ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁၅ စာ. ၂၉-၃၁
  • ရှောလု—သခင် ရွေးကောက်ရာ တန်ဆာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှောလု—သခင် ရွေးကောက်ရာ တန်ဆာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှောလု၏မိသားစုနောက်ခံ
  • ရှောလု၏ပညာရေး
  • အတတ်ပညာများကို ကောင်းစွာအသုံးချခဲ့
  • ရောမနိုင်ငံသားအဖြစ် မှတ်ပုံတင်ခြင်းနှင့်အသိအမှတ်ပြုခံရခြင်း
  • ရှောလု၏ရောမအမည်
  • ယေရှုက ရှောလုကို ရွေးချယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အသင်းတော်ဟာ “ငြိမ်သက်အေးချမ်း” နေတယ်
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • “နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ညှဉ်းပန်းနှိပ်စက်သူ—ကြီးစွာသောအလင်းမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁၅ စာ. ၂၉-၃၁

ရှောလု—သခင် ရွေးကောက်ရာ တန်ဆာ

တာရှုမြို့သားရှောလုသည် ခရစ်တော်၏နောက်လိုက်များကို သတ်ရန်စီစဉ်သောရန်သူတစ်ဦးဖြစ်ခဲ့သည်။ သို့ရာတွင် သခင်သည် သူနှင့်ပတ်သက်၍ ခြားနားသောအနာဂတ်ကို ထားရှိသည်။ ရှောလုသည် သူအလွန်စိတ်အားထက်သန်စွာ တိုက်ခိုက်ခဲ့သည့်အရေးအတွက်ပင် ထင်ရှားစွာကိုယ်စားပြုရမည်ဖြစ်သည်။ ယေရှုကဤသို့ပြောခဲ့သည်– “ထိုသူ [ရှောလု] ကားတစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့လည်းကောင်း ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သောတန်ဆာဖြစ်၏။”—တမန်တော် ၉:၁၅။

ရှောလုသည် ကရုဏာပြခံရပြီး သခင်ယေရှုခရစ် “ရွေးကောက်သောတန်ဆာ” ဖြစ်လာသောအခါ “ကြမ်းကြုတ်သောသူ” အဖြစ်မှ သူ၏အသက်တာလုံးဝပြောင်းလဲခဲ့သည်။ (၁ တိမောသေ ၁:၁၂၊ ၁၃) ရှောလုသည် ခရစ်ယာန်တမန်တော်ပေါလုဖြစ်လာသောအခါ သတေဖန်ကို ခဲနှင့်ပေါက်သတ်မှုအပြင် ယေရှု၏တပည့်တော်များအပေါ် အခြားရန်ဘက်ပြုမှုများတွင်ပါဝင်စေရန် လှုံ့ဆော်ခဲ့သည့် စွမ်းအားများကို လုံးဝခြားနားသောရည်ရွယ်ချက်များသို့ ဦးတည်ခဲ့သည်။ ယေရှုသည် ရှောလု၌ နှစ်လိုဖွယ်ကောင်းသောစရိုက်များကို ထင်ထင်ရှားရှားမြင်တွေ့ခဲ့ပုံရှိသည်။ အဘယ်စရိုက်များနည်း။ ရှောလုကား မည်သူနည်း။ စစ်မှန်သောဝတ်ပြုရေးတိုးမြှင့်ရန် သူ၏နောက်ခံသည် သူ့ကိုမည်သို့သင့်တော်စေခဲ့သနည်း။ သူ၏အတွေ့အကြုံမှ ကျွန်ုပ်တို့ တစ်စုံတစ်ရာသင်ယူနိုင်စရာရှိသလော။

ရှောလု၏မိသားစုနောက်ခံ

စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပြီးနောက်မကြာမီ သတေဖန်အသတ်ခံရချိန်တွင် ရှောလုသည် “လုလင်” အရွယ်သာရှိခဲ့သည်။ စီ.အီး. ၆၀-၆၁ ခန့်၌ ဖိလေမုန်ထံ စာရေးချိန်တွင်မူ “အသက်ကြီး” သူဖြစ်ပေပြီ။ (တမန်တော် ၇:၅၈; ဖိလေမုန် ၉) ရှေးခေတ်အသက်တွက်ချက်မှုအရ “လုလင်” သည်အသက် ၂၄ နှစ်မှ ၄၀ ကြားဖြစ်ပြီး “အသက်ကြီး” သောအရွယ်မှာ အသက် ၅၀ မှ ၅၆ နှစ်အထိဖြစ်လိမ့်မည်ဟု ကျမ်းပညာရှင်များကအဆိုပြုသည်။ ထို့ကြောင့် ရှောလုသည် ယေရှုမွေးပြီးနောက် နှစ်အနည်းငယ်လောက်တွင် မွေးခဲ့နိုင်ဖွယ်ရှိသည်။

