများချက်ပြုတ်ခဲ့သော စားစရာများစားဖို့နှင့် ခရစ်ယာန်ပေါင်းသင်းမှုပြုလုပ်ဖို့လည်း အချိန်ရရှိခဲ့သည်။

ထိုစဉ်ကတည်းက အခြားအထူးအစည်းအဝေးခုနစ်ခုကို ကျင်းပခဲ့ပြီးဖြစ်ရာ ထောင်ထဲမှသူများသာမက အပြင်ဘက်မှသူများလည်း အကျိုးကျေးဇူးခံစားခဲ့ကြရပြီ။ ယခင်က ဗော့ဝူဖ်ထောင်သားတစ်ဦးဖြစ်ခဲ့ဖူးသူ ယခု မြို့ပေါ်တွင်နေထိုင်နေသောသူတစ်ဦးထံ သက်သေခံညီအစ်မတစ်ဦး လည်ပတ်ရောက်ရှိခဲ့စဉ်က အစတွင် ထိုသူ၏အမြင်သည် အပျက်သဘောဖြစ်နေသည်။ သို့သော် အကျဉ်းသားတစ်ဦးသည် သက်သေခံတစ်ဦးဖြစ်လာခဲ့ကြောင်း သူ့အားပြောပြသောအခါ “အဲဒီလူသတ်သမားက အခုသက်သေခံတစ်ယောက်ဖြစ်နေပြီလား” ဟုအံ့သြခဲ့သည်။ သို့နှင့် ထိုသူသည် ကျမ်းစာသင်အံမှုလက်ခံခဲ့သည်။

အံ့ဖွယ်ကောင်းသည့် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့

အဆိုပါကျယ်ပြန့်သောပညာပေးအစီအစဉ်သည် နှလုံးခိုင်မာသောအကျဉ်းသားများကို အမှန်တကယ်နူးညံ့စေခဲ့ပါသလော။ သူတို့၏အတ္ထုပ္ပတ္တိများကို သူတို့ကိုယ်တိုင်ပြောပြပါလေစေ။

“ငယ်ငယ်လေးထဲက မိဘတွေ ကျွန်တော့်ကို စွန့်ပစ်ထားခဲ့တဲ့အတွက် မိဘတွေကို တစ်ခါမှမတွေ့ဖူးဘူး၊ ဒါကြောင့် ကျွန်တော်မေတ္တာအကြီးအကျယ်ငတ်ခဲ့ရတယ်။ ငယ်ငယ်လေးထဲက ရာဇဝတ်မှုမှာပါဝင်ခဲ့ပြီး နောက်ဆုံးလူသတ်မှုတောင် ကျူးလွန်ခဲ့တယ်။ အပြစ်ရှိတယ်လို့ခံစားနေရတဲ့အတွက် ကိုယ့်ကိုယ်ကိုသတ်သေဖို့အထိတောင် စဉ်းစားနေတာ၊ ကြံရာမရဘဲ မျှော်လင့်ချက်အစစ်အမှန်တစ်ခုကို ရှာနေမိခဲ့တယ်။ အဲဒီနောက် ၁၉၈၇ ခုနှစ်မှာ ကင်းမျှော်စင်မဂ္ဂဇင်းကို မမျှော်လင့်ဘဲ ဖတ်မိခဲ့တယ်။ အဲဒီထဲကနေ ရှင်ပြန်ထမြောက်ခြင်းနဲ့ ထာဝရအသက်မျှော်လင့်ချက်အကြောင်း ကျွန်တော်သိလာတယ်။ မျှော်လင့်ချက်ရှိပါသေးတယ်ဆိုတာကို သဘောပေါက်လာပြီး သေကြောင်းမကြံတော့ဘဲ ကျမ်းစာစလေ့လာခဲ့ပါတယ်။ အခုတော့ ယေဟောဝါနဲ့ ညီအစ်ကိုတွေဆီကနေ မေတ္တာရဲ့သဘောတရားကို ကျွန်တော်သိလာပါပြီ” ဟူ၍ စဉ်းစားတွေးခေါ်တတ်သောပင်ကိုစိတ်ရှိ ဇဒစ်ချ်ဝါဖ်ကဝန်ခံသည်။ ယခင်ကလူသတ်သမားဖြစ်ခဲ့ဖူးသော ဤသူသည် ၁၉၉၃ ခုနှစ်ကတည်းက ထောင်ထဲ၌ ဓမ္မအမှုထမ်းနှင့်အရန်ရှေ့ဆောင်ဖြစ်နေပြီ၊ ပြီးခဲ့သောနှစ်တွင် မှန်မှန်ရှေ့ဆောင်ဖြစ်ခဲ့သည်။

