ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၉/၁ စာ. ၃-၅
  • မည်သို့စောင့်ဆိုင်းရမည်ကို သင်သိရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သို့စောင့်ဆိုင်းရမည်ကို သင်သိရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်တာကို ဖြုန်းတီးခြင်း
  • စောင့်ဆိုင်းတတ်ရန် သင်ယူခြင်း
  • သည်းခံခြင်းသည် ဆုချခံရမည်
  • ယေဟောဝါကိုစောင့်မျှော်ခြင်း၌ ပျော်ရွှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • စိတ်ရှည်ရှည် စောင့်ဆိုင်းချင်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • စောင့်မျှော်သောသဘောထား တင်ပြပါ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါကို စိတ်ရှည်ရှည်၊ ပျော်ပျော် စောင့်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၉/၁ စာ. ၃-၅

မည်သို့စောင့်ဆိုင်းရမည်ကို သင်သိရှိသလော

လူတို့သည် စောင့်ဆိုင်းရုံသက်သက်အတွက် နှစ်စဉ် အချိန်မည်မျှကုန်ခဲ့သည်ကို သင်မှန်းဆနိုင်သလော။ စတိုးဆိုင်၊ သို့မဟုတ် ဓာတ်ဆီဆိုင်တွင် တန်းစီစောင့်ကြရသည်။ စားသောက်ဆိုင်တွင် အစာအတွက် စောင့်နေကြရသည်။ ဆရာဝန် သို့မဟုတ် သွားစိုက်ဆရာနှင့်တွေ့နိုင်ဖို့ စောင့်ရ၏။ ဘတ်စကားနှင့် မီးရထားများအတွက် စောင့်နေကြရသည်။ မှန်ပါသည်၊ လူတစ်ဦး၏ဘဝတွင် ကိစ္စရပ်များဖြစ်ပျက်လာဖို့ စောင့်ဆိုင်းရသော အချိန်ပမာဏ အတော်အတန်ကုန်သည်။ ခန့်မှန်းချက်တစ်ခုအရ ဂျာမန်လူမျိုးတစ်မျိုးတည်းပင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် စောင့်ဆိုင်းရချိန် တစ်နှစ်လျှင်နာရီ ၄.၇ ဘီလီယံ အလဟဿကုန်သည်! ယင်းသည် လူ ၇,၀၀၀ ခန့်၏ စုပေါင်းသက်တမ်းနှင့်ညီမျှသည်ဟု တစ်ဦးတစ်ယောက်က ခန့်မှန်းခဲ့သည်။

စောင့်ရခြင်းသည် အလွန်စိတ်ပျက်စရာဖြစ်နိုင်သည်။ ယခုအခါ အရာရာကိုပြုလုပ်ဖို့ တစ်ခါမျှ အချိန်လောက်ပုံမရဘဲ ကျွန်ုပ်တို့လုပ်သင့်ရာများအကြောင်း စဉ်းစားခြင်းက စောင့်ဆိုင်းခြင်းကို တကယ့်စမ်းသပ်ချက်တစ်ခု ဖြစ်စေနိုင်သည်။ စာရေးဆရာ အလက်ဇန္ဒြားရို့စ်က “အသက်တာ၏ဝေဒနာတစ်ဝက်သည် စောင့်ဆိုင်းခြင်းဖြစ်သည်” ဟုတစ်ကြိမ်ကဆိုခဲ့သည်။

အမေရိကန်နိုင်ငံ့ခေါင်းဆောင် ဘင်ဂျမင် ဖရဲန်ကလင်က စောင့်ဆိုင်းခြင်းသည် အကုန်အကျလည်းများနိုင်ကြောင်း အသိအမှတ်ပြုခဲ့သည်။ လွန်ခဲ့သောအနှစ် ၂၅၀ ကျော်က “အချိန်ဟာငွေပဲ” ဟုသူဖော်ပြခဲ့သည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများတွင် နှောင့်နှေးမှုများ မလိုအပ်ဘဲပေါ်မလာစေရန် နည်းအမျိုးမျိုးရှာကြံကြသည်။ အချိန်နည်းနည်းနှင့် ကုန်ပစ္စည်းများများထုတ်လုပ်ခြင်းသည် အကြီးအကျယ်အမြတ်ထွက်စေ၏။ လူထုအကျိုးကို တိုက်ရိုက်ဆောင်ရွက်ပေးသော ဝန်ဆောင်လုပ်ငန်းများက ဖောက်သည်များ၏အကြိုက်တွင် စောင့်ဆိုင်းရချိန် လျော့နည်းစေခြင်းပါဝင်ကြောင်း သိထားကြရာ အရန်သင့်အစာ၊ ကားပေါ်မှမဆင်းဘဲ ဘဏ်လုပ်ငန်းဆောင်ရွက်ခြင်းစသည်တို့ဖြင့် အမြန်ဆောင်ရွက်ပေးဖို့ ကြိုးပမ်းကြသည်။

