ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁/၁ စာ. ၁၃-၁၉
  • သတင်းကောင်း၏ကောင်းချီးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်း၏ကောင်းချီးများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယနေ့ ဧဝံဂေလိတရားဟောပြောခြင်း
  • ထာဝရကောင်းချီးများရရှိစေသော သတင်းကောင်း
  • သတင်းကောင်းက လူတို့ကိုပြောင်းလဲစေ
  • သတင်းကောင်း—စိတ်နှိမ့်ချသူများအတွက်ကောင်းချီး
  • ‘စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ခြင်း’
  • ရပ်ကွက်အပေါ် အကျိုးပြုသူများ
  • စစ်မှန်သောခရစ်ယာန်အားလုံး ဧဝံဂေလိတရားဟောသူများဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ‘ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်ပေးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁/၁ စာ. ၁၃-၁၉

သတင်းကောင်း၏ကောင်းချီးများ

“[ယေဟောဝါ] သည် . . . ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေး [ခန့်အပ်]တော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ . . . စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း . . . ငါ့ကိုစေလွှတ်တော်မူပြီ။”—ဟေရှာယ ၆၁:၁-၃။

၁၊ ၂။ (က) ယေရှုသည် မိမိအဘယ်သူဖြစ်ကြောင်း ဖော်ပြခဲ့သနည်း၊ မည်သို့အားဖြင့်နည်း။ (ခ) ယေရှုကြေညာခဲ့သောသတင်းကောင်းသည် အဘယ်ကောင်းချီးများကို ဆောင်ကြဉ်းပေးခဲ့သနည်း။

ဓမ္မအမှုဆောင်ချိန်အစပိုင်း၊ ဥပုသ်နေ့တစ်နေ့တွင် ယေရှုသည် နာဇရက်မြို့ တရားဇရပ်၌ရှိတော်မူ၏။ မှတ်တမ်းအရ ကိုယ်တော်အား “ပရောဖက်ဟေရှာယ၏ကျမ်းစာကိုပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကားဟူမူကား၊ ‘[ယေဟောဝါ]၏ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား၊ . . . ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိက်ပေး [ခန့်အပ်]တော်မူပြီ။’” ယေရှုသည် ပရောဖက်ပြုချက်ဆိုင်ရာစာပိုဒ်ကို ဆက်၍ဖတ်ခဲ့သည်။ ထို့နောက် ထိုင်တော်မူကာ “ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်းပြည့်စုံလေပြီ” ဟုမိန့်တော်မူ၏။—လုကာ ၄:၁၆-၂၁။

၂ သို့ဖြင့် မိမိသည် ကြိုဟောထားသည့်ဧဝံဂေလိတရားဟောပြောသူ၊ သတင်းကောင်းဟောပြော၍ နှစ်သိမ့်ပေးသူဖြစ်ကြောင်း ယေရှုဖော်ပြခဲ့သည်။ (မဿဲ ၄:၂၃) ယေရှုဟောပြောမည့်အကြောင်းအရာသည် အမှန်တကယ်ပင်သတင်းကောင်းဖြစ်သည်တကား! ကိုယ်တော်သည် မိမိ၏စကားကိုနားဆင်နေသူတို့အား ဤသို့မိန့်ဆိုခဲ့သည်– “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်။” (ယောဟန် ၈:၁၂) ဤသို့လည်းမိန့်ဆိုသေးသည်– “သင်တို့သည် ငါ၏[တရား]၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ [အမှန်]တရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။” (ယောဟန် ၈:၃၁၊ ၃၂) မှန်ပါသည်၊ ယေရှု၌ “ထာဝရအသက်နှင့်ယှဉ်သောစကား” ရှိသည်။ (ယောဟန် ၆:၆၈၊ ၆၉) အလင်း၊ အသက်၊ လွတ်လပ်မှု—တို့သည် အမှန်တန်ဖိုးထားရမည့် ကောင်းချီးများပင်တည်း!

၃။ ယေရှု၏တပည့်တော်များသည် အဘယ်သတင်းကောင်းကို ဟောပြောခဲ့ကြသနည်း။

၃ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲပြီးသည့်နောက် တပည့်တော်များသည် ယေရှု၏ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် “[ဘုရားသခင့်]နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို” ဣသရေလလူမျိုးနှင့် လူမျိုးအပေါင်းမှသူတို့ကိုပါ ဟောပြောခဲ့ကြသည်။ (မဿဲ ၂၄:၁၄; တမန်တော် ၁၅:၇; ရောမ ၁:၁၆) လက်ခံတုံ့ပြန်ခဲ့ကြသူတို့သည် ယေဟောဝါကိုသိလာကြ၏။ သူတို့သည် ဘာသာတရား၏ကျွန်ဘဝမှ လွတ်မြောက်လာကြပြီး “ဘုရားသခင်၏ဣသရေလအမျိုး” ဖြစ်သော ဝိညာဉ်ရေးလူမျိုးသစ်အဝင်ဖြစ်လာကြကာ ကောင်းကင်တွင် သခင်ယေရှုခရစ်နှင့်အတူ ထာဝစဉ်အုပ်ချုပ်ရမည့်အခွင့်အရေးကို ရရှိကြ၏။ (ဂလာတိ ၅:၁; ၆:၁၆; ဧဖက် ၃:၅-၇; ကောလောသဲ ၁:၄၊ ၅; ဗျာဒိတ် ၂၂:၅) အဖိုးထိုက်လှသည့်ကောင်းချီးများပါတကား!

