ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၄/၁၅ စာ. ၂၈-၃၁
  • သာမန်လူတို့ကို ယေဟောဝါဂရုစိုက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သာမန်လူတို့ကို ယေဟောဝါဂရုစိုက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သာမန်လူတို့ကို ဘုရားသခင်စိတ်ဝင်စားခြင်း
  • လူငယ်များကိုဂရုစိုက်ခြင်း
  • သင့်လိုအပ်ရာများရရန် အကူအညီ
  • ယေဟောဝါနှင့် သင့်ဆက်ဆံရေးကို ခိုင်ခံ့စေပါ
  • ယေဟောဝါ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ယေဟောဝါဘုရားရဲ့ မိသားစုနဲ့ ရင်းရင်းနှီးနှီး နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • သင့်ကို ဘုရားသခင်ဂရုစိုက်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၄/၁၅ စာ. ၂၈-၃၁

သာမန်လူတို့ကို ယေဟောဝါဂရုစိုက်

ဘုရားသခင်၏ ဂရုစိုက်မှုကိုခံရရန် ကျွန်ုပ်တို့သည် တစ်နည်းနည်းဖြင့် ထူးခြားဖို့ သို့မဟုတ် ထူးချွန်ဖို့လိုသလော။ အမေရိကန်ပြည်ထောင်စု၏ ၁၆ ယောက်မြောက်သမ္မတဖြစ်သူ အေဗရာဟမ်လင်ကွန်းက “သာမန်လူတွေကို သခင်ဘုရားပိုနှစ်သက်တယ်။ ဒါကြောင့် သာမန်လူအတော်များများရှိတာ” ဟုပြောခဲ့ဖူးကြောင်းဆိုကြသည်။ လူအတော်များများက မိမိတို့တွင် အထူးပေးဆပ်စရာ အဘယ်အရာမျှမရှိသည့် သာမန်လူများသာဖြစ်ကြသည်ဟု ယူမှတ်ကြ၏။ သာမန်လူဟုဆိုလျှင် “ဆင်းရဲနိမ့်ကျ” သည့်သဘောသက်ရောက်ပေမည်။ ထို့ပြင် “အခွင့်ထူးမရှိ၊ အဆင့်အတန်းမရှိ၊” “သာမန်အဆင့်ထက်နိမ့်ကျခြင်း၊” “ဒုတိယတန်းစား” ကိုပင်ရည်ညွှန်းပေမည်။ အဘယ်သို့သောလူစားမျိုးနှင့် သင်ပေါင်းသင်းလိုသနည်း။ မာနထောင်လွှားသော၊ မိမိတတ်ကြောင်းပြသော၊ ဘဝင်မြင့်သောလူစားမျိုးနှင့်လော။ အခြားသူများကို စိတ်ရင်းမှန်ဖြင့် တကယ်စိတ်ဝင်စားသည့် ဖော်ရွေသော၊ နှိမ့်ချသော၊ ဟန်မဆောင်တတ်သောလူစားမျိုးနှင့် ပိုပေါင်းသင်းလိုမည်မဟုတ်ပေလော။

ယနေ့ လောကတွင် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနှင့် သရော်ပြောင်လှောင်မှုတို့သည် သာမန်ကိစ္စဖြစ်နေရာ ဘုရားသခင်သည် မိမိတို့ကို စိတ်ဝင်စား၏ဟု လူအချို့ယုံရခက်သည်။ “ကျွန်တော်ဟာ မေတ္တာမပြကြတဲ့အိမ်ထောင်စုမှာ ပေါက်ဖွားလာတယ်။ ကျွန်တော့်ကို နှိမ်ကြ၊ နောက်ပြောင်ကြ၊ ပြက်ရယ်ပြုကြတယ်။ ဒါကြောင့် ဘဝအစပိုင်းကတည်းက ကျွန်တော်ဟာ တန်ဖိုးမရှိတဲ့လူလို့ ခံစားခဲ့ရတယ်။ ဆင်းရဲခက်ခဲတဲ့အခါ ကျွန်တော့်ကိုစိတ်ဓာတ်ကျစေတဲ့ အရင်ကခံစားချက်တွေ ပြန်ပေါ်ပေါ်လာတယ်” ဟု ဤမဂ္ဂဇင်း၏ စာရှုသူတစ်ဦးက စာရေးအသိပေးခဲ့သည်။ သို့တိုင် ဘုရားသခင်သည် သာမန်လူတစ်ဦးစီကို စိတ်ဝင်စားသည်ဟု ယုံကြည်ရန်အကြောင်းများစွာရှိပါသည်။

