ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁၂/၁၅ စာ. ၁၂-၁၇
  • ကျွန်ုပ်တို့၏ကူညီမစရှင် ယေဟောဝါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ကူညီမစရှင် ယေဟောဝါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အားကိုးလောက်သော အကူအညီရင်းမြစ်
  • ကောင်းကင်တမန်များထံမှ ကူညီမစမှု
  • သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကူညီမစ
  • ဘုရားသခင့်စကားတော်မှ ကူညီမစမှု
  • ယုံကြည်သူချင်းများအားဖြင့် ကူညီမစ
  • ယေဟောဝါ၏ကူညီမစမှုကို သင်ခံယူသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဘုရားသခင့် ကောင်းကင်တမန်တွေဆီက အကူအညီ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်တမန်တွေ သင့်ကို ကူညီပေးနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁၂/၁၅ စာ. ၁၂-၁၇

ကျွန်ုပ်တို့၏ကူညီမစရှင် ယေဟောဝါ

“ကူညီမစမှုကို ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ယေဟောဝါထံတော်မှ ငါရ၏။”—ဆာလံ ၁၂၁:၂၊ ကဘ။

၁၊ ၂။ (က) ကျွန်ုပ်တို့အားလုံးသည် တစ်ချိန်မဟုတ်တစ်ချိန်တွင် ကူညီမစမှုလိုသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) ယေဟောဝါသည် အဘယ်သို့သော ကူညီမစရှင်ဖြစ်သနည်း။

ကူညီမစမှု တစ်ခါမျှမလိုသူ အဘယ်သူရှိသနည်း။ အမှန်စင်စစ် ကျွန်ုပ်တို့အားလုံးသည် ကြီးလေးသောပြဿနာကို ဖြေရှင်းရန်၊ ဆုံးရှုံးမှု၏နာကျင်မှုကို ခံရပ်နိုင်ရန်၊ ခံရခက်သောစမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်ရန် တစ်ကြိမ်မဟုတ်တစ်ကြိမ်တွင် ကူညီမစမှုလိုကြ၏။ လူတို့သည် ကူညီမစမှုလိုလာသည့်အခါ ဂရုစိုက်တတ်သော မိတ်ဆွေထံ အကူအညီတောင်းခံတတ်ကြ၏။ အခက်အခဲပြဿနာကို ထိုမိတ်ဆွေအား ပြောပြခြင်းသည် ၎င်းကိုခံရပ်နိုင်ရန် သာ၍လွယ်ကူစေပေမည်။ လူသားချင်းတစ်ဦး၏ ကူညီမစပေးနိုင်မှုသည် အကန့်အသတ်မျှသာရှိသည်။ ထို့ပြင် ကူညီမစမှုလိုအပ်တိုင်း သူတစ်ထူးဘက်မှ အမြဲကူညီပေးနိုင်ခြေ ရှိချင်မှရှိမည်။

၂ သို့သော် အတိုင်းအဆမဲ့တန်ခိုးစွမ်းအားရှိသည့် ကူညီမစရှင်တစ်ပါးရှိ၏။ ထို့ပြင် ကူညီမစရှင်သည် ကျွန်ုပ်တို့ကို ဘယ်တော့မှ စွန့်မည်မဟုတ်ဟူ၍လည်း အာမခံသည်။ ဆာလံဆရာက ကူညီမစရှင်သည် မည်သူဖြစ်ကြောင်း ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ဤသို့ဖော်ပြခဲ့သည်– ‘ယေဟောဝါထံတော်မှ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။’ (ဆာလံ ၁၂၁:၂၊ ကဘ) ဤဆာလံဆရာသည် မိမိကို ယေဟောဝါ ကူညီမစမည်ဟု အဘယ်ကြောင့် ယုံကြည်စိတ်ချခဲ့သနည်း။ ထိုမေးခွန်း၏အဖြေကို ရရှိရန် ဆာလံကျမ်းအခန်းကြီး ၁၂၁ ကိုဆန်းစစ်ကြည့်ကြစို့။ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့၏ကူညီမစရှင်အဖြစ် ယေဟောဝါအား ယုံကြည်စိတ်ချစွာ မျှော်ကိုးနိုင်သည့်အကြောင်းရင်းကို နားလည်လာပါလိမ့်မည်။

အားကိုးလောက်သော အကူအညီရင်းမြစ်

၃။ ဆာလံဆရာသည် အဘယ်တောင်များကို မျှော်ကြည့်ခဲ့ခြင်းဖြစ်နိုင်သနည်း၊ အဘယ်ကြောင့်နည်း။

၃ ယုံကြည်စိတ်ချရသည့် အကြောင်းရင်းတစ်ခုအနေနှင့် ယေဟောဝါ၏ဖန်ဆင်းရှင်အဖြစ်တော်ကို ဆာလံဆရာက ဤသို့အစပြုဆိုခဲ့သည်– ‘ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ယေဟောဝါထံတော်မှ ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။’ (ဆာလံ ၁၂၁:၁၊ ၂၊ ကဘ) ဆာလံဆရာသည် သာမန်တောင်တစ်ခုခုကို မျှော်ကြည့်နေခြင်းမဟုတ်ပါ။ ဤစကားများကို မှတ်တမ်းတင်ချိန်က ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်သည် ယေရုရှလင်မြို့တွင် တည်ရှိ၏။ ယုဒတောင်များပေါ်ရှိ မြင့်မားသောနေရာတွင် တည်ရှိသော ထိုမြို့တော်သည် ပုံဆောင်သဘောအရ ယေဟောဝါ၏ကျိန်းဝပ်ရာ နေရာဖြစ်သည်။ (ဆာလံ ၁၃၅:၂၁) ဆာလံဆရာသည် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော် တည်ရှိသည့် ယေရုရှလင်တောင်များကို မျှော်ကြည့်၍ ယေဟောဝါ၏ကူညီမစမှုကို ယုံကြည်စိတ်ချစွာ မျှော်ကိုးနေခဲ့သည်။ ဆာလံဆရာသည် မိမိကို ယေဟောဝါ ကူညီမစနိုင်သည်ဟု အဘယ်ကြောင့် ဤမျှစိတ်ချခဲ့သနည်း။ အကြောင်းမှာ၊ ကိုယ်တော်သည် “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း” ရှင်ဖြစ်၍တည်း။ အမှန်မှာ၊ ဆာလံဆရာက ‘ကျွန်ုပ်ကို ကူညီမစရန် တန်ခိုးအကြီးမားဆုံး ဖန်ဆင်းရှင်အား အဘယ်အရာကမျှ မတားဆီးနိုင်သည်မှာ သေချာ၏’ ဟုဆိုလိုက်ခြင်းပင်ဖြစ်သည်။—ဟေရှာယ ၄၀:၂၆။

