ကျေးဇူးသိတတ်ကြောင်း ဖော်ပြသလော
အနောက်အာဖရိကရှိ [ခရစ်ယာန်] သာသနာပြုအိမ်တစ်အိမ်တွင် တစ်ချိန်က ထယ်ဒီအမည်ရှိသော အိမ်စောင့်ခွေးကလေးတစ်ကောင်ရှိခဲ့၏။ တစ်ယောက်ယောက်က အသားတုံးတစ်တုံးပစ်ပေးသည့်အခါ ထယ်ဒီသည် အရသာခံခြင်းမရှိ မဝါးဘဲ ချက်ချင်းမျိုချတတ်သည်။ နောက်ထပ်တစ်ကိုက်စာ ပစ်ပေးရန် နေပူကျဲကျဲအောက်တွင် အာသာငမ်းငမ်းဖြင့် စောင့်မျှော်တတ်သည်။ အသားတုံးများ ကုန်သွားသည်နှင့် သူ့လမ်းသူပြန်သွားတော့သည်။
ထယ်ဒီသည် ကျေးဇူးတင်ကြောင်း တစ်ခါမျှ မတင်ပြခဲ့ချေ။ မည်သူကမျှလည်း ထိုသို့ပြုရန် မမျှော်လင့်ခဲ့ပါ။ အမှန်မှာ သူသည်ခွေးတစ်ကောင်မျှသာဖြစ်သည်။
တိရစ္ဆာန်များထံမှထက် လူလူချင်းထံမှ ကျေးဇူးတင်သောသဘောကို ကျွန်ုပ်တို့ပိုမျှော်လင့်တတ်ကြ၏။ အများအားဖြင့် ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း မဖြစ်လာချေ။ လူအများသည် ဘဝမှ ရနိုင်သမျှကိုအမိအရ ရယူကြပြီး ပို၍ရရှိရန်စောင့်မျှော်တတ်ကြသည်။ ယင်းသည်လည်း အံ့အားသင့်စရာမဟုတ်ပါ။ သမ္မာကျမ်းစာက နောက်ဆုံးသောနေ့ရက်တွင် လူတို့သည် ကျေးဇူးမသိသောသူများဖြစ်မည်ဟု ကြိုဟောထားသည်။—၂ တိမောသေ ၃:၁၊ ၂။
သို့ရာတွင် ဘုရားသခင့်ကျေးကျွန်များ၏စိတ်ထားသည် ခြားနားပါသည်။ ယုံကြည်သူချင်းတို့အား “ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့” ဟုတိုက်တွန်းခဲ့သည့် တမန်တော်ပေါလု၏အကြံပေးချက်ကို သူတို့လိုက်နာကြသည်။—ကောလောသဲ ၃:၁၅။
ကျေးဇူးသိတတ်ကြောင်း ယေဟောဝါဖော်ပြခဲ့
လေးမြတ်မှုတင်ပြရာတွင် ယေဟောဝါဘုရားသခင်သည် စုံလင်သောပုံသက်သေကိုချမှတ်ပေးသည်။ မိမိ၏သစ္စာရှိကျေးကျွန်များကို ကိုယ်တော်မည်သို့ရှုမြင်ကြောင်း သုံးသပ်ကြည့်ပါ။ မှုတ်သွင်းခံရသည့်ပေါလုသည် ဟေဗြဲခရစ်ယာန်များထံ ဤသို့ရေးသားခဲ့သည်– “သင်တို့သည် သန့်ရှင်းသောသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည်မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကိုပြုတော်မူသည်မဟုတ်။”—ဟေဗြဲ ၆:၁၀။
မိမိ၏သစ္စာရှိကျေးကျွန်များကို ယေဟောဝါတန်ဖိုးထားလေးစားကြောင်းဖော်ပြသည့် ပုံနမူနာများစွာရှိသည်။ အာဗြဟံ၏အမျိုးအနွယ်ကို “ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း” ဖြစ်လာစေသည်အထိ တိုးပွားစေခြင်းဖြင့် သူ့ကိုကောင်းချီးပေးခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၇) ယောဘစမ်းသပ်ခံရချိန်တွင် သစ္စာရှိခဲ့ခြင်းကို တန်ဖိုးထားလေးစားသည့်အနေနှင့် ယေဟောဝါသည် ယောဘကိုတစ်ဖန်ပြန်ချမ်းသာကြွယ်ဝစေရုံမက “အရင်ထက်နှစ်ဆသောဥစ္စာကိုပေး” ခဲ့သည်။ (ယောဘ ၄၂:၁၀) အနှစ်ထောင်ပေါင်းများစွာတစ်လျှောက် လူတို့နှင့်ယေဟောဝါဆက်ဆံပုံက ဤဖော်ပြချက်မှန်ကန်ကြောင်း သက်သေထူသည်– “ထာဝရဘုရားသည် စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ၊ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။”—၂ ရာဇဝင်ချုပ် ၁၆:၉။
