လျှို့ဝှက်ထားသည့် ကိစ္စကိုဖွင့်ပြောရန်အချိန်
ကိစ္စရပ်အချို့ကို လျှို့ဝှက်ထားခြင်းသည် ငြိမ်သက်မှုပေးပြီး အငြင်းပွားမှုကို တားဆီးနိုင်သည်။ သို့သော် လျှို့ဝှက်ကိစ္စတစ်ခုကို ဖော်ထုတ်ရန်အချိန် ရှိပါသလော။ ပရောဖက်အာမုတ်သည် သူ၏ဘုရားသခင်နှင့်စပ်လျဉ်း၍ ပြောဆိုခဲ့သောစကားကို သတိပြုပါ– “အကယ်စင်စစ် [“ယေဟောဝါ၊” ကဘ] ဘုရား[သခင်]သည် မိမိကျွန်ပရောဖက်တို့အား [“လျှို့ဝှက်ထားရာကို၊” ကဘ] မဖော်ပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။” (အာမုတ် ၃:၇) ဤစကားများမှ နှုတ်လုံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သင်ယူနိုင်စရာရှိပါသည်။ ယေဟောဝါသည် ကိစ္စရပ်အချို့ကို အချိန်အတန်ကြာ လျှို့ဝှက်ထားပြီး နောက်ဆုံးတွင် အချို့သူများကို ဖွင့်ပြောပေမည်။ ဤကိစ္စတွင် ယေဟောဝါကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။
တစ်ခါတစ်ရံ တစ်စုံတစ်ခုသောကိစ္စကို လျှို့ဝှက်ထားခြင်းသည် အကျိုးရှိကြောင်း ခရစ်ယာန်အသင်းတော်ရှိ ခန့်အပ်ခံသိုးထိန်းများတွေ့ရှိခဲ့ကြပြီ။ (တမန်တော် ၂၀:၂၈) ဥပမာ၊ အသင်းတော်၏အကျိုးကျေးဇူးအတွက် အစီအစဉ်အချို့၏ အသေးစိတ်အချက်အလက်များ သို့မဟုတ် အသင်းတော်တာဝန်များနှင့်ဆိုင်သော အပြောင်းအလဲများကို တစ်စုံတစ်ရာသောအချိန်အထိ လျှို့ဝှက်ထားရန် သူတို့ဆုံးဖြတ်ကြပေမည်။
သို့သော် ဤသို့သောအဖြစ်မျိုးတွင် ကိစ္စရပ်တစ်ခုကို တစ်စုံတစ်ရာသောအချိန်ရောက်မှ ဖော်ပြရန်ဖြစ်လျှင်၊ အဘယ်အချိန်၊ အဘယ်နည်းဖြင့် ဖော်ပြမည်ဖြစ်ကြောင်း ပါဝင်ပတ်သက်သူများကို အသိပေးထားဖို့အရေးကြီးသည်။ အဘယ်အချိန်အခါတွင် ၎င်းကိစ္စကို လူသိရှင်ကြားဖော်ပြမည်ဖြစ်ကြောင်း သိထားခြင်းက သူတို့ကို နှုတ်လုံစေနိုင်ပါလိမ့်မည်။—သု. ၂၅:၉။