ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
နမီးဘီးယားတွင် သီအိုကရက်တစ်တိုးချဲ့မှု
၁၉၂၀ ပြည့်လွန်နှစ်အကုန်ပိုင်းတွင် နမီးဘီးယားသို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဦးဆုံးရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍ ရာနှင့်ချီသော စိတ်နှလုံးရိုးဖြောင့်သူများသည် ဘုရားသခင့်ကယ်တင်ခြင်းသတင်းကို တုံ့ပြန်ခဲ့ကြပြီ။ အောက်ဖော်ပြပါတွေ့ ကြုံမှုများက ယေဟောဝါသည် မိမိ၏သိုးခြံထဲသို့ ဤနှစ်သက်ဖွယ်ကောင်းသူများကို မည်သို့စုသိမ်းနေကြောင်း ဖော်ပြသည်။—ဟဂ္ဂဲ ၂:၇။
▫ အရှေ့မြောက်ပိုင်း နမီးဘီးယားတွင်နေထိုင်သော တစ်နိုင်စိုက်ပျိုးရေးသမား ပေါလာစ်သည် ဝင်ဒ်ဟိုခ်မြို့တော်သို့ လည်ပတ်ရောက်ရှိခဲ့စဉ်က ယေဟောဝါသက်သေများနှင့် ဦးဆုံးအဆက်အသွယ်ရခဲ့သည်။ ပေါလာစ်သည် အမှန်တရားကို တွေ့ ရှိပြီဟု ချက်ချင်းယုံကြည်ခဲ့၏။ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်နှင့် အိမ်ပြန်သွားခဲ့သည်။ ထို့နောက် ဘုရားသခင့်နိုင်ငံတော်ခန်းမရှိသည့် အနီးဆုံးမြို့ဖြစ်သော ရွန်ဒူးသို့ခရီးစဉ်တွင် ပေါလာစ်သည် သက်သေခံများနှင့်တွေ့ဆုံခဲ့ပြီး မိမိထံလည်ပတ်လာရန် တောင်းဆိုခဲ့သည်။
သို့သော် ပေါလာစ်နှင့်ပတ်စဉ်ကျမ်းစာသင်အံမှုပြုလုပ်ရန် သက်သေခံများသွားလာဖို့အတွက် ခရီးဝေးလွန်းခဲ့သည်။ ထိုအခါ ပေါလာစ်သည် စိတ်မပျက်ဘဲ မိမိဘာသာမိမိကျမ်းစာလေ့လာလေတော့သည်။ ထို့ပြင် သူလေ့လာသိရှိခဲ့ရာများကို အခြားသူများအား စိတ်အားထက်သန်စွာဟောပြောခဲ့သည်။ အတန်ကြာသော် ကျမ်းစာလေ့လာမှုအုပ်စုတစ်စုကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဤအုပ်စုငယ်သည် ရွန်ဒူးမြို့တွင် ယေဟောဝါသက်သေများ၏အစည်းအဝေးကြီးတစ်ခုကျင်းပမည့်အကြောင်း ရေဒီယိုမှကြားသိခဲ့သောအခါ သူတို့၏နည်းပါးသည့်ဝင်ငွေကို ခြစ်ကုတ်စုကာ တက်ရောက်နိုင်ရန် ခရီးစဉ်ကိုစီစဉ်ခဲ့ကြသည်။
ယေဟောဝါသက်သေများနှင့် ပထမဦးဆုံးအကြိမ် ပေါင်းသင်းခဲ့ရခြင်းသည် သူတို့အတွက် အလွန်ဘဝင်ကျစရာအတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါသည်တကား! ဤအုပ်စုထံ အရည်အချင်းရှိညီအစ်ကိုများ မှန်မှန်လည်ပတ်ရန် စီစဉ်ခဲ့ကြသည်။ ယနေ့ ပေါလာစ်နေထိုင်သောရွာတွင် ကြေညာသူခြောက်ယောက်ရှိနေပြီ။