ဘုရားသခင်၏အလိုတော်ဆောင်ရွက်သူတို့ကို ကိုယ်တော်တန်ဖိုးထား၍ ဆုချလိုခြင်းသည် ကိုယ်တော်၏ဂုဏ်ရည်တော်တွင် အဓိကအရည်အသွေးဖြစ်သည်။ ယင်းကိုအသိအမှတ်ပြုခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံဖြစ်သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည်၊ . . . ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို . . . ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆။
ယင်းအစား ယေဟောဝါသည် ခက်ထန်၍ အပြစ်တင်ဝေဖန်သည့်သဘောထားရှိမည်ဆိုလျှင် ကျွန်ုပ်တို့အားလုံး ပြစ်ဒဏ်ချမှတ်ခံကြရပေမည်။ ဆာလံဆရာသည် ရှေးအချိန်က ဤသို့ဆိုခဲ့သည်– “အိုဘုရား [သခင်] ထာဝရဘုရား ကိုယ်တော်သည် [မကောင်းမှု] အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။” (ဆာလံ ၁၃၀:၃) ယေဟောဝါသည် တန်ဖိုးမထားတတ်သူမဟုတ်သကဲ့သို့ အပြစ်ရှာဝေဖန်တတ်သူလည်းမဟုတ်ပါ။ မိမိအမှုတော်ထမ်းသူများကို ကိုယ်တော်မြတ်နိုးတော်မူ၏။ သူတို့ကိုကျေးဇူးတင်ကြောင်း ကိုယ်တော်ဖော်ပြသည်။
ယေရှု—အလွန်တန်ဖိုးထားလေးမြတ်တတ်သောပုဂ္ဂိုလ်တစ်ပါး
ယေရှုခရစ်သည် ကောင်းကင်ခမည်းတော်၏အရည်အသွေးများကို အပြည့်အဝရောင်ပြန်ဟပ်လျက် အခြားသူများ ယုံကြည်ခြင်းကြောင့်ပြုသောအရာများကို ကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။ ယေရုရှလင်မြို့ရှိဗိမာန်တော်တွင် တစ်ကြိမ်က မည်သို့ဖြစ်ခဲ့သည်ကို သုံးသပ်ကြည့်ပါ– “ထိုနောက် [ယေရှု] သည်မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့သွင်းချသည်ကို မြင်တော်မူ၏။ ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်း ကြေးနီဒ င်္ဂါးနှစ်ပြားသွင်းချသည်ကိုမြင်တော်မူလျှင်၊ ‘ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသောမုဆိုးမသည် အခြားသောသူအပေါင်းတို့ထက်သာ၍သွင်းချပြီ။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီ’ ဟုမိန့်တော်မူ၏။”—လုကာ ၂၁:၁-၄။
ငွေကြေးအရ အထူးသဖြင့် ချမ်းသာသူများနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ထိုအလှူငွေသည် အနည်းငယ်သာဖြစ်၏။ ထိုတွင်ရောက်ရှိနေသူအများစုသည် သူ့ကိုသတိပြုမိချင်မှပြုမိမည်။ သို့တိုင် ယေရှုသည် ထိုမုဆိုးမကိုမြင်ခဲ့သည်။ သူ့အခြေအနေကို ကိုယ်တော်ကောင်းစွာ သိမြင်ခဲ့၏။ သူ့ကိုယေရှုတွေ့မြင်ပြီး တန်ဖိုးထားလေးမြတ်ခဲ့သည်။