၄။ ယေဟောဝါသည် မိမိလူမျိုးတော်၏လိုအပ်ရာများကို ကူညီမစရန် အမြဲနိုးကြားလျက်ရှိကြောင်း ဆာလံဆရာက မည်သို့ဖော်ပြခဲ့သနည်း၊ ၎င်းသည် အဘယ်ကြောင့် စိတ်သက်သာမှုရစေသနည်း။

၄ ယေဟောဝါသည် မိမိကျေးကျွန်များ၏လိုအပ်ရာများကို ကူညီမစရန် အမြဲနိုးကြားနေသည်ဟု ဆာလံဆရာက ဤသို့ထပ်ဆို၏– “သင်၏ခြေကို ချော်စေခြင်းငှာ အခွင့်ပေးတော်မမူ။ သင့်ကိုစောင့်သောသူသည် အိပ်တော်မမူ။ အကယ်စင်စစ် ဣသရေလအမျိုးကို စောင့်သောသူသည် ငိုက်မျဉ်းအိပ်ပျော်ခြင်းရှိတော်မမူ။” (ဆာလံ ၁၂၁:၃၊ ၄) ဘုရားသခင်အား ကိုးစားသူများ ပြန်မတ်တတ်မထနိုင်သည်အထိ “ချော်စေ” ရန် သို့မဟုတ် ပြိုလဲသွားစေရန် ကိုယ်တော်ခွင့်ပြုမည်မဟုတ်ချေ။ (သု. ၂၄:၁၆) အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် သိုးတို့ကိုစောင့်ရှောက်ရန် အမြဲနိုးကြားနေသော သိုးထိန်းတစ်ဦးနှင့်တူတော်မူ၏။ ယင်းသည် စိတ်သက်သာမှုရစေသည်မဟုတ်လော။ ကိုယ်တော်သည် မိမိလူမျိုးတော်၏လိုအပ်ရာများမှ တစ်ခဏမျှပင် မျက်စိလွဲထားမည်မဟုတ်။ သူတို့ကို နေ့ညမပြတ် နိုးကြားစွာ ကိုယ်တော် စောင့်ကြည့်လျက်ရှိသည်။

၅။ ယေဟောဝါသည် “လက်ယာဘက်” ၌ရှိသည်ဟု အဘယ်ကြောင့်ဆိုရသနည်း။

၅ ယေဟောဝါသည် မိမိလူမျိုးတော်ကို တည်ကြည်စွာ ကာကွယ်ပေးရှင်ဖြစ်ကြောင်း ယုံကြည်စိတ်ချသော ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– ‘ယေဟောဝါသည် သင့်ကိုစောင့်တော်မူ၏။ ယေဟောဝါသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာအရိပ်ဖြစ်တော်မူ၏။ နေ့အချိန်၌ နေအားဖြင့်လည်းကောင်း၊ ညအချိန်၌ လအားဖြင့်လည်းကောင်း အထိအခိုက်မရှိရာ။’ (ဆာလံ ၁၂၁:၅၊ ၆၊ ကဘ) အရှေ့အလယ်ပိုင်းဒေသမှ ခြေလျင်ခရီးသည်တစ်ဦးအတွက် ခိုလှုံရာအရိပ်သည် ချစ်ချစ်တောက် နေပူဒဏ်မှ ကာကွယ်ပေး၏။ ယေဟောဝါသည် မိမိ၏လူမျိုးတော်အတွက် မခံမရပ်နိုင်အောင် ပြင်းထန်သည့်ဘေးဆိုးဒဏ်မှ ကာကွယ်ပေးသော ခိုလှုံရာအရိပ်နှင့် တူတော်မူသည်။ ယေဟောဝါသည် “လက်ယာဘက်” ၌ရှိသည်ဟု ဆိုထားသည်ကို သတိပြုပါ။ ရှေးခေတ်တိုက်ပွဲ၌ စစ်သား၏လက်ဝဲလက်တွင် ကိုင်ဆောင်ထားသော ဒိုင်းလွှားသည် သူ၏လက်ယာလက်ကို အတော်အတန် မကာကွယ်ပေးနိုင်ချေ။ တည်ကြည်သောမိတ်ဆွေတစ်ဦးက စစ်သား၏လက်ယာဘက်မှ ရပ်ကာ တိုက်ခိုက်ပေးခြင်းဖြင့် ကာကွယ်ပေး၏။ ဤမိတ်ဆွေကဲ့သို့ပင် ယေဟောဝါသည် မိမိအားဝတ်ပြုသူများဘက်မှ မားမားမတ်မတ်ရပ်တည်ကာ သူတို့ကို ကူညီမစရန် အမြဲအသင့်ရှိတော်မူသည်။

