အရှေ့တိုင်းမှ ခရစ္စမတ်
• လွန်ခဲ့သောအနှစ်နှစ်ရာခန့်က ထင်ရှားသောကိုရီးယားပညာရှင်တစ်ဦးသည် တရုတ်ပြည်၊ ပီကင်းမြို့သို့လည်ပတ်ခဲ့သည်။ ဘုရားရှိခိုးကျောင်းမျက်နှာကြက်ပေါ်မှ ပန်းချီကားကိုစူးစိုက်ကြည့်ခဲ့ရာ မာရိနှင့် သူ၏ရင်ခွင်ထဲမှသူငယ်ယေရှုပုံကိုတွေ့ခဲ့ရသည်။ ဤအလွန်ထူးခြားသောပန်းချီကားနှင့်ပတ်သက်၍ သူကဤသို့ပြောခဲ့သည်–
“ငါးနှစ် ဒါမှမဟုတ် ခြောက်နှစ်အရွယ်ရှိ ချူချာပုံရတဲ့ကလေးကို အမျိုးသမီးတစ်ယောက်က ပေါင်ပေါ်တင်ထားတယ်။ သူ့သားရဲ့အဖြစ်ကို မကြည့်ရက်သလိုနဲ့ ခေါင်းမမော့နိုင်ပုံပဲ။ သူတို့ရဲ့နောက်မှာတော့ တစ္ဆေတွေအများကြီးနဲ့ ပျံဝဲနေတဲ့သူငယ်လေးတွေရှိတယ်။ သူတို့ကိုကျွန်တော်မော့ကြည့်နေတဲ့အခါ အချိန်မရွေးပြုတ်ကျလာတော့မလား ထင်ရတယ်။ အလန့်တကြားနဲ့ လှမ်းဖမ်းလိုက်မိတယ်။”
ထိုအဖြစ်အပျက်သည် ဥရောပတွင် ပြန်လည်တည်ထောင်ရေးစတင်ပြီး နှစ်အတန်ကြာ၊ အလယ်ခေတ်၏ အမှောင်လွှမ်းသောကာလပြီးနောက် နှစ်အတန်ကြာ၌ ဖြစ်ပျက်ခဲ့သည်။ ထိုပန်းချီကားသည် ဆန်းကြယ်သကဲ့သို့ အရှေ့တိုင်းသားအများစုအတွက် ခရစ်ယာန်ဘာသာတရားသည်လည်း အဆန်းဖြစ်သည်။ ယင်းအခြေအနေ အမှန်ပြောင်းလဲခဲ့ပြီတကား! ခရစ္စမတ်ရာသီရောက်တိုင်း သူငယ်ယေရှု၏မြင်ကွင်းများကိုတွေ့ရသည်။ အရှေ့တိုင်းသည် ယင်းသို့သောမြင်ကွင်းများနှင့် အကျွမ်းတဝင်ရှိလာပြီး ယခုဆိုလျှင် သူတို့၏လမ်းများသည် ဥရောပမှလမ်းများနှင့်ဆင်တူလာသည်။
ခရစ္စမတ်မတိုင်မီတစ်လ၊ ၁၉၉၈၊ နိုဝင်ဘာ ၂၅ ရက်ညနေပိုင်းတွင် လမ်းဘေးတစ်လျှောက်ရှိသစ်ပင် ၃၀၀ ပေါ်မီးသီး ၁၀၀,၀၀၀ ကျော်တပ်ဆင်ထားခြင်းဖြင့် ပါရီမြို့ရှိရှန်ဇလီဇီးအမည်ရှိ နာမည်ကြီးလမ်းမသည် ထိန်ထိန်လင်းခဲ့သည်။ ထိုနည်းတူစွာ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လမ်းမကြီးတစ်ခုပေါ်၌ ကုန်ပဒေသာစတိုးဆိုင်ကြီးတစ်ခုက ခရစ္စမတ်သစ်ပင်ကြီးတစ်ပင်ကို အထင်အရှားပြသ၍ စတင်မီးထွန်းညှိလိုက်ရာ ထိုမြို့တော်သည် ညအခါတွင်လင်းနေသည်။ မကြာမီ ၎င်းမြို့၏လမ်းမများသည် ခရစ္စမတ်အဆင်အပြင်များနှင့် တန်ဆာဆင်လျက်ရှိသည်။