ယနေ့ ဧဝံဂေလိတရားဟောပြောခြင်း

၄။ ယနေ့ သတင်းကောင်းဟောပြောခြင်းတာဝန်ကို အဘယ်နည်းဖြင့်ကျေပွန်အောင် ဆောင်ရွက်လျက်ရှိသနည်း။

၄ ယနေ့ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် တိုးများလာသော “အခြားသိုး” အဝင် “လူအုပ်ကြီး” ၏ထောက်မကူညီမှုဖြင့် မူလအစက ယေရှုအား ပေးအပ်ခဲ့သော ပရောဖက်ပြုချက်ဆိုင်ရာတာဝန်ကို ကျေပွန်စွာ ဆက်ထမ်းဆောင်နေကြသည်။ (ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၆) ယင်းကြောင့် သတင်းကောင်းကို တစ်ခါနှင့်မျှမတူအောင် ဟောပြောလျက်ရှိ၏။ ယေဟောဝါသက်သေများသည် “နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် အကျဉ်းခံလျက်ရှိသောသူတို့အား ထောင်တံခါးဖွင့်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ [ယေဟောဝါ]၏မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း” နိုင်ငံနှင့်နယ်မြေ ၂၃၅ ခုတွင်ဟောပြောနေကြသည်။ (ဟေရှာယ ၆၁:၁၊ ၂) သို့ဖြစ်၍ ခရစ်ယာန်ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းသည် ကောင်းချီးများဆက်ရရှိစေပြီး “ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောသူတို့အား” စစ်မှန်သောနှစ်သိမ့်မှုကိုပေးသည်။—၂ ကောရိန္သု ၁:၃၊ ၄။

၅။ သတင်းကောင်းဟောပြောခြင်းနှင့်စပ်လျဉ်း၍ ယေဟောဝါသက်သေများသည် ခရစ်ယာန်ဘောင်ချာ့ချ်များနှင့် မည်သို့ကွာခြားသနည်း။

၅ ခရစ်ယာန်ဘောင်ချာ့ချ်များသည် ဧဝံဂေလိတရားဟောပြောခြင်းကို နည်းမျိုးစုံဖြင့် ကမကထပြုကြသည်မှာ မှန်ပါသည်။ ဘာသာပြောင်းလဲစေဖို့ ခရစ်ယာန်သာသနာပြုများကို အခြားနိုင်ငံများသို့ ၎င်းတို့စေလွှတ်ကြသည်။ သာဓကအနေနှင့်၊ ဩသဒေါက်စ်ခရစ်ယာန် သာသနာပြုဗဟိုအဖွဲ့မဂ္ဂဇင်းက မာဒါဂက်စကာ၊ တောင်အာဖရိက၊ တန်ဇန်းနီးယားနှင့် ဇင်ဘာဘွေနိုင်ငံများရှိ ဩသဒေါက်စ်ခရစ်ယာန်သာသနာပြုများ၏ လုပ်ငန်းကိုဖော်ပြသည်။ သို့သော် အခြားခရစ်ယာန်ချာ့ချ်များကဲ့သို့ ဩသဒေါက်စ်ချာ့ချ်မှ အသင်းသားအများစုသည် အဆိုပါလုပ်ငန်း၌မပါဝင်ကြချေ။ ယင်းနှင့်ခြားနားလျက် ဆက်ကပ်အပ်နှံ ယေဟောဝါသက်သေအားလုံးမှာမူ ဧဝံဂေလိတရားဟောပြောခြင်း၌ ကြိုးစားပါဝင်ကြသည်။ သတင်းကောင်းကြေညာခြင်းသည် မိမိတို့၌ စစ်မှန်သောယုံကြည်ခြင်းရှိကြောင်း ထင်ရှားပြသည့် သာဓကတစ်ခုဖြစ်ကြောင်း သူတို့သိနားလည်ထားကြ၏။ ပေါလုက “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏” ဟုဆိုခဲ့သည်။ အကျင့်မပါသော ယုံကြည်ခြင်းသည် တစ်နည်းအားဖြင့် အသေဖြစ်သည်။—ရောမ ၁၀:၁၀; ယာကုပ် ၂:၁၇။

ထာဝရကောင်းချီးများရရှိစေသော သတင်းကောင်း

၆။ ယနေ့ အဘယ်သတင်းကောင်းကို ကြေညာလျက်ရှိသနည်း။

၆ ယေဟောဝါသက်သေများသည် အကောင်းဆုံးသတင်းကို ဟောပြောကြသည်။ လူတို့သည် ဘုရားသခင်ထံချဉ်းကပ်၍ အပြစ်လွှတ်ခံရပြီး ထာဝရအသက်ရစေရန် ယေရှုသည် သူ၏အသက်ကိုစွန့်ခဲ့ကြောင်း လက်ခံနားထောင်သူများအား မိမိတို့ကျမ်းစာများမှဖွင့်၍ ပြကြသည်။ (ယောဟန် ၃:၁၆; ၂ ကောရိန္သု ၅:၁၈၊ ၁၉) ဘုရားသခင့်နိုင်ငံတော်သည် ခန့်အပ်ခံဘုရင်ယေရှုခရစ်လက်အောက် ကောင်းကင်တွင် တည်ထောင်ပြီးဖြစ်ကြောင်း၊ ၎င်းသည် မကြာမီ မြေကြီးပေါ်ရှိဆိုးသွမ်းမှုကို ဖယ်ရှားပစ်ပြီး ပရဒိသုပြန်လည်တည်ထောင်စေမည်ဖြစ်ကြောင်း သူတို့ကြေညာကြသည်။ (ဗျာဒိတ် ၁၁:၁၅; ၂၁:၃၊ ၄) ဟေရှာယ၏ပရောဖက်ပြုချက်ပြည့်စုံသည့်အနေဖြင့် ယခုအချိန်သည် သတင်းကောင်းကို လူသားတို့လက်ခံတုံ့ပြန်နိုင်ဆဲအချိန်၊ “ထာဝရဘုရား[သခင်]၏မင်္ဂလာနှစ်” ဖြစ်ကြောင်း မိမိတို့အိမ်နီးချင်းများကိုအသိပေးကြသည်။ ယေဟောဝါသည် နောင်တမရသောအပြစ်ပြုသူများကို အဆုံးတိုင်စေမည့်အချိန်၊ “ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလ” မကြာမီရောက်လာတော့မည်ဖြစ်ကြောင်းကိုလည်း သူတို့သတိပေးကြသည်။—ဆာလံ ၃၇:၉-၁၁။