၆၊ ၇။ (က) ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ကူညီမစမှုမပေးတော့ဘဲ နေမည်မဟုတ်ကြောင်း ဆာလံဆရာက ကျွန်ုပ်တို့အား မည်သို့ စိတ်ချစေသနည်း။ (ခ) ကျွန်ုပ်တို့သည် ဆာလံဆရာနည်းတူ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။

၆ ယေဟောဝါသည် မိမိလူမျိုးတော်ကို ကူညီမစမှု မပေးတော့ဘဲ နေမည်လော။ စိတ်ကူး၍ပင်မရနိုင်ပေ။ ဆာလံဆရာက ဤသို့ကောက်ချက်ချသည်– ‘ယေဟောဝါသည် မကောင်းသောအမှုအရာအလုံးစုံတို့ကို ကွယ်ကာ၍ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ ယေဟောဝါသည် သင်၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ်စောင့်တော်မူလိမ့်မည်။’ (ဆာလံ ၁၂၁:၇၊ ၈၊ ကဘ) ကျမ်းရေးသူသည် လက်ရှိကာလမှ အနာဂတ်ကာလသို့ အလေးပေးပြောလှာသည်ကို သတိပြုပါ။ အစောပိုင်းက အခန်းငယ် ၅ တွင် ‘ယေဟောဝါသည် သင့်ကို စောင့်တော်မူ၏’ ဟူ၍ ဆာလံဆရာဆိုသည်။ သို့သော် ဤအခန်းငယ်များတွင် ဆာလံဆရာက ‘ယေဟောဝါသည် သင့်ကို စောင့်တော်မူလိမ့်မည်’ ဟုရေးသား၏။ သို့ဖြစ်၍ စစ်မှန်သောဝတ်ပြုသူများသည် ယေဟောဝါ၏ကူညီမစမှုကို နောင်အနာဂတ်အထိ ရရှိသွားမည်ဟု ယုံကြည်စိတ်ချ၏။ သူတို့သည် အဘယ်နေရာသို့သွားပါစေ၊ အဘယ်ဘေးဆိုးကိုပင်ကြုံရပါစေ ကိုယ်တော်၏ကူညီမစမှုကို မရနိုင်စရာအကြောင်းမရှိချေ။—သု. ၁၂:၂၁။

၇ အတိုင်းအဆမဲ့တန်ခိုးကြီး ဖန်ဆင်းရှင်သည် ဂရုစိုက်တတ်သောသိုးထိန်း၏ သနားကြင်နာမှုဖြင့်လည်းကောင်း၊ သတိရှိသောအစောင့်၏ နိုးကြားမှုဖြင့်လည်းကောင်း မိမိ၏ကျေးကျွန်များကို ကြည့်ရှုစောင့်ရှောက်တော်မူကြောင်း ဆာလံကျမ်းအခန်းကြီး ၁၂၁ ကိုရေးသားသူက ယုံကြည်စိတ်ချ၏။ ယေဟောဝါသည် ပြောင်းလဲခြင်းမရှိသောကြောင့် ဆာလံဆရာကဲ့သို့ ကျွန်ုပ်တို့လည်း ယုံကြည်စိတ်ချနိုင်စရာ ခိုင်လုံသောအကြောင်းရှိသည်။ (မာလခိ ၃:၆) ယင်းက ကျွန်ုပ်တို့သည် ကာယရေးအရ ကာကွယ်မှု အမြဲရရှိလိမ့်မည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ၊ သို့သော် ကျွန်ုပ်တို့၏ကူညီမစရှင်အဖြစ် ကိုယ်တော့်ကို မျှော်ကိုးနေသရွေ့ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ဘေးသင့်စေနိုင်မည့် အရာမှန်သမျှမှ ကာကွယ်ပေးတော်မူမည်။ ‘ကျွန်ုပ်တို့ကို ယေဟောဝါ မည်သို့ကူညီမစမည်နည်း’ ဟုမေးတတ်ကြသည်မှာ သဘာဝပင်။ ကျွန်ုပ်တို့ကို ကိုယ်တော် ကူညီမစမည့် နည်းလေးနည်းကို ဆန်းစစ်ကြည့်ကြစို့။ ဤဆောင်းပါးတွင် ကျမ်းစာခေတ်က မိမိ၏ကျေးကျွန်များကို ကိုယ်တော်မည်သို့ကူညီမစခဲ့ကြောင်း ဆွေးနွေးကြမည်။ နောက်ဆောင်းပါးတွင် ယနေ့ မိမိ၏လူမျိုးတော်ကို ကိုယ်တော်မည်သို့ကူညီမစကြောင်း သုံးသပ်သွားမည်။

ကောင်းကင်တမန်များထံမှ ကူညီမစမှု

၈။ ကမ္ဘာပေါ်ရှိ ဘုရားသခင့်ကျေးကျွန်များ၏ကောင်းကျိုးကို ကောင်းကင်တမန်များ အလွန်စိတ်ဝင်စားကြသည်မှာ အဘယ်ကြောင့် အံ့အားသင့်စရာမဟုတ်သနည်း။