နောက်အဖြစ်အပျက်တစ်ခုမှာ ချမ်းသာကြွယ်ဝသောအမျိုးသမီးမာရိနှင့်ပတ်သက်သည်။ အစာစားချိန်၌ ယေရှုလှဲလျောင်းနေစဉ် ကိုယ်တော်၏ခြေထောက်နှင့်ခေါင်းတော်ပေါ်သို့ အလွန်အဖိုးထိုက်တန်သော ဆီမွှေးကိုသူသွန်းလောင်းခဲ့သည်။ အချို့က ထိုဆီကိုရောင်း၍ရသောငွေဖြင့် ဆင်းရဲသားတို့ကိုကူမနိုင်သည်ဟု အကြောင်းပြကာ သူ့လုပ်ရပ်ကိုပြစ်တင်ဝေဖန်ခဲ့ကြ၏။ ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။ ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့်နှောင့်ယှက်ကြသနည်း။ သူသည် ငါ၌ကောင်းသောအမှုကိုပြုပြီ။ ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင်ဟောသောအရပ်ရပ်တို့၌ ဤမိန်းမကိုအောက်မေ့စရာဖို့ သူပြုသောဤအမှုကိုကြားပြောရကြလတ္တံ့။”—မာကု ၁၄:၃-၆၊ ၉; ယောဟန် ၁၂:၃။
ထိုအဖိုးတန်သောဆီကို အခြားနည်းဖြင့်အသုံးမပြုခဲ့သည့်အတွက် ယေရှုသည် ဝမ်းနည်းပူဆွေးလျက် ပြစ်တင်ဝေဖန်ခြင်းမပြုခဲ့ပါ။ မာရိရက်ရောစွာဖော်ပြခဲ့သော သူ၏မေတ္တာနှင့်ယုံကြည်ခြင်းကို ကိုယ်တော်တန်ဖိုးထားလေးမြတ်ခဲ့သည်။ သူ၏ကောင်းမှုကိုအမှတ်ရသည့်အနေဖြင့် ထိုအဖြစ်အပျက်ကို သမ္မာကျမ်းစာ၌မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ဤမှတ်တမ်းများနှင့် အခြားမှတ်တမ်းတို့က ယေရှုသည် အလွန်တန်ဖိုးထားလေးမြတ်တတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းဖော်ပြသည်။
အသင်သည် ဘုရားသခင့်ကျေးကျွန်တစ်ဦးဖြစ်မည်ဆိုလျှင် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့သည် စစ်မှန်သောဝတ်ပြုမှုတိုးတက်စေရန် သင့်ကြိုးပမ်းမှုများကို အလွန်တန်ဖိုးထားလေးမြတ်ကြောင်း စိတ်ချနိုင်ပါသည်။ ယင်းကိုသိရှိခြင်းက သူတို့အား ပိုရင်းနှီးချစ်ခင်စေပြီး ကျွန်ုပ်တို့ကိုယ်တိုင် ကျေးဇူးသိတတ်သူများဖြစ်ကြောင်းဖော်ပြခြင်းဖြင့် သူတို့အားတုပရန်လှုံ့ဆော်ပေးသည်။
စာတန်၏ပြစ်တင်ဝေဖန်တတ်သောစိတ်ဓာတ်
ယခု ကျေးဇူးကန်းသူ—စာတန်—၏နမူနာကို သုံးသပ်ကြည့်ကြစို့။ စာတန်၏ တန်ဖိုးထားလေးမြတ်မှုကင်းသောသဘောက ဘုရားသခင်အားဆန့်ကျင်ပုန်ကန်ရန် အစဖော်ပေးခဲ့သည်။
စာတန်သည် မကျေမနပ်ပြစ်တင်ဝေဖန်တတ်သည့်စိတ်ဓာတ်ကို ပြုစုပျိုးထောင်ရုံမျှမက အခြားသူများ၌လည်း ယင်းကိုအစပျိုးခဲ့သည်။ ဧဒင်ဥယျာဉ်၌ ဖြစ်ပျက်ခဲ့သောအမှုများကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသည် ပထမလူသားမောင်နှံကိုဖန်ဆင်းပြီး ပရဒိသုဥယျာဉ်၌ထားကာ သူတို့ကို “ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏” ဟုမိန့်တော်မူခဲ့သည်။ သူတို့မှာ ကန့်သတ်မှုတစ်ခုသာရှိသည်။ ဘုရားသခင်က “ကောင်းမကောင်းကို သိကျွမ်းရာ . . . အပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟုမိန့်တော်မူ၏။—ကမ္ဘာဦး ၂:၁၆၊ ၁၇။