အခြားတစ်ဖက်မှာ တော့မက်ရှ်သည် ကျမ်းစာသင်အံမှုကို လိုလိုလားလားလက်ခံခဲ့သည်။ “ဒါပေမဲ့ စိတ်ရင်းမှန်နဲ့တော့မဟုတ်ဘူး။ တခြားသူတွေကို ယေဟောဝါသက်သေတွေရဲ့ယုံကြည်ချက်အကြောင်း ရှင်းပြတဲ့အခါ ကြွားချင်တဲ့သဘောနဲ့သာ လေ့လာနေတာဖြစ်တယ်။ ကျမ်းစာသမ္မာတရားနဲ့ပတ်သက်ပြီး ဘာမှမလုပ်ခဲ့ဘူး။ တစ်နေ့တော့ ကျွန်တော်ဆုံးဖြတ်ချက်ချပြီး ခရစ်ယာန်စည်းဝေးတစ်ခုကို သွားတက်ခဲ့တယ်။ နှစ်ခြင်းခံပြီးသားအကျဉ်းသားတွေက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြတယ်။ အဲဒီတော့ ကျွန်တော်ဟာ ကိုယ့်အသိပညာကို ကြွားလုံးထုတ်မယ့်အစား ကျွန်တော့်ရဲ့ခိုင်မာတဲ့စိတ် ပျော့ပျောင်းစေဖို့ ပြုပြင်ရမယ်ဆိုတာကို သဘောပေါက်ခဲ့တယ်” ဟုသူဝန်ခံခဲ့သည်။ တော့မက်ရှ်သည် ခရစ်ယာန်ဥပဓိရုပ်သစ်ကို စတင်ဝတ်ဆင်ခဲ့သည်။ (ဧဖက် ၄:၂၂-၂၄) ယနေ့ သူသည် ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသား သက်သေခံတစ်ဦးဖြစ်နေသည့်အပြင် တစ်ခန်းမှတစ်ခန်း ဟောပြောခြင်းတွင် ပျော်ရွှင်မှုရရှိသူတစ်ဦးဖြစ်၏။

ယခင်မိတ်ဆွေများထံမှဖိအားပေးခံရ

ထောင်ထဲတွင် ကျမ်းစာသမ္မာတရားကို သိရှိလာခဲ့ကြသူများသည် အကျဉ်းထောင်ခန်းထဲမှ ယခင်မိတ်ဆွေများနှင့် ထောင်အရာရှိများထံမှ အကြီးအကျယ်ဖိအားပေးခံခဲ့ကြရသည်။ သူတို့ထဲမှတစ်ဦးက ဤသို့ပြန်ပြောပြသည်– “ကျွန်တော် အမြဲတမ်းလှောင်ပြောင်ဟားတိုက်ခံခဲ့ရတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေရဲ့အားပေးစကားတွေကို စိတ်ထဲမှတ်ထားတယ်။ သူတို့က ‘ယေဟောဝါဆီ ဆက်ပြီးဆုတောင်းပါ။ ကျမ်းစာဖတ်ပါ။ အတွင်းငြိမ်သက်မှုခံစားရလိမ့်မယ်’ လို့ပြောခဲ့တယ်။ အဲဒါဟာ တကယ့်ကိုအကူအညီဖြစ်ခဲ့တယ်။”

