ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁၅ စာ. ၂၅-၂၈
  • ခရစ်ယာန်အသင်းတော်—နှစ်သိမ့်မှုပေးရာရင်းမြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်အသင်းတော်—နှစ်သိမ့်မှုပေးရာရင်းမြစ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထောက်ပံ့မှုနှင့်အားပေးကူညီမှု
  • မေတ္တာရှိသောကြီးကြပ်မှူးများထံမှ အကူအညီ
  • အခန့်သင့်အချိန်၌စစ်မှန်သောအကူအညီ
  • အထက်မှဉာဏ်ပညာ
  • အချင်းချင်း အားပေးကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အသင်းတော်သည် ယေဟောဝါကို ချီးမွမ်းစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘုရားသခင့် လူမျိုးတော်ဘောင်အတွင်း လုံခြုံမှုကိုရှာယူပါလေ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁၅ စာ. ၂၅-၂၈

ခရစ်ယာန်အသင်းတော်—နှစ်သိမ့်မှုပေးရာရင်းမြစ်

အသက် ၂၀ ကျော်ရှိ ပေါ့ပီဆိုသောအမျိုးသမီးတစ်ဦးသည် မိဘများနှင့်ပွင့်လင်းသောဆက်ဆံရေးမရှိခြင်းနှင့်ပတ်သက်သည့် နာကြည်းဖွယ်မိသားစုအခြေအနေတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်။a ခရစ်ယာန်အကြီးအကဲတစ်ဦးနှင့် သူ၏ဇနီးတို့ကို ရင်ဖွင့်ပြီးနောက် သူတို့ထံဤသို့စာရေးခဲ့သည်– “ကျွန်မနဲ့စကားပြောဖို့ အချိန်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ညီအစ်ကိုတို့ရဲ့ဂရုစိုက်မှုကို ကျွန်မဘယ်လောက်တန်ဖိုးထားတယ်ဆိုတာကို ညီအစ်ကိုတို့သိမှာမဟုတ်ဘူး။ ကျွန်မယုံကြည်စိတ်ချပြီး စကားပြောဆိုနိုင်တဲ့သူတွေကို ယေဟောဝါပေးထားတဲ့အတွက် ကျေးဇူးတင်တယ်။”

မကြာသေးမီက ဆယ်ကျော်သက်ကလေးနှစ်ဦးနှင့် မုဆိုးမဖြစ်ခဲ့ရသည့် တူလာဆိုသောအမျိုးသမီးတစ်ဦးသည် စိတ်ဒုက္ခရောက်ပြီး ငွေကြေးအခက်အခဲများနှင့်ကြုံတွေ့နေခဲ့ရ၏။ သူနှင့်သူ၏ကလေးများထံ အသင်းတော်မှ ခရစ်ယာန်ဇနီးမောင်နှံတစ်စုံသည် မှန်မှန်လည်ပတ်အားပေးခဲ့သည်။ သူ၏အခြေအနေကို အောင်မြင်စွာကျော်လွှားနိုင်ပြီးနောက်တွင် “ကျွန်မဆုတောင်းတိုင်း ရှင်တို့ကိုအမြဲသတိရတယ်။ ကျွန်မကို ခဏခဏထောက်ပံ့ကူညီပေးခဲ့တာကို မမေ့နိုင်ဘူး” ဟုဆိုသည့် ကတ်တစ်ခု သူတို့ထံပေးပို့ခဲ့သည်။