ထိုအချိန်က ဂျူးများသည် ကမ္ဘာ့ဒေသများစွာတွင် နေထိုင်ခဲ့ကြသည်။ သိမ်းပိုက်ခံရခြင်း၊ ကျွန်သပေါက်ဖြစ်ခြင်း၊ ပြည်နှင်ဒဏ်ခံရခြင်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် ဆန္ဒအလျောက်ပြောင်းရွှေ့ခြင်းတို့သည် ယုဒနယ်မှ ကွဲလွင့်ပျံ့နှံ့ရခြင်း၏ အကြောင်းရင်းများထဲတွင်ပါဝင်ခဲ့သည်။ ရှောလု၏မိသားစုသည် ကွဲလွင့်ပျံ့နှံ့သွားသောဂျူးများဖြစ်ကြသော်လည်း သူသည် “ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကိုခံရ၏။ ဣသရေလအမျိုး ဗင်ယာမိန်အနွယ်ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲဖြစ်၏” ဟူ၍ပြောဆိုခြင်းအားဖြင့် ပညတ်တော်ကို သူတို့သစ္စာစောင့်သိခဲ့ကြကြောင်း ရှောလုအလေးပေးဖော်ပြသည်။ ရှောလု၏ ဟေဗြဲအမည်သည် သူ၏အမျိုးအနွယ်မှထင်ပေါ်ကျော်ကြားသော ဣသရေလပထမဘုရင်နှင့် အမည်ချင်းတူသည်။ ရောမနိုင်ငံသားအဖြစ် မွေးဖွားခဲ့သောကြောင့် တာရှုမြို့သားရှောလုတွင် ပေါ်လက်စ်ဟူသော လက်တင်အမည်လည်းရှိခဲ့သည်။—ဖိလိပ္ပိ ၃:၅; တမန်တော် ၁၃:၂၁; ၂၂:၂၅-၂၉။

ရှောလုသည် ရောမနိုင်ငံသားဖြစ်ခွင့်ရခဲ့ခြင်းမှာ သူ၏ဘိုးဘေးတစ်ဦးသည် နိုင်ငံသားဖြစ်ခွင့်ရခဲ့ခြင်းကြောင့်ဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ဖြစ်နိုင်ဖွယ်ရာအမျိုးမျိုးရှိသည်။ နိုင်ငံသားဖြစ်ခွင့်ကို ဆက်ခံရရှိခြင်းအပြင် တစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက်ကို တစ်စုံတစ်ရာသောဂုဏ်ပြုခြင်း ခံထိုက်ရာများအတွက်၊ နိုင်ငံရေးအကြောင်း အားလျော်စွာပြုလုပ်ခြင်းသက်သက်အတွက်၊ သို့မဟုတ် နိုင်ငံတော်အတွက် တစ်ခုခုသောထူးခြားသည့်ဝန်ဆောင်မှုအတွက် ဆုချီးမြှင့်ခြင်းဖြစ်နိုင်သည်။ ရောမနိုင်ငံသားတစ်ဦးထံမှ မိမိ၏လွတ်လပ်မှုကို ဝယ်ယူနိုင်စွမ်းရှိသောကျွန်သပေါက်တစ်ဦး သို့မဟုတ် ရောမနိုင်ငံသားတစ်ဦး၏ ကျွန်အဖြစ်မှလွှတ်ပေးခြင်းခံရသူတစ်ဦးသည် ရောမနိုင်ငံသားတစ်ဦးဖြစ်လာမည်။ ထို့ပြင် ရောမတပ်ဖွဲ့များမှထွက်ခွင့်ရခဲ့သော စစ်မှုထမ်းဟောင်းတစ်ဦးသည် အလားတူဖြစ်မည်။ ရောမကိုလိုနီများတွင် နေထိုင်လျက်ရှိသောဒေသခံတိုင်းရင်းသားများသည် အချိန်တန်သော် နိုင်ငံသားများဖြစ်လာနိုင်ကြသည်။ သတ်မှတ်ထားသောကာလအချို့တွင် နိုင်ငံသားအဖြစ်ကို ငွေများစွာပေးပြီး ဝယ်ယူနိုင်သည်ဟုလည်းဆိုကြသည်။ ရှောလု၏မိသားစုသည် မည်သို့နိုင်ငံသားဖြစ်လာသည်ကို မသိရှိရပါ။