“ကျွန်တော့်ကို ဆန့်ကျင်ပြီးပြောတဲ့ အကျဉ်းဖော်တွေရဲ့ခါးသီးတဲ့စကားတွေက တကယ်ခံရခက်တယ်။ ‘မင်းစည်းဝေးတွေကို မင်းဟာမင်းသွားတက်ပါ၊ ဒီကိုလာပြီးတော့ ပိုသာတယ်ဟန်ဆောင်ပြီး ထင်ပေါ်ဖို့တော့ လာမကြိုးစားနဲ့ကွ’ လို့ကျွန်တော့်ကိုသတိပေးခဲ့ကြတယ်။ သမ္မာကျမ်းစာမူတွေလိုက်လျှောက်တဲ့အတွက် ကျွန်တော့်ရဲ့အသက်တာပြောင်းလဲလာတဲ့အခါ ကျွန်တော်အကြီးအကျယ် သည်းခံခဲ့ရတယ်။ သူတို့တတွေက ကျွန်တော့်အိပ်ရာကိုလှန်ပစ်၊ ကျမ်းစာစာပေတွေကို လွှင့်ပစ်၊ ကျွန်တော့်အကန့်ကိုလည်း ညစ်ပတ်ပေရေနေအောင် လုပ်ခဲ့ကြတယ်။ စိတ်ကိုထိန်းနိုင်ဖို့ ယေဟောဝါဆီဆုတောင်းခဲ့ပြီး ကိုယ့်အကန့်ကို အေးအေးဆေးဆေးပြန်ပြီး သပ်ရပ်အောင်လုပ်ခဲ့တယ်။ အတော်ကြာတော့ အနှောင့်အယှက်မပေးကြတော့ဘူး” ဟုသန်မာထွားကြိုင်းသည့် နှစ်ခြင်းခံပြီးသောညီအစ်ကိုရီစ်ဇာဒ်ကဆိုသည်။

“ယေဟောဝါရဲ့အမှုဆောင်မယ်လို့ ကျွန်တော်တို့အခိုင်အမာဆုံးဖြတ်ချက်ချထားပြီးပြီဆိုတာကို အကျဉ်းသားဖော်တွေ မြင်တဲ့အခါ နောက်တစ်ပုံစံနဲ့ဖိအားပေးခံခဲ့ကြရတယ်။ သူတို့က ‘မင်း အရက်မသောက်ရ၊ ဆေးလိပ်မသောက်ရ၊ မလိမ်ရဘူးဆိုတာတွေကို မှတ်ထား’ ဆိုပြီးသူတို့သရော်လေ့ရှိတယ်။ အဲဒီလိုဖိအားမျိုးတွေဟာ ကိုယ့်ကိုယ်ကိုထိန်းနိုင်ဖို့ အကူအညီဖြစ်စေတဲ့အပြင် အကျင့်ဆိုးတွေ ဒါမှမဟုတ် လွန်ကျူးမှုတွေကို မြန်မြန်ဆန်ဆန်ရှောင်ရှားနိုင်ဖို့ အကူအညီဖြစ်စေပါတယ်။ ဝိညာဉ်အသီးသီးဖို့လည်း ကူညီပေးတယ်” ဟုနှစ်ခြင်းခံပြီးသော အခြားအကျဉ်းသားအချို့က ဖော်ပြကြသည်။—ဂလာတိ ၅:၂၂၊ ၂၃။