လောက၏တိုးများနေသော ဖိစီးမှုများကြောင့် သင်သည် “ဝန်လေး” နေသည်ဟု တစ်ခါတစ်ရံခံစားရသလော။ (မဿဲ ၁၁:၂၈) “အချိန်နှင့်ကြိုတင်မမြင်ရသောအဖြစ်အပျက်” ကြောင့် နာကြည်းဖွယ်ကိုယ်တွေ့များကို သင်တွေ့ကြုံခဲ့ပြီလော။ (ဒေ. ၉:၁၁၊ ကဘ) ထိုသို့ဆိုလျှင် အသင်တစ်ဦးတည်းမဟုတ်ပါ။ သို့ရာတွင် စိတ်ဆင်းရဲနေရသည့် ထောင်ချီသောသူတို့ တွေ့ကြုံခံစားနှင့်သကဲ့သို့ အသင်လည်း ယေဟောဝါသက်သေများ၏ ခရစ်ယာန်အသင်းတော်တွင် အရေးပါသောအကူအညီကို ရရှိနိုင်သည်။ စီ.အီး. ပထမရာစု၌ ယုံကြည်သူချင်းအချို့သည် မိမိကိုအထူး “နှစ်သိမ့်” ပေးခဲ့ကြောင်း တမန်တော်ပေါလုပြောခဲ့သည်။ (ကောလောသဲ ၄:၁၀၊ ၁၁၊ သမ) အသင်လည်း အလားတူတွေ့ကြုံမှုမျိုး ကြုံတွေ့နိုင်သည်။

ထောက်ပံ့မှုနှင့်အားပေးကူညီမှု

ခရစ်ယာန်ဂရိကျမ်းစာစောင်များတွင် “အသင်းတော်” ဟူသောစကားလုံးကို အတူတကွခေါ်ထားခြင်းခံရသည့် အုပ်စုတစ်စုဟုအဓိပ္ပာယ်ရသော ဂရိဝေါဟာရ အက်ခ်လီစီအား မှဘာသာပြန်ဆိုခဲ့၏။ ထိုစကားလုံး၏မူရင်းအဓိပ္ပာယ်တွင် စည်းလုံးညီညွတ်မှုသဘောထားနှင့် အပြန်အလှန်ရိုင်းပင်းကူညီခြင်းပါဝင်သည်။

ခရစ်ယာန်အသင်းတော်သည် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အမှန်တရားကို ထောက်ခံကာ ကိုယ်တော့်နိုင်ငံတော်သတင်းကောင်းကို ကြေညာသည်။ (၁ တိမောသေ ၃:၁၅; ၁ ပေတရု ၂:၉) သို့သော်ငြားလည်း အသင်းတော်သည် ၎င်းနှင့်ပူးပေါင်းသူများကို ဝိညာဉ်ရေးထောက်ပံ့မှုနှင့် ကူညီမှုကိုလည်းပေးသည်။ ထိုတွင် ဖိစီးမှုခံရသောအချိန်အခါများ၌ အခြားသူများကို ကူညီနှစ်သိမ့်ပေးရန် အသင့်ရှိသည့် မေတ္တာရှိသော၊ စိုးရိမ်ပူပန်တတ်၍ ဂရုစိုက်သောမိတ်ဆွေများကို ထိုတွင်တွေ့ရှိနိုင်သည်။—၂ ကောရိန္သု ၇:၅-၇။

ယေဟောဝါအားဝတ်ပြုသူများသည် အသင်းတော်တွင် ကာကွယ်စောင့်ရှောက်မှုနှင့် လုံခြုံမှုအစဉ်တွေ့ရှိခံစားခဲ့ကြရ၏။ စုဝေးထားသော ဘုရားသခင်၏လူမျိုးအလယ်တွင် ပျော်ရွှင်မှုနှင့်လုံခြုံမှုခံစားရသည်ဟု ဆာလံဆရာကဖော်ပြခဲ့သည်။ (ဆာလံ ၂၇:၄၊ ၅; ၅၅:၁၄; ၁၂၂:၁) အလားတူ ယနေ့လည်း ခရစ်ယာန်အသင်းတော်သည် တစ်ဦးကိုတစ်ဦး အားပေးတည်ဆောက်ကြသော ယုံကြည်သူချင်းများ၏အသင်းအပင်းဖြစ်သည်။—သု. ၁၃:၂၀; ရောမ ၁:၁၁၊ ၁၂။

“ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြ” ရန်အသင်းသားများကို သွန်သင်ပေးလျက်ရှိ၏။ (ဂလာတိ ၆:၁၀) သူတို့ရရှိထားကြသည့် ကျမ်းစာအခြေခံသောအသိပညာသည် တစ်ဦးကိုတစ်ဦး ညီအစ်ကိုချင်းမေတ္တာပြသရန်နှင့် ချစ်ခင်တွယ်တာရန် လှုံ့ဆော်ပေးသည်။ (ရောမ ၁၂:၁၀; ၁ ပေတရု ၃:၈) အသင်းတော်ရှိ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများသည် ကြင်နာရန်၊ အသင့်အတင့်ပေါင်းဖော်ရန်နှင့် စာနာထောက်ထားတတ်ရန် လှုံ့ဆော်ခံရကြ၏။ (ဧဖက် ၄:၃) သူတို့သည် သမားရိုးကျဝတ်ပြုသူများသာဖြစ်မည့်အစား သူတစ်ပါးကို မေတ္တာပါစွာ အရေးစိုက်ကြသည်။—ယာကုပ် ၁:၂၇။

ထို့ကြောင့် ဖိစီးခံရသူများသည် အသင်းတော်တွင် မိသားစုအသိုင်းအဝိုင်းကဲ့သို့ နွေးထွေးသောဝန်းကျင်ကို တွေ့ရှိကြသည်။ (မာကု ၁၀:၂၉၊ ၃၀) ရင်းနှီးခင်မင်ပြီး မေတ္တာရှိသောအုပ်စုတွင် ပါဝင်သူတစ်ဦးဖြစ်သည်ဟုခံစားရခြင်းသည် သူတို့ကိုအားရှိစေသည်။ (ဆာလံ ၁၃၃:၁-၃) ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ သည်အာဟာရရှိသော ‘အချိန်တန်ဝိညာဉ်အစာ’ ကိုအသင်းတော်မှတစ်ဆင့် ကျွေးမွေးလျက်ရှိသည်။—မဿဲ ၂၄:၄၅။

မေတ္တာရှိသောကြီးကြပ်မှူးများထံမှ အကူအညီ

ခရစ်ယာန်အသင်းသားများသည် အသင်းတော်တွင် ဝိညာဉ်ရေးဘက်ထောက်ပံ့၍အားပေးမည့် မေတ္တာရှိပြီး နားလည်မှုရှိသော အရည်အချင်းပြည့်မီသည့် သိုးထိန်းများရှိမည်ဟု မျှော်လင့်နိုင်၏။ ဤအရည်အချင်းများရှိသော သိုးထိန်းများသည် “လေလုံ၍မိုးသက်မုန်တိုင်းကွယ်ရာအရပ်” နှင့်တူသည်။ (ဟေရှာယ ၃၂:၁၊ ၂) ဝိညာဉ်တော်ဖြင့်ခန့်အပ်ခံရသည့် အကြီးအကဲများ သို့မဟုတ် ကြီးကြပ်မှူးများသည် ဘုရားသခင်၏သိုးကဲ့သို့သောသူများကို ဂရုစိုက်ကြ၏၊ နာမကျန်းသူများနှင့်စိတ်ဓာတ်ကျသူများကို အားပေးကူညီကာ ပြစ်မှားသူများကို ပြန်လည်ထူမပေးရန် ကြိုးစားကြသည်။—ဆာလံ ၁၀၀:၃; ၁ ပေတရု ၅:၂၊ ၃။

အသင်းတော်၏အကြီးအကဲအဖွဲ့သည် ယုံကြည်သူချင်းများကြုံတွေ့နေရသည့် ကာယရေး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးနိုင်သော ကုထုံးဆရာများ သို့မဟုတ် ကျန်းမာရေးပညာရှင်များတော့မဟုတ်ကြချေ။ ဤစနစ်တွင် ဖျားနာသူများသည် “ဆေးသမားကို” လိုအပ်နေဆဲပင်။ (လုကာ ၅:၃၁) သို့ပင်ငြားလည်း ဤသိုးထိန်းများသည် ဝိညာဉ်ရေးရာအကူအညီလိုအပ်သူများကို ကူညီပေးနိုင်ပါသည်။ (ယာကုပ် ၅:၁၄၊ ၁၅) ဖြစ်နိုင်သည့်အခါတိုင်းတွင် အကြီးအကဲများသည် အခြားအကူအညီများကိုလည်း စီစဉ်ပေးကြသည်။—ယာကုပ် ၂:၁၅၊ ၁၆။