ရှောလုသည် ရောမအင်ပါယာ ကိလိကိပြည် (ယခု တူရကီတောင်ပိုင်း) ၏အရေးပါသောတာရှုမြို့မှဖြစ်သည်ကိုကား ကျွန်ုပ်တို့သိကြရ၏။ ယင်းဒေသတွင် အတော်အသင့်ကြီးမားသော ဂျူးရပ်ကွက်တစ်ခုရှိသော်လည်း ထိုတွင်နေထိုင်ခဲ့ခြင်းကား ရှောလုအား လူမျိုးခြားယဉ်ကျေးမှုနှင့်လည်းထိတွေ့စေခဲ့ပေမည်။ တာရှုမြို့သည် ဟေလနစ် သို့မဟုတ် ဂရိပညာသင်ကြားနိုင်သောဗဟိုအဖြစ် ထင်ရှားကျော်ကြားခဲ့သည့် ချမ်းသာကြွယ်ဝသော မြို့ကြီးတစ်မြို့ဖြစ်ခဲ့သည်။ ၎င်း၏ပထမရာစုရှိ လူဦးရေခန့်မှန်းခြေမှာ ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကြားဖြစ်သည်။ အာရှမိုင်းနား၊ ဆီးရီးယားနှင့် မက်ဆိုပိုတေးမီးယားတို့ကြား အဓိကလမ်းမကြီးပေါ်ရှိ ကုန်သွယ်ရေးဗဟိုဌာနတစ်ခုလည်းဖြစ်ခဲ့သည်။ တာရှုမြို့သည် ကူးသန်းရောင်းဝယ်ရေးနှင့် ကောက်နှံ၊ ဝိုင်နှင့်ပိတ်ချောတို့ အဓိကထွက်ရှိသည့် ပတ်ဝန်းကျင်လွင်ပြင်၏မြေသြဇာကောင်းခြင်းတို့ကြောင့် ကြီးပွားအောင်မြင်ခဲ့သည်။ အောင်မြင်နေသောအထည်အလိပ်လုပ်ငန်းမှ တဲရှင်ပြုလုပ်ရန်အတွက် ဆိတ်မွေးအထည်ထွက်ခဲ့၏။

ရှောလု၏ပညာရေး

ရှောလု သို့မဟုတ် ပေါလုသည် သူ့အတွက်နှင့် သူ၏ [ခရစ်ယာန်] သာသနာပြုလုပ်ငန်းများကို ထောက်ပံ့ရန်အတွက် တဲရှင်များချုပ်လုပ်ခြင်းဖြင့် ရိုးရိုးသားသားရှာဖွေခဲ့၏။ (တမန်တော် ၁၈:၂၊ ၃; ၂၀:၃၄) တဲရှင်ချုပ်သောလုပ်ငန်းသည် သူ၏ဇာတိမြို့ဖြစ်သည့် တာရှုမြို့၏အဓိကလုပ်ငန်းဖြစ်ခဲ့သည်။ ငယ်ရွယ်စဉ်အချိန်က ဖခင်ထံမှ တဲရှင်ချုပ်သည့်လုပ်ငန်းကို ပေါလုသင်ယူခဲ့ပုံရှိသည်။