ဘုရားသခင်၏ဆက်ကပ်အပ်နှံကျေးကျွန်များ ဖြစ်လာကြခြင်း

ထောင်အာဏာပိုင်များ၏ခွင့်ပြုချက်ဖြင့် ပထမဆုံးနှစ်ခြင်းခံယူခြင်းကို ၁၉၉၁၊ နွေဦးပေါက်ရာသီ၌ အားကစားရုံတွင်ကျင်းပခဲ့သည်။ ပျော်ရွှင်စွာ နှစ်ခြင်းခံခဲ့သူမှာ ဇဒစ်ချ်ဝါဖ်ဖြစ်သည်။ ထိုအချိန်အခါတွင် အကျဉ်းသားဆယ့်နှစ်ဦးရှိသည့်အပြင် ထောင်ပြင်ပမှ ညီအစ်ကို၊ ညီအစ်မ ၂၁ ဦးလည်း ၎င်းကိုတက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးသည် အကျဉ်းသားများအတွက် အားပေးမှုတစ်ရပ်ဖြစ်ခဲ့သည်။ ထိုနှစ်နောက်ပိုင်းတွင်ပင် အခြားအကျဉ်းသားနှစ်ဦး နှစ်ခြင်းယူနိုင်ခဲ့သည့်အထိ အချို့တို့သည် ထူးခြားစွာတိုးတက်ခဲ့သည်။ နောက်နှစ်နှစ်အကြာ ၁၉၉၃ ခုနှစ်၌ နှစ်ခြင်းပေးခြင်းအစီအစဉ်ကို နှစ်ကြိမ်ကျင်းပခဲ့ရာ အခြားအကျဉ်းသားခုနစ်ဦးသည် ယေဟောဝါထံဆက်ကပ်အပ်နှံခြင်းကို အထိမ်းအမှတ်ပြုခဲ့ကြသည်!

ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့်နှစ်ခြင်းမှတ်တမ်းနှင့်ပတ်သက်၍ ဒေသန္တရနေ့စဉ်သတင်းစာ ဗြီချော့ဒ် ဗရော့တ်ဆွားဗြားက ဤသို့ဆိုသည်– “အားကစားရုံထဲသို့ လူများတဖွဲဖွဲရောက်ရှိလာကြကာ အားလုံးလက်ဆွဲနှုတ်ဆက်ကြသည်။ ဤနေရာတွင် သူစိမ်းတစ်ဦးမျှမရှိချေ။ သူတို့သည် မိသားစုကြီးတစ်စုဖြစ်ပြီး အတွေးအခေါ်၊ ဘဝလမ်းစဉ်နှင့် တစ်ဆူတည်းသောဘုရားသခင် ယေဟောဝါ၏အမှုဆောင်ခြင်း၌ တစည်းတလုံးရှိကြသည်။” ထိုစဉ်က ၎င်း “မိသားစုကြီး” တွင်အကျဉ်းသား ၅၀ အပါအဝင် ၁၃၅ ယောက်ရှိသည်။ သူတို့ထဲမှအချို့ကို တွေ့ဆုံကြစို့။