သာမန်လူတို့ကို ဘုရားသခင်စိတ်ဝင်စားခြင်း

“ထာဝရဘုရားသည်ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်” ဟုဘုရင်ဒါဝိဒ်က ရေးသားခဲ့သည်။ (ဆာလံ ၁၄၅:၃) သို့သော် ၎င်းကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့ကို မစာနာမထောက်ထား ဂရုမစိုက်ဘဲမနေပါ။ (၁ ပေတရု ၅:၇) ဥပမာ၊ ဆာလံဆရာက ဤသို့ဆိုခဲ့သည်– “ထာဝရဘုရားသည် နှလုံးကြေကွဲသူတို့နှင့်နီးတော်မူ၏။ စိတ်ကြေမွသူတို့ကိုလည်း ကယ်တင်တော်မူ၏။”—ဆာလံ ၃၄:၁၈၊ သမ္မာ။

ဤလောကတွင် လူတို့အာရုံစိုက်လေ့ရှိရာများဖြစ်သည့် ရုပ်ရည်လှခြင်း၊ ဂုဏ် သို့မဟုတ် ငွေရှိခြင်းတို့ကို ဘုရားသခင်အရေးမစိုက်ပါ။ ကိုယ်တော်သည် ဆင်းရဲသားများ၊ မိဘမဲ့များ၊ မုဆိုးမများနှင့် တိုင်းတစ်ပါးသားများကို စာနာထောက်ထား စိတ်ဝင်စားကြောင်း ဣသရေလလူတို့အား ပေးခဲ့သည့် ဘုရားသခင့်ပညတ်တော်က ဖော်ပြခဲ့သည်။ အီဂျစ်ပြည်တွင် ရက်ရက်စက်စက် ညှဉ်းဆဲခံခဲ့ရသည့် ဣသရေလလူတို့အား ဘုရားသခင်က ဤသို့မိန့်တော်မူခဲ့သည်– “တစ်ပြည်တစ်နိုင်ငံသားဖြစ်သော ဧည့်သည်ကို မနှောင့်ယှက်မညှဉ်းဆဲရ။ . . . မိဘမရှိသောသူငယ်နှင့် မုဆိုးမကို သင်တို့သည် မနှောင့်ယှက်ရ။ နှောင့်ယှက်ခြင်းတစ်စုံတစ်ခုကိုပြု၍ သူတို့သည် ငါ့အား အနည်းငယ်အော်ဟစ်လျှင် ငါသည် ထိုအသံကို အမှန်ကြား” မည်။ (ထွက်မြောက်ရာ ၂၂:၂၁-၂၄) ထို့အပြင် နိမ့်ကျသောသူတို့ကို ဘုရားသခင်ဂရုစိုက်ကြောင်း ပရောဖက်ဟေရှာယ ယုံကြည်စိတ်ချသည်ကို ဤသို့ဖော်ပြသည်– “ကိုယ်တော်သည် ဆင်းရဲသောသူတို့ခိုလှုံရာ၊ ငတ်မွတ်သောသူ အမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကိုတိုက်သော မိုးသက်မုန်တိုင်းကဲ့သို့ ကြောက်မက်ဖွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ မိုးသက်မုန်တိုင်းလွတ်ရာ၊ နေရောင်ကွယ်ကာရာဖြစ်တော်မူ၏။”—ဟေရှာယ ၂၅:၄။

ဘုရားသခင်၏ “ပုံသဏ္ဌာန်ဖြစ်” သည့် ယေရှုခရစ်သည် ကိုယ်တော်၏ခရစ်ယာန်ဓမ္မအမှုတစ်လျှောက် သာမန်လူတို့ကို အမှန်စိတ်ဝင်စားမှုပြခြင်းတွင် ကိုယ်တော်၏နောက်လိုက်များအတွက် ပုံသက်သေဖြစ်သည်။ (ဟေဗြဲ ၁:၃) “ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့” ဖြစ်နေကြသော လူအစုအဝေးတို့ကို ယေရှုမြင်တော်မူလျှင် “သနားခြင်းစိတ်ရှိတော်မူ၏။”—မဿဲ ၉:၃၆။