အသက်တာကို ဖြုန်းတီးခြင်း

ဆယ့်ကိုးရာစုမှ အမေရိကန်ကဗျာဆရာ ရဲ့လ်ဖ် ဝေါ်ဒို အီမဆင်က ဤသို့ညည်းညူခဲ့သည်– “စောင့်ဆိုင်းရခြင်းတွင် လူ့သက်တမ်း ကုန်ခန်းလိုက်လေခြင်း!” မကြာသေးမီက စာရေးဆရာ လဲန့်စ်မောရိုးက စောင့်ဆိုင်းခြင်း၏ ငြီးငွေ့ဖွယ်အခြေအနေနှင့် ကာယရေးအဆင်မပြေမှုအကြောင်း ညည်းညူခဲ့သည်။ ထို့နောက် “စောင့်ဆိုင်းခြင်း၏ မသိမသာစိတ်ဆင်းရဲမှု” အကြောင်း သူပြောဆိုခဲ့သည်။ ယင်းကားအဘယ်နည်း။ “လူတစ်ဦး၏ တန်ဖိုးအရှိဆုံးအရာ၊ လူ့သက်တမ်း၏ တစ်စိတ်တစ်ပိုင်း၊ အချိန်သည် အခိုးခံရပြီး ပြန်မရနိုင်အောင် ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။” ထိုအတိုင်း အမှန်ဖြစ်နေသည်မှာ ဝမ်းနည်းစရာပင်။ စောင့်ဆိုင်းရသောကြောင့် ဆုံးရှုံးသွားသည့်အချိန်သည် ထာဝစဉ်ဆုံးရှုံးရခြင်းဖြစ်သည်။

အသက်တာသာ ဤမျှမတိုတောင်းပါက စောင့်ဆိုင်းရခြင်းသည် စိုးရိမ်စရာအကြောင်းမဖြစ်ချေ။ သို့သော် အသက်တာသည် တိုတောင်း၏။ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကျမ်းစာ၏ဆာလံဆရာက ဤသို့မှတ်ချက်ချခဲ့သည်– “အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် [သေဆုံး] ကြပါ၏။” (ဆာလံ ၉၀:၁၀) ကျွန်ုပ်တို့အဘယ်နေရာ၌ပင် နေထိုင်ပါစေ၊ မည်သူပင်ဖြစ်ကြပါစေ ကျွန်ုပ်တို့၏အသက်တာ—ကျွန်ုပ်တို့မွေးဖွားချိန်မှစ၍ ဆက်အသက်ရှင်ရသော နေ့ရက်များ၊ နာရီများနှင့် မိနစ်များ—သည် ကန့်သတ်လျက်ရှိသည်။ သို့သော် အဖြစ်အပျက်များ သို့မဟုတ် လူများကိုစောင့်ရ၍ အဖိုးတန်အချိန်အနည်းငယ် ကုန်ရသည့်အခြေအနေများကို ကျွန်ုပ်တို့မရှောင်နိုင်ကြချေ။

စောင့်ဆိုင်းတတ်ရန် သင်ယူခြင်း

ကျွန်ုပ်တို့အများစုသည် ရှေ့တွင်ရှိသောယာဉ်ကိုကျော်တက်ဖို့ အစဉ်ကြိုးစားလေ့ရှိသည့် ဒရိုင်ဘာတစ်ဦးနှင့်အတူ ကားတစ်စီးထဲ စီးခဲ့ဖူးကြ၏။ များသောအားဖြင့် အရေးပေါ်ကိစ္စမရှိ—ဒရိုင်ဘာမှာ အရေးတကြီးချိန်းဆိုချက်မရှိ—ပေ။ သို့သော် အခြားဒရိုင်ဘာတစ်ဦးကြောင့် ရှေ့မတက်နိုင်ခြင်းကို သူမခံနိုင်ပါ။ သူသည် မည်သို့စောင့်ဆိုင်းရမည်ကို မသင်ယူရသေးကြောင်း သူ၏ သည်းခံစိတ်မရှိခြင်းကဖော်ပြသည်။ သင်ယူရမည်လော။ မှန်ပါ၏၊ မည်သို့စောင့်ဆိုင်းရန်သိရှိခြင်းသည် သင်ယူရမည့်သင်ခန်းစာဖြစ်၏။ ယင်းနှင့် မည်သူမျှမမွေးဖွားလာပါ။ ကလေးငယ်များသည် ဆာသောအခါ သို့မဟုတ် သက်သောင့်သက်သာမရှိသည့်အခါ ချက်ချင်းဂရုစိုက်စေလိုကြသည်။ တဖြည်းဖြည်းအသက်ကြီးလာမှသာ မိမိတို့အလိုရှိရာအတွက် တစ်ခါတစ်ရံစောင့်ဆိုင်းရကြောင်း သူတို့နားလည်လာကြသည်။ မှန်ပါ၏၊ စောင့်ဆိုင်းခြင်းသည် ဘဝတွင် မလွှဲမရှောင်ကြုံကြိုက်ရသော အမှုတစ်ခုဖြစ်သည့်အတွက် လိုအပ်သည့်အခါ စိတ်ရှည်စွာစောင့်ဆိုင်းတတ်ခြင်းမှာ ရင့်ကျက်သူတစ်ဦး၏ အမှတ်အသားဖြစ်သည်။