ဇွန်လတွင် နှစ်ခြင်းခံခဲ့သောယာဇီးက ဤသို့ဖော်ပြသည်– “လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ကျမ်းစာသမ္မာတရားကို အနည်းအကျဉ်းသိခဲ့ပေမဲ့ တကယ်တော့ ကျွန်တော့်နှလုံးခိုင်မာတယ်။ လိမ်လည်ပြောဆို၊ ပထမဇနီးနဲ့ကွာရှင်းပြီး ခရစ္စတီးနားနဲ့တရားမဝင်နေထိုင်တာ၊ လက်မထပ်ဘဲကလေးရတာ၊ မကြာခဏထောင်ကျတာတွေဟာ ကျွန်တော့်ရဲ့ဘဝပဲ။” ထောင်ကျနေစဉ် အခြားရာဇဝင်လူဆိုးများပင် သက်သေခံများဖြစ်လာနေသည်ကိုတွေ့မြင်ပြီး ‘ငါလည်းပဲ ပိုကောင်းတဲ့လူတစ်ယောက်များ ဖြစ်လာနိုင်မလား’ ဟူ၍သူ့ကိုယ်သူမေးခဲ့သည်။ ထိုအခါ သူသည် ကျမ်းစာသင်ပေးရန် တောင်းဆိုခဲ့ပြီး အစည်းအဝေးများကို စတင်တက်ရောက်လေသည်။ သို့သော် ခရစ္စတီးနားသည် လွန်ခဲ့သောသုံးနှစ်က ယေဟောဝါသက်သေတစ်ဦးဖြစ်ခဲ့သည်ကို အစိုးရအမှုလိုက်ရှေ့နေက ပြောပြသောအခါ သူသည် အမှန်ပင်ပြောင်းလဲလာခဲ့သည်။ “ကျွန်တော် အရမ်းအံ့သြသွားတယ်! ပြီးတော့ ‘ငါကော၊ ငါဘာလုပ်နေတာလဲ’ လို့စဉ်းစားမိတယ်။ ယေဟောဝါအလိုတော်နဲ့တွေ့ဖို့ ကိုယ့်ဘဝကိုယ်တည့်မတ်ပေးဖို့လိုမယ်ဆိုတာကို သဘောပေါက်ခဲ့တယ်” ဟုယာဇီးကဆိုသည်။ ရလဒ်မှာ ထောင်ထဲတွင် ခရစ္စတီးနားနှင့် သူတို့၏ ၁၁ နှစ်သမီးမာဇီနာတို့နှင့် ပြန်လည်ပေါင်းစည်းမှုဖြစ်ခဲ့သည်။ မကြာမီ သူတို့သည် တရားဝင်လက်ထပ်ခဲ့ကြသည်။ ယာဇီးသည် ထောင်ထဲတွင်ရှိနေဆဲဖြစ်ကာ တက်ချည်ကျချည်များရှိသော်လည်း မကြာမီက လက်ဟန်ခြေဟန်စကားကိုသင်ယူခဲ့သည့်အတွက် နားလေးသူအကျဉ်းသားများကို ကူညီပေးနိုင်ခဲ့သည်။

မီရိုစ်ဝါဖ်သည် မူလတန်းကျောင်းမှာကတည်းက ရာဇဝတ်မှုများတွင် ပတ်သက်နေပြီဖြစ်သည်။ သူငယ်ချင်းများ လုပ်လေသမျှကို သူအလွန်အထင်ကြီးပြီး မကြာမီပင် ထပ်တူပြုလုပ်လေတော့သည်။ များစွာသောသူတို့ကို သူလုယက်ရိုက်နှက်ခဲ့သည်။ ထို့နောက် သူထောင်ကျခဲ့၏။ မီရိုစ်ဝါဖ်က ဤသို့ဝန်ခံသည်– “ကျွန်တော်ထောင်ကျတဲ့အခါ ခရစ်ယာန်ဘုန်းကြီးကို အကူအညီတောင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အကြီးအကျယ်စိတ်ဓာတ်ကျခဲ့တယ်။ ဒါနဲ့အဆိပ်သောက်သေဖို့ကြံခဲ့တယ်။” သေကြောင်းကြံထားသည့်နေ့တွင်ပင် သူ့ကို အခြားအကျဉ်းဆောင်တစ်ခုသို့ ပြောင်းရွှေ့လိုက်လေသည်။ ယင်းတွင် ဘဝရည်ရွယ်ချက်အကြောင်းဆွေးနွေးထားသော ကင်းမျှော်စင် တစ်စောင်ကို သူတွေ့ရှိခဲ့သည်။ သူကထပ်၍ဤသို့ဆိုသည်– “ကျွန်တော်သိချင်တာတွေကို ရိုးရိုးရှင်းရှင်းလေးဖော်ပြထားတယ်။ အခုကျတော့ ကျွန်တော်အသက်ပဲရှင်ချင်တော့တယ်! ဒါနဲ့ ယေဟောဝါဆီဆုတောင်းပြီး ကျမ်းစာသင်ပေးဖို့ သက်သေခံတွေကို တောင်းဆိုခဲ့တယ်။” သူသည် ကျမ်းစာလေ့လာရာတွင် အလျင်အမြန်တိုးတက်လာကာ ၁၉၉၁ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။ ယခု ထောင်ထဲတွင် တစ်ခန်းမှတစ်ခန်းဟောပြောရန် အခွင့်ရရှိထားရာ အရန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေသည်။