၇။ ယေဟောဝါသက်သေများ၏စည်းလုံးမှုကို အဘယ်တွေ့ကြုံမှုကဖော်ပြသနည်း၊ အဆိုပါစည်းလုံးမှုကို သူတို့အဘယ်ကြောင့်ခံစားကြရသနည်း။

၇ ဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့် ဘေးအန္တရာယ်ဝိုင်းရံနေသော ဤလောကတွင် ဤသတင်းသည် ထာဝရအကျိုးကျေးဇူးရရှိစေသည့် တစ်ခုတည်းသောသတင်းကောင်းဖြစ်၏။ ယင်းကိုလက်ခံသူများသည် တိုင်းနိုင်ငံ၊ လူမျိုး သို့မဟုတ် စီးပွားရေးအခြေအနေ ကွဲပြားခြားနားမှုများကြောင့် စိတ်ဝမ်းကွဲစေရန်ခွင့်မပြုသော ကမ္ဘာချီစည်းလုံးသည့် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းအဝင်ဖြစ်လာကြသည်။ သူတို့သည် ‘စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ယူတင်ဝတ်ဆောင်’ ခဲ့ကြပြီ။ (ကောလောသဲ ၃:၁၄; ယောဟန် ၁၅:၁၂) ယင်းကို လွန်ခဲ့သောနှစ်က အာဖရိကနိုင်ငံတစ်ခုတွင် တွေ့ခဲ့ရ၏။ တစ်မနက်ခင်းတွင် ယင်း၏မြို့တော်သည် သေနတ်ပစ်ခတ်သံကြောင့် နိုးထလာခဲ့သည်။ အာဏာသိမ်းဖို့ကြိုးပမ်းခြင်း ရုတ်တရက်ဖြစ်ပေါ်နေသည်။ လူမျိုးစုဆိုင်ရာအရေးကိစ္စ ဖြစ်ပျက်လာလေသော် သက်သေခံအိမ်ထောင်စုတစ်စုသည် လူမျိုးစုမတူသောအုပ်စုမှ သက်သေခံချင်းများကို သူတို့အိမ်တွင် ခိုလှုံစေသည့်အတွက် အပြစ်တင်ခံခဲ့ရသည်။ ထိုအိမ်ထောင်စုက “ကျွန်တော်တို့အိမ်မှာ ယေဟောဝါသက်သေတွေချည်းပဲနေတာ” ဟုဖြေဆိုခဲ့သည်။ သူတို့အတွက် လူမျိုးစုမတူခြင်းသည် အရေးမပါချေ; ခရစ်ယာန်မေတ္တာဖြစ်သော လိုအပ်နေသူတို့ကို နှစ်သိမ့်မှုပေးခြင်းသည်သာ အရေးပါ၏။ သက်သေခံမဟုတ်သောဆွေမျိုးတစ်ဦးက ဤသို့ကောက်ချက်ချခဲ့သည်– “ဘာသာတရားအားလုံးက အသင်းသားတွေဟာ သူတို့ရဲ့ဝတ်ပြုသူချင်းတွေကို သစ္စာဖောက်ခဲ့ကြတယ်။ ယေဟောဝါသက်သေတွေပဲ အဲဒီလိုမလုပ်ကြတာ။” ယေဟောဝါသက်သေများသည် ‘ညီအစ်ကိုအသင်းအပင်းတစ်ခုလုံးကို အမှန်တကယ်ချစ်’ ကြောင်း ပြည်တွင်းပဋိပက္ခကြောင့် ဖရိုဖရဲပြိုကွဲလျက်ရှိသောနိုင်ငံများမှ ဆင်တူယိုးမှားအဖြစ်အပျက်များက ဖော်ပြပါသည်။—၁ ပေတရု ၂:၁၇။

သတင်းကောင်းက လူတို့ကိုပြောင်းလဲစေ

၈၊ ၉။ (က) သတင်းကောင်းလက်ခံသူတို့သည် အဘယ်ပြောင်းလဲမှုများပြုလုပ်ခဲ့ကြသနည်း။ (ခ) အဘယ်တွေ့ကြုံမှုများက သတင်းကောင်း၏အစွမ်းကိုဖော်ပြသနည်း။

၈ ဤသတင်းကောင်းသည် “ယခုဘဝ၊ နောင်ဘဝ” ဟုပေါလုခေါ်ဆိုခဲ့ရာနှင့် ပတ်သက်သည်။ (၁ တိမောသေ ၄:၈) ယင်းသည် အထူးကောင်းမွန်၍ သေချာသောအနာဂတ်မျှော်လင့်ချက်ကို ကမ်းလှမ်းသည်သာမက “ယခုဘဝ” ကိုပင် တိုးတက်စေပါသည်။ ယေဟောဝါသက်သေများသည် မိမိတို့အသက်တာကို ဘုရားသခင့်အလိုတော်နှင့်ညီစေရန် တစ်ဦးချင်းစီအနေနှင့် ဘုရားသခင့်နှုတ်မြွက်တော်၊ သမ္မာကျမ်းစာ၏လမ်းညွှန်မှုကိုခံယူကြသည်။ (ဆာလံ ၁၁၉:၁၀၁) ဖြောင့်မတ်ခြင်းနှင့် တည်ကြည်ခြင်းစသည့် အရည်အသွေးများကို သူတို့မွေးမြူကြစဉ် သူတို့၏ဥပဓိရုပ်များသည် အသစ်ဖြစ်လာ၏။—ဧဖက် ၄:၂၄။