၈ ယေဟောဝါ၏ကွပ်ကဲမှုအောက်တွင် ကောင်းကင်တမန် အသင်္ချေမကရှိ၏။ (ဒံယေလ ၇:၉၊ ၁၀) အဆိုပါဝိညာဉ်သားများသည် ကိုယ်တော်၏အလိုတော်ကို တည်ကြည်စွာထမ်းဆောင်လျက်ရှိကြသည်။ (ဆာလံ ၁၀၃:၂၀) ယေဟောဝါသည် မိမိအားဝတ်ပြုကိုးကွယ်သူ လူသားများကို အလွန်ချစ်မြတ်နိုးပြီး ကူညီမစလိုကြောင်း သူတို့ ကောင်းစွာသိထားကြသည်။ ကမ္ဘာပေါ်ရှိ ဘုရားသခင့်ကျေးကျွန်များ၏ ကောင်းကျိုးကို ကောင်းကင်တမန်များ အလွန်စိတ်ဝင်စားကြသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။ (လုကာ ၁၅:၁၀) သို့ဖြစ်၍ ကောင်းကင်တမန်များသည် လူသားတို့အား ကူညီရန် ယေဟောဝါ၏အသုံးတော်ခံရခြင်းကို ပျော်ရွှင်ကျေနပ်နေကြမည်မှာ သေချာ၏။ ယေဟောဝါသည် ရှေးခေတ်မှ မိမိ၏လူသားကျေးကျွန်များကို ကူညီမစရန် ကောင်းကင်တမန်များကို အဘယ်နည်းများဖြင့် အသုံးပြုခဲ့သနည်း။

၉။ ဘုရားသခင်သည် တည်ကြည်သောလူသားများကို ကာကွယ်ပေးရန် ကောင်းကင်တမန်များအား အစွမ်းတန်ခိုး ပေးထားပုံကို သာဓကတစ်ခုဖော်ပြပါ။

၉ တည်ကြည်သောလူသားများအား ကာကွယ်ပြီး ကယ်တင်ရန် ကောင်းကင်တမန်များကို ဘုရားသခင် အစွမ်းတန်ခိုးပေးထားသည်။ ကောင်းကင်တမန်နှစ်ပါးသည် လောတနှင့် သူ၏သမီးများကို သောဒုံနှင့် ဂေါမောရမြို့ ပျက်စီးခြင်းဘေးမှ လွတ်မြောက်စေခဲ့သည်။ (ကမ္ဘာဦး ၁၉:၁၊ ၁၅-၁၇) ကောင်းကင်တမန်တစ်ပါးသည် ယေရုရှလင်မြို့ကို ခြိမ်းခြောက်နေသော အာရှုရိစစ်သား ၁၈၅,၀၀၀ ကိုကွပ်မျက်ခဲ့၏။ (၄ ဓမ္မရာဇဝင် ၁၉:၃၅) ခြင်္သေ့တွင်းထဲ ဒံယေလ ပစ်ချခံရသောအခါ ဘုရားသခင်သည် “ကောင်းကင်တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထား” ပေးသည်။ (ဒံယေလ ၆:၂၁၊ ၂၂) ကောင်းကင်တမန်တစ်ပါးသည် တမန်တော်ပေတရုကို အကျဉ်းထောင်မှ ကယ်လွှတ်ပေးခဲ့သည်။ (တမန်တော် ၁၂:၆-၁၁) ကောင်းကင်တမန်များ ကာကွယ်ပေးသည့် အခြားပုံနမူနာများစွာကို သမ္မာကျမ်းစာက ဖော်ပြထားပြီး ဆာလံ ၃၄:၇ က ‘ယေဟောဝါကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏’ ဟူ၍ ဆိုထားချက်ကို စိတ်ချစေသည်။

၁၀။ ယေဟောဝါသည် ပရောဖက်ဒံယေလကို အားပေးရန် ကောင်းကင်တမန်တစ်ပါးကို မည်သို့အသုံးပြုခဲ့သနည်း။

၁၀ တစ်ခါတစ်ရံ တည်ကြည်သောလူသားများကို အားပေးတည်ဆောက်ရန် ကောင်းကင်တမန်များကို ယေဟောဝါ အသုံးပြုတော်မူခဲ့သည်။ ထိမိသောပုံနမူနာတစ်ခုကို ဒံယေလကျမ်းအခန်းကြီး ၁၀ တွင်တွေ့ရ၏။ ထိုအချိန်က ဒံယေလသည် အသက် ၁၀၀ နီးပါးရှိပေမည်။ ထိုပရောဖက်သည် ယေရုရှလင်မြို့၏ ပျက်စီးယိုယွင်းနေသော အခြေအနေနှင့် ဝတ်ပြုရာအိမ်တော်တည်ဆောက်ခြင်းတွင် နှောင့်နှေးကြန့်ကြာမှုတို့ကြောင့် အလွန်စိတ်ဓာတ်ကျနေကြောင်း ထင်ရှားသည်။ ကြောက်မက်ဖွယ်စိတ်အာရုံကို မြင်ရပြီးနောက်လည်း စိုးရိမ်ထိတ်လန့်လာလေသည်။ (ဒံယေလ ၁၀:၂၊ ၃၊ ၈) ဘုရားသခင်သည် သူ့ကို အားပေးရန် ကောင်းကင်တမန်တစ်ပါးကို မေတ္တာပါစွာ စေလွှတ်ပေးခဲ့သည်။ ဒံယေလသည် ဘုရားသခင်၏မျက်မှောက်တော်တွင် “အလွန်ချစ်အပ်သောသူ” ဖြစ်ကြောင်း တစ်ကြိမ်ထက်မက ကောင်းကင်တမန် အသိပေးခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ ဤသက်ကြီးရွယ်အိုပရောဖက်သည် ကောင်းကင်တမန်အား “အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ” ဟုလျှောက်ဆိုခဲ့သည်။—ဒံယေလ ၁၀:၁၁၊ ၁၉။

၁၁။ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားရန် ကောင်းကင်တမန်များအား အသုံးပြုခဲ့သည့် သာဓကတစ်ခုကား အဘယ်နည်း။