ယခုထိဆိုလျှင် စုစုပေါင်းအကျဉ်းသား ၁၅ ယောက်နှစ်ခြင်းခံပြီးဖြစ်သည်။ သူတို့၏စုစုပေါင်းထောင်ဒဏ်မှာ နှစ်ပေါင်း ၂၆၀ နီးပါးဖြစ်သည်။ အချို့တို့သည် ထောင်ဒဏ်မပြည့်မီ ထောင်မှထွက်ခွင့်ရခဲ့၏။ ထောင်ဒဏ် ၂၅ နှစ်ချခံခဲ့ရသော အကျဉ်းသားတစ်ဦးသည် ၁၀ နှစ်လျော့ခံခဲ့ရသည်။ ထောင်ကျနေစဉ် စိတ်ဝင်စားမှုတင်ပြခဲ့သူအချို့သည် ထောင်မှထွက်ပြီးနောက် နှစ်ခြင်းခံပြီးသော သက်သေခံများဖြစ်လာခဲ့ကြသည်။ ထို့ပြင် ထောင်ထဲ၌ နှစ်ခြင်းခံရန်ပြင်ဆင်နေကြသော အကျဉ်းသားအဖော် နောက်ထပ်လေးယောက်ရှိပါသည်။

ထောင်အာဏာပိုင်များက ကျေးဇူးတင်ရှိခြင်း

“အကျဉ်းသားများ၏ သဘောထားပြောင်းလဲမှုသည် အထူးထင်ရှားခဲ့သည်။ ဆေးလိပ်ဖြတ်သူများစွာရှိပြီး သူတို့၏အခန်းများကိုလည်း သန့်ရှင်းစွာထားကြသည်။ ဤသို့သောအမူအကျင့်ပြောင်းလဲမှုကို အကျဉ်းသားများစွာတွင် တွေ့ရှိရသည်” ဟုထောင်အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ဗော့ဝူဖ်ထောင်အုပ်ချုပ်ရေးအဖွဲ့က “ဘာသာဝင်သူများသည် စည်းကမ်းရှိကြသည်; ထောင်ကြပ်များကို ပြဿနာမဖြစ်စေပါ” ဟုဝန်ခံပြောဆိုခဲ့ကြောင်း ဇချီ ဗာရ်ရှားဗီ သတင်းစာကတင်ပြသည်။ ထောင်ဒဏ်မပြည့်မီ ထွက်ခွင့်ရခဲ့သူများသည် ယေဟောဝါသက်သေအသိုင်းအဝိုင်းတွင် ဝင်ဆံ့ပေါင်းသင်းကြ၍ ရာဇဝတ်မှုပြန်မပြုလုပ်ကြတော့ကြောင်း ထိုဆောင်းပါးက ထပ်ဆင့်ဖော်ပြပါသည်။