ရှောလု၏ဘာသာစကားများကို တတ်မြောက်ခြင်း—အထူးသဖြင့် ရောမအင်ပါယာ၏အများသုံးဘာသာစကားဖြစ်သည့် ဂရိဘာသာစကားကိုတတ်ကျွမ်းမှု—သည်သူ၏ [ခရစ်ယာန်] သာသနာပြုလုပ်ငန်းအတွက် အလွန်တန်ဖိုးရှိခဲ့သည်။ (တမန်တော် ၂၁:၃၇–၂၂:၂) သူ၏ဂရိအရေးအသားများမှာ အလွန်ပြောင်မြောက်သည်ဟု ၎င်းတို့ကို လေ့လာသူများကဆိုသည်။ သူ၏ဝေါဟာရသည် ရှေးစာကြီးပေကြီးပုံစံမဟုတ်ဘဲ သူကိုးကားလေ့ရှိသော သို့မဟုတ် အဓိပ္ပာယ်ရှင်းပြလေ့ရှိသော ဟေဗြဲကျမ်းစာစောင်များ၏ ဂရိစက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းနှင့်ဆင်တူသည်။ အဆိုပါအထောက်အထားအရ ရှောလုသည် ဂျူးကျောင်းတစ်ကျောင်းတွင် အနည်းဆုံးဂရိအခြေခံပညာကောင်းကောင်း ရရှိခဲ့သည်ဟု ကျမ်းပညာရှင်အသီးသီးက ယူဆကြသည်။ “ရှေးခေတ်တွင် သာလွန်သောပညာရေး—အထူးသဖြင့် ဂရိပညာရေး—ကိုအခမဲ့သင်ကြားခွင့်မရရှိခဲ့ချေ; များသောအားဖြင့် ငွေကြေးထောက်ပံ့မှုအတန်လိုအပ်ခဲ့သည်” ဟုကျမ်းပညာရှင် မာတင်ဟဲန်ဂဲလ်ကဆိုသည်။ ရှောလု၏ပညာရေးကိုထောက်၍ သူသည် အထင်ကရမိသားစုမှဖြစ်ခဲ့သည်ဟု ညွှန်ပြသည်။

ရှောလုသည် အသက် ၁၃ နှစ်အရွယ်လောက်တွင် အိမ်မှမိုင်ပေါင်း ၅၂၀ ခန့်ကွာဝေးသည့် ယေရုရှလင်မြို့၌ ပညာဆက်လက်ဆည်းပူးခဲ့ဟန်ရှိသည်။ ကျော်ကြားပြီးအလွန်လေးစားခံရသော ဖာရိရှဲထုံးတမ်းဆရာ ဂါမလျေလလက်အောက်တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ (တမန်တော် ၂၂:၃; ၂၃:၆) မျက်မှောက်ခေတ် တက္ကသိုလ်ပညာရေးနှင့်နှိုင်းယှဉ်နိုင်သော အဆိုပါပညာရေးသင်တန်းများသည် ယုဒဘာသာတွင် အောင်မြင်ကျော်ကြားရန် အခွင့်အလမ်းပွင့်စေခဲ့သည်။a

အတတ်ပညာများကို ကောင်းစွာအသုံးချခဲ့

ဂရိယဉ်ကျေးမှုလွှမ်းမိုးကာ ရောမမြို့နေ ဂျူးမိသားစုဝင်တစ်ဦးအဖြစ် မွေးဖွားခဲ့သူ ရှောလုသည် လောကသုံးခုနှင့်စပ်ဆိုင်ခဲ့သည်။ လူမျိုးစုံ၊ ဘာသာစကားအမျိုးမျိုးပြောသူတို့ကြား ကြီးပြင်းလာသည့်နောက်ခံက သူ့ကို “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်” လာရန် အကူအညီဖြစ်ခဲ့သည်မှာ သေချာပါသည်။ (၁ ကောရိန္သု ၉:၁၉-၂၃) နောက်ပိုင်းတွင် သူ၏ရောမနိုင်ငံသားအဖြစ်သည် သူ၏ခရစ်ယာန်ဓမ္မအမှုကို တရားဝင်ခုခံကာကွယ်ရန်နှင့် ရောမအင်ပါယာရှိ အထက်အာဏာပိုင်ရှေ့တွင် သတင်းကောင်းရောက်ရှိစေခဲ့သည်။ (တမန်တော် ၁၆:၃၇-၄၀; ၂၅:၁၁၊ ၁၂) အာနနိအား ဤသို့ပြောခဲ့သည့် ရှင်ပြန်ထမြောက်ခဲ့သောယေရှုသည် ရှောလု၏နောက်ခံ၊ ပညာရေးနှင့် ဥပဓိရုပ်တို့ကို ကောင်းစွာသိရှိခဲ့သည်– “ထိုသူကား တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့လည်းကောင်း ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ ငါရွေးကောက်သောတန်ဆာဖြစ်၏။ အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင်ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။” (တမန်တော် ၉:၁၃-၁၆) လမ်းမှန်ပေါ်သို့ လမ်းကြောင်းပေးလိုက်သောအခါ ရှောလု၏ဇွဲလုံ့လသည် ဝေးလံသောနေရာများထံ ဘုရားသခင့်နိုင်ငံတော်သတင်းပျံ့နှံ့ရန် ကိရိယာဖြစ်ခဲ့၏။