ခရစ္စမတ်နှင့်ပတ်သက်သောအစီအစဉ်များကို ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများက နေ့စဉ်နေ့တိုင်းတင်ဆက်ကြသည်။ ခရစ္စမတ်၏လွှမ်းမိုးလှုံ့ဆော်မှုကြောင့် တစ်နိုင်ငံလုံး နှစ်ကုန်ပိုင်းကိုကြိုဆိုကြလေသည်။ ဧည့်သည်များစွာ အံ့အားသင့်လောက်အောင်များပြားသည့် ဆိုးလ်မြို့၏ချာ့ချ်များကိုလည်း အလောသုံးဆယ်တန်ဆာဆင်လိုက်ကြသည်။ ဤနည်းဖြင့် နိုဝင်ဘာလအကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၌ ကျေးဇူးတော်ချီးမွမ်းပွဲနေ့ကျင်းပချိန်ဝယ် အရှေ့တိုင်းရှိ ကိုရီးယားနှင့်အခြားနိုင်ငံများမှာ ခရစ္စမတ်စိတ်ဓာတ်လွှမ်းခြုံခံရလျက်ရှိသည်။
အရှေ့တိုင်းမှနိုင်ငံအများစုကို ခရစ်ယာန်ဘောင်၏တစ်စိတ်တစ်ဒေသနိုင်ငံဟု မယူမှတ်ကြပါ။ သာဓကအနေနှင့် ကိုရီးယားလူဦးရေ ၂၆.၃ ရာခိုင်နှုန်းခန့်ကသာ ခရစ်ယာန်အမည်ခံသည်။ ဟောင်ကောင်၌ ၇.၉ ရာခိုင်နှုန်း၊ ထိုင်ဝမ်၌ ၇.၄ ရာခိုင်နှုန်းနှင့် ဂျပန်၌ ၁.၂ ရာခိုင်နှုန်းမျှသာရှိသည်။ ရှင်းနေသည်မှာ အရှေ့တိုင်းသားအများစုသည် ခရစ်ယာန်ဘာသာဝင်များမဟုတ်ကြသော်လည်း ခရစ္စမတ်ကျင်းပဖို့ ငြင်းဆိုပုံမရှိခြင်းဖြစ်သည်။ အမှန်ဆိုလျှင် အခြေအနေတူသူ အနောက်တိုင်းသားများထက်ပင် သူတို့က ယင်းအတွက်ပို၍စိတ်ထက်သန်ပုံပေါ်လေ့ရှိသည်။ ဥပမာ၊ ဟောင်ကောင်မြို့သားအများစုမှာ . . . သို့မဟုတ် တာအိုဘာသာဝင်များဖြစ်ကြသော်လည်း ၎င်းမြို့သည် ခရစ္စမတ်ပွဲကို ဆန်းပြားပေါ်လွင်စွာ ကျင်းပကြောင်း လူသိများသည်။ ခရစ်ယာန်အမည်ခံသူ ၀.၁ ရာခိုင်နှုန်းသာရှိသော တရုတ်နိုင်ငံ၌ပင် ခရစ္စမတ်ပွဲသည် ရေပန်းစားလာလေပြီ။
ခရစ္စမတ်ကို အရှေ့တိုင်းတွင် အဘယ်ကြောင့်အနှံ့အပြားကျင်းပကြသနည်း။ ခရစ်ယာန်အမည်ခံသူအများစုက ကိုယ်တော်၏မွေးနေ့အဖြစ်ယူမှတ်သော ခရစ္စမတ်ကို ယေရှုအား မေရှိယအဖြစ်လက်မခံသူတို့က အဘယ်ကြောင့်ပါဝင်ကျင်းပကြရသနည်း။ ခရစ္စမတ်အပေါ်သူတို့၏အမြင်ကို ခရစ်ယာန်စစ်များတုပသင့်သလော။ အရှေ့တိုင်း၏အလွန်ရှေးကျသောနိုင်ငံတစ်ခုဖြစ်သော ကိုရီးယားနိုင်ငံတွင် ခရစ္စမတ်ပွဲကို မည်သို့လူကြိုက်များလာကြောင်းသုံးသပ်ကြစဉ် အဖြေများရရှိပါလိမ့်မည်။