ထောင်ညွှန်ကြားရေးမှူး၏ထင်မြင်ယူဆချက်ကားအဘယ်နည်း။ “ဒီထောင်ထဲမှာ ယေဟောဝါသက်သေတွေရဲ့အလုပ်ဟာ အထိရောက်ဆုံးအထောက်အကူပြုတယ်” ဟူ၍သူဆိုသည်။ “အကျဉ်းသားတွေဟာ [ယေဟောဝါသက်သေတွေနဲ့] ကျမ်းစာလေ့လာနေရင်း ဘဝလမ်းညွှန်အသစ်ရရှိတဲ့အတွက် သူတို့ရဲ့အရည်အသွေးနဲ့စံနှုန်းတွေဟာလည်း ပြောင်းလဲသွားတယ်” ဟုညွှန်ကြားရေးမှူးကဝန်ခံ၏။ သူတို့သည် စကားပြောလိမ္မာယဉ်ကျေးသိမ်မွေ့ကြသည်။ ပြဿနာလုံးဝမပေးကြသည့် ဇွဲရှိသောလုပ်သားများဖြစ်ကြသည်။ အာဏာပိုင်များ၏ ဤချီးမွမ်းစကားများသည် ဗော့ဝူဖ်ထောင်တွင် အကျဉ်းသားများအလယ် အမှုဆောင်နေကြသော သက်သေခံများအတွက် အမှန်ပင်အားရှိစရာဖြစ်သည်။

လည်ပတ်ရောက်ရှိကြသော သက်သေခံများသည် ယေရှု၏ဤစကားကို အပြည့်အဝတန်ဖိုးထားလေးမြတ်ကြသည်– “ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ . . . သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်။” (ယောဟန် ၁၀:၁၄၊ ၁၆) ထောင်တံတိုင်းများပင် သိုးကဲ့သို့သောသူများအား သိုးထိန်းကောင်းယေရှုခရစ် စုသိမ်းခြင်းကို မတားဆီးနိုင်ကြချေ။ ဗော့ဝူဖ်မြို့ရှိသက်သေခံတို့သည် အဆိုပါပျော်ရွှင်ဖွယ်လုပ်ငန်းတော်တွင် ပါဝင်ခွင့်ရရှိကြသည့်အတွက် ကျေးဇူးတင်လျက်ရှိကြသည်။ သူတို့သည် အဆုံးမတိုင်မီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို တုံ့ပြန်ကြရန် နှလုံးခိုင်မာသူများစွာတို့အား ကူညီပေးရာတွင် ယေဟောဝါ၏ကောင်းချီးကို ဆက်လက်ခံစားရန်အတွက် ယေဟောဝါအား မျှော်ကိုးကြသည်။—မဿဲ ၂၄:၁၄။

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]

“ကလေးကြီး” ပြဿနာ

“အကျဉ်းသားတစ်ဦးသည် ထောင်ထဲတွင် အချိန်အတန်ကြာနေခဲ့ပြီးနောက် လွတ်လပ်စွာနေထိုင်ခြင်း သို့မဟုတ် မိမိဘာသာနေခြင်း၏သဘောတရားကို များသောအားဖြင့် မသိကြတော့ချေ။ ယင်းကြောင့် ကျွန်တော်တို့သည် ‘ကလေးကြီး’ ပြဿနာဖြစ်သည့် ထောင်မှထွက်လာလာချင်း ကိုယ့်ကိုယ်ကို မည်သို့ပြုစုစောင့်ရှောက်ရမည်ကိုမသိသောသူနှင့် ရင်ဆိုင်ရ၏။ ထိုကြောင့် အသင်းတော်၏တာဝန်မှာ သူ့ကိုကျမ်းစာသမ္မာတရားသင်ပေးရုံထက်မကလိုအပ်သည်။ အသိုင်းအဝိုင်းဝင်တစ်ဦးဖြစ်လာရန် သူ့အားပြင်ဆင်ပေးရသည့်အပြင် သူရင်ဆိုင်ရမည့်အန္တရာယ်အသစ်များနှင့် သွေးဆောင်မှုအသစ်များအကြောင်း သတိပေးရသည်။ အလွန်အကျွံကာကွယ်မှုမပေးမိရန် သတိပြုစဉ် သူသည် ဘဝအသစ်စတင်နိုင်ရန် ကူညီပေးရပါသည်” ဟူ၍ ဗော့ဝူဖ်ထောင်တွင် အကျိုးဆောင်နေကြသော သက်သေခံများကပြောပြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