ဤကဲ့သို့သော မေတ္တာပါစီစဉ်မှု၏နောက်ကွယ်တွင် မည်သူရှိသနည်း။ ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်ပင်! ပရောဖက်ယေဇကျေလက ယေဟောဝါသည် ဤသို့ကြေညာနေသကဲ့သို့ ဖော်ပြသည်– “ငါသည် . . . ငါ့သိုးတို့ကိုရှာမည်။ . . . သူတို့ကွဲပြားသောအရပ်ရပ်တို့က ငါနုတ်ဆောင်မည်။ ငါသည် ငါ့သိုးများကိုကျွေးမွေးမည်။ အိပ်ရာကိုလည်း ငါပေးမည်။” ထို့ပြင် ဘုရားသခင်သည် ချည့်နဲ့အားနည်းသောသိုးတို့အတွက်လည်း စိုးရိမ်ပူပန်တတ်သည်။—ယေဇကျေလ ၃၄:၁၁၊ ၁၂၊ ၁၅၊ ၁၆။

အခန့်သင့်အချိန်၌စစ်မှန်သောအကူအညီ

ခရစ်ယာန်အသင်းတော်တွင် စစ်မှန်သောအကူအညီ အမှန်တကယ်ရရှိနိုင်သလော။ ရရှိနိုင်ပါသည်၊ အောက်ဖော်ပြပါသာဓကများသည် အသင်းတော်က ထောက်ပံ့ပေးသည့် အခြေအနေအမျိုးမျိုးကို ဖော်ပြ၏။

◆ ချစ်မြတ်နိုးသူတစ်ဦးသေဆုံးခြင်း။ အဲနာ၏ခင်ပွန်းသည် နာတာရှည်ရောဂါရရှိပြီးနောက် သေဆုံးခဲ့သည်။ “အဲဒီကတည်းက ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းရဲ့ နွေးထွေးတဲ့မေတ္တာကို ကျွန်မရရှိခဲ့တယ်။ ယုံကြည်သူချင်းတွေဆီကနေ ဖက်လှဲတကင်းနဲ့ကူညီအားပေးတဲ့ အကြင်နာစကားတွေ အဆက်မပြတ်ကြားရတဲ့အတွက် ကျွန်မနှလုံးကြေကွဲမဲ့အစား ပုံမှန်ပြန်ဖြစ်လာတဲ့အတွက် ယေဟောဝါကိုကျေးဇူးတင်တယ်။ သူတို့ရဲ့မေတ္တာဟာ ကျွန်မအတွက် အကြီးအကျယ်အားပေးမှုဖြစ်တဲ့အပြင် နောက်ဆုံး စိတ်ဓာတ်ပြန်တက်ကြွပြီး ဂရုစိုက်ခံရတယ်လို့ ခံစားမိလာတယ်” ဟုသူပြောပြသည်။ အသင်လည်း ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးခြင်းဖြစ်သည့် နာကြည်းဖွယ်ခံစားချက်မျိုး တွေ့ကြုံခဲ့ရပေမည်။ ဤသို့သောအချိန်မျိုး၌ အသင်းသားများသည် အတော်အတန်လိုအပ်နေသည့် နှစ်သိမ့်မှုနှင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု ပေးနိုင်ကြပါသည်။

◆ ဖျားနာမှု။ ပိုလန်နိုင်ငံမှ နယ်လှည့်ကြီးကြပ်မှူးအာရ်တာသည် အာရှအလယ်ပိုင်းဒေသရှိ အသင်းတော်များထံမှန်မှန်လည်ပတ်ပြီး ဝိညာဉ်ရေးအရ အားပေးတည်ဆောက်ခဲ့သည်။ သူသည် ဤသို့လည်ပတ်ချိန်တစ်ခေါက်တွင် အတော်ဖျားပြီး နာလန်ထူချိန်တွင် ကျန်းမာရေးအခြေအနေ စိုးရိမ်စရာဖြစ်ခဲ့သည်။ အာရ်တာသည် အလွန်ကျေးဇူးတင်စွာဖြင့် ဤသို့ပြောပြသည်– “[ကာဇက်စတန်ကမြို့တစ်မြို့မှာ] ညီအစ်ကို၊ ညီအစ်မတွေ ကျွန်တော့်ကို ဘယ်လိုကြည့်ရှုပြုစုခဲ့ကြတယ်ဆိုတာကို ပြောပြချင်တယ်။ ကျွန်တော်မသိတဲ့ ညီအစ်ကို၊ ညီအစ်မတွေ—စိတ်ဝင်စားသူတွေတောင်—ကငွေတွေ၊ အစားအစာတွေနဲ့ ဆေးတွေယူလာပေးခဲ့ကြတယ်။ . . . ဝမ်းသာအားရနဲ့ပေးခဲ့ကြတာ။

