ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၂/၁ စာ. ၃၀-၃၁
  • အဲသော့စ်တောင်—“သန့်ရှင်းသောတောင်” လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဲသော့စ်တောင်—“သန့်ရှင်းသောတောင်” လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုန်းကြီးကျောင်းရှိသည့် “သန့်ရှင်းသောတောင်”
  • ယနေ့ အဲသော့စ်တောင်
  • အားလုံးအတွက် “သန့်ရှင်းသောတောင်”
  • သူ၏ဝိညာဉ်ရေးလိုအပ်ရာများ ဖြည့်ဆည်းပေးခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သိနာ—မောရှေ၏တောင်နှင့် သနားကြင်နာခြင်းတောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါ၏ အိမ်တော် ချီးမြှောက်ခြင်း ခံရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ကျောက်ဆောင်ချွန်များပေါ်ရှိ ကျွမ်းဘားသမားများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၂/၁ စာ. ၃၀-၃၁

အဲသော့စ်တောင်—“သန့်ရှင်းသောတောင်” လော

ဩသဒေါက်စ်ချာ့ချ်အသင်းသားသန်း ၂၂၀ ကျော်အတွက် ဂရိမြောက်ပိုင်းရှိ ခက်ခဲကြမ်းတမ်းသောကုန်းမြေမြင့်ဖြစ်သည့် အဲသော့စ်တောင်သည် “ဩသဒေါက်စ်ခရစ်ယာန်လောက၏ အသန့်ရှင်းဆုံးတောင်” ဖြစ်သည်။ သူတို့အများအပြားသည် အဲသော့စ် “သန့်ရှင်းသောတောင်” သို့ ဘုရားဖူးရောက်လိုကြ၏။ ဤ “သန့်ရှင်းသောတောင်” ကားအဘယ်နည်း။ အဘယ်နည်းဖြင့် ဤမျှအရေးပါလာသနည်း။ ၎င်းသည် ဝိညာဉ်ရေးလမ်းညွှန်မှုနှင့် စစ်မှန်သောဝတ်ပြုရေးအတွက် ဘုရားသခင်အားခန့်ညားသူများ ရှုမျှော်ရမည့် “တောင်” ဖြစ်ပါသလော။

“သန့်ရှင်းသောတောင်” ဟူသော အသုံးအနှုန်းသည် သမ္မာကျမ်းစာတွင်ပါရှိသည်။ ၎င်းသည် စစ်မှန်သောဘုရားသခင်ယေဟောဝါ၏ သန့်ရှင်းစင်ကြယ် မြင့်မြတ်သောဝတ်ပြုရေးနှင့် ဆက်နွှယ်လျက်ရှိသည်။ ဘုရင်ဒါဝိဒ်သည် ရှေးယေရုရှလင်မြို့ရှိ ဇိအုန်တောင်ပေါ်သို့ ပဋိညာဉ်သေတ္တာ ယူဆောင်လာသောအခါ ၎င်းတောင်သည် “သန့်ရှင်းသောတောင်” ဖြစ်လာခဲ့၏။ (ဆာလံ ၁၅:၁; ၄၃:၃; ၂ ဓမ္မရာဇဝင် ၆:၁၂၊ ၁၇) မောရိတောင်ပေါ်တွင် ရှောလမုန်၏ဗိမာန်တော်ကိုတည်ဆောက်ပြီးနောက် “ဇိအုန်” ၌ဗိမာန်တော်၏မြေနေရာပါဝင်လာခဲ့သည်; ထို့ကြောင့် ဇိအုန်သည် ဘုရားသခင်၏ “သန့်ရှင်းသောတောင်” အဖြစ် ဆက်တည်ရှိခဲ့သည်။ (ဆာလံ ၂:၆; ယောလ ၃:၁၇) ဘုရားသခင်၏ဗိမာန်တော်သည် ယေရုရှလင်မြို့တွင် ရှိသောကြောင့် ထိုမြို့ကို ဘုရားသခင်၏ “သန့်ရှင်းသောတောင်” ဟူ၍လည်း တစ်ခါတစ်ရံခေါ်ခဲ့ကြသည်။—ဟေရှာယ ၆၆:၂၀; ဒံယေလ ၉:၁၆၊ ၂၀။

