အလုပ်နှင့်အားလပ်ချိန်ကိုမျှတစေခြင်း
“အားလပ်ချိန်သည် လှပသောအဝတ်အထည်ဖြစ်သော်လည်း အစဉ်ဝတ်ဆင်ရန်အတွက်တော့မဟုတ်ပါ။” အမည်မသိစာရေးဆရာတစ်ဦးသည် ဤစကားများဖြင့် အားလပ်ချိန်၏တန်ဖိုးကို ဆီလျော်စွာဖော်ပြခဲ့သည်။ သို့သော် အကျိုးဖြစ်ထွန်းသောလုပ်ဆောင်မှုနှင့် ဟန်ချက်ညီစေသင့်ကြောင်း သူဖော်ပြသည်။
ဤကိစ္စကို မှုတ်သွင်းခံကျမ်းရေးသူရှောလမုန်ကလည်း ရေးသားခဲ့သည်။ ဤပညာရှိဘုရင်သည် ရှောင်ရမည့်အစွန်းရောက်မှုနှစ်မျိုးကို ဖော်ပြခဲ့သည်။ ဦးဆုံး သူကဤသို့သတိပြုမိခဲ့သည်– “မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိအသားကိုစားတတ်၏။” (ဒေ. ၄:၅) မှန်ပါသည်၊ ပျင်းရိခြင်းသည် လူတစ်ဦးကိုဆင်းရဲစေနိုင်သည်။ အကျိုးဆက်အနေနှင့် ပျင်းရိသူ၏ကျန်းမာရေးသာမက သူ့အသက်ကိုပင် အန္တရာယ်ဖြစ်စေနိုင်၏။ အခြားတစ်ဖက်တွင်မူ အရာရာကိုစွန့်လွှတ်၍ အလုပ်ကိုသာ ကြိုးစားလုပ်ကိုင်သူအချို့လည်းရှိကြသည်။ သူတို့၏မနားတမ်းကြိုးပမ်းမှုကို “အနတ္တအမှု၊ လေကိုကျက်စားသောအမှု” အဖြစ် ရှောလမုန်ဖော်ပြခဲ့သည်။—ဒေ. ၄:၄။
အကြောင်းကောင်းဖြင့်ရှောလမုန်က ဤမျှတသောသဘောကို ထောက်ခံခဲ့သည်– “လက်နှစ်ဆုပ်စာပင်ပန်းခြင်းနှင့် လေကိုကျက်စားခြင်းထက် လက်တစ်ဆုပ်စာ အနားယူခြင်းသည်သာ၍ကောင်း၏။” (ဒေ. ၄:၆၊ ကဘ) လူတစ်ဦးသည် ‘မိမိ၏ကြိုးစားအားထုတ်မှု၌ စိတ်နှလုံးပျော်မွေ့’ သင့်သည်—တစ်နည်းအားဖြင့် သူအလုပ်လုပ်၍ရရှိထားရာကို အခါအားလျော်စွာ အချိန်ယူ၍ခံစားသင့်ခြင်းဖြစ်သည်။ (ဒေ. ၂:၂၄) လောကအလုပ်အပြင် ဘဝတွင်အခြားအရာများလည်းရှိသင့်သည်။ ကျွန်ုပ်တို့၏အချိန်အချို့အဝက်ကို မိသားစုအားပေးထိုက်သည်။ ကျွန်ုပ်တို့၏အဓိကတာဝန်မှာ လောကအလုပ်မဟုတ်ဘဲ ဘုရားသခင့်အမှုတော်ထမ်းခြင်းဖြစ်သည်ဟု ရှောလမုန်အလေးပေးဖော်ပြခဲ့သည်။ (ဒေ. ၁၂:၁၃) အသင်သည် အလုပ်အပေါ် မျှတသောအမြင်ရှိသူများတွင် တစ်ဦးအပါအဝင်ဖြစ်သလော။