“ငွေနဲ့အတူ ဒီစာကိုကျွန်တော်ရရှိတဲ့အခါ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို စဉ်းစားကြည့်ပါ– ‘ချစ်လှစွာသော ညီအစ်ကို၊ သင့်ကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ မေမေက ကျွန်တော်ရေခဲမုန့်ဝယ်စားဖို့ ပိုက်ဆံပေးတယ်၊ ဒါပေမဲ့ ညီအစ်ကိုဆေးဝယ်ဖို့ ဒီပိုက်ဆံပေးမယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ မြန်မြန်နေကောင်းလာပါစေ။ ယေဟောဝါက ကျွန်တော်တို့ကို အကြာကြီးလိုအပ်တာ။ လိုအင်ဆန္ဒပြည့်ဝပါစေ။ အားပေးတည်ဆောက်မှုဖြစ်တဲ့ တွေ့ကြုံမှုတွေ ထပ်ပြောပြပါဦး။ ဗိုဗာ။’” မှန်ပါသည်၊ ဤအဖြစ်အပျက်တွင်ဖော်ပြထားသည့်အတိုင်း အသင်းတော်မှလူကြီးလူငယ်မရွေးသည် ဖျားနာချိန်များတွင် နှစ်သိမ့်မှုပေးနိုင်ကြသည်။—ဖိလိပ္ပိ ၂:၂၅-၂၉။

◆ စိတ်ဓာတ်ကျခြင်း။ တယ်ရီသည် ရှေ့ဆောင်အဖြစ် သို့မဟုတ် အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအဖြစ် တလိုတလားအမှုဆောင်လိုခဲ့သည်။ သို့သော် အခက်အခဲများကြောင့် ရှေ့ဆောင်လုပ်ငန်းမှ သူရပ်ဆိုင်းခဲ့ရသည်။ “ဒီလိုအနေနဲ့ ကြိုးစားအမှုဆောင်ပေမဲ့ တစ်နှစ်တောင်မလုပ်နိုင်ခဲ့တဲ့အတွက် ကျွန်မအပြစ်ကြီးတယ်လို့ ခံစားမိတယ်” ဟုသူပြောပြသည်။ ယေဟောဝါအလိုတော်နှင့်တွေ့ဖို့ ကိုယ်တော့်အတွက် မိမိမည်မျှအမှုဆောင်သည်အပေါ် မူတည်သည်ဟု တယ်ရီလွဲမှားစွာယူမှတ်ခဲ့၏။ (မာကု ၁၂:၄၁-၄၄ ယှဉ်ကြည့်။) သို့ဖြစ်၍ အတော်စိတ်ဓာတ်ကျလာကာ သူသည် ထီးတည်းနေခဲ့သည်။ သို့သော် ထိုအချိန်တွင် အသင်းတော်မှ အားတက်ဖွယ်အကူအညီရရှိခဲ့သည်။

