မေးခွန်းသေတ္တာ
• ဘရုတ်ကလင်ဗေသလအိမ်၊ ကင်းမျှော်စင်ခြံနှင့် ကမ္ဘာတစ်ဝှန်းရှိ ဌာနခွဲပိုင်အဆောက်အဦးများအားလုံးထံ လည်ပတ်သွားလာသည့်အခါ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုကို အဘယ်ကြောင့် အထူးဂရုပြုသင့်သနည်း။
ခရစ်ယာန်များသည် သိက္ခာထိန်းသိမ်းသူများဖြစ်ရန် မျှော်လင့်ထားသည်။ ကျွန်ုပ်တို့ဝတ်စားဆင်ယင်ပုံသည် အချိန်အခါမရွေး ယေဟောဝါဘုရားသခင်၏ကျေးကျွန်များနှင့် ထိုက်တန်လိုက်ဖက်သော ယဉ်ကျေးမှုနှင့်သိက္ခာကို ရောင်ပြန်ဟပ်သင့်သည်။ အထူးသဖြင့် ဘရုတ်ကလင်ဗေသလအိမ်၊ ကင်းမျှော်စင်ခြံ၊ ကမ္ဘာတစ်ဝှန်းရှိ ဌာနခွဲရုံးများနှင့် အခြားအဆောက်အဦများထံ လည်ပတ်သည့်အခါ ဤသို့ဖြစ်သင့်သည်။ သင့်လျော်သောဝတ်စားဆင်ယင်မှု အရေးကြီးကြောင်း ဆွေးနွေးရာတွင် မိမိတို့ဓမ္မအမှုကိုကျေပွန်ရန် အဖွဲ့အစည်းက လယ်ကွင်းဓမ္မအမှုတွင်ပါဝင်သည့်အခါ၊ ခရစ်ယာန်စည်းဝေးများတက်သည့်အခါ ကာယသန့်ရှင်းမှုရှိပြီး ဣန္ဒြေရရဝတ်စားဆင်ယင်ရန် လိုအပ်ကြောင်းတင်ပြထားသည်။ ထိုနောက် စာမျက်နှာ ၁၆၂ အပိုဒ် ၁ တွင် ဤသို့ဆိုသည်။ “ဘရုတ်ကလင်ဗေသလအိမ်သို့ဖြစ်စေ၊ အသင်းမ၏ အခြားဌာနခွဲရုံးများသို့ဖြစ်စေ လည်ပတ်သွားရောက်သောအခါများ၌လည်း ထိုအတိုင်းပင်ဖြစ်သင့်သည်။ ဗေသလဟူသောနာမည်သည် ‘ဘုရားသခင့်အိမ်တော်’ ဟုအဓိပ္ပာယ်သက်ရောက်ကြောင်း သတိရပါလေ။ ထိုကြောင့် နိုင်ငံတော်ခန်းမများတွင် ဝတ်ပြုစည်းဝေးများ တက်ရောက်သောအခါများမှာကဲ့သို့ပင် ဖီးလိမ်းဝတ်စားကျင့်ကြံသင့်ပါသည်။”
တမန်တော်ပေါလုက ကျွန်ုပ်တို့သည် “လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူ” များဖြစ်ကြောင်းဆိုသည်။ (၁ ကော၊ ၄:၉) ထိုကြောင့် ယေဟောဝါ၏စစ်မှန်သောဝတ်ပြုမှုကို အခြားသူများမည်သို့ယူမှတ်ကြောင်း ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုသည် အပြုသဘောဖြင့် ဩဇာညောင်းသင့်သည်။ သို့သော် ညီအစ်ကိုညီအစ်မအချို့သည် ဌာနခွဲရုံးများပိုင်အဆောက်အဦများသို့ လည်ပတ်သွားလာသည့်အခါ ဖြစ်ကတတ်ဆန်းဝတ်စားလာကြသည်ကို တွေ့ရှိရသည်။ ဌာနခွဲအဆောက်အဦများသို့ လည်ပတ်ရာတွင် ဤသို့ဝတ်စားခြင်းသည် မသင့်တော်ပေ။ ခရစ်ယာန်ဘဝအသက်တာ၏ ကဏ္ဍအသီးသီးမှာကဲ့သို့ ဤကဏ္ဍတွင်လည်း ဘုရားသခင့်ဘုန်းတော်အတွက် အရာခပ်သိမ်းကိုပြုခြင်းအားဖြင့် ဘုရားသခင့်လူမျိုးကို လောကီသားများနှင့် ကွာခြားစေသည့် မြင့်မြတ်သောစံချိန်များကို ထိန်းသိမ်းလိုပါသည်။ (ရော၊ ၁၂:၂။ ၁ ကော၊ ၁၀:၃၁) ကျွန်ုပ်တို့၏ကျမ်းစာသင်သားများနှင့် ဘရုတ်ကလင်ဗေသလအိမ်၊ အသင်းမဌာနခွဲရုံးပိုင် အခြားအဆောက်အဦးများထံ ပထမအကြိမ်လည်ပတ်သည့် အခြားသူများကိုပါ သင့်လျော်သော ဝတ်စားဆင်ယင်မှုကိုဂရုစိုက်ရန်အရေးကြီးကြောင်း ပြောပြလျှင်ကောင်းပါသည်။
ထိုကြောင့် အသင်းမအဆောက်အဦများထံ လည်ပတ်သွားလာသည့်အခါ မိမိကိုယ်ကို ဤသို့မေးမြန်းပါ။ ‘ကျွန်ုပ်၏ဝတ်စားဆင်ယင်မှုသည် ဣန္ဒြေရှိပါသလော။ (မိ၊ ၆:၈) ကျွန်ုပ်ကိုးကွယ်သောဘုရားသခင်၏ဘုန်းတော် ထင်ရှားစေပါသလော။ ကျွန်ုပ်၏ပုံစံကိုကြည့်ပြီး သူတစ်ထူး စိတ်ပျက်သွားမည်လော။ စိတ်ထိခိုက်စရာဖြစ်မည်လော။ ပထမအကြိမ်လည်ပတ်မည့်သူများအတွက် ပုံသက်သေကောင်းဖြစ်မည်လော။’ ကျွန်ုပ်တို့၏ ဝတ်စားဆင်ယင်မှုဖြင့် “ကယ်တင်သောအရှင် ဘုရားသခင်၏သြဝါဒကို အရာရာ၌တန်ဆာဆင်’ ပါလေ။—တိ၊ ၂:၉။