၁၁ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားရန်လည်း ကောင်းကင်တမန်များကို ယေဟောဝါအသုံးပြုတော်မူ၏။ အဲသယောပိအမတ်အား ခရစ်တော်အကြောင်း ဟောပြောရန် ဖိလိပ္ပုကို ကောင်းကင်တမန်တစ်ပါးက ညွှန်ကြားပြီးနောက် ထိုအမတ်သည် နှစ်ခြင်းခံလိုက်လေ၏။ (တမန်တော် ၈:၂၆၊ ၂၇၊ ၃၆၊ ၃၈) များမကြာမီ အရေဖျားလှီးခြင်းမခံသော တစ်ပါးအမျိုးသားများကို သတင်းကောင်းဟောပြောရန် ဘုရားသခင် အလိုတော်ရှိခဲ့သည်။ စိတ်အာရုံတစ်ခုတွင် ကောင်းကင်တမန်တစ်ပါးသည် ဘုရားသခင်ကိုကြောက်ရွံ့သူ ကော်နေလိရှေ့ ထင်ရှား၍ တမန်တော်ပေတရုကို ခေါ်ပင့်ရန် ညွှန်ကြားခဲ့၏။ ကော်နေလိ၏စေတမန်များသည် ပေတရုကို တွေ့သောအခါ သူတို့က “ကော်နေလိသည် ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း သန့်ရှင်းသောကောင်းကင်တမန်အားဖြင့် [အမှာစကား]ကိုခံရပါသည်” ဟုပြောပြ၏။ ပေတရုသည် ထိုအတိုင်းလုပ်ဆောင်ခဲ့သည်၊ သို့နှင့် အရေဖျားလှီးခြင်းမခံသော တစ်ပါးအမျိုးသားများသည် ခရစ်ယာန်အသင်းတော်သားများ ဖြစ်လာလေသည်။ (တမန်တော် ၁၀:၂၂၊ ၄၄-၄၈) စိတ်ရင်းမှန်သူတစ်ဦးနှင့် ဆက်သွယ်မိစေရန် သင့်အား ကောင်းကင်တမန်တစ်ပါးက ကူညီခဲ့သည်ဟု သိရှိရလျှင် သင်မည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ!

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကူညီမစ

၁၂၊ ၁၃။ (က) ယေရှု၏တမန်တော်များသည် မိမိတို့အား သန့်ရှင်းသောဝိညာဉ်တော်က ကူညီမစနိုင်ကြောင်း ယုံကြည်ရန် အဘယ်ကြောင့် အကြောင်းကောင်းရှိခဲ့သနည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော်သည် ပထမရာစုရှိခရစ်ယာန်များအား အဘယ်နည်းဖြင့် အစွမ်းတန်ခိုးပေးခဲ့သနည်း။

၁၂ ယေရှုမကွယ်လွန်မီလေးတွင် တမန်တော်များကို အကူအညီမပေးဘဲ ပစ်ထားမည်မဟုတ်ဟု ကိုယ်တော် အာမခံခဲ့သည်။ ခမည်းတော်သည် သူတို့ကို “အကူအညီတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်” ပေးသနားတော်မူမည်။ (ယောဟန် ၁၄:၂၆၊ ကဘ) သန့်ရှင်းသောဝိညာဉ်တော်သည် မိမိတို့အား ကူညီမစပေးနိုင်မည်ကို တမန်တော်များ ယုံကြည်ရန် အကြောင်းကောင်းရှိခဲ့သည်။ ယေဟောဝါသည် မိမိလူမျိုးတော်ကို ကူညီမစရန် စွမ်းအားအထက်မြက်ဆုံး သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးပြုခဲ့ပုံနှင့်စပ်လျဉ်းသည့် သာဓကများစွာ သမ္မာကျမ်းစာတွင်ပါရှိ၏။

၁၃ ယေဟောဝါ၏အလိုတော် ထမ်းဆောင်နိုင်ရန် လူသားများအား အစွမ်းတန်ခိုးပေးဖို့ သန့်ရှင်းသောဝိညာဉ်တော်ကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဣသရေလလူမျိုးကို ကယ်တင်ရန် တရားသူကြီးများအား အစွမ်းတန်ခိုးပေးခဲ့သည်။ (တရားသူကြီး ၃:၉၊ ၁၀; ၆:၃၄) ထိုသန့်ရှင်းသောဝိညာဉ်တော်ကပင် အတိုက်အခံအမျိုးမျိုးကြားမှ သတ္တိရှိရှိ ဆက်ဟောပြောနိုင်ရန် ပထမရာစုခရစ်ယာန်များအား အစွမ်းတန်ခိုးပေးခဲ့သည်။ (တမန်တော် ၁:၈; ၄:၃၁) ခရစ်ယာန်ဓမ္မအမှုတွင် သူတို့အောင်မြင်မှုရခြင်းက သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှု၏ စိတ်ချလောက်သည့် သက်သေသာဓကဖြစ်၏။ “လူတတ်မဟုတ်၊ လူသာမညသာ” ဖြစ်ကြသူများသည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ထိုစဉ်ကသိရှိထားသော ကမ္ဘာတစ်ဝန်းသို့ မည်သို့ပျံ့နှံ့စေခဲ့သည်ကို ရှင်းပြနိုင်စရာ အခြားအကြောင်းရှိနိုင်ပါဦးမည်လော။—တမန်တော် ၄:၁၃; ကောလောသဲ ၁:၂၃။

၁၄။ ယေဟောဝါသည် မိမိ၏လူမျိုးတော် ဉာဏ်အလင်းရစေရန် သန့်ရှင်းသောဝိညာဉ်တော်ကို မည်သို့အသုံးပြုခဲ့သနည်း။