ထို့ပြင် ယေရှုသည် မည်သို့သောသူများကို မိမိ၏တမန်တော်များအဖြစ် ရွေးချယ်ခဲ့ကြောင်းသတိပြုပါ၊ “လူတတ်မဟုတ်၊ လူသာမညသာဖြစ်သည်” ဟုသူတို့ဖော်ပြခံခဲ့ရသည်။ (တမန်တော် ၄:၁၃) ယေရှုသေဆုံးပြီးနောက် ကိုယ်တော်၏နောက်လိုက်များသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နားထောင်ကြရန် လူမျိုးအပေါင်းတို့ကို စတင်ဖိတ်ခေါ်ခဲ့ကြ၏။ တမန်တော်ပေါလုက “မယုံကြည်သောသူ၊ မတတ်သောသူ” မည်သူမဆို ခရစ်ယာန်အသင်းတော်ထဲဝင်လာပြီး ယုံကြည်သူဖြစ်လာနိုင်ကြောင်း ရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၄:၂၄၊ ၂၅) ဤလောကစံမီ အထင်ကရပုဂ္ဂိုလ်တို့ကို ရွေးချယ်မည့်အစား ဘုရားသခင်သည် ရိုးရိုးသာမန်လူများကို လုပ်ငန်းတော်အတွက် ရွေးချယ်ပါသည်။ တမန်တော်ပေါလုက ‘ညီအစ်ကိုတို့၊ သင်တို့ကိုခေါ်တော်မူခြင်းအကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကပညာရှိအများမပါ။ ထင်ရှားသောလူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူအများမပါ။ ဘုရားသခင်သည် ပညာရှိတို့ကိုရှက်ကြောက်စေခြင်းငှာ၊ လောကအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကအရာ၌အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ မြတ်သောသူတို့ကိုရှက်ကြောက်စေခြင်းငှာ လောကအရာ၌ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။ ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာအကြောင်းမရှိ’ ဟုပြောဆိုခဲ့၏။—၁ ကောရိန္သု ၁:၂၆-၂၉။

ယနေ့လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှန်တကယ်စိတ်ဝင်စားတော်မူ၏။ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်] တရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။” (၁ တိမောသေ ၂:၄) ဘုရားသခင်သည် သားတော်ကို ကျွန်ုပ်တို့အတွက်အသေခံရန် မြေကြီးပေါ်သို့စေလွှတ်သည့်တိုင်အောင် လူသားတို့ကိုချစ်တော်မူလျှင် ကျွန်ုပ်တို့ကို မည်သူမျှမချစ်၊ သို့မဟုတ် ကျွန်ုပ်တို့သည် တန်ဖိုးမရှိသူများဖြစ်၏ဟု ခံစားစရာအကြောင်းလုံးဝမရှိပါ။ (ယောဟန် ၃:၁၆) ယေရှု၏ဝိညာဉ်ရေးညီများတွင် အရေးမပါအရာမရောက်ဆုံးသူကိုပင် ယေရှုအားဆက်ဆံသကဲ့သို့ဆက်ဆံဖို့ အရေးကြီးကြောင်း ကိုယ်တော်၏နောက်လိုက်များကို ယေရှုဤသို့ပြောဆိုသည်– “သင်တို့သည် ဤသူတည်းဟူသောငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ။” (မဿဲ ၂၅:၄၀) ဤလောကသည် ကျွန်ုပ်တို့ကို မည်သို့ပင်ရှုမြင်ပါစေ အမှန်တရားကို ကျွန်ုပ်တို့မြတ်နိုးကြမည်ဆိုလျှင် ဘုရားသခင်အတွက် ကျွန်ုပ်တို့သည် အထူးချစ်ရသူများဖြစ်ကြသည်။