စိတ်မရှည်နိုင်သည့် အရေးတကြီးအခြေအနေများရှိတတ်ကြောင်း နားလည်နိုင်ပါသည်။ မီးဖွားခါနီးဇနီးသည်ကို ဆေးရုံသို့သုတ်သီးသုတ်ပျာပို့နေချိန်တွင် လူငယ်အိမ်ထောင်သည်တစ်ဦး နှောင့်နှေးမှုများကြောင့် စိတ်မရှည်နိုင်ခြင်းကို လက်ခံနိုင်သည်။ သောဒုံမြို့မှထွက်ခွာဖို့ လောတကိုတိုက်တွန်းနေကြသော ကောင်းကင်တမန်များသည် လောတဖင့်နွှဲနေစဉ် စောင့်ဆိုင်းမနေနိုင်ကြချေ။ ဖျက်ဆီးခြင်း ကျရောက်အံ့ဆဲဆဲဖြစ်ပြီး လောတနှင့်သူ့မိသားစုအတွက် သေရေးရှင်ရေးကိစ္စဖြစ်နေ၏။ (ကမ္ဘာဦး ၁၉:၁၅၊ ၁၆) သို့သော် များသောအားဖြင့် လူတို့ မလွှဲမရှောင်သာ စောင့်ဆိုင်းရကြသည့်ကိစ္စများမှာ သေရေးရှင်ရေးကိစ္စများမဟုတ်ကြပေ။ ထိုအခါများတွင် စိတ်ရှည်တတ်ကြဖို့ လူတိုင်းသင်ယူထားပါက—စောင့်ဆိုင်းရခြင်းမှာ တစ်စုံတစ်ဦး၏ညံ့ဖျင်းမှု၊ သို့မဟုတ် စိတ်မပါမှုကြောင့်ဖြစ်လျှင်ပင်—ပို၍နှစ်လိုဖွယ်ဖြစ်နိုင်သည်။ ထို့ပြင် စောင့်ဆိုင်းရချိန်ကို အကျိုးရှိရှိအသုံးပြုတတ်ရန် လူတိုင်းသင်ယူထားလျှင် စိတ်ရှည်ဖို့ ပို၍လွယ်ကူပေမည်။ စာမျက်နှာ ၅ မှလေးထောင့်ကွက်တွင် စောင့်ဆိုင်းရခြင်းကို သည်းခံနိုင်ရုံမက အကျိုးဖြစ်ထွန်းစေနိုင်ဖို့အတွက် အကြံပေးချက်အချို့ပါရှိသည်။

စိတ်မရှည်နိုင်ခြင်းက မိမိသည် အရေးပါလွန်း၍ စောင့်ဆိုင်းနေရသူမဖြစ်သင့်ဟူသည့် မာနထောင်လွှားသောသဘောကို ထင်ရှားစေနိုင်ကြောင်း လျစ်လျူမရှုနိုင်ပါ။ ထိုသဘောထားရှိသူ မည်သူမဆိုအတွက် ဤကျမ်းစာစကားများသည် သုံးသပ်ထိုက်သောစကားများဖြစ်ပေသည်– “သည်းခံတတ်သောသဘောရှိသောသူသည် မာနကြီးသောသူထက် သာ၍ကောင်း၏။” (ဒေ. ၇:၈) မာနကြီးခြင်း သို့မဟုတ် စိတ်နေမြင့်ခြင်းသည် စိုးရိမ်ဖွယ် အားနည်းချက်တစ်ခုဖြစ်ပြီး နယပုံပြင်ကျမ်းတစ်ချက်က ဤသို့ဆိုသည်– “မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။” (သု. ၁၆:၅) ထို့ကြောင့် စိတ်ရှည်ဖို့သင်ယူခြင်း—စောင့်ဆိုင်းတတ်ရန် သင်ယူခြင်း—တွင် မိမိတို့ကိုယ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိလူတို့နှင့် ကျွန်ုပ်တို့၏ဆက်ဆံမှုများကိုလည်းကောင်း အသေအချာဆန်းစစ်ဖို့လိုပေမည်။