၉ ဖရန်ကို၏ပုံဥပမာကို သုံးသပ်ကြည့်ပါ။ သူသည် အမျက်ထွက်တတ်သည်။ သူထင်သလိုဖြစ်မလာသည့်အခါတိုင်း ဒေါသအိုးပေါက်ကွဲပြီး ပစ္စည်းများကိုရိုက်ခွဲတတ်သည်။ သူ၏ဇနီးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခဲ့ပြီး ထိုသူတို့၏ခရစ်ယာန်ပုံသက်သေက မိမိပြောင်းလဲရမည်ဖြစ်ကြောင်း သူ့အား တဖြည်းဖြည်းသဘောပေါက်လာစေခဲ့သည်။ ဖရန်ကိုလည်း သူတို့နှင့်ကျမ်းစာလေ့လာခဲ့ရာ နောက်ဆုံးတွင် သန့်ရှင်းသောဝိညာဉ်တော်၏အသီးများဖြစ်သည့် ငြိမ်သက်ခြင်းနှင့် ချုပ်တည်းခြင်းတို့ကို သူတင်ပြနိုင်ခဲ့သည်။ (ဂလာတိ ၅:၂၂-၂၃) ၂၀၀၁၊ လုပ်ငန်းတော်နှစ်အတွင်း ဘယ်လ်ဂျီယံတွင် နှစ်ခြင်းခံသူ ၄၉၂ ဦးထဲတွင် ဖရန်ကိုလည်း တစ်ဦးပါဝင်ခဲ့သည်။ အာလဟန်ဒရိုကိုလည်း သုံးသပ်ကြည့်ပါ။ ထိုသူငယ်သည် မူးယစ်ဆေးအလွန်စွဲနေရကား ဆေးဆက်ဝယ်သုံးနိုင်ဖို့ ရသမျှကိုကောက်ရောင်းနိုင်ရန် အမှိုက်ပုံတွင်နေရသည့်အထိ ဖြစ်သွားသည်။ အသက် ၂၂ နှစ်အရွယ်တွင် အာလဟန်ဒရိုသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာရန်ဖိတ်ခေါ်ခြင်းကို လက်ခံခဲ့သည်။ ကျမ်းစာကို သူနေ့စဉ်ဖတ်ရှုပြီး ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်လေသည်။ သူ့ဘဝကိုသူ အလွန်လျင်မြန်စွာသန့်စင်စေခဲ့ရာ ခြောက်လမပြည့်မီ ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်း၌ ပါဝင်နိုင်ခဲ့ရာ ယခင်နှစ်က ပနားမားနိုင်ငံတွင် ထိုသို့ပြုခဲ့ကြသူ ၁၀,၁၁၅ ဦးတွင် တစ်ဦးပါဝင်သည်။

သတင်းကောင်း—စိတ်နှိမ့်ချသူများအတွက်ကောင်းချီး

၁၀။ သတင်းကောင်းကို မည်သူတို့လက်ခံတုံ့ပြန်ကြသနည်း၊ သူတို့၏ရှုမြင်ပုံသည် မည်သို့ပြောင်းလဲလာသနည်း။

၁၀ စိတ်နှိမ့်ချသူများအား သတင်းကောင်းဟောပြောမည်ဟုဟေရှာယပရောဖက်ပြုခဲ့သည်။ ဤစိတ်နှိမ့်ချသူများကား မည်သူတို့နည်း။ ‘ထာဝရအသက်ကိုတလိုတလားရှိသူ’ များအဖြစ် တမန်တော်ဝတ္ထု၌ ဖော်ပြထားသူများပင်တည်း။ (တမန်တော် ၁၃:၄၈) လူတန်းစားအားလုံးမှ အမှန်တရားကို လက်ခံကြသော စိတ်နှိမ့်ချသူများဖြစ်ကြသည်။ ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှရရှိသော ကောင်းချီးများသည် ဤလောကကမ်းလှမ်းသမျှအရာအားလုံးထက် သာ၍ကြွယ်ဝကြောင်း ဤသူတို့အသိအမှတ်ပြုကြသည်။ (၁ ယောဟန် ၂:၁၅-၁၇) သို့သော် ယေဟောဝါသက်သေများသည် သူတို့၏ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်း၌ လူတို့၏နှလုံးကို မည်သို့ထိမိကြသနည်း။

၁၁။ ပေါလု၏အဆိုအရ သတင်းကောင်းကို မည်သို့ဟောပြောသင့်သနည်း။

၁၁ ကောရိန္သုမြို့သားများထံ ဤသို့ရေးသားခဲ့သူ ပေါလု၏ပုံသက်သေကို သုံးသပ်ကြည့်ပါ– “ငါသည် သင်တို့ရှိရာသို့ရောက်လာသောအခါ၊ ဘုရားသခင်၏သက်သေချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သောပညာအားဖြင့် သင်တို့အားပြသ၍ ရောက်လာသည်မဟုတ်။ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသောသခင်မှတစ်ပါး၊ အဘယ်အရာကိုမျှ သင်တို့တွင်ငါမသိမမှတ်ဟု ငါစိတ်ပြဋ္ဌာန်းခြင်းရှိ၏။” (၁ ကောရိန္သု ၂:၁၊ ၂) ပေါလုသည် မိမိ၏ပညာဖြင့် နားဆင်သူများ အထင်ကြီးစေဖို့ မကြိုးစားခဲ့ချေ။ ဘုရားသခင်အာမခံထားသောအချက်များဖြစ်သည့် ယနေ့ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသောအကြောင်းအရာများကိုသာ သူသွန်သင်ခဲ့သည်။ ထို့ပြင် ဧဝံဂေလိတရားဟောပြောသူချင်း တိမောသေအား “နှုတ်[မြွက်]တရားတော်ကိုဟောပြောလော့။ ထိုအမှုကိုအရေးကြီးစွာပြုလော့” ဟုအားပေးခဲ့သည်ကိုလည်း သတိပြုပါ။ (၂ တိမောသေ ၄:၂၊ ကဘ) တိမောသေသည် ဘုရားသခင့်သတင်းတရား၊ “နှုတ်[မြွက်]တရားတော်” ကို ဟောပြောရမည်ဖြစ်သည်။ ပေါလုသည် တိမောသေထံ ဤသို့လည်းရေးသားခဲ့သည်– “သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ [အမှန်]တရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။”—၂ တိမောသေ ၂:၁၅။