အဖေမရှိသူ ဘရာဇီးလူငယ်လေး ဖရန်စ္စကိုaသည် ဘုရားသခင်နှင့်နှစ်ကိုယ်ကြားဆက်ဆံရေးရှိလာသည့်အခါ ထိုသို့ခံစားခဲ့ရ၏။ သူဤသို့ရှင်းပြသည်– “ယေဟောဝါနဲ့ ကိုယ်တော်ရဲ့အဖွဲ့အစည်းကို သိကျွမ်းလာလို့ ကျွန်တော့်ရဲ့ မလုံမခြုံဖြစ်နေရတဲ့စိတ်နဲ့ ရှက်ကြောက်တတ်တဲ့စိတ်တွေကို အနိုင်ယူနိုင်ခဲ့တယ်။ ကျွန်တော်တို့တစ်ယောက်စီကို ယေဟောဝါစိတ်ဝင်စားတာကို ကျွန်တော်သိလာတယ်။” ဖရန်စ္စကိုအတွက် ယေဟောဝါသည် အမှန်ပင် ဖခင်တစ်ဦးဖြစ်လာ၏။

လူငယ်များကိုဂရုစိုက်ခြင်း

ယေဟောဝါသည် လူငယ်များကို အုပ်စုလိုက်အနေနှင့်သာမက တစ်ဦးစီအနေနှင့်ပါ အမှန်တကယ်စိတ်ဝင်စားတော်မူ၏။ ကျွန်ုပ်တို့အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကိုယ်ကိုကိုယ်အထင်မကြီးလွန်းလိုပါ။ ကျွန်ုပ်တို့တွင် နောင်တစ်ချိန်ချိန် ဘုရားသခင်အသုံးပြုနိုင်မည့် ပင်ကိုစွမ်းရည်များနှင့် အရည်အချင်းများရှိကောင်းရှိမည်။ ကျွန်ုပ်တို့၏စွမ်းရည်များကို အပြည့်အဝအသုံးချနိုင်ရန် မည်သို့သာလွန်ကောင်းမွန်စေ၍ လေ့ကျင့်သင်ကြားပေးရမည်ကို ယေဟောဝါသိတော်မူ၏။ ဥပမာ၊ ၁ ဓမ္မရာဇဝင် အခန်းကြီး ၁၆ ပါမှတ်တမ်းကို သတိပြုပါ။ ဣသရေလရှင်ဘုရင်ဖြစ်နိုင်သည့် အရည်အချင်းများရှိသည်ဟု ပရောဖက်ရှမွေလအထင်ရှိသူများကိုမရွေးဘဲ ယေရှဲ၏အငယ်ဆုံးသား ဒါဝိဒ်ကို မင်းလောင်းအဖြစ် ရွေးချယ်ရခြင်းအကြောင်းကို ယေဟောဝါဤသို့ရှင်းပြတော်မူခဲ့သည်– “သူ၏မျက်နှာ သူ၏အရပ်ကိုမကြည့်မရှုနှင့်။ သူ့ကို [ဒါဝိဒ်၏အစ်ကို] ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။”—၁ ဓမ္မရာဇဝင် ၁၆:၇။