ယနေ့ကော။ အဲသော့စ်တောင် သို့မဟုတ် အခြားတောင်တစ်ခုခုသည် ဘုရားသခင်ကိုဝတ်ပြုရန် တဖွဲဖွဲသွားရောက်ကြရမည့် “သန့်ရှင်းသောတောင်” လော။

ဘုန်းကြီးကျောင်းရှိသည့် “သန့်ရှင်းသောတောင်”

အဲသော့စ်တောင်သည် ယခုခေတ် သက်စာလာနီခီမြို့၏အရှေ့ဘက် အေဂျင်ပင်လယ်ထဲရှိ ကဲလ်စဒစီကျွန်းစွယ်၏အရှေ့ဘက် အစွန်အဖျားတွင် တည်ရှိသည်။ ၎င်းသည် ပင်လယ်မှ အမြင့်ပေပေါင်း ၆,၆၆၇ အထိမတ်စောက်စွာထိုးထွက်နေသော ဘဝင်ကျစရာစကျင်ကျောက်တောင်ဖြစ်၏။

အဲသော့စ်ကို သန့်ရှင်းသောမြေနေရာဟု ယူဆခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ ဂရိဒဏ္ဍာရီအရ အိုလံပါစ်တောင်သည် ဘုရားများဂေဟာမဖြစ်မီက ၎င်းသည် သူတို့၏ဂေဟာဖြစ်ခဲ့၏။ မဟာကွန်စတင်တိုင်း (စီ.အီး. လေးရာစု) နောက်ပိုင်းတစ်ချိန်ချိန်တွင် အဲသော့စ်သည် ခရစ်ယာန်အသင်းများအတွက် သန့်ရှင်းသောနေရာဖြစ်လာခဲ့သည်။ ဒဏ္ဍာရီတစ်ခုအရ “အပျိုကညာ” မာရိသည် ဧဝံဂေလိဆရာယောဟန်နှင့်အတူ လာဇရုထံလည်ပတ်ရန် ဆိုက်ပရပ်စ်ကျွန်းသို့အသွားတွင် ပြင်းထန်သောလေမုန်တိုင်း ရုတ်တရက်တိုက်၍ အဲသော့စ်၌ ရပ်နားခဲ့ရသည်ဆို၏။ သူသည် တောင်၏လှပမှုကို ဘဝင်ခိုက်သွားကာ ယေရှုထံ တောင်းဆိုခဲ့သည်။ ထို့ကြောင့် အဲသော့စ်သည် “သန့်ရှင်းသောအပျိုကညာဥယျာဉ်” ဟူ၍လည်း အမည်တွင်ခဲ့သည်။ ဘိုင်ဇန်တိုင်ခေတ်အလယ်တွင် ထိုကျောက်ဆောင်တစ်ခုလုံးကို သန့်ရှင်းသောတောင်ဟုခေါ်ခဲ့ကြ၏။ နဝမမြောက်ဧကရာဇ်ကွန်စတင်တိုင်း မိုနာမ်မခါစ်၏အမိန့်အရ စီ.အီး. ၁၀၄၆ ၌ထိုအမည်ကို တရားဝင်သတ်မှတ်အတည်ပြုခဲ့သည်။

အဲသော့စ်၏ ခက်ခဲကြမ်းတမ်းပြီး သီးခြားအနေအထားကြောင့် ခြိုးခြံကျင့်ကြံနေထိုင်လိုသူတို့ကြိုက်နှစ်သက်ရာနေရာဖြစ်သည်။ ယင်းသည် ရာစုနှစ်များတစ်လျှောက် ဩသဒေါက်စ်လောကတစ်ရပ်လုံးဖြစ်သော—ဂရိ၊ ဆားဗီးယား၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ရုရှားနှင့် အခြား—မှဘာသာရေးသမားများကို ဆွဲဆောင်ခဲ့ကာ ထိုတွင် ချာ့ချ်များနှင့်ရပ်ကွက်များသာမက ဘုန်းကြီးကျောင်းများစွာ တည်ဆောက်ခဲ့ကြ၏။ ယင်းတို့မှ ၂၀ ခန့်သည် မပျက်မယွင်းဆက်တည်ရှိသည်။