တယ်ရီက ဤသို့ပြန်ပြောပြသည်– “အသက်ကြီးတဲ့ရှေ့ဆောင်ညီအစ်မတစ်ဦးက ကျွန်မကိုတလိုတလားကူညီပေးခဲ့တဲ့အပြင် ကျွန်မရင်ဖွင့်တာတွေကိုလည်း နားထောင်ပေးခဲ့တယ်။ သူ့အိမ်ကနေ ကျွန်မထွက်လာတဲ့အချိန်မှာ ဝန်ထုပ်ကြီးပေါ့သွားသလိုပဲ ခံစားမိခဲ့တယ်။ အဲဒီအချိန်ကစပြီး အဲဒီရှေ့ဆောင်ညီအစ်မနဲ့ အသင်းတော်အကြီးအကဲဖြစ်တဲ့ သူရဲ့ခင်ပွန်းတို့ဆီကနေ တန်ဖိုးရှိအကူအညီတွေရခဲ့တယ်။ ကျွန်မဘယ်လိုနေသလဲဆိုပြီး နေ့တိုင်းဖုန်းဆက်တယ်။ . . . တစ်ခါတလေ သူတို့မိသားစုသင်အံမှုမှာ ကျွန်မကိုထိုင်ခွင့်ပြုခဲ့တယ်။ အဲဒါက မိသားစုတွေတရင်းတနှီးရှိဖို့အရေးကြီးတယ်ဆိုတာ ကျွန်မကို စွဲမှတ်စေခဲ့တယ်။”

လူအများ—ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်များပင်—သည် စိတ်ဓာတ်ကျရန်၊ စိတ်ပျက်ရန်၊ အထီးကျန်စိတ်ဖြစ်ရန် မဆန်းတော့ချေ။ ဘုရားသခင်၏အသင်းတော်မှ မေတ္တာပါသော၊ ကိုယ်ကျိုးမဖက်သောကူညီမှုကို ရရှိနိုင်ကြသည့်အတွက် တကယ်ကျေးဇူးတင်စရာပါတကား!—၁ သက်သာလောနိတ် ၅:၁၄။

◆ ဘေးဒုက္ခများနှင့်မတော်တဆဖြစ်မှုများ။ အိမ်မီးလောင်သောအခါ ပစ္စည်းအားလုံးဆုံးရှုံးခဲ့ရသည့် မိသားစုဝင်လေးဦး၏အခြေအနေတွင် သင်ရောက်နေသည်ဟု ယူမှတ်လိုက်ပါ။ မကြာမီ သူတို့ဆိုသည့်အတိုင်း “ကျွန်တော်တို့ဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့ ယေဟောဝါလူမျိုးရဲ့စစ်မှန်တဲ့မေတ္တာနဲ့ပတ်သက်ပြီး စွဲမှတ်အားတက်စရာတွေ့ကြုံမှုတစ်ခု” ကြုံတွေ့ခဲ့ကြရသည်။ “ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေက ချက်ချင်းဖုန်းဆက်ပြီး ကူညီကြမယ်ဆိုတဲ့အကြောင်း၊ ကိုယ်ချင်းစာတဲ့အကြောင်း အားပေးကြတယ်။ အဆက်မပြတ်ဖုန်းလာတယ်။ လူတိုင်းစိတ်ရင်းမှန်နဲ့ ကျွန်တော်တို့ကိုဂရုစိုက်တာ၊ မေတ္တာပြတာဟာ စိတ်ထိခိုက်စရာဖြစ်လွန်းလို့ ကျေးဇူးတင်မျက်ရည်တွေကျခဲ့ရတယ်” ဟုသူတို့ရှင်းပြသည်။

များမကြာမီ၊ အသင်းတော်ရှိအကြီးအကဲများက ညီအစ်ကိုများစွာကို စုရုံးပြီး ရက်အနည်းငယ်အတွင်း ထိုမိသားစုအတွက် အိမ်အသစ်တစ်လုံးဆောက်ပေးခဲ့ကြသည်။ အိမ်နီးချင်းတစ်ဦးက ရုတ်တရက်ဤသို့အံ့သြတကြီးပြောခဲ့သည်– “ကြည့်လိုက်ပါဦး! အဲဒီမှာ လူအမျိုးမျိုး—ယောက်ျား၊ မိန်းမ၊ လူမည်း၊ စပိန်စကားပြောသူတွေ—အတူတူ တွဲအလုပ်လုပ်နေကြတာ!” ယင်းသည် ညီအစ်ကိုချင်းမေတ္တာ၏သာဓကအမှန်ဖြစ်သည်။—ယောဟန် ၁၃:၃၅။