၁၂။ ယနေ့ ယေဟောဝါသက်သေများသည် ပေါလု၏စကားနှင့် ပုံသက်သေကို မည်သို့လိုက်နာကြသနည်း။

၁၂ ယေဟောဝါသက်သေများသည် ပေါလု၏ပုံသက်သေကိုသာမက တိမောသေထံရေးသားခဲ့သော သူ၏စကားများကိုပါ လိုက်လျှောက်ကြသည်။ ဘုရားသခင့်စကားတော်၏အစွမ်းတန်ခိုးကို သူတို့အသိအမှတ်ပြုကြပြီး မိမိတို့အိမ်နီးချင်းများအား မျှော်လင့်ချက်နှင့်နှစ်သိမ့်မှု ကြိုးစားပေးသောအခါ လျောက်ပတ်သောစကားများကို အသုံးပြုကြသည်။ (ဆာလံ ၁၁၉:၅၂; ၂ တိမောသေ ၃:၁၆၊ ၁၇; ဟေဗြဲ ၄:၁၂) စိတ်ဝင်စားသူများသည် အခါအားလျော်စွာ ကျမ်းစာအသိပညာပိုရရှိစေရန် ကျမ်းစာစာပေများကို သူတို့ကောင်းစွာအသုံးပြုကြသည်မှန်၏။ သို့သော် သမ္မာကျမ်းစာမှ ကျမ်းချက်များကို သူတို့အားဖော်ပြဖို့ အစဉ်ကြိုးစားကြသည်။ စိတ်နှိမ့်ချသူများ၏စိတ်နှလုံးကို ဘုရားသခင့်မှုတ်သွင်းခံစကားတော်က လှုံ့ဆော်ပေးမည်ဟု သူတို့သိကြသည်။ ဤနည်းဖြင့် ကျမ်းစာကိုအသုံးပြုခြင်းက သူတို့ကိုယ်တိုင်၏ယုံကြည်ခြင်းကိုလည်း ခိုင်ခံ့စေသည်။

‘စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ခြင်း’

၁၃။ ၂၀၀၁ ခုနှစ်တွင် အဘယ်အဖြစ်အပျက်များကြောင့် စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးဖို့အကြောင်း ပေါ်ပေါက်လာသနည်း။

၁၃ ၂၀၀၁ ခုနှစ်တွင် ဘေးအန္တရာယ်အတော်များများ တွေ့ကြုံခဲ့ရသောကြောင့် နှစ်သိမ့်မှုလိုအပ်သူများစွာရှိသည်။ လွန်ခဲ့သောစက်တင်ဘာလတွင် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးဌာနနှင့် ဝါရှင်တန် ဒီ.စီ. အနီးရှိ ပင်တာဂွန်စစ်ဌာနချုပ်တို့ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထူးခြားသောသာဓကတစ်ခုဖြစ်ခဲ့သည်။ ထိုတိုက်ခိုက်မှုများသည် တိုင်းပြည်တစ်ခုလုံးအတွက် ထိတ်လန့်တုန်လှုပ်စရာပင်! ဤအဖြစ်အပျက်များကိုရင်ဆိုင်ကြုံတွေ့ရာ၌ ယေဟောဝါသက်သေများသည် ‘စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်မှု’ ပေးရန်တာဝန်ကို ကျေပွန်ဖို့ကြိုးစားခဲ့ကြသည်။ သူတို့မည်သို့ပြုလုပ်ခဲ့ကြကြောင်း ဤတွေ့ကြုံမှုအချို့ဖြင့်ဖော်ပြပါမည်။

၁၄၊ ၁၅။ သက်သေခံများသည် သီးခြားသမယနှစ်ခုတွင် စိတ်မသာညည်းတွားနေသူများအား ကျမ်းချက်များကို ထိရောက်စွာအသုံးပြု၍ မည်သို့နှစ်သိမ့်ပေးနိုင်ခဲ့ကြသနည်း။

၁၄ အချိန်ပြည့်ဧဝံဂေလိတရားဟောသူ သက်သေခံတစ်ဦးသည် လမ်းဘေးစင်္ကြံပေါ်ရှိ အမျိုးသမီးတစ်ဦးထံချဉ်းကပ်၍ မကြာမီကဖြစ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို မည်သို့ယူဆကြောင်းမေးမြန်းခဲ့သည်။ ထိုအမျိုးသမီးက ငိုချလေတော့သည်။ သူစိတ်ထိခိုက်ရကြောင်းနှင့် တစ်နည်းနည်းဖြင့် ကူညီပေးလိုကြောင်း ပြောပြသည်။ ထိုအခါ သက်သေခံက ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကို အလွန်ပင်စိတ်ဝင်စားကြောင်းပြောပြ၍ ဟေရှာယ ၆၁:၁၊ ၂ ကိုဖတ်ပြခဲ့သည်။ လူတိုင်းညည်းတွားနေကြသည်ဟုဆိုသော ထိုအမျိုးသမီးအတွက် ဘုရားသခင်၏ ဤမှုတ်သွင်းခံစကားများသည် ယုတ္တိရှိသည်။ ဝေစာတစ်စောင်ကို သူလက်ခံယူပြီး မိမိအိမ်သို့အလည်လာရန် သက်သေခံကိုဖိတ်ခေါ်ခဲ့သည်။