ယနေ့ အဲသော့စ်တောင်

ယနေ့ အဲသော့စ်သည် ၁၉၂၆ ခုနှစ်က အတည်ပြုထားသောအမိန့်ပြန်တမ်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောဒေသဖြစ်သည်။ နှစ်များစွာကျဆင်းနေပြီးနောက် ထိုတွင်နေထိုင်သောဘုန်းကြီးအရေအတွက်သည် ၂,၀၀၀ ကျော်တိုးမြှင့်လာသည်။

ဘုန်းကြီးကျောင်းတစ်ခုစီသည် ကိုယ်ပိုင် လယ်မြေများ၊ ဝတ်ပြုဆောင်များနှင့် လူနေအိမ်များ၏ကွန်ရက်ရှိသည်။ အဲသော့စ်တောင်စွန်းပေါ်မှ ချောက်ကမ်းပါး၏အမြင့်ဆုံးအရပ် ကာရူးလ်ယာရပ်ကွက်တွင် ရသေ့များ၏အဓိကဗိမာန်ကိုတွေ့ရှိရသည်။ ဤနေရာရှိ တဲအိမ်စုများသို့ လူသွားလမ်းများ၊ ကျောက်လှေကားထစ်များနှင့် သတ္တုကြိုးကွင်းများဖြင့်သာ ရောက်ရှိနိုင်သည်။ အဲသော့စ်ရှိ ဘုန်းကြီးများသည် ဘိုင်ဇန်တိုင် (နေဝင်ချိန်မှနေ့စသော) နာရီနှင့် (ဂရီဂေါရီယန်ထက် ၁၃ ရက်နောက်ကျသော) ဂျူးပြက္ခဒိန်တို့ကိုအသုံးပြုကာ သူတို့၏ရှေးဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်ကို နေ့စဉ်ကျင့်သုံးနေဆဲပင်။

ဤသာသနာမြေသည် အမျိုးသမီးတစ်ဦးကိုအမှီပြု၍ “သန့်ရှင်း” သည်ဟုဆိုကြသော်လည်း ၎င်းတွင်နေထိုင်သော ဘုန်းကြီးများနှင့်ရသေ့များသည် သင်းကွပ်ထားသူ သို့မဟုတ် မုတ်ဆိတ်မွေးမပေါက်သူတို့အပါအဝင် မိန်းမအသွင်ရှိသူ—လူနှင့်တိရစ္ဆာန်—အားလုံးကို ကျွန်းဆွယ်ပေါ်သို့ မလာရဟု ကြေညာခဲ့ကြသည်။ မကြာသေးမီက မုတ်ဆိတ်မွေးမပေါက်သူနှင့် တိရစ္ဆာန်အမတချို့နှင့်ပတ်သက်သည့် စည်းမျဉ်းကို လျှော့ပေးခဲ့သော်လည်း အမျိုးသမီးများကိုမူ အဲသော့စ်ကမ်းခြေ၏ကိုက် ၅၅၀ အတွင်းမလာရန် တင်းကျပ်စွာပိတ်ပင်ထားဆဲပင်။

အားလုံးအတွက် “သန့်ရှင်းသောတောင်”

အဲသော့စ်သည် ဘုရားသခင်အားခန့်ညားသော ခရစ်ယာန်များ ဝတ်ပြုရန်သွားကြရမည့် “သန့်ရှင်းသောတောင်” ဖြစ်သလော။ ဘုရားသခင်အား ဂေရဇိမ်တောင်ပေါ်တွင် ဝတ်ပြုသင့်သည်ဟု ယုံကြည်ခဲ့သော ရှမာရိအမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောရာတွင် ဘုရားသခင်အားဝတ်ပြုရန် ပကတိတောင်တစ်တောင်ကို သတ်မှတ်တော့မည်မဟုတ်ကြောင်း ရှင်းလင်းစွာဖော်ပြခဲ့၏။ “[ဂေရဇိမ်] သို့မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန်ကာလ ရောက်ဆဲရှိ၏” ဟုယေရှုပြောခဲ့သည်။ အဘယ်ကြောင့်နည်း။ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။”—ယောဟန် ၄:၂၁၊ ၂၄။