ခရစ်ယာန်ချင်းတို့သည် ထိုမိသားစုကို အဝတ်အစား၊ အစားအစာနှင့် ငွေလည်းပေးခဲ့ကြသည်။ ဖခင်က ဤသို့မှတ်ချက်ချခဲ့သည်– “အဲဒီအချိန်က လူတိုင်း တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးကမ်းနေကြတဲ့ ခရစ္စမတ်ကာလဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့လို စစ်မှန်တဲ့စေတနာစိတ်နဲ့ ရက်ရက်ရောရောပေးကြတာကို တခြားဘယ်သူမှခံစားခဲ့ရမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့အမှန်အတိုင်းပြောနိုင်တယ်။” သူတို့က ဤသို့ထပ်မံပြောဆိုခဲ့သည်– “မီးဘေးဒုက္ခတွေကို တဖြည်းဖြည်းမေ့ကုန်ပြီး အဲဒီအစား ကြင်နာမှုပြခံရတာတွေနဲ့ မိတ်ဆွေကောင်းတွေရထားတာကို သတိရမှတ်မိနေတယ်။ ကမ္ဘာပေါ်မှာ ဒီလိုအရမ်းစည်းလုံးတဲ့ညီအစ်ကိုတွေရဲ့မိသားစုတစ်ခုရှိတဲ့အတွက်ရယ် အဲဒီမိသားစုဝင်ဖြစ်ခွင့်ရတဲ့အတွက်ပါ မေတ္တာရှိတဲ့ကောင်းကင်ခမည်းတော်ယေဟောဝါကို အရမ်းကျေးဇူးတင်ပါတယ်!”

ဤကဲ့သို့သောဝမ်းနည်းဖွယ်ဖြစ်ရပ်တိုင်းတွင် ထိုသို့ကြားဝင်ကူညီမှု မဖြစ်နိုင်ချေ၊ မျှော်လည်းမမျှော်လင့်ချေ။ သို့ရာတွင် အဆိုပါအဖြစ်အပျက်သည် အသင်းတော်အနေနှင့်ပေးနိုင်သည့် ထောက်ပံ့ကူညီမှုကို အမှန်ပင်ဖော်ပြ၏။

အထက်မှဉာဏ်ပညာ

ခရစ်ယာန်အသင်းတော်တွင် ကူညီအားပေးမှုနှင့် ခွန်အားပေးမှုနောက်ရင်းမြစ်တစ်မျိုးကို လူအများတွေ့ရှိခဲ့ကြရပြီ။ ၎င်းကားအဘယ်နည်း။ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ပြင်ဆင်ပေးထားသည့် စာအုပ်စာတမ်းများဖြစ်သည်။ ၎င်းစာအုပ်စာတမ်းများထဲမှ ပေါ်လွင်ရာမှာ ကင်းမျှော်စင်နှင့်နိုးလော့! ဂျာနယ်များဖြစ်သည်။ ထိုးထွင်းသိမြင်နိုင်သည့် အကြံဉာဏ်နှင့် လက်တွေ့ကျညွှန်ကြားချက်ပေးဖို့အတွက် အဆိုပါစာအုပ်စာတမ်းများသည် သမ္မာကျမ်းစာတွင်ပါသော ဘုရားသခင့်ဉာဏ်ပညာကို အဓိကမှီခိုသည်။ (ဆာလံ ၁၁၉:၁၀၅) ကျမ်းစာဆိုင်ရာအကြောင်းများအပြင် စိတ်ဓာတ်ကျဆင်းခြင်း၊ မတော်မတရားပြုခံရခြင်းမှ နာလန်ထူခြင်း၊ လူမှုရေးနှင့်စီးပွားရေးပြဿနာအဖုံဖုံ၊ လူငယ်များရင်ဆိုင်နေရသည့် စိန်ခေါ်ချက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာ တွေ့ရသည့်အခက်အခဲများစသော အကြောင်းအရာများကို အသေအချာ ပိုင်နိုင်စွာသုတေသနပြုပြီး ရေးသားဖော်ပြပေးသည်။ ထို့ထက်ကား ဤစာအုပ်စာတမ်းများသည် ဘုရားသခင့်လမ်းစဉ်ကို အကောင်းဆုံးဘဝလမ်းစဉ်အဖြစ် အားပေးထောက်ခံသည်။—ဟေရှာယ ၃၀:၂၀၊ ၂၁။