အထူးတာဝန်တစ်ရပ်ကို ထမ်းဆောင်ရန် ရှောလုကို ယေရှုရွေးချယ်လိုက်ခြင်းသည် ခရစ်ယာန်သမိုင်းတွင် ထူးခြားသောဖြစ်ရပ်တစ်ခုပင်။ သို့တိုင် မျက်မှောက်ခေတ်ခရစ်ယာန်အားလုံးတွင် သတင်းကောင်းပျံ့နှံ့ရေးအတွက် ထိရောက်စွာအသုံးပြုနိုင်သည့် စွမ်းရည်များနှင့်စရိုက်များ တစ်ယောက်တစ်မျိုးစီရှိကြသည်။ မိမိထံမှ ယေရှုအဘယ်အရာတောင်းဆိုသည်ကို ရှောလုသဘောပေါက်ခဲ့သောအခါ သူသည် မတွန့်ဆုတ်ခဲ့ချေ။ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးတက်ရေးအတွက် တတ်နိုင်သမျှကြိုးစားလုပ်ဆောင်ခဲ့၏။ အသင်ကော ထိုသို့ပင်လော။

ရောမနိုင်ငံသားအဖြစ် မှတ်ပုံတင်ခြင်းနှင့်အသိအမှတ်ပြုခံရခြင်း

စီ.အီး. ၄ နှင့် ၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သောဥပဒေနှစ်ရပ်ဖြင့် ဩဂုတ္တုသည် ရောမနိုင်ငံသားများ၏ တရားဝင်ကလေးများအား မှတ်ပုံတင်ခြင်းကို အတည်ပြုခဲ့သည်။ မွေးဖွားပြီးရက် ၃၀ အတွင်း မှတ်ပုံတင်ခဲ့ကြရသည်။ ကျေးလက်တောရွာပိုင်းတွင် မိသားစုတစ်စုသည် ကလေးမှာ တရားဝင်ဖြစ်ကြောင်းနှင့် ရောမနိုင်ငံသားဖြစ်ကြောင်းတို့ကို သက်ဆိုင်ရာပြည်သူ့မှတ်တမ်းရုံးရှိ တရားသူကြီးရှေ့မှောက်တွင် ကြေညာရသည်။ မိဘများ၏အမည်၊ သူ၏လိင်၊ ကလေးအမည်နှင့် မွေးဖွားသည့်နေ့တို့ကိုလည်း မှတ်ပုံတင်ကြရသည်။ အဆိုပါဥပဒေများမပြဋ္ဌာန်းမီကပင် ရောမစည်ပင်သာယာပိုင်နယ်ပယ်များ၊ ကိုလိုနီများနှင့် ဘုရင်ခံအုပ်ချုပ်ရာနယ်ပယ်များအားလုံးတွင်နေထိုင်သော နိုင်ငံသားများအားလုံး၏မှတ်ပုံတင်ခြင်းကို သန်းခေါင်စာရင်းကောက်ခြင်းအားဖြင့် ငါးနှစ်တစ်ကြိမ်အသစ်လဲကြရသည်။

သို့နှင့် သင့်လျော်စွာသိမ်းဆည်းထားသော မှတ်တမ်းမှတ်ရာများစွာကို ကိုးကားခြင်းအားဖြင့် အဆင့်အတန်းများကို တင်ပြနိုင်၏။ ဤကဲ့သို့သောမှတ်တမ်းများ၏ တရားဝင်မိတ္တူများကို အလွယ်တကူသယ်နိုင်သော သစ်သားချပ်ငယ် (ခေါက်ပျဉ်ချပ်များ) ပုံစံဖြင့် ရရှိနိုင်ခဲ့သည်။ ကျမ်းပညာရှင်အချို့၏ထင်မြင်ယူဆချက်အရ ပေါလုသည် ရောမနိုင်ငံသားဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့သောအခါ တရားဝင်ထောက်ခံချက်တစ်ခုကို သူထုတ်ပြနိုင်ခဲ့ပေမည်။ (တမန်တော် ၁၆:၃၇; ၂၂:၂၅-၂၉; ၂၅:၁၁) ရောမနိုင်ငံသားဖြစ်ရခြင်းသည် “မြင့်မြတ်သောအခွင့်ထူး” အဖြစ်ယူမှတ်ခံရကာ အခွင့်အရေးများစွာရရှိစေသောကြောင့် အဆိုပါစာရွက်စာတမ်းများကို အတုပြုလုပ်လျှင် အလွန်တရာအပြစ်ကြီးလေးခဲ့၏။ မိမိ၏အဆင့်အတန်းကို လိမ်လည်ခြင်းသည် သေဒဏ်သင့်နိုင်သည်။