ယေဟောဝါသည် မိမိတို့ကို အမှန်တကယ်စိတ်ဝင်စားကြောင်းကို ယနေ့ လူငယ်များ ယုံကြည်စိတ်ချနိုင်ပါသလော။ ဘရာဇီးအမျိုးသမီးငယ် အာနာကို သုံးသပ်ကြည့်ပါ။ အခြားလူငယ်များနည်းတူ သူသည် အကျင့်ယိုယွင်းမှု၊ မတရားမှုတို့ကိုမြင်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေ၏။ ထိုအချိန်တွင် သူ၏ဖခင်က သူနှင့်သူ၏ညီမလေးများကို ခရစ်ယာန်အစည်းအဝေးများသို့ စတင်ခေါ်ဆောင်သွားလေသည်။ အချိန်တန်သော် သူသည် သမ္မာကျမ်းစာမှ သိရှိလာရာများကို အလွန်နှစ်သက်လာသည်။ အာနာသည် ခရစ်ယာန်စာပေများနှင့် ကျမ်းစာကိုစဖတ်ရှုခဲ့ပြီး ယေဟောဝါဘုရားသခင်ထံ ဆုတောင်းလေသည်။ တဖြည်းဖြည်း ဘုရားသခင်နှင့် သူရင်းနှီးလာလေသည်။ သူဤသို့ရှင်းပြသည်– “ကျွန်မရဲ့အိမ်နားက တောင်ကုန်းပေါ် စက်ဘီးစီးသွားပြီး နေဝင်ဆည်းဆာရဲ့အလှကိုခံစားရတာ ကြည်နူးလိုက်တာ။ ယေဟောဝါရဲ့သနားကြင်နာမှုနဲ့ ရက်ရောမှုတို့အတွက် ကိုယ်တော့်ကို ကျွန်မကျေးဇူးတင်ကြောင်း၊ ကိုယ်တော့်ကို ကျွန်မဘယ်လောက်ချစ်ကြောင်း ဆုတောင်းပြီး ကြိုးစားပြောပြတယ်။ ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော်ရဲ့ရည်ရွယ်ချက်တွေကို သိကျွမ်းလာလို့ ကျွန်မမှာ စိတ်ငြိမ်သက်မှုနဲ့ လုံခြုံမှုခံစားရတယ်။” အသင်သည်လည်း ယေဟောဝါ၏မေတ္တာပြည့်ဝသော ဂရုစိုက်မှုတို့ကို စေ့စေ့ဆင်ခြင်သုံးသပ်ချိန် ရှာယူပါသလော။

ကျွန်ုပ်တို့၏အတိတ်က ဘဝအခြေအနေကြောင့် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေး မရှိနိုင်ဘဲဖြစ်ပေမည်။ ဥပမာ၊ လစ်ဒီယာကိုကြည့်ပါ။ သူ့အတွက် အလွန်စိုးရိမ်စရာဖြစ်နေသည့် အကြောင်းတစ်ခုကို ဖခင်အား သူရင်ဖွင့်ပြောပြသည့်အခါ အဖေက “အဓိပ္ပာယ်မရှိတာ၊ သွားစမ်း” ဟုဆိုကာ မောင်းထုတ်လိုက်သည်။ အဖေက ထိုပြဿနာကို မေ့ပစ်ထားစေလိုကြောင်း သူနားလည်သော်လည်း လစ်ဒီယာက ဤသို့ပြောသည်– “ကျမ်းစာလေ့လာလိုက်တော့ ကျွန်မလိုချင်တာတွေအားလုံးထက်မက ရလာတယ်။ ယေဟောဝါရဲ့ ဆွဲဆောင်မှုရှိတဲ့ အရည်အသွေးကြောင့် ကိုယ်တော်ဟာ ကျွန်မရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာတယ်။ အခုဆိုရင် ကျွန်မရဲ့ခံစားချက်တွေနဲ့ ကျွန်မရဲ့စိုးရိမ်မှုတွေကို လွတ်လွတ်လပ်လပ် ရင်ဖွင့်နိုင်တဲ့ မေတ္တာပြည့်ဝပြီး နားလည်မှုရှိတဲ့ဖခင်တစ်ယောက် ကျွန်မမှာရှိပြီ။ စကြဝဠာမှာ အရေးအပါဆုံးပုဂ္ဂိုလ်နဲ့ နာရီနဲ့ချီ စကားပြောဆိုနိုင်တယ်၊ ကျွန်မပြောသမျှကို ကိုယ်တော်နားထောင်မယ်လို့လည်း စိတ်ချတယ်။” ဖိလိပ္ပိ ၄:၆၊ ၇ ကဲ့သို့သော ကျမ်းချက်များက ယေဟောဝါ၏မေတ္တာပါသော ဂရုစိုက်မှုကို သူ့အားခံစားစေ၏။ ထိုကျမ်းချက်က ဤသို့ဆိုသည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”

သင့်လိုအပ်ရာများရရန် အကူအညီ

ယေဟောဝါသည် မိမိ၏ကျေးကျွန်တစ်ဦးစီနှင့် ကမ္ဘာချီအသင်းတော်ကိုပါ ဂရုစိုက်တော်မူ၏။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့၏ကောင်းကင်ဖခမည်းတော်အား ချစ်မြတ်နိုးကြောင်း ကိုယ်တော်နှင့် အချိန်ယူစကားပြောဆိုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဘယ်သောအခါမျှ ပေါ့ပေါ့တန်တန်သဘောမထားသင့်ပေ။ ဒါဝိဒ်သည် ယေဟောဝါနှင့်သူ၏ဆက်ဆံရေးကို မျက်ခြည်မပြတ်ခဲ့ချေ။ သူဤသို့ဆိုခဲ့သည်– “အိုထာဝရဘုရား ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏ [အမှန်] တရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏။”—ဆာလံ ၂၅:၄၊ ၅။

ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းအကြောင်းက သင့်အတွက် အသစ်အဆန်းဖြစ်နေပေမည်။ သင့်မှာ မည်သည့်ပြဿနာပင်ရှိစေကာမူ အကြီးမြင့်ဆုံးအရှင်သည် အလိုတော်နှင့်အညီ သင့်ကို ကူညီပေးနိုင်ကြောင်း အစဉ်အမြဲ ယုံကြည်စိတ်ချနိုင်သည်။ (၁ ယောဟန် ၅:၁၄၊ ၁၅) ထို့ကြောင့် သင်၏အခြေအနေနှင့် သင်၏လိုအပ်ရာများကိုထည့်စဉ်းစားကာ သတ်သတ်မှတ်မှတ်ဖော်ပြ ဆုတောင်းတတ်ဖို့ သင်ယူပါ။

ကျွန်ုပ်တို့တွင် လိုအပ်ရာများရှိသည်ကို အသိအမှတ်ပြုဖို့အရေးကြီးကြောင်း ဝတ်ပြုရာအိမ်တော်အပ်နှံချိန်တွင် ရှောလမုန်ဘုရင်တောင်းလျှောက်ခဲ့သည့် ဤဆုတောင်းချက်က ပေါ်လွင်ထင်ရှားစေသည်– “ပြည်တော်၌အစာခေါင်းပါးသော်လည်းကောင်း၊ ကပ်ရောဂါရောက်သော်လည်းကောင်း၊ လေထိသော်လည်းကောင်း၊ ဖြူဖပ်ဖြူရော်ရှိသော်လည်းကောင်း၊ ကျိုင်းကောင်၊ နှံကောင်စားသော်လည်းကောင်း၊ တံခါးတစ်စုံတစ်ရာအတွင်း၌ သူတို့ကိုရန်သူဝန်းထားသော်လည်းကောင်း၊ ဘေးဥပဒ်၊ အနာရောဂါတစ်စုံတစ်ခုရောက်သောအခါ အသီးအသီးမိမိခံရသော ဘေးဒဏ်နှင့်နာကျင်ခြင်းဝေဒနာကိုသိလျက် ကိုယ်တော်၏လူဣသရေလအမျိုးသားဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ဖြစ်စေ မည်သူမဆို . . . မည်သည့်အသနားခံခြင်း၊ [ဆုတောင်း] ခြင်းအားဖြင့် ဆုတောင်းလျှင် ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားညောင်း၍အပြစ်လွှတ်တော်မူပါ။ . . . ဆုတောင်းသူတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည်နှင့်အညီ အသီးအသီးပြုကျင့်ကြသည်အတိုင်း စီရင်တော်မူပါ။” (၂ ရာဇဝင်ချုပ် ၆:၂၈-၃၁၊ သမ္မာ) ‘သင်ခံရသောဘေးဒဏ်နှင့် နာကျင်ခြင်းဝေဒနာကို’ အသင်ကိုယ်တိုင်သာ အမှန်ပင်သိမည်။ သို့ဖြစ်၍ သင်အမှန်တကယ်လိုအပ်နေသောအရာများ၊ သင်၏စိတ်ဆန္ဒများကို အသိအမှတ်ပြုဖော်ပြရန် အလွန်အရေးကြီးသည်။ သို့ပြုလျှင် ယေဟောဝါသည် “စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”—ဆာလံ ၃၇:၄။