၁၅ ဧဝံဂေလိဟောပြောခြင်းလုပ်ငန်း၌ပါဝင်နေသူ သက်သေခံနှစ်ဦးသည် တဲရုံတွင် အလုပ်လုပ်နေသူတစ်ဦးကိုတွေ့ဆုံခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးဌာနတွင် မကြာသေးမီကဖြစ်ပျက်ခဲ့သော အဖြစ်ဆိုးကိုအကြောင်းပြု၍ ကျမ်းစာထဲမှနှစ်သိမ့်စကားများကို ပြလိုကြောင်းပြောသည်။ ထိုသူ၏ခွင့်ပြုချက်ဖြင့် သူတို့က “ခရစ်တော်အားဖြင့်. . . ခံရသောနှစ်သိမ့်ခြင်း” ဟုဆိုထားသော ၂ ကောရိန္သု ၁:၃-၇ [သမ္မာ] ပါစကားများကို ဖတ်ပြခဲ့ကြသည်။ ထိုအမျိုးသားသည် မိမိ၏သက်သေခံအိမ်နီးချင်းများ သူတစ်ပါးကို ဤသို့နှစ်သိမ့်မှုပေးနေခြင်းအတွက် ကျေးဇူးတင်ကြောင်းဖော်ပြ၍ “ခင်ဗျားတို့လုပ်နေတဲ့ အထူးကောင်းမွန်တဲ့လုပ်ငန်းကို ဘုရားသခင်ကောင်းချီးပေးပါစေ” ဟုပြောဆိုခဲ့သည်။

၁၆၊ ၁၇။ ကြေကွဲဖွယ်ရာများကြောင့် ဝမ်းနည်းပူဆွေး သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်နေကြသူများကို ကူညီပေးဖို့ သမ္မာကျမ်းစာ၏အစွမ်းကို အဘယ်တွေ့ကြုံမှုနှစ်ခုကဖော်ပြသနည်း။

၁၆ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သွားနေသော သက်သေခံတစ်ဦးသည် ယခင်ကစိတ်ဝင်စားမှုပြခဲ့ဖူးသည့် အမျိုးသမီးတစ်ဦး၏သားနှင့်တွေ့ဆုံခဲ့ပြီးမကြာမီကအဖြစ်ဆိုးကြုံခဲ့ကြရပြီးနောက် အိမ်နီးချင်းများ မည်သို့ဖြစ်နေကြမည်ကို မိမိစိုးရိမ်မကင်းဖြစ်ကြောင်းရှင်းပြသည်။ သက်သေခံသည် မိမိကိုယ်ပိုင်အချိန်ကိုအသုံးပြု၍ အိမ်နီးချင်းများထံသို့ ဤသို့လည်ပတ်နေသည်ကို ထိုအမျိုးသားအံ့အားသင့်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခံရစဉ်က သူသည် ကမ္ဘာ့ကုန်သွယ်ရေးဌာနနှင့် မနီးမဝေးတွင် အလုပ်လုပ်နေ၍ ဖြစ်ရပ်တစ်ခုလုံးကိုမြင်တွေ့ခဲ့ရကြောင်း ပြောပြခဲ့သည်။ ဘုရားသခင်သည် ဆင်းရဲခြင်းကို အဘယ်ကြောင့်ခွင့်ပြုရသနည်းဟု ထိုသူမေးမြန်းသောအခါ သက်သေခံက “ဖြောင့်မတ်သောသူတို့၏ကယ်တင်ခြင်းအမှုကို [ယေဟောဝါ]စီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏” ဟုဆိုသော ဆာလံ ၃၇:၃၉ အပါအဝင် ကျမ်းချက်များစွာကိုဖတ်ပြခဲ့သည်။ ထိုနောက် ၎င်းအမျိုးသားက သက်သေခံဖြစ်သူနှင့် သူ၏မိသားစု မည်သို့ဖြစ်နေကြကြောင်း ကြင်နာစွာမေးမြန်းခဲ့ပြီး မိမိထံပြန်လည်ပတ်ရန်ဖိတ်ခေါ်၍ သူလာလည်ပတ်သည့်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောသည်။

၁၇ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပျက်ပြီး၍ နောက်ရက်များတွင် ယေဟောဝါသက်သေများ လိုက်လံနှစ်သိမ့်ပေးခဲ့သည့် ညည်းတွားသူထောင်ပေါင်းများစွာတွင် တစ်ဦးပါဝင်သူမှာ အိမ်နီးချင်းများထံ သက်သေခံများလည်ပတ်ရင်း တွေ့ဆုံခဲ့သောအမျိုးသမီးတစ်ဦးဖြစ်သည်။ သူသည် ဖြစ်ပျက်ခဲ့ရာကြောင့် အလွန်ဝမ်းနည်းကြေကွဲ ပူဆွေးနေပြီး ဆာလံ ၇၂:၁၂-၁၄ [သမ္မာ] မှဤစကားများဖတ်ပြသည်ကို နားထောင်ခဲ့သည်– “နွမ်းပါးသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ခိုကိုးရာမရသောဆင်းရဲသူကိုလည်းကောင်း ကယ်လွှတ်တော်မူ၏။ ဆင်းရဲသူနှင့်နွမ်းပါးသူကို သနား၍ နွမ်းပါးသူတို့၏အသက်ကို ကယ်တင်တော်မူ၏။ သူတို့အသွေးကို နှမြောတော်မူသဖြင့် အသက်ကိုညှဉ်းဆဲခြင်းနှင့် ကြမ်းကြုတ်ခြင်း၏လက်မှ ရွေးနုတ်တော်မူ၏။” ထိုစကားများသည် အဓိပ္ပာယ်ရှိလှသည်တကား! ၎င်းအမျိုးသမီးက ထိုကျမ်းပိုဒ်များကို ထပ်မံဖတ်ပြဖို့တောင်းဆိုခဲ့ပြီး ဆက်လက်ဆွေးနွေးရန် အိမ်ထဲသို့ခေါ်ဖိတ်ခဲ့သည်။ စကားပြောဆိုပြီးသောအခါ ကျမ်းစာသင်အံမှုစခဲ့ပြီးဖြစ်သည်။