ကျွန်ုပ်တို့၏အချိန်ကိုညွှန်းကာ ပရောဖက်ဟေရှာယက ‘ယေဟောဝါ၏အိမ်တော်တည်သော’ ပုံဆောင် “တောင်” သည် “တောင်ကြီးတောင်ငယ်တို့ထိပ်ပေါ်မှာ ချီးမြှောက်၍” ခပ်သိမ်းသောလူမျိုးတို့သည် ပုံဆောင်သဘောအရ ယင်းတွင် စည်းဝေးကြလိမ့်မည်ဟု ကြိုဟောခဲ့သည်။—ဟေရှာယ ၂:၂၊ ၃။

ယေဟောဝါ၏မျက်နှာသာရ ဆက်ဆံရေးရရှိလိုသူ အမျိုးသားများနှင့်အမျိုးသမီးများတို့ကို ဘုရားသခင်အား “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း” ဝတ်ပြုရန် ဖိတ်ခေါ်ထားပါသည်။ ကမ္ဘာတစ်ဝန်းရှိ သန်းချီသူတို့သည် ‘ယေဟောဝါ၏တောင်’ သို့သွားသောလမ်းကို ရှာတွေ့ခဲ့ကြပြီ။ ဤသူတို့နှင့် အခြားသူများအပါအဝင် အဲသော့စ်တောင်နှင့်ပတ်သက်၍ ဂရိရှေ့နေတစ်ဦးပြောဆိုခဲ့သောစကားကို ဤသို့ပဲ့တင်ထပ်ကြသည်– “နံရံတွေ၊ ဘုန်းကြီးကျောင်းတွေအထဲမှာပဲ ဝိညာဉ်ရေးရာရှိမယ်လို့ ကျွန်မမထင်ဘူး။”—တမန်တော် ၁၇:၂၄ နှိုင်းယှဉ်။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

အချိန်ကြာမြင့်စွာဖုံးကွယ်နေခဲ့သော ရတနာသိုက်တစ်သိုက်

ရာစုနှစ်များတစ်လျှောက် အဲသော့စ်ဘုန်းကြီးများသည် ခန့်မှန်းခြေအားဖြင့် စာမူ ၁၅,၀၀၀ ရှိရတနာသိုက်တစ်သိုက်ကို စုဆောင်းခဲ့ကြသည်။ အချို့က ယင်းတို့သည် လေးရာစုမှဖြစ်ရာ ကမ္ဘာတွင်တန်ဖိုးအရှိဆုံးစုဆောင်းရာများဖြစ်သည်ဟု ဆိုခဲ့ကြ၏။ ၎င်းတွင် စာလိပ်များ၊ ခရစ်ဝင်ကျမ်းအပြည့်အစုံနှင့်စာမျက်နှာအချို့၊ ဆာလံကျမ်းနှင့် ဓမ္မတေးသီချင်းများအပြင် ရှေးဟောင်းပန်းချီကားချပ်များ၊ ရုပ်ပုံများ၊ ပန်းပုလက်ရာများနှင့် သတ္တုပစ္စည်းများပါရှိသည်။ အဲသော့စ်တောင်တွင်ရှိ ဂရိစာမူများစွာကို ကောင်းစွာစာရင်းပြုစုရန်လိုနေသေးသော်လည်း ၎င်းတွင် ကမ္ဘာ့ဂရိစာမူများ၏လေးပုံတစ်ပုံရှိသည်ဟု ခန့်မှန်းရ၏။ ၁၉၉၇ ခုနှစ်၌ ထိုဘုန်းကြီးများသည် သူတို့၏ရတနာသိုက်မှအချို့ကို သက်စာလာနီခီမြို့တွင်ပြသရန် ဦးဆုံးအကြိမ်ခွင့်ပြုခဲ့သည်။

[စာမျက်နှာ ပါ ပုံစာ31]

Telis/Greek National Tourist Organization

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