ယေဟောဝါနှင့် သင့်ဆက်ဆံရေးကို ခိုင်ခံ့စေပါ

ယေဟောဝါသည် သာမန်လူတို့အား ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိစေလိုသည်။ ကိုယ်တော့်နှုတ်မြွက်တော်က ဤသို့ယုံကြည်စိတ်ချစေသည်– “သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု [အတိုင်းအဆမဲ့] တန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရားမိန့်တော်မူ၏။” (၂ ကောရိန္သု ၆:၁၈) ယေဟောဝါနှင့် ကိုယ်တော့်သားတော်တို့သည် ကျွန်ုပ်တို့အား အောင်မြင်စေလိုပြီး ထာဝရအသက်ရစေလိုသည်။ မိသားစုအတွင်း၊ အလုပ်နှင့် ခရစ်ယာန်အသင်းတော်တို့တွင် ကျွန်ုပ်တို့၏တာဝန်ဝတ္တရားများကို ကျေပွန်စေရန် ကျွန်ုပ်တို့ကို ယေဟောဝါကူညီပေးမည်ဟု သိထားခြင်းသည် အမှန်တကယ်ပင်အားရှိစရာပါတကား!

သို့တိုင် ကျွန်ုပ်တို့အားလုံး ခဲယဉ်းသောကာလတွင် အသက်ရှင်နေကြရသည်။ ကျန်းမာရေးချို့တဲ့မှု၊ မိသားစုပြဿနာများ၊ ဝင်ငွေနည်းခြင်း သို့မဟုတ် အခြားအရာတစ်ခုခုကြောင့် ဝေဒနာခံရပေမည်။ စမ်းသပ်မှု သို့မဟုတ် စုံစမ်းနှောင့်ယှက်မှုတစ်မျိုးတစ်မည်ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမှန်း သိချင်မှသိမည်။ တိုးများလာနေသော ဖိစီးမှုများသည် ဘုရားသခင့်လူမျိုးကို ဝိညာဉ်ရေးစစ်ဆင်နွှဲနေသည့် ဆိုးယုတ်သောအပြစ်တင်သူ၊ စာတန်ကြောင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ဖြစ်ပေါ်လာခဲ့၏။ သို့ရာတွင် ကျွန်ုပ်တို့ကိုနားလည်ပေးပြီး ယေဟောဝါနှင့်ကောင်းသောဆက်ဆံရေး ဆက်ရှိစေသူတစ်ဦးရှိသည်။ ထိုသူသည် ကောင်းကင်တွင် မြင့်မားသောရာထူးရရှိထားသည့် ယေရှုခရစ်တော်ပင်ဖြစ်သည်။ ကိုယ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဤသို့ဖတ်ရှုရသည်– “ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ [မကောင်းမှု] အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ထိုကြောင့်၊ ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။”—ဟေဗြဲ ၄:၁၅၊ ၁၆။

ဘုရားသခင့်မျက်နှာသာရရန် ကျွန်ုပ်တို့သည် ကျော်ကြားဖို့၊ ကြွယ်ဝချမ်းသာဖို့မလိုကြောင်း သိရှိရခြင်းသည် အမှန်တကယ်အားရှိစရာပါတကား! ဘေးကျပ်နံကျပ်အခြေအနေမျိုးကြုံတွေ့နေရသည့်တိုင် “အကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်ကိုအောက်မေ့တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုမစသောသူ၊ ကယ်တင်သောသူဖြစ်တော်မူ၏” ဟုဆုတောင်းခဲ့သည့် ဆာလံဆရာကဲ့သို့ဖြစ်ကြပါလေ။ (ဆာလံ ၃၁:၉-၁၄; ၄၀:၁၇) ယေဟောဝါသည် နှိမ့်ချမှုရှိသော သာမန်လူများကို ချစ်တော်မူကြောင်း ယုံကြည်စိတ်ချပါ။ ကိုယ်တော်သည် ‘ကျွန်ုပ်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ ကျွန်ုပ်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံနိုင်ကြပါသည်။’—၁ ပေတရု ၅:၇။

[အောက်ခြေမှတ်ချက်]

a အမည်အချို့ကို ပြောင်းထားသည်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ယေရှု၏နောက်လိုက် များစွာသည် စာမတတ်သည့် သာမန်လူများဖြစ်ကြ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ခရစ်ယာန်များသည် ယုံကြည်ခြင်းခိုင်ခံ့ဖို့ ကြိုးစားနေကြ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဘုရားသခင့်မျက်နှာသာတော်ခံစားရရန် ထင်ပေါ်ကျော်ကြားသူများဖြစ်ဖို့မလို

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