၁၈။ သက်သေခံတစ်ဦးသည် အိမ်နီးချင်းများကိုယ်စား ဆုတောင်းပေးဖို့ ဖိတ်ခေါ်ခံရသောအခါ မည်သို့ကူညီပေးခဲ့သနည်း။

၁၈ သက်သေခံတစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ယခင်က စိတ်မဝင်စားသော လူကုံထံအသိုင်းအဝိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပြီးနောက် လူတို့မှာ တုန်လှုပ်ချောက်ချားနေကြဟန်ရှိ၏။ တိုက်ခိုက်မှုဖြစ်ပြီးနောက် သောကြာနေ့ညနေပိုင်းတွင် စားသောက်ဆိုင်မန်နေဂျာက အားလုံးအပြင်ထွက်ပြီး ဖယောင်းတိုင်များကိုင်ကာ သေဆုံးခဲ့သူများကို အောက်မေ့သည့်အနေဖြင့် ခေတ္တမျှငြိမ်သက်နေကြဖို့ နှိုးဆော်ခဲ့သည်။ လူတို့၏ခံစားချက်ကို လေးစားသည့်အနေဖြင့် သက်သေခံဖြစ်သူလည်း အပြင်ထွက်ပြီး လမ်းဘေးစင်္ကြံပေါ် တိတ်ဆိတ်စွာရပ်နေ၏။ သူသည် ယေဟောဝါသက်သေများ၏ ဓမ္မအမှုဆောင်တစ်ဦးဖြစ်ကြောင်း မန်နေဂျာကသိထားရာ ခေတ္တအောက်မေ့ချိန်ပြီးနောက် အားလုံးကိုယ်စား ဆုတောင်းပေးဖို့ သူ့ကိုတောင်းဆိုခဲ့သည်။ သက်သေခံကသဘောတူသည်။ ဆုတောင်းချက်တွင် သူက နေရာအနှံ့ညည်းတွားငိုကြွေးနေကြရသော်လည်း ငိုကြွေးသူများသည် မျှော်လင့်ချက်ကင်းမဲ့စွာ ဝမ်းနည်းပူဆွေးဖို့မလိုဟုဆိုသည်။ ဤမျှဆိုးဝါးသောအမှုများ မဖြစ်တော့မည့်အချိန်နှင့် တိကျမှန်ကန်သောကျမ်းစာအသိပညာရှိခြင်းဖြင့် နှစ်သိမ့်မှုပေးသောဘုရားသခင်ထံ လူတိုင်းချဉ်းကပ်နိုင်ကြောင်း ထည့်ဆုတောင်းသည်။ “အာမင်” ဟုဆိုကြပြီးနောက် မန်နေဂျာသည် စားသောက်ဆိုင်အပြင်ရှိ လူပေါင်း ၆၀ ကျော်ပါလျက် သက်သေခံထံလာ၍ မိမိကြားခဲ့ဖူးသမျှတွင် အကောင်းဆုံးဆုတောင်းချက်ဖြစ်ကြောင်းပြော၍ သူ့ကိုကျေးဇူးတင်စကားပြောဆိုကာ ပွေ့ဖက်ခဲ့သည်။

ရပ်ကွက်အပေါ် အကျိုးပြုသူများ

၁၉။ အချို့သူများသည် ယေဟောဝါသက်သေများ၏ မြင့်မားသောစံနှုန်းများကို အသိအမှတ်ပြုကြောင်း အဘယ်တွေ့ကြုံမှုကဖော်ပြသနည်း။

၁၉ အထူးသဖြင့် ဤအချိန်အခါတွင် ယေဟောဝါသက်သေများလှုပ်ရှားနေသော ရပ်ကွက်များသည် သူတို့ကြောင့် အကျိုးကျေးဇူးခံစားရသည်ဟု ပြောဆိုကြသူများစွာရှိ၏။ မှန်ပါသည်၊ ငြိမ်သက်ခြင်း၊ ရိုးသားခြင်းနှင့် ကိုယ်ကျင့်တရားသန့်ရှင်းခြင်းကို တိုးပွားစေသူတို့သည် အမှန်တကယ်ကောင်းကျိုးပြုကြသည်။ အာရှတိုက်အလယ်ပိုင်းတွင်ရှိသော နိုင်ငံတစ်နိုင်ငံတွင် သက်သေခံများသည် ယခင်နိုင်ငံတော်၏လုံခြုံရေးအေဂျင်စီမှ အငြိမ်းစားအရာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ မိမိသည် တစ်ချိန်က ဘာသာရေးအဖွဲ့အစည်းအသီးသီးကို ထောက်လှမ်းစုံစမ်းခဲ့ရကြောင်း သူပြောပြသည်။ ယေဟောဝါသက်သေများကို သူထောက်လှမ်းကြည့်သောအခါ သူတို့၏ရိုးသားမှုနှင့် ကောင်းသောအမူအကျင့်တို့က သူတို့ကို အထင်ကြီးသွားစေခဲ့သည်။ သူတို့၏ခိုင်မြဲသောယုံကြည်ခြင်းနှင့် ကျမ်းစာအပေါ်အခြေပြုသော သူတို့၏သွန်သင်ချက်များကို သူအလွန်ချီးကျူးခဲ့သည်။ ဤသူသည် ကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။