သည်းခံခြင်းသည် ဆုချခံရမည်

ကျွန်ုပ်တို့စောင့်ဆိုင်းနေသောအရာသည် စောင့်ရကျိုးနပ်ပြီး နောက်ဆုံး၌ အမှန်ရောက်ရှိလာမည်ဟု ခံယူထားကြပါက စောင့်ဆိုင်းရခြင်းသည် ပိုလွယ်ကူလေ့ရှိသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့်ဝတ်ပြုကြသူအားလုံးသည် ကျမ်းစာ၌ပါသော ကိုယ်တော်၏အံ့ချီးဖွယ် ကတိတော်များ ပြည့်စုံလာဖို့ စောင့်ဆိုင်းနေကြကြောင်းကို ဆင်ခြင်သုံးသပ်ဖို့ကောင်းပေသည်။ ဥပမာ၊ ဘုရားသခင့်မှုတ်သွင်းခံ ဆာလံကျမ်းတစ်ပိုဒ်တွင် ဤသို့ကျွန်ုပ်တို့ဖတ်ရ၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” ဤကတိတော်သည် တမန်တော်ယောဟန်က “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ . . . ထာဝရတည်၏” ဟုပြောသောအခါ ပဲ့တင်ထပ်ခံရသည်။ (ဆာလံ ၃၇:၂၉; ၁ ယောဟန် ၂:၁၇) ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်နိုင်မည်ဆိုလျှင် စောင့်ဆိုင်းရခြင်းသည် ပြဿနာကြီးတစ်ခုဖြစ်တော့မည်မဟုတ်သည်မှာ ရှင်းနေပါသည်။ သို့သော် ကျွန်ုပ်တို့သည် လောလောဆယ် ထာဝစဉ်အသက်ရှင်မနေကြပါ။ ထာဝရအသက်အကြောင်းပြောဆိုရန်ပင် လက်တွေ့ကျပါသလော။

အဖြေမပေးမီ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကနဦးမိဘများကို ထာဝစဉ်အသက်ရှင်ခြင်းအလားအလာဖြင့် ဖန်ဆင်းခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ သူတို့အပြစ်ပြုခဲ့သောကြောင့်သာ သူတို့ကိုယ်တိုင်နှင့် သူတို့၏သားသမီးများ—ကျွန်ုပ်တို့အပါအဝင်—သည် ထိုအလားအလာကိုဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။ သို့တိုင် သူတို့အပြစ်ပြုပြီးပြီးချင်း ဘုရားသခင်သည် သူတို့၏မနာခံမှုအကျိုးဆက်များကို ပျက်ပြားသွားစေဖို့ ကိုယ်တော်ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။ အဆုံးတွင် ယေရှုခရစ်ဖြစ်လာသော “အမျိုးအနွယ်” ကြွလာမည်ဟု ကိုယ်တော်ကတိပြုခဲ့သည်။—ကမ္ဘာဦး ၃:၁၅; ရောမ ၅:၁၈။

ကိုယ်တော်၏ကတိတော်များ ပြည့်စုံခြင်းအကျိုးကို ကျွန်ုပ်တို့တစ်ဦးချင်းစီ ခံစားရမရသည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်အပေါ် မူတည်သည်။ ထိုသို့အကျိုးခံစားရရန် စိတ်ရှည်ဖို့လိုသည်။ ဤသို့သောစိတ်ရှည်မှုမျိုးကို သင်ယူတတ်ကြဖို့ရန် ကျမ်းစာက လယ်သမားတစ်ဦး၏ပုံနမူနာကို တွေးတောဆင်ခြင်ရန် တိုက်တွန်းထားသည်။ သူသည် မျိုးစေ့ကြဲပြီး မိမိ၏ကောက်ပင်ကိုကာကွယ်ရန် တတ်နိုင်သမျှကြိုးစားလုပ်ဆောင်ရင်း ရိတ်သိမ်းချိန်အထိ သည်းခံစောင့်ဆိုင်းနေရ၏။ ထိုအခါ သူ၏သည်းခံမှုသည် အကျိုးဖြစ်ထွန်းလာပြီး သူ့လုပ်အား၏အသီးအပွင့်များကို တွေ့မြင်ရလေသည်။ (ယာကုပ် ၅:၇) သည်းခံခြင်းဆိုင်ရာ အခြားပုံနမူနာတစ်ခုကို တမန်တော်ပေါလု ဖော်ပြသည်။ သူက ရှေးသစ္စာရှိအမျိုးသား၊ အမျိုးသမီးများကို ကျွန်ုပ်တို့အား သတိရစေသည်။ သူတို့သည် ဘုရားသခင့်ရည်ရွယ်ချက်များ အကောင်အထည်ပေါ်လာဖို့ စောင့်မျှော်ခဲ့ကြ၏၊ သို့သော် ဘုရားသခင်ခန့်အပ်ထားချိန်ကို သူတို့စောင့်ဆိုင်းခဲ့ကြရသည်။ ပေါလုက “ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကိုအမွေခံရသော” ဤသူတို့ကိုတုပဖို့ တိုက်တွန်းသည်။—ဟေဗြဲ ၆:၁၁၊ ၁၂။