ကင်းမျှော်စင်အသင်းသည် ကျေးဇူးတင်လေးမြတ်ကြောင်းဖော်ပြသော စာများကို နှစ်စဉ်နှစ်တိုင်း ထောင်ချီ၍ရရှိသည်။ ဥပမာ၊ ရုရှားနိုင်ငံမှ လူငယ်တစ်ဦးသည် နိုးလော့!ပါ ကိုယ့်ကိုယ်ကိုသတ်သေခြင်းဆောင်းပါးတစ်ခုအကြောင်း ဤသို့ရေးခဲ့သည်– “စိတ်ဓာတ်ကျတတ်တဲ့ ကျွန်တော့်စိတ်ထားကြောင့် . . . ကိုယ့်ကိုယ်ကိုသတ်သေဖို့ အကြိမ်ကြိမ်စဉ်းစားမိခဲ့တယ်။ ဒီဆောင်းပါးက ကျွန်တော့်ရဲ့ပြဿနာတွေကို ဘုရားသခင်ကူညီဖြေရှင်းပေးလိမ့်မယ်ဆိုတာ ပိုယုံကြည်စေခဲ့တယ်။ ကျွန်တော့်ကို ကိုယ်တော်အသက်ရှင်စေချင်တာ။ ဒီဆောင်းပါးနဲ့ ကျွန်တော့်ကိုကိုယ်တော်အားပေးတဲ့အတွက် သိပ်ကျေးဇူးတင်တာပဲ။”

ဤလောက၏ လှိုင်းလေထန်သောအခက်အခဲများကြား ခုတ်မောင်းဖြတ်ကျော်ရန် ခဲယဉ်းလွန်းပုံရှိနေမည်ဆိုလျှင် ခရစ်ယာန်အသင်းတော်တွင် လုံခြုံသောနေရာရှိသည်ဟု သင်စိတ်ချနိုင်သည်။ မေတ္တာမရှိသည့် ဤစနစ်၏ခြောက်သွေ့နေသောကန္တာရသည် သင်၏ခွန်အားကို လျော့ပါးကုန်ခန်းနေစေလျှင် ယေဟောဝါ၏အဖွဲ့အစည်းတွင် အားအင်ပြန်လည်လန်းဆန်းစေသည့်အိုအေစစ်ကို သင်တွေ့ရှိနိုင်ပါသည်။ ဤကဲ့သို့ကူညီထောက်ပံ့မှုကို သင်ရရှိပြီးနောက်တွင် ခင်ပွန်းသည်၏စိုးရိမ်ဖွယ်ဖျားနာမှုကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး ဤသို့ရေးခဲ့သည့် ခရစ်ယာန်ညီအစ်မ၏စိတ်ထားကို အသင်လည်း ပဲ့တင်ထပ်ပြောနိုင်ပေမည်– “ကျွန်မတို့ကိုတင်ပြခဲ့တဲ့ မေတ္တာနဲ့ဂရုစိုက်မှုတွေကြောင့် ဒီအကျပ်အတည်းတစ်လျှောက်လုံးအတွင်းမှာ ယေဟောဝါဟာ သူ့ရဲ့လက်တော်နဲ့ချီပင့်ထားသလို ကျွန်မခံစားခဲ့ရတယ်။ ယေဟောဝါရဲ့ခမ်းနားထည်ဝါတဲ့ အဖွဲ့အစည်းအဝင်ဖြစ်ရတဲ့အတွက် ကျွန်မကျေးဇူးတင်လိုက်တာ!”

[အောက်ခြေမှတ်ချက်]

a အမည်များကိုပြောင်းထားသည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဖျားနာသူ၊ ကြေကွဲကျန်ရစ်သူနှင့် အခြားသူများကို ကျွန်ုပ်တို့ နှစ်သိမ့်မှုပေးနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