▫ ယိုဟာန္နာသည် ယေဟောဝါသက်သေများ မကောင်းကြောင်းကို ကြားရသောအခါ ဘုရားသခင်၏နာမတော်ကို သူစတင်စိတ်ဝင်စားခဲ့သည်။ သူက ဤသို့ပြန်ပြောပြသည်– “ယေဟောဝါနာမတော်ကို ကျွန်မဦးဆုံးကြားခဲ့တဲ့အချိန်မှာပဲ အဲဒီနာမည်ကို ဖျောက်ဖျက်လို့မရအောင်စိတ်ထဲစွဲမှတ်ခဲ့ပြီး ယေဟောဝါဟာ ဘယ်သူများလဲလို့ ကျွန်မသိချင်ခဲ့တယ်။ အဲဒီတုန်းက နမီးဘီးယားကမ်းရိုးတန်းပေါ်က ဝေါ့ဗစ်ပင်လယ်အော်အနီးမှာ ကျွန်မခင်ပွန်းနဲ့အတူ ကျွန်မနေထိုင်ခဲ့တယ်။ မြို့ထဲ ကျွန်မတို့သွားတဲ့တစ်ခေါက်မှာ လမ်းပေါ်မှာ ကင်းမျှော်စင် ဝေငှနေတဲ့သက်သေခံအချို့ကို ကျွန်မတို့တွေ့ခဲ့တယ်။ မဂ္ဂဇင်းတစ်စောင်ကိုဝယ်ပြီး ကျွန်မမှာ မေးခွန်းတွေအများကြီးရှိတဲ့အတွက် ကျမ်းစာသင်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့ကားပျက်သွားလို့ ကျွန်မဆီမရောက်လာနိုင်တဲ့အကြောင်းသိတော့ ကျွန်မငိုခဲ့ရတယ်။ အဲဒီနောက်ပိုင်း မကြာခင်မှာပဲ ကျွန်မခင်ပွန်းကွယ်လွန်သွားပြီး ကစ်မာန်စ်ဟိုပ်မြို့ကို ကျွန်မပြောင်းသွားခဲ့တယ်။ အဲဒီမှာ အထူးရှေ့ဆောင် (အချိန်ပြည့်ဧဝံဂေလိဟောပြောသူ) တစ်ယောက်တာဝန်ကျပြီး သူ့ဆီကနေ ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား စာအုပ်ကို ကျွန်မရရှိခဲ့တယ်။ အစကတည်းကပဲ အမှန်တရားမှန်း ကျွန်မသိခဲ့တယ်။
“နောက်ဆုံးတော့ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ကျွန်မကိုဖိတ်ခေါ်ခဲ့ပေမဲ့ ကျွန်မကလူကိုကြောက်တယ်။ တစ်အိမ်မှတစ်အိမ်သွားနေတုန်းမှာ ကျွန်မကိုဟောပြောခိုင်းမယ့်အစား သေခွင့်ပေးပါလို့ ယေဟောဝါကိုဆုတောင်းခဲ့တယ်။ ပထမဦးဆုံးအကြိမ် လမ်းပေါ်သက်သေခံတဲ့အချိန်မှာ ကျွန်မကိုဘယ်သူမှမမြင်ပါစေနဲ့ဆိုပြီး လမ်းကြားထဲဝင်ပုန်းခဲ့တယ်။ နောက်ဆုံးတော့ အားတင်းပြီး လူတစ်ယောက်ကို မဂ္ဂဇင်းတစ်စောင်ပြခဲ့တယ်၊ အဲဒီတော့မှပဲ စကားပြောထွက်တော့တယ်။ အဲဒီနေ့မှာ ယေဟောဝါအကူအညီနဲ့ လူအတော်များများကို ကျွန်မရဲ့ ကျမ်းစာအခြေခံမျှော်လင့်ချက်အကြောင်း ပြောဆိုခဲ့ရတယ်။
“အခု ၁၂ နှစ်ကြာပြီးနောက်အချိန်မှာ ကျွန်မဟာ ရုပ်ပစ္စည်းအရဆင်းရဲပေမဲ့လည်း ရှေ့ဆောင်လုပ်ငန်းအခွင့်ထူးကို တန်ဖိုးထားနေဆဲပဲ၊ အခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်အမှန်တရားကို ဝေမျှပြောဆိုခွင့်ရလို့ ဘာနဲ့မှနှိုင်းယှဉ်မရတဲ့ရွှင်လန်းမှုကို ဆက်ပြီးခံစားနေရပါတယ်။”