၁၄ မိမိ၏လူမျိုးတော် ဉာဏ်အလင်းရစေရန်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို ယေဟောဝါအသုံးပြုတော်မူ၏။ ဘုရားသခင့်ဝိညာဉ်တော်၏ကူညီမစမှုဖြင့် ယောသပ်သည် ဖာရော၏ပရောဖက်ပြုချက်ဆိုင်ရာ အိပ်မက်များကို အနက်ပြန်နိုင်ခဲ့သည်။ (ကမ္ဘာဦး ၄၁:၁၆၊ ၃၈၊ ၃၉) ယေဟောဝါသည် ဝိညာဉ်တော်အားဖြင့် မိမိ၏ရည်ရွယ်ချက်များကို စိတ်နှိမ့်ချသူများအား ဖော်ပြပြီး မာနကြီးသူများကိုမူ အသိမပေးခဲ့ချေ။ (မဿဲ ၁၁:၂၅) ထို့ကြောင့် “ဘုရားသခင်ကို ချစ်သောသူတို့အဖို့” ယေဟောဝါပြင်ဆင်ပေးရာများနှင့်ပတ်သက်၍ တမန်တော်ပေါလုက “ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဖော်ပြတော်မူ၏” ဟုပြောဆိုခဲ့သည်။ (၁ ကောရိန္သု ၂:၇-၁၀) လူတစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော်၏ကူညီမစမှုဖြင့်သာ ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်နိုင်မည်ဖြစ်သည်။

ဘုရားသခင့်စကားတော်မှ ကူညီမစမှု

၁၅၊ ၁၆။ ယောရှုသည် ပညာရှိရှိလုပ်ဆောင်နိုင်ရန် အဘယ်အရာပြုဖို့ မိန့်မှာခံရသနည်း။

၁၅ ယေဟောဝါ၏မှုတ်သွင်းခံစကားတော်သည် ‘ဆုံးမခြင်းကိုပြုတတ်’ သောကြောင့် ယင်းသည် ဘုရားသခင်၏ကျေးကျွန်များကို “စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူ” ဖြစ်စေနိုင်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) မှတ်တမ်းတင်ပြီးသား ကိုယ်တော်၏စကားတော်အပိုင်းများက ရှေးခေတ် ဘုရားသခင့်လူမျိုးတော်ကို မည်သို့ကူညီမစခဲ့ကြောင်း သမ္မာကျမ်းစာတွင် ပုံနမူနာများစွာပါရှိသည်။

၁၆ ကျမ်းစာစောင်များသည် ဘုရားသခင်အား ဝတ်ပြုသူများကို လမ်းညွှန်ချက်ကောင်း ရရှိစေသည်။ ယောရှုသည် ဣသရေလလူမျိုးကို ဦးဆောင်ရမည့်တာဝန် အပ်နှင်းခံရချိန်တွင် ဤသို့မိန့်မှာခံခဲ့ရသည်– “[မောရှေမှတ်တမ်းတင်ခဲ့သော] ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလို့ငှာ ကျမ်းစာကိုမဖတ်မရွတ်ဘဲမနေ၊ နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။” ဘုရားသခင်သည် ယောရှုကို အံ့ဖွယ်ဉာဏ်ပညာပေးသနားမည်ဟု ကတိမပြုခဲ့ကြောင်း သတိပြုပါ။ ယင်းအစား၊ ယောရှုသည် “ပညတ္တိကျမ်း” ကိုဖတ်ရှုဆင်ခြင်မည်ဆိုလျှင် ပညာရှိရှိ လုပ်ဆောင်နိုင်လိမ့်မည်။—ယောရှု ၁:၈; ဆာလံ ၁:၁-၃။

၁၇။ ဒံယေလနှင့် ရှင်ဘုရင်ယောရှိတို့ရရှိခဲ့သည့် ကျမ်းစာစောင်အစိတ်အပိုင်းများက သူတို့နှစ်ဦးစလုံးကို မည်သို့ကူညီမစခဲ့သနည်း။

၁၇ ဘုရားသခင်သည် မိမိ၏စကားတော်ကိုအသုံးပြု၍ မိမိ၏အလိုတော်နှင့် ရည်ရွယ်ချက်တို့ကိုလည်း ဖွင့်ပြပေး၏။ ဥပမာ၊ ယေရုရှလင်မြို့သည် မည်မျှကာလတိုင် လူသူကင်းမဲ့နေမည်ကို ယေရမိ၏စာမှ ဒံယေလ သိရှိခဲ့ရသည်။ (ယေရမိ ၂၅:၁၁; ဒံယေလ ၉:၂) ယုဒရှင်ဘုရင် ယောရှိလက်ထက်တွင် အဘယ်အရာဖြစ်ပျက်ခဲ့သည်ကိုလည်း သုံးသပ်ကြည့်ပါ။ ထိုအချိန်က ဣသရေလလူမျိုးသည် ယေဟောဝါထံမှ လမ်းလွဲသွားပြီး ရှင်ဘုရင်များသည် ပညတ်တရားကို ကိုယ်တိုင်ကူးယူ၍ လိုက်နာကျင့်သုံးရန် ပျက်ကွက်ခဲ့ကြသည်။ (တရားဟောရာ ၁၇:၁၈-၂၀) သို့သော် ဝတ်ပြုရာအိမ်တော်ကို ပြန်လည်ပြုပြင်စဉ် မောရှေရေးသားခဲ့ဖွယ်ရှိသော “ပညတ္တိကျမ်းစာစောင်” ကိုတွေ့ရှိခဲ့သည်။ အဆိုပါစာစောင်သည် လွန်ခဲ့သောအနှစ် ၈၀၀ ခန့်က ရေးသားပြီးစီးခဲ့သော မူရင်းကျမ်းစာစောင်ဖြစ်နိုင်၏။ ယောရှိသည် ဖတ်ရှုကြားနာပြီးနောက် ထိုလူမျိုးသည် ယေဟောဝါ၏အလိုတော်မှ မည်မျှတိုင်သွေဖည်နေကြောင်း သိမြင်လာကာ ရှင်ဘုရင်သည် စာစောင်တွင်ရေးထားသည့်အတိုင်း ပြုလုပ်ရန် လုပ်ငန်းစဉ်များကို အသေအချာ ချမှတ်ရေးဆွဲခဲ့လေသည်။ (၄ ဓမ္မရာဇဝင် ၂၂:၈; ၂၃:၁-၇) ရှေးခေတ် ဘုရားသခင့်လူမျိုးတော်ရရှိခဲ့သည့် မြင့်မြတ်သောကျမ်းစာစောင် အစိတ်အပိုင်းများက သူတို့ကို ကူညီမစခဲ့ကြောင်း ထင်ရှားသည်မဟုတ်လော။