သို့သော် မကြာမီ စာတန်သည် ယေဟောဝါ၏ယုံကြည်စိတ်ချနိုင်သည့် အရည်အချင်းကို စိန်ခေါ်ခဲ့သည်။ တစ်နည်းအားဖြင့် စာတန်ကိုယ်တိုင်ပုန်ကန်ခဲ့သကဲ့သို့ ဧဝသည် ယေဟောဝါအားပုန်ကန်ရန် လှုံ့ဆော်ခံရသည့်အထိ ကိုယ်တော့်အပေါ် ကျေးဇူးကန်းစေလိုခဲ့သည်။ စာတန်က “သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလော” ဟုမေး၏။ (ကမ္ဘာဦး ၃:၁) ရှင်းနေသည့်အဓိပ္ပာယ်ကား ဘုရားသခင်သည် ဧဝ၏မျက်စိကိုပွင့်စေ၍ ဘုရားကိုယ်တော်တိုင်ကဲ့သို့ သူ့ကိုဖြစ်စေမည့် အဖိုးတန်အရာတစ်ခုကို ဧဝအားမပေးဘဲထားသည်ဖြစ်၏။ ယေဟောဝါပေးသနားခဲ့သည့် ကောင်းချီးများစွာအတွက် ကျေးဇူးတင်ကြောင်းပြမည့်အစား ဧဝသည် တားမြစ်ထားရာကို စတင်တောင့်တတော့သည်။—ကမ္ဘာဦး ၃:၅၊ ၆။
ကျရောက်လာသည့်ဆိုးကျိုးများကား အများသိပင်ဖြစ်သည်။ “အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်” သောကြောင့် ဧဝဟူသောအမည်ရရှိခဲ့သော်လည်း အခြားတစ်နည်းအားဖြင့် သူသည် အသက်ငင်သူအပေါင်းတို့၏မိခင်ဖြစ်လာသည်။ လူသားအားလုံးတို့သည် အာဒံထံမှ သေခြင်းသို့ရောက်စေသည့်အပြစ်ကို အမွေခံခဲ့ကြရသည်။—ကမ္ဘာဦး ၃:၂၀; ရောမ ၅:၁၂။
ဘုရားသခင်နှင့် ခရစ်တော်ကိုတုပလော့
စာတန်နှင့် ယေရှုတို့၏ခြားနားမှုကို သုံးသပ်ကြည့်ပါ။ “ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ်အပြစ်တင်သောရန်သူ” အဖြစ် စာတန်ကိုဖော်ပြထားသည်။ (ဗျာဒိတ် ၁၂:၁၀) ယေရှုမူကား “ကိုယ်တော်အားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ် . . . သူတို့အဖို့ အသနားတော်ခံရန် ကိုယ်တော်သည်ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကိုလုံးလုံးကယ်တင်ခြင်းငှာတတ်နိုင်တော်မူ၏။”—ဟေဗြဲ ၇:၂၅၊ သမ္မာ။
စာတန်သည် ဘုရားသခင့်ကျေးကျွန်များကို အပြစ်တင်သည်။ သူတို့ကိုယေရှုတန်ဖိုးထားလေးမြတ်၍ သူတို့အဖို့အသနားခံတော်မူ၏။ ခရစ်တော်ကိုတုပသူများအနေနှင့် ခရစ်ယာန်များသည် တစ်ဦးကိုတစ်ဦးတန်ဖိုးထားလေးမြတ်ကာ အချင်းချင်း၏အကောင်းကိုသာရှာကြည့်ဖို့ ကြိုးစားသင့်သည်။ သို့ပြုခြင်းဖြင့် သူတို့သည် ကျေးဇူးတင်ကြောင်းတင်ပြရာတွင် အကောင်းမြတ်ဆုံးပုံနမူနာချမှတ်ပေးသည့် ယေဟောဝါဘုရားသခင်အား ကျေးဇူးတင်ကြောင်းဖော်ပြကြပါသည်။—၁ ကောရိန္သု ၁၁:၁။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
မာရိ၏ကောင်းမှုကိုတန်ဖိုးထားလေးမြတ်ကြောင်းယေရှုဖော်ပြခဲ့