ရှောလု၏ရောမအမည်

ရောမနိုင်ငံသားယောက်ျားတိုင်း၏အမည်တွင် အနည်းဆုံးသုံးပိုင်းပါဝင်သည်။ သူ့မှာကိုယ်ပိုင်အမည်၊ မျိုးစုအမည် (မျိုးနွယ်၊ သို့မဟုတ် ဂျင်စ်နှင့်ဆက်နွှယ်) နှင့်မိသားစုအမည် ရှိသည်။ ထင်ရှားသောသာဓကတစ်ခုမှာ ဂေးယပ်စ် ဂျူးလီယက်စ် ဆီဇာဖြစ်သည်။ သမ္မာကျမ်းစာတွင် ရောမအမည်အပြည့်အစုံမပေးထားသော်လည်း လောကစာပေများက အဂြိပ္ပသည် မာရ်ကတ်စ် ဂျူးလီယက်စ် အဂြိပ္ပဖြစ်သည်ဟုဆိုသည်။ ဂဲလီယိုသည် လူးစီးယပ်စ် ဂျူနီယာ့စ် ဂဲလီယိုဖြစ်သည်။ (တမန်တော် ၁၈:၁၂; ၂၅:၁၃) အမည်သုံးပိုင်းထဲမှ နောက်ဆုံးနှစ်ပိုင်းကိုဖော်ပြထားသော ကျမ်းဆိုင်ရာသာဓကများမှာ ပုန္တိပိလတ် (အောက်တွင်ကမ္ပည်းထိုးထား)၊ ပေရဂိပေါလု၊ ကလောဒိလုသိနှင့် ပေါကိဖေတ္တုတို့ဖြစ်ကြသည်။—တမန်တော် ၄:၂၇; ၁၃:၇; ၂၃:၂၆; ၂၄:၂၇။

ပေါ်လက်စ်သည် ရှောလု၏ကိုယ်ပိုင်အမည်လော၊ သို့မဟုတ် မိသားစုအမည်လောဟူ၍ သေချာစွာမပြောနိုင်ချေ။ မိသားစုနှင့်အသိမိတ်ဆွေများကခေါ်သော အလွတ်သဘောဖြင့် အခြားအမည်တစ်ခုကို ထပ်ဆင့်ခြင်းသည် မထူးဆန်းပါ။ ရောမအမည်မဟုတ်သော ရှောလုကဲ့သို့သောအမည်ကိုလည်း အစားထိုးသုံးနိုင်သည်။ “ရောမအမည်အဖြစ် [ရှောလု] ဟူ၍ပေးလေ့မရှိကြချေ။ သို့သော် ရောမနိုင်ငံသားတစ်ဦးကို စစ်ဂနမ်ခေါ်တိုင်းရင်းသားအမည်အဖြစ်ပေးလျှင်ကား ဖြစ်နိုင်ပါသည်” ဟုကျမ်းပညာရှင်တစ်ဦးကဆိုသည်။ ဘာသာစကားအမျိုးမျိုးပြောဆိုသောဒေသများတွင် အခြေအနေပေါ်မူတည်၍ မိမိ၏အမည်များအနက် အဘယ်အမည်ကို ရွေးပြီးအသုံးပြုရန် ဆုံးဖြတ်ရပေမည်။

[အောက်ခြေမှတ်ချက်များ]

a ဂါမလျေလထံမှ ရှောလုရရှိနိုင်ခဲ့သည့်ပညာရေးအကြောင်းနှင့်ပတ်သက်၍ ၁၉၉၆၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၆-၉ ရှု။

[Credit Line]

Historic Costume in Pictures/Dover Publications, Inc., New York

[Credit Line]

Photograph by Israel Museum, ©Israel Antiquities Authority

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