ဆိတ်ဆိတ် နေမူ သဘောတူ
သစ္စာဖောက်ခြင်း—ဟူသည့် ဂျာမန်ချာ့ချ်များနှင့် မီးလောင်တိုက်သွင်းခြင်း စာအုပ်တွင် နာဇီဝါဒ၏ ဘာသာရေးအခန်းကဏ္ဍကို ပွင့်လင်းစွာဆွေးနွေးတင်ပြထားသည်။ “ထိုအုပ်ချုပ်ရေးနည်းစနစ်ကို ထောက်ခံမှုသည် ခရစ်ယာန်များစပ်ကြားတွင်မဆန်းကာ ဂျူးတို့အား ညှဉ်းပန်းနှိပ်စက်ခြင်းကို လူအများစုက မကန့်ကွက်ခဲ့ကြချေ။ ဤကိစ္စတွင် ဆိတ်ဆိတ်နေခြင်းက ကျယ်လောင်စွာ မြွက်ဟနေသည်” ဟု၎င်းစာအုပ်က အခိုင်အမာဆိုသည်။
နာဇီဝါဒကို အမည်ခံခရစ်ယာန်များ အဘယ်ကြောင့် သဘောကျသနည်း။ လူအများသည် ဟစ်တလာ၏ “ဥပဒေစည်းစနစ်ကျနသော ဂျာမန်အဖွဲ့အစည်းဖြစ်လာရေး” ကို သဘောကျခဲ့ကြကြောင်း ယင်းစာအုပ်က ရှင်းပြသည်။ “သူသည် အညှီအဟောက်စာပေ၊ ပြည့်တန်ဆာလုပ်ငန်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ လိင်တူဆက်ဆံခြင်းနှင့် ခေတ်ပေါ်အနုပညာ၏ ‘ညစ်ညမ်းမှု’ တို့ကို ကန့်ကွက်ခဲ့ပြီး ကလေးလေးယောက်၊ ခြောက်ယောက်နှင့် ရှစ်ယောက်မွေးသော အမျိုးသမီးများကို ကြေးနီ၊ ငွေနှင့် ရွှေတံဆိပ် ချီးမြှင့်ပေးရာ ဤသို့ဖြင့် အိမ်တွင် ရိုးရာဓလေ့ဆက်ထိန်းသိမ်းထားကြရန် အားပေးခဲ့သည်။ ထိုသို့ ရိုးရာကို တန်ဖိုးထားခြင်းနှင့်တကွ ဗာဆိုင်းစာချုပ်ကြောင့် တစ်ပြည်လုံးသိက္ခာကျရခြင်းကို ဟစ်တလာသည် စစ်ရေးဆန်ဆန်မျိုးချစ်စိတ်ရှိကြရန် အားပေးခြင်းက အမျိုးသားဆိုရှယ်လစ်ဝါဒကို လူအများသာမက ဂျာမနီမှခရစ်ယာန်အများစုအတွက်ပင် ဆွဲဆောင်စရာဖြစ်ခဲ့သည်” ဟု၎င်းကဖော်ပြ၏။
အုပ်စုတစ်စုမှာမူ လုံးလုံးကွဲပြားခြားနားခဲ့သည်။ “ယေဟောဝါသက်သေများသည် အကြမ်းဖက်မှုတွင်ပါဝင်ရန်လည်းကောင်း၊ စစ်အင်အားကိုအသုံးပြုရန်လည်းကောင်း ငြင်းပယ်ခဲ့ကြသည်” ဟုသစ္စာဖောက်ခြင်း စာအုပ်က ဖော်ပြသည်။ ယင်းကြောင့် အဆိုပါအုပ်စုငယ်လေးသည် ရက်စက်စွာတိုက်ခိုက်ခံရ၍ ၎င်း၏အဖွဲ့ဝင်အများအပြားမှာ ချွေးတပ်စခန်းများသို့ အပို့ခံခဲ့ကြရသည်။ ခရစ်တော်၏နောက်လိုက်ဟုအမည်ခံသူအခြားသူများမှာမူ မကန့်ကွက်မငြင်းဆန်ခဲ့ကြချေ။ ၎င်းစာအုပ်က ထပ်ဆင့်၍ ဤသို့ဆိုသည်– “ကက်သလစ်နှင့် ပရိုတက်စတင့်အများစုသည် ယေဟောဝါသက်သေများကို စာနာထောက်ထားမည့်အစား ရန်မူခဲ့ကြ၍ သက်သေခံများ၏ ငြိမ်းချမ်းရေးလိုလားမှုထက် ဟစ်တလာ၏ရက်စက်ကြမ်းတမ်းသောမူများအတိုင်း ဆောင်ရွက်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြသည်။” သူတို့၏ဆိတ်ဆိတ်နေခြင်းသည် နာဇီအစိုးရလက်အောက်တွင် သက်သေခံများ မညှာမတာပြုမူဆက်ဆံခံရခြင်းကို တိုးပွားစေခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။
နာဇီနိုင်ငံရေးတွင် ချာ့ချ်များ၏ပါဝင်ပတ်သက်မှုသည် အချေအတင်ငြင်းခုံမှုဖြစ်နေဆဲရှိသော်လည်း ယေဟောဝါသက်သေများသည် “အုပ်ချုပ်ရေးနည်းစနစ်ကိုထောက်ခံရန် သို့မဟုတ် ပူးပေါင်းလုပ်ကိုင်ရန် ငြင်းဆိုခဲ့သည့် ဘာသာရေးအုပ်စုတစ်စု” ဖြစ်သည်ဟု သစ္စာဖောက်ခြင်းစာအုပ်က ဆိုသည်။