မှန်ပါ၏၊ စောင့်ဆိုင်းခြင်းသည် ဘဝတွင် မရှောင်လွှဲနိုင်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။ သို့သော် အမြဲတစေစိတ်ဆင်းရဲစရာအကြောင်းတစ်ခု ဖြစ်စရာမလိုပါ။ ဘုရားသခင့်ကတိတော်များ အကောင်အထည်ပေါ်လာဖို့ စောင့်ဆိုင်းနေကြသူများအတွက် ရွှင်လန်းစရာ ရင်းမြစ်တစ်ခုဖြစ်နိုင်သည်။ သူတို့သည် စောင့်ဆိုင်းရသည့်အချိန်အတွင်း ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိဖို့ ပြုစုပျိုးထောင်ကာ မိမိတို့၏ယုံကြည်ခြင်းကိုတင်ပြသော အလုပ်များကို ပြုလုပ်နိုင်သည်။ ထို့ပြင် ဆုတောင်းခြင်း၊ လေ့လာခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် အချိန်တန်လျှင် ဘုရားသခင်ကတိပြုထားလေသမျှအတိုင်း ဖြစ်ပျက်လာမည်ဟု မယိမ်းမယိုင် ယုံကြည်စိတ်ချမှုကို ပြုစုပျိုးထောင်နိုင်ကြပါသည်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

စောင့်ဆိုင်းရခြင်းဝေဒနာကို လျှော့ပေါ့စေခြင်း!

ကြိုတင်စီစဉ်ပါ! စောင့်ဆိုင်းရမည်ကို သိထားလျှင် စာဖတ်ရန်၊ စာရေးရန်၊ ဇာထိုးရန်၊ တစ်ချောင်းထိုးဇာထိုးရန် သို့မဟုတ် အကျိုးပြုသော အခြားလုပ်ငန်းတစ်ခုခု၌ပါဝင်ရန် အသင့်ပြင်ဆင်ထားပါ။

အလျင်အမြန်ရွေ့လျားနေသော ကျွန်ုပ်တို့၏လောကတွင် တိုး၍တိုး၍ခက်ခဲလာနေသည့်အရာဖြစ်သော ဆင်ခြင်တွေးတောမှုပြုရန် ထိုအချိန်ကို အသုံးပြုပါ။

ဖုန်းစောင့်နေရပါက ဖတ်ရှုစရာ စာပေစာတမ်းအနည်းငယ်ကို ဖုန်းနားတွင်ထားပါ; ငါးမိနစ်၊ ဆယ်မိနစ်အတွင်း စာမျက်နှာများစွာ ဖတ်ဖြစ်နိုင်သည်။

အုပ်စုလိုက်စောင့်ဆိုင်းရသည့်အခါ သင့်လျော်မည်ဆိုလျှင် အခွင့်အရေးယူ၍ အခြားသူများနှင့် စကားစမြည်ပြောဆိုကာ တည်ဆောက်မှုဖြစ်စေသော စကားများပြောပါ။

မမျှော်လင့်သော စောင့်ဆိုင်းရချိန်များအတွက် သင့်ကားထဲတွင် မှတ်စုစာအုပ်တစ်အုပ် သို့မဟုတ် ဖတ်စရာ ထားရှိပါ။

သင့်မျက်လုံးကိုပိတ်ပြီး သက်သောင့်သက်သာနေပါ၊ သို့မဟုတ် ဆုတောင်းပါ။

အထမြောက်သောစောင့်ဆိုင်းခြင်းဟူသည် များသောအားဖြင့် သဘောထားနှင့် တင်ကူးတွေးဆ စီစဉ်မှုပင်ဖြစ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