ယုံကြည်သူချင်းများအားဖြင့် ကူညီမစ

၁၈။ စစ်မှန်သောဝတ်ပြုသူတစ်ဦးသည် အခြားသူကို ကူညီမစသည့်အခါတိုင်း ယေဟောဝါကြောင့်ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။

၁၈ ယေဟောဝါပေးသနားသော ကူညီမစမှုသည် တစ်ခါတစ်ရံ ယုံကြည်သူချင်းများထံမှ လာတတ်၏။ အမှန်စင်စစ် စစ်မှန်သောဝတ်ပြုသူအချင်းချင်း ကူညီပေးမှုတိုင်းသည် ဘုရားသခင်ကြောင့်သာဖြစ်၏။ အဘယ်ကြောင့် ထိုသို့ဆိုနိုင်သနည်း။ အကြောင်းရင်းနှစ်ခုရှိပါသည်။ ပထမအနေနှင့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် ပါဝင်ပတ်သက်နေ၏။ ထိုဝိညာဉ်တော်၏လွှမ်းမိုးမှုကို ခံယူလိုသူများအား ချစ်ခြင်းနှင့် ကောင်းမြတ်ခြင်းတို့ပါဝင်သည့် ဝိညာဉ်အသီးကို ယင်းက သီးပွင့်စေသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သို့ဖြစ်၍ ဘုရားသခင်၏ကျေးကျွန်တစ်ဦးသည် နောက်တစ်ဦးကို ကူညီမစသည့်အခါ သူ့တွင် ယေဟောဝါ၏ဝိညာဉ်တော် လှုပ်ရှားနေကြောင်း ထင်ရှားသည့်သာဓကဖြစ်သည်။ ဒုတိယ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားခံရ၏။ (ကမ္ဘာဦး ၁:၂၆) ယင်းက ကြင်နာမှုနှင့် စာနာမှုအပါအဝင် ကိုယ်တော်၏ဂုဏ်ရည်တော်များကို ကျွန်ုပ်တို့ ထင်ဟပ်ပြနိုင်စွမ်းရှိသည့် အဓိပ္ပာယ်ရှိ၏။ ထို့ကြောင့် ယေဟောဝါ၏ကျေးကျွန်တစ်ဦးသည် အခြားသူကို ကူညီမစသည့်အခါတိုင်း ကူညီမစရှင်၏ပုံသဏ္ဌာန်ကို ထင်ဟပ်ပြနေခြင်းဖြစ်သည်။

၁၉။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ယေဟောဝါသည် ယုံကြည်သူချင်းများအားဖြင့် မည်သို့ကူညီမစခဲ့သနည်း။

၁၉ ကျမ်းစာခေတ်တွင် ယုံကြည်သူချင်းများမှတစ်ဆင့် ယေဟောဝါ မည်သို့ကူညီမစပေးခဲ့သနည်း။ ဗာရုတ်၏အသက်ကိုကယ်တင်ရန် ယေရမိဆုံးမစဉ်ကကဲ့သို့ ယေဟောဝါသည် မိမိ၏ကျေးကျွန်တစ်ဦးမှတစ်ဆင့် နောက်တစ်ဦးကို ဆုံးမတတ်၏။ (ယေရမိ ၄၅:၁-၅) မာကေဒေါနိနှင့် အခါယပြည်ရှိ ခရစ်ယာန်များသည် ယေရုရှလင်မြို့ရှိ သူတို့၏ဆင်းရဲသောညီအစ်ကိုများအား ကူညီမစရန် စိတ်ထက်သန်မှုပြကြစဉ်ကကဲ့သို့ စစ်မှန်သောဝတ်ပြုသူများသည် ယုံကြည်သူချင်းများကို အခါအားလျော်စွာ ရုပ်ပစ္စည်းအရ ကူညီမစပေးကြသည်။ ဤသို့သောရက်ရောမှုသည် “ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း” ထိုက်ကြောင်း တမန်တော်ပေါလုကဆိုခဲ့သည်။—၂ ကောရိန္သု ၉:၁၁။

၂၀၊ ၂၁။ အဘယ်အခြေအနေမျိုးအောက်တွင် ပေါလုသည် ရောမမြို့မှညီအစ်ကိုများကြောင့် ခွန်အားရရှိခဲ့သနည်း။

၂၀ အထူးသဖြင့် ယေဟောဝါကျေးကျွန်အချင်းချင်း အားပေးတည်ဆောက်ရန် ကြိုးစားကြသော မှတ်တမ်းများသည် အလွန်ထိမိ၏။ တမန်တော်ပေါလုနှင့်ပတ်သက်သည့် ပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ ပေါလုသည် အကျဉ်းသားတစ်ဦးအနေနှင့် အပ္ပိ (အက်ပီးယန်း)လမ်းဟု လူသိများသော ရောမအဝေးပြေးလမ်းမကြီးအတိုင်း ခရီးနှင်ခဲ့သည်။ ခရီးသည်များသည် အထူးသဖြင့် ခရီးစဉ်၏ဤနောက်ဆုံးအပိုင်းကို မသွားလိုကြချေ၊ အကြောင်းမှာ ရွှံ့နွံထူထပ်သောမြေနိမ့်ပိုင်းကို ဖြတ်ကျော်ရမည်ဖြစ်သည်။a ရောမအသင်းတော်ရှိ ညီအစ်ကိုများသည် ပေါလုရောက်လာတော့မည်ကို ကြားသိခဲ့ကြသည်။ သူတို့သည် အဘယ်အရာပြုလုပ်ကြမည်နည်း။ သူတို့၏အိမ်တွင် သက်သောင့်သက်သာနေ၍ ပေါလုအလာကို စောင့်ကြိုနေကြသလော။

