သင့်ခံစားချက်များကို သင်တွန်းလှန်နေရသလော
အပျက်သဘောဝင်နေသည့် လီနာသည် သူ၏စိတ်သဘောကို တွန်းလှန်နေခဲ့ရသည်မှာ တစ်သက်လုံးနီးပါးပင်။ “ငယ်ငယ်တုန်းက နှစ်နဲ့ချီပြီး လိင်ဆိုင်ရာမတော်မတရားပြုခံခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုလေးစားမှု မရှိသလောက်ဖြစ်သွားတယ်။ ကျွန်မဟာ လုံးဝအသုံးမကျတဲ့သူပဲလို့ ခံစားခဲ့ရတယ်” ဟု သူဆိုရှာသည်။ ဆီမွန်ကလည်း “ကျွန်မဟာ တော်တော့်ကို တန်ဖိုးမရှိတဲ့သူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားပြီး ရင်ထဲမှာ ဟာတာတာဖြစ်နေခဲ့တာ” ဟု သူ၏ငယ်စဉ်ဘဝကို ပြန်တွေးတောကာ ပြောပြသည်။ အဆိုပါခံစားချက်များကြောင့် အကြီးအကျယ် ပျော်ရွှင်မှုကင်းမဲ့ရခြင်းသည် ယနေ့ နေရာတကာတွင် ပျံ့နှံ့နေပုံရ၏။ ဆယ်ကျော်သက်များအတွက် တယ်လီဖုန်းဖြင့်အကြံပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ၎င်းတို့ထံ ဖုန်းခေါ်သူများအနက် ထက်ဝက်နီးပါးက “ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိဟူ၍ အမြဲလိုလိုခံစားနေရ” ကြောင်း ပြောပြကြသည်ဟု ဆိုသည်။
စိတ်ပညာရှင်တချို့၏အဆိုအရ လူတို့ကို အခြားသူများက တန်ဖိုးမရှိသူဟု ခံစားစေသည့်အခါ သိမ်ငယ်စိတ်များ ဝင်လာတတ်သည်။ လူတစ်ဦးသည် တစ်ချိန်လုံးပြစ်တင်ပြောဆိုခံနေရမည်၊ လွန်လွန်ကျွံကျွံနှင့် ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ခံရမည်၊ မတော်မတရားပြုမူဆက်ဆံခံရမည်ဆိုလျှင် ထိုသို့သောစိတ်ထားမျိုးဝင်လာတတ်၏။ အဘယ်အကြောင်းကြောင့်ပင်ဖြစ်ပါစေ အကျိုးဆက်များမှာ အားလျော့ချည့်နဲ့သွားစေနိုင်ကာ အပျက်သဘောပင်ဝင်လာစေနိုင်၏။ ကိုယ့်ကိုယ်ကို အပျက်သဘောဝင်နေသူတို့သည် ကိုယ့်ကိုယ်ကိုနှင့် သူတစ်ပါးကိုပါ သံသယဝင်လာတတ်ရာ ရင်းနှီးသောဆွေမျိုးများ၊ ခင်မင်သူမိတ်ဆွေများနှင့်ပင် ဆက်ဆံရေးပျက်ပြားသွားနိုင်ကြောင်း မကြာသေးမီကပြုလုပ်သည့် ဆေးဘက်ဆိုင်ရာလေ့လာမှုတစ်ရပ်က တွေ့ရှိခဲ့၏။ “တစ်နည်းအားဖြင့်ဆိုသော် မိမိတို့အကြောက်ဆုံးအခြေအနေများကို မိမိတို့ ‘ဖန်တီး’ တတ်ကြ၏” ဟု အဆိုပါလေ့လာမှုကဆိုသည်။
ထိုသို့ခံစားရသူတို့သည် ကျမ်းစာတွင်ဖော်ပြထားသည့် “ငြိမ်သက်မှုမရှိသော အတွေးများ” ပိုင်ရှင်ဖြစ်လေ့ရှိ၏။ (ဆာလံ ၉၄:၁၉၊ ကဘ) မိမိတို့သည် အသုံးမကျသူများဟုတွေးတတ်၏။ တစ်စုံတစ်ရာမှားသွားလျှင် ကိုယ့်ကိုယ်ကို အလိုလို အပြစ်တင်တတ်ကြသည်။ သူတို့၏အောင်မြင်မှုများအတွက် ချီးမွမ်းခံရသည့်တိုင် အနှေးနှင့်အမြန် ဖော်ထုတ်ခံရတော့မည့် အယောင်ဆောင်သမားဟူ၍ သူတို့စိတ်ထဲတွင် ထင်တတ်ကြ၏။ မိမိတို့သည် ပျော်ရွှင်မှုကိုမခံစားထိုက်ဟု ယူမှတ်ထားကြကာ ပြုပြင်၍မရသည့်အကျင့်များကျင့်ပြီး ကိုယ့်ကိုယ်ကိုဖျက်ဆီးကြလေသည်။ အစောပိုင်းတွင် ဖော်ပြခဲ့သည့် လီနာသည် မိမိကိုယ်ကိုလေးစားမှုမရှိ၍ စိုးရိမ်ရသည့် အစားအသောက်မူမမှန်မှုဖြစ်လာရာ “ဘာကိုမှ ပြုပြင်ပြောင်းလဲလို့ ရမှာမဟုတ်ပါဘူးလို့ ထင်ခဲ့မိတာ” ဟု ဝန်ခံရှာ၏။
အဆိုပါ “ငြိမ်သက်မှုမရှိသော အတွေးများ” ကို တွန်းလှန်နေရသူတို့သည် တစ်သက်လုံး ဤသို့သာ ခံစားသွားကြရတော့မည်လော။ အဆိုပါခံစားချက်များကို ဆိုင်ပြိုင်တွန်းလှန်ရန် ပြုလုပ်နိုင်စရာ တစ်စုံတစ်ရာရှိပါသလော။ လူများစွာအား အောင်မြင်စွာ တွန်းလှန်နိုင်စေခဲ့သည့် မူများနှင့် လက်တွေ့ကျအကြံပေးစကားများကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ အဆိုပါမူတချို့ကား အဘယ်နည်း၊ ဘဝတွင် ရွှင်လန်းမှုရရှိရန် ဝေဒနာရှင်များအား မည်သို့ကူညီပေးခဲ့ပြီနည်း။ နောက်ဆောင်းပါးက ရှင်းပြပါမည်။