ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁/၁ စာ. ၂၁-၂၃
  • လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြချိန်ဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြချိန်ဝယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဖြောင့်မတ်သောကမ္ဘာသစ်ရှိ အသက်တာ
  • ထာဝစဉ်အသက်ရှင်ဖို့ရာ အရည်အချင်းပြည့်မီခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁/၁ စာ. ၂၁-၂၃

လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြချိန်ဝယ်

ယေရှုခရစ်က မိမိ၏တောင်ပေါ်တရားတော်တွင် လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြချိန်ရောက်လိမ့်မည်ဟု ညွှန်ပြခဲ့၏။ မိန့်တော်မူချက်ကိုစတင်ရာ၌ ယေရှုသည် ဆာလံအခန်းကြီး ၃၇ ကိုကိုးကား၍ ဤသို့မိန့်ဆိုသည်– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။” ဆာလံကျမ်းစောင်ကလည်း အဆိုပါအံ့ချီးဖွယ်အခြေအနေ မည်သို့အကောင်အထည်ပေါ်လာမည်ကို ဤသို့ဖော်ပြသည်– “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား၊ ပြည်တော်ကိုအမွေခံရကြလိမ့်မည်။”—မဿဲ ၅:၅; ဆာလံ ၃၇:၉။

ကမ္ဘာမြေကြီးမှ မတရားမှုပြုသူအားလုံး ပယ်ရှားခြင်းခံရပြီး တစ်ဦးကိုတစ်ဦးချစ်ခင်သူတို့သာ ကျန်ရစ်မည်ဆိုခြင်းက အံ့သြဖွယ်ကောင်းလောက်သော ပြောင်းလဲမှုကြီးပါတကား! တစ်ချိန်တွင် ယင်းသည် မည်သို့ဖြစ်လာနိုင်မည်နည်း။ မည်သို့ဖြစ်လာမည်ကို ယေရှုက “[ဘုရားသခင်] နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟူ၍တောင်ပေါ်တရားတော်တွင် ဆုတောင်းရန် ကျွန်ုပ်တို့ကိုသင်ကြားရာ၌ ဆက်မိန့်တော်မူသည်။ (မဿဲ ၆:၁၀) ဘုရားသခင့်အလိုတော် မည်သည့်နေရာ၌ပြည့်စုံလာမည်ကို သတိပြုပါ။ ကောင်းကင်ဘုံ၌သာမဟုတ်။ “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ပြည့်စုံပါစေဟု ကျွန်ုပ်တို့ဆုတောင်းကြသည်” ဟူ၍ခရစ်ယာန်ရာစုနှစ်ပါ ဆောင်းပါးတစ်ပုဒ်က အလေးပေးဖော်ပြ၏။

သို့ဖြစ်၍ ကျွန်ုပ်တို့ဆုတောင်းရန် ယေရှုသင်ပေးခဲ့သော ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။ ထင်ရှားနေသည်မှာ ယင်းသည် ကောင်းကင်မှအုပ်ချုပ်မည့် တကယ့်အစိုးရတစ်ခုဖြစ်၏။ သို့ဖြစ်၍ “ကောင်းကင်နိုင်ငံတော်” ဟု ယင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ (မဿဲ ၁၀:၇) ဤနိုင်ငံတော် သို့မဟုတ် အစိုးရ၏ အုပ်စိုးရှင်အဖြစ်ခန့်အပ်ခံရသူမှာ ဘုရားသခင့်သားတော်၊ ယေရှုခရစ်ပင်ဖြစ်သည်။

မာရိထံမှ ယေရှုမမွေးဖွားမီ ကြာမြင့်ပြီးကတည်းက ယေဟောဝါ၏ပရောဖက် ဟေရှာယက အံ့ဖွယ်ဖြစ်ရပ်အပြင် နောက်ဆက်တွဲလိုက်ပါလာရာနှင့်စပ်လျဉ်း၍ ဤသို့တင်ကူးဟောပြောခဲ့သည်– “ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာရှိလိမ့်မည်။ နာမတော်မူကား၊ အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံတော်မူလိမ့်မည်။ . . . အာဏာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။” (ဟေရှာယ ၉:၆၊ ၇) ယေရှုသေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော်သည် ကောင်းကင်ဘုံတွင် မိမိ၏ခမည်းတော်နှင့်အတူထိုင်နေတော်မူပြီး ဘုရင်အဖြစ် စတင်အုပ်စိုးရန်အမိန့်တော်ကို စောင့်မျှော်နေလေ၏။—ဆာလံ ၁၁၀:၁၊ ၂; ဟေဗြဲ ၁၀:၁၂၊ ၁၃; ဗျာဒိတ် ၁၁:၁၅။