၂၁ ထိုခရီးစဉ်တွင် ပေါလုနှင့် လိုက်ပါလာခဲ့သော ကျမ်းရေးသူလုကာသည် ဖြစ်ပျက်ခဲ့ရာကို ဤသို့ပြောပြ၏– “ရောမမြို့သား ညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင် ခရီးဦးကြိုပြုအံ့သောငှာ အချို့တို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ အချို့တို့သည် သုံးဇရပ်တိုင်အောင်လည်းကောင်း လာကြ၏။” ထိုမြင်ကွင်းကို သင်မြင်ယောင်ကြည့်နိုင်သလော။ ပေါလုလာနေသည်ကို သိရှိကြသော ညီအစ်ကိုများအဖွဲ့သည် ပေါလုနှင့်တွေ့ဆုံရန် ရောမမြို့မှ ခရီးနှင်လာကြသည်။ ထိုအဖွဲ့မှ ညီအစ်ကိုအချို့သည် ရောမမြို့မှ ၄၆ မိုင်ခန့်အကွာ ခရီးတစ်ထောက်နားနေရာဟု လူသိများသော အပ္ပိဈေးတွင် စောင့်နေကြသည်။ ကျန်ရှိသောညီအစ်ကိုများသည် မြို့အပြင်ဘက် ၃၆ မိုင်ခန့်အကွာရှိ သုံးဇရပ်တွင် စောင့်နေကြ၏။ ပေါလု မည်သို့တုံ့ပြန်ခဲ့သနည်း။ လုကာက “ပေါလုသည် ထိုသူတို့ကိုမြင်လျှင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။” (တမန်တော် ၂၈:၁၅) ကြိုးစားအားထုတ်၍ ထိုလမ်းခရီးကို ဖြတ်ကျော်လာခဲ့ကြသော အဆိုပါညီအစ်ကိုများကို မြင်လိုက်ရုံဖြင့် ပေါလုသည် ခွန်အားရရှိပြီး စိတ်သက်သာရာရခဲ့သည်ကို စဉ်းစားသာကြည့်ပါလေ! ပေါလုသည် ဤကူညီမစမှုအတွက် အဘယ်သူကို ကျေးဇူးတင်ခဲ့သနည်း။ ကူညီမစရှင် ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်လေသည်။

၂၂။ ကျွန်ုပ်တို့၏ ၂၀၀၅ နှစ်ချုပ်ကျမ်းချက်ကား အဘယ်နည်း၊ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းအရာကို သုံးသပ်ကြမည်နည်း။

၂၂ ဘုရားသခင်၏ဆက်ဆံရေးဆိုင်ရာ မှုတ်သွင်းခံမှတ်တမ်းက ယင်းအကြောင်းကို ဖော်ပြသည်မှာ ထင်ရှား၏။ ကိုယ်တော်သည် တုနှိုင်း၍မရသော ကူညီမစရှင်ဖြစ်၏။ သင့်လျော်စွာပင် ယေဟောဝါသက်သေများသည် ဆာလံ ၁၂၁:၂ (ကဘ) ပါဤစကားများကို သူတို့၏ ၂၀၀၅ နှစ်ချုပ်ကျမ်းချက်အဖြစ် ထားရှိကြမည်– ‘ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏။’ သို့သော် ယနေ့ ယေဟောဝါသည် ကျွန်ုပ်တို့ကို မည်သို့ကူညီမစသနည်း။ နောက်ဆောင်းပါးတွင် ယင်းကို သုံးသပ်ကြမည်။

[အောက်ခြေမှတ်ချက်]

a ထိုခရီးကိုပင်သွားခဲ့သူ ရောမကဗျာဆရာဟောရေးစ် (ဘီ.စီ.အီး. ၆၅–၈) က ဤခရီးစဉ်၏စိတ်ပန်းလူပန်းဖြစ်မှုကို ဖော်ပြသည်။ အက်ပီးယန်း (အပ္ပိ) ဈေးတွင် “လှေသမားများ ပြည့်ကျပ်နေပြီး တည်းခိုခန်း (ဇရပ်) များမရှိသလောက်ဖြစ်နေသည်” ဟုဟောရေးစ်က ဆို၏။ “တောခြင်များနှင့် ဖားများ၏ဒဏ်” နှင့် “ညစ်ညမ်းသော” ရေအကြောင်းကို ညည်းညူပြောဆိုခဲ့သည်။

သင်မှတ်မိသလော

ယေဟောဝါသည်

• ကောင်းကင်တမန်များအားဖြင့်

• ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်

• ကိုယ်တော်၏ မှုတ်သွင်းခံစကားတော်အားဖြင့်

• ယုံကြည်သူချင်းများအားဖြင့်မည်သို့ကူညီမစခဲ့သနည်း။

[စာမျက်နှာ ၁၅ ပါ အကျဉ်းဖော်ပြချက်]

၂၀၀၅ နှစ်ချုပ်ကျမ်းချက်မှာ ဤသို့ဖြစ်မည်– ‘ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏။’—ဆာလံ ၁၂၁:၂၊ ကဘ။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ပေါလုသည် ရောမညီအစ်ကိုများထံမှ ရရှိခဲ့သော ကူညီမစမှုအတွက် ဘုရားသခင်အား ကျေးဇူးတင်ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