‘မိုးတိမ်တွင်း၌ ဉာဏ်ပညာကို အဘယ်သူထည့်သွင်းသနည်း’
“သင်တို့သည် အနောက်မျက်နှာ၌ မိုးရိပ်တက်သည်ကိုမြင်သောအခါ ‘မိုးရွာမည်’ ဟုချက်ချင်းဆိုတတ်၏။ ဆိုသည်အတိုင်းလည်းဖြစ်တတ်၏။ တောင်လေလာသည်ကို မြင်သောအခါ ‘နေပူမည်’ ဟုဆိုတတ်၏။ ဆိုသည်အတိုင်းလည်းဖြစ်တတ်၏။” ခရစ်ဝင်ကျမ်းရေးသူလုကာရေးသားခဲ့သော ယေရှု၏ ဤစကားများမှာ ရှေးခေတ်ပါလက်စတိုင်းဒေသတွင် မိုးလေဝသခန့်မှန်းကြပုံဖြစ်သည်။ (လုကာ ၁၂:၅၄၊ ၅၅) အချို့သောအခြေအနေများတွင် ရှေးလူများသည် နိမိတ်လက္ခဏာများကိုကြည့်၍ တိကျသောရေတိုဟောကိန်းများ ဟောနိုင်ခဲ့ကြသည်။
မျက်မှောက်ခေတ်တွင် မိုးလေဝသပညာရှင်တို့သည် သာ၍ကြာရှည်သည့်ကာလအတွက် မိုးလေဝသအခြေအနေကိုတိုင်းတာရန် ကမ္ဘာပတ်ဂြိုဟ်တုများ၊ ဒေါ်ပလာရေဒါနှင့် စွမ်းရည်ထက်မြက်သော ကွန်ပျူတာများစသည့် ခေတ်မီဆန်းပြားသောကိရိယာများကို အသုံးပြုကြသည်။ သို့သော် သူတို့၏ခန့်မှန်းချက်များမှာ မကြာခဏမှားလေ့ရှိသည်။ အဘယ်ကြောင့်နည်း။
အကြောင်းရင်းများစွာကြောင့် တိကျသည့်ရာသီဥတုခန့်မှန်းမှုပြုရန် ခက်ခဲသည်။ ဥပမာအနေနှင့် အပူချိန်၊ စိုထိုင်းမှု၊ လေဖိအား၊ လေတိုက်နှုန်းနှင့် လေတိုက်ရာလမ်းကြောင်းစသည့် ကြိုမမြင်နိုင်သောအပြောင်းအလဲများက အခြေအနေကိုရှုပ်ထွေးစေနိုင်သည်။ ထို့အပြင် သိပ္ပံပညာရှင်များ အပြည့်အဝနားမလည်ကြသေးသည့် နေ၊ မိုးတိမ်နှင့်ပင်လယ်တို့၏ ရှုပ်ထွေးနက်နဲသော အကျိုးသက်ရောက်မှုများလည်းရှိသေးသည်။ ထို့ကြောင့် မိုးလေဝသခန့်မှန်းမှုသည် မတိကျသောသိပ္ပံပညာအဖြစ်ရှိနေသေးသည်။
မိုးလေဝသနှင့်ပတ်သက်သော အကန့်အသတ်သာရှိသည့် လူ့အသိပညာက ယောဘမေးခဲ့သော ဤမေးခွန်းများကိုသတိရစေသည်– “နှင်းပေါက်များကို မည်သူဖြစ်ပွားစေခဲ့သနည်း။ မည်သူ့ဝမ်းမှ ရေခဲပေါ်ခဲ့သနည်း။ . . . ရေများသည် သင့်အလိုအတိုင်း လွှမ်းမိုးစေခြင်းငှာ မိုးတိမ်အားအသံလွှင့်၍ မိန့်ခေါ်နိုင်သလော။ . . . မိုးတိမ်တွင်း၌ ဉာဏ်ပညာကိုထည့်သွင်းသူ၊ ဥက္ကာကြယ်အား ဉာဏ်ပဋိဘာန်ကို ပေးသူကား မည်သူနည်း။ . . . မိုးတိမ်များကိုဉာဏ်ပညာအားဖြင့် ရေတွက်၍ ကောင်းကင်ရေအိုးများကို မည်သူစောင်းသွန်နိုင်သနည်း။”—ယောဘ ၃၈:၂၈-၃၈၊ သမ။
ဤမေးခွန်းအားလုံး၏အဖြေမှာ လူမဟုတ်၊ ယေဟောဝါဘုရားသခင်သာ ဟူ၍ဖြစ်၏။ လူသားများသည် မည်မျှပညာရှိပုံပေါ်ပါစေ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ ဉာဏ်ပညာသည် အလွန့်အလွန်သာလွန်သည်မှာအမှန်ပင်။ ကျွန်ုပ်တို့အောင်မြင်စွာလျှောက်လှမ်းနိုင်ကြရန် ဘုရားသခင့်ဉာဏ်ပညာကို သမ္မာကျမ်းစာမှတစ်ဆင့် ကျွန်ုပ်တို့ရရှိရန်စီစဉ်ထားပေးခြင်းသည် အမှန်ပင်မေတ္တာရှိခြင်းဖြစ်သည်။—သု. ၅:၁၊ ၂။