၂၀။ (က) ယေဟောဝါသက်သေများ၏ ယခင်နှစ်လုပ်ဆောင်မှုမှတ်တမ်းက အဘယ်အရာကိုဖော်ပြသနည်း။ (ခ) လုပ်ဆောင်စရာများစွာရှိကြောင်း အဘယ်အရာကဖော်ပြသနည်း၊ ဧဝံဂေလိတရားဟောပြောခြင်းအခွင့်ထူးကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။

၂၀ ပြန်ပြောပြနိုင်သော ထောင်နှင့်ချီတွေ့ကြုံမှုများမှ ဤဆောင်းပါးပါ တွေ့ ကြုံမှုအနည်းငယ်ကိုထောက်သော် ယေဟောဝါသက်သေများသည် ၂၀၀၁ ခုနှစ်အတွင်း အလွန်အလုပ်များခဲ့ကြောင်း ထင်ရှားပါသည်။a သူတို့သည် သန်းနှင့်ချီသောလူများကို စကားပြောဆိုခဲ့ကြ၍ ငိုကြွေးမြည်တမ်းသူများစွာကို နှစ်သိမ့်ပေးခဲ့ကြပြီး သူတို့၏ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းသည် ကောင်းချီးရခဲ့ကြောင်း ထင်ရှားပါသည်။ နှစ်ခြင်းခံခြင်းဖြင့် ဘုရားသခင်ထံဆက်ကပ်အပ်နှံခဲ့သူ ၂၆၃,၄၃၁ ဦးရှိခဲ့သည်။ ကမ္ဘာတစ်ဝန်း ဧဝံဂေလိတရားဟောပြောသူအရေအတွက်သည် ၁.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီ။ ယေရှု၏နှစ်ပတ်လည် သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်သူ ၁၅,၃၇၄,၉၈၆ ရှိခြင်းကလည်း လုပ်ကိုင်စရာများစွာရှိသေးကြောင်း ဖော်ပြသည်။ (၁ ကောရိန္သု ၁၁:၂၃-၂၆) သတင်းကောင်းကိုလက်ခံတုံ့ပြန်သူ စိတ်နှိမ့်ချသူများကို ဆက်လက်ရှာဖွေကြပါစို့။ ယေဟောဝါ၏မင်္ဂလာနှစ် တည်ရှိနေသမျှကာလပတ်လုံး “နှလုံးကြေကွဲသောသူတို့” ကို ဆက်လက်နှစ်သိမ့်ပေးနေကြပါစို့။ အမှန်တကယ်အားရစရာအခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားကြသည်တကား! ကျွန်ုပ်တို့အားလုံး ဟေရှာယ၏ဤစကားများကို အမှန်တကယ်ပင် ပဲ့တင်ထပ်ပြောဆိုကြ၏– “[ယေဟောဝါ] ဘုရား[သခင်]ကြောင့် ငါသည် အလွန်ဝမ်းမြောက်၍ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်။” (ဟေရှာယ ၆၁:၁၀) “[ယေဟောဝါ]ဘုရား[သခင်]သည် ခပ်သိမ်းသောလူမျိုးရှေ့မှာ ဖြောင့်မတ်ခြင်းနှင့်ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်” ဟူသော ပရောဖက်ပြုချက်ကို ပြည့်စုံစေရာတွင် ကျွန်ုပ်တို့ကို ဘုရားသခင်ဆက်လက်အသုံးပြုပါလေစေ။—ဟေရှာယ ၆၁:၁၁။

[အောက်ခြေမှတ်ချက်]

a စာမျက်နှာ ၁၉ မှ ၂၂ ပါဇယားက ၂၀၀၁ လုပ်ငန်းတော်နှစ်အတွင်း ယေဟောဝါသက်သေများ၏လုပ်ဆောင်မှုမှတ်တမ်းကို ဖော်ပြသည်။

သင်မှတ်မိသလော

• စိတ်နှိမ့်ချသူများသည် ယေရှုဟောပြောခဲ့သောသတင်းကောင်းဖြင့် မည်သို့အကျိုးခံစားခဲ့ကြရသနည်း။

• ယေရှု၏ပထမရာစုတပည့်တော်များ၏ ဧဝံဂေလိတရားဟောပြောခြင်းလုပ်ငန်းကို လက်ခံတုံ့ပြန်ခဲ့ကြသူများသည် အဘယ်ကောင်းချီးများ ခံစားခဲ့ကြရသနည်း။

• သတင်းကောင်းကို လက်ခံတုံ့ပြန်ခဲ့ကြသူများသည် မျက်မှောက်ခေတ်တွင် မည်သို့ကောင်းချီးခံစားနေကြရပြီနည်း။

• ကျွန်ုပ်တို့ ဧဝံဂေလိတရားဟောပြောခြင်းအခွင့်ထူးရထားခြင်းကို မည်သို့ရှုမြင်ကြသနည်း။

[စာမျက်နှာ ၁၉-၂၂ ပါ ဇယား]

ကမ္ဘာချီယေဟောဝါသက်သေများ၏ ၂၀၀၁ ခုနှစ်လုပ်ငန်းတော်မှတ်တမ်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများသည် ၎င်းတို့၏ ဧဝံဂေလိတရား ဟောပြောခြင်းတာဝန်ကို အစဉ်သတိရကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သတင်းကောင်းကို လက်ခံတုံ့ပြန်သူများသည် စည်းလုံးသော ကမ္ဘာချီညီအစ်ကိုများ အသင်းအပင်းတွင် ပါဝင်လာကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