ထိုအချိန်တန်လျှင် အဆုံး၌ မုန်းတီးမှုနှင့်ပြည့်နှက်နေသော ဤလောကကြီး ဘာဖြစ်သွားမည်နည်း။ အဆိုပါမေးခွန်းကို သမ္မာကျမ်းစာက မည်သို့အဖြေပေးကြောင်း သတိပြုပါ။ ဘုရားသခင့်ပရောဖက် ဒံယေလက ဤသို့တင်ကူးဟောပြောသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၄-၄၅။

ရှင်းနေသည်မှာ ဤကျမ်းဆိုင်ရာ ပရောဖက်ပြုချက်က လူ့အရေးကိစ္စများ၌ ကြီးမားသောပြောင်းလဲမှုတစ်ရပ် ရှေ့တွင်ဖြစ်မည်ကို ညွှန်ပြ၏။ ဘုရားသခင့်အုပ်ချုပ်မှုကို ခေါင်းမာမာဖြင့် လက်အောက်ခံဖို့ငြင်းဆန်သူတို့အပါအဝင် ဤအစီအစဉ်စနစ်တစ်ခုလုံး ကမ္ဘာမြေကြီးမှပယ်ရှားခြင်းခံရပေမည်! ယင်းတွင် အဘယ်အရာအစားထိုးမည်ကို သုံးသပ်ကြည့်ပါ။

ဖြောင့်မတ်သောကမ္ဘာသစ်ရှိ အသက်တာ

ကမ္ဘာလောကဟောင်း ကုန်ဆုံးသွားသောအခါ ကပ်ကျော်သူများရှိပေမည်။ သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “လောကနှင့်လော[က]တပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။” (၁ ယောဟန် ၂:၁၇) မှန်သည်၊ နောဧနှင့် သူ့မိသားစုသည် သူတို့ခေတ် ကမ္ဘာကုန်ချိန်တွင် အသက်ရှင်လျက်ကပ်ကျော်ခဲ့သကဲ့သို့ ဘုရားသခင်အလိုတော်ဆောင်သူများသည် ကမ္ဘာသစ်အတွင်းသို့ ကပ်ကျော်ကြပေလိမ့်မည်။ တမန်တော်ပေတရုက ဤသို့ရေးသားသည်– “ဖြောင့်မတ်ခြင်းတရားတည်ရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် [ဘုရားသခင်၏] ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”—၂ ပေတရု ၃:၅-၇၊ ၁၁-၁၃။

တစ်ခုတည်းသောအစိုးရဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ဆောင်ရွက်ချိန်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ကတိပြုသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ဖြောင့်မတ်သောသူတို့သည် သန့်ရှင်းစင်ကြယ်သော ကမ္ဘာမြေတွင် အသက်တာကိုစံစားကြရပေလိမ့်မည်။ မည်မျှဝမ်းမြောက်ဖွယ်ရာ အချိန်ပါတကား!

ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူတို့၏အကျိုးအလိုငှာ ယင်းအံ့ဖွယ်ရာနှင့်ပတ်သက်သည့် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ကတိတော်များက သင့်နှလုံးကိုနွေးထွေးစေသည် မဟုတ်ပေလော။ အမှန်မှာ ပထမလူမောင်နှံကို ဖန်ဆင်း၍ သူတို့အား မြေကြီးပရဒိသုတွင်နေရာချပေးသောအခါ ယင်းသည် ဘုရားသခင့်ရည်ရွယ်တော်မူချက်ပါတကား! သူတို့အား ဘုရားသခင် မိန့်တော်မူရာကို သတိပြုပါ– “အချင်းတို့များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၇၊ ၂၈။

အာဒံနှင့် ဧဝတို့သည် ကလေးများရရှိလာကြပြီး သူတို့ ကြီးပြင်းလာသောအခါ မြေကြီးပရဒိသုကို ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နှစ်လိုဖွယ်လုပ်ငန်း၌ ပါဝင်ကြပေမည်။ လူ့မိသားစုကြီးမားလာသည်နှင့်အမျှ ဧဒင်ဥယျာဉ်နယ်နိမိတ်များတိုးချဲ့ရခြင်းမှရသည့် ရွှင်လန်းမှုကို စဉ်းစားကြည့်လိုက်ပါလေ! ရှင်းနေပါသည်၊ ဘုရားသခင့်ရည်ရွယ်တော်မူချက်သည် မြေတစ်ပြင်လုံး ပရဒိသုဘုံဖြစ်လာရန်တည်း။ အဆိုပါရည်ရွယ်ချက်မှာ တစ်နေ့တစ်ချိန်တွင် ပြည့်စုံပါမည်လော။ ယင်းနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင်ပါရှိရာ ပြည့်စုံလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်တကား! ကိုယ်တော် ဤသို့ကတိပြုတော်မူ၏– “ငါသည် နှုတ်ထွက်အတိုင်း . . . စီရင်မည်။”—ဟေရှာယ ၄၆:၁၁; ၅၅:၁၁။

ဤစာမျက်နှာများတွင် ရုပ်လုံးဖော်ပြထားသည့်အတိုင်း မြေကြီးပရဒိသုတွင် သင် ထာဝစဉ်အသက်ရှင်ခံစားလိုသလော။ ထိုနေရာတွင် လူတိုင်းထာဝစဉ်နေထိုင်ဖို့ ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း မျှော်လင့်နိုင်သည်။ တောင်းဆိုချက်များရှိလေသည်။ ယင်းတို့ကား အဘယ်နည်း။

ထာဝစဉ်အသက်ရှင်ဖို့ရာ အရည်အချင်းပြည့်မီခြင်း

ဦးဆုံးအနေနှင့် ကျွန်ုပ်တို့ပြုလုပ်ရန် ဘုရားသခင် သွန်သင်ပေးသည့်အတိုင်း ဘုရားသခင့်ကမ္ဘာသစ်တွင် နေထိုင်သူတို့သည် တစ်ဦးကိုတစ်ဦး ချစ်ခင်ဖို့သင်ယူရမည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သင်တို့သည်အချင်းချင်းချစ်စေခြင်းငှာ၊ ဘုရားသခင်ဆုံးမသွန်သင်တော်မူ . . .၏။” (၁ သက်သာလောနိတ် ၄:၉) ယင်းကို ကျွန်ုပ်တို့အား ဘုရားသခင် မည်သို့အားဖြင့် သွန်သင်ပေးတော်မူသနည်း။

အထူးသဖြင့် ကိုယ်တော်မှုတ်သွင်းတော်မူသော ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာအားဖြင့်ဖြစ်သည်။ ဆိုလိုသည်မှာ ထာစဉ်အသက်ရှင်ဖို့ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၌ပါရှိသော ဘုရားသခင်၏သွန်သင်ချက်များကို လက်ခံရမည်။ အရှေ့တိုင်းမှ ကျမ်းစာကျောင်းသားတစ်ဦးက ဤသို့ဆိုသည်– “သမ္မာကျမ်းစာမှာကတိပြုထားသလို လူအားလုံး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်မှု သင်ယူကြမယ့်အချိန်ကို ကျွန်တော်စောင့်မျှော်နေပါတယ်။”

မိမိ၏ခမည်းတော်ထံ ဆုတောင်းရာတွင် ယေရှုက အခြေခံကျသောလိုအပ်ချက်တစ်ခုကို ဖော်ပြသည်။ ကိုယ်တော် ဤသို့ဆိုသည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) စာမျက်နှာ ၃၂ မျက်နှာရှိသော ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာက ဤအသိပညာကိုရရှိစေဖို့ ကျွန်ုပ်တို့အား ကူညီပေးလိမ့်မည်။ သင်အနေဖြင့် ထိုဘရိုရှာကိုရလိုလျှင် ကင်းမျှော်စင် ၉၄ခ၊ အင်းယားလမ်း၊ ရန်ကုန်မြို့ သို့မဟုတ် စာမျက်နှာ ၃၀ တွင်ဖော်ပြထားသော သင့်လျော်သည့်လိပ်စာဖြင့်မှာယူပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