သင်ကျင့်ကြံပြုမူသမျှတွင် သန့်ရှင်းမှုရှိလော့
၁ လွန်လေပြီးသောကာလနည်းတူ သန်းရှင်းခြင်းသည် ယနေ့ဘုရားသခင့်ကျေးကျွန်များအတွက် မြင့်မြတ်သောလိုအပ်ချက်တစ်ခုဖြစ်သည်။ ထိုကြောင့် သန့်ရှင်းခြင်းကိုနားလည်ရုံမက ယင်းသည် ယေဟောဝါ၏ဝတ်ပြုရေးတွင် မည်ကဲ့သို့နှင့် အဘယ်နည်းဖြင့် အမှတ်လက္ခဏာတစ်ရပ်ဖြစ်သင့်ကြောင်း ကျွန်ုပ်တို့တစ်ယောက်စီသိထားရန် အရေးကြီးသည်။ ယင်းကြောင့် ၁၉၉၁ ခုလုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲနေ့တွင် ဆွေးနွေးမည့်အဓိကအချက်မှာ “သင်ကျင့်ကြံပြုမူသမျှတွင် သန့်ရှင်းမှုရှိလော့” ဖြစ်သည်။—၁ ပေ၊ ၁:၁၅။
၂ ယေဟောဝါ၏ဖြောင့်မတ်သောမူများနှင့် ဥပဒေများသည် သန့်ရှင်းသောဘုရားသခင်ဖြစ်တော်မူသော ကိုယ်တော်ထံမှအစပြုသောကြောင့် ကျွန်ုပ်တို့ရထားသည့် ဖြောင့်မတ်သောအနေအထားသည် ကိုယ်တော်နှင့်ရင်းနှီးသောနှစ်ကိုယ်ကြားဆက်ဆံမှု၏ အကျိုးရလဒ်ဖြစ်ပေသည်။ ထိုကြောင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံမှုကိုတိုးတက်စေရန် မည်သို့ပြုလုပ်နိုင်ကြောင်း အစီအစဉ်တွင် နည်းအမျိုးမျိုးကို ဆွေးနွေးတင်ပြပေးမည်။ ယင်းတို့သည် သေးငယ်သောအရာများဟူ၍ ယူမှတ်သည့်ကိစ္စများ၌ပင် ကိုယ်တော်၏သန့်ရှင်းသောစံချိန်များကိုနာခံခြင်း ပါဝင်ပတ်သက်သည်။ (လု၊ ၁၆:၁၀) ယေဟောဝါ၏သန့်ရှင်းသောလိုအပ်ချက်များကို အလေးအနက်တန်ဖိုးထားစိတ်မွေးမြူပေးရန်၊ ကျွန်ုပ်တို့စဉ်းစားပုံ၊ စိတ်နေသဘောထားနှင့်အပြုအမူတို့ကို ယင်းတို့မည်သို့သြဇာညောင်းသင့်ကြောင်း သတိပေးခံရပေမည်။
၃ တင်ပြပြောဟောမည့် အဓိကဟောပြောချက်နှစ်ခုမှာ “တိုး၍တိုး၍ သန့်ရှင်းစေခြင်းကို လက်ခံနာယူခြင်း” နှင့် “ယေဟောဝါ၏သန့်ရှင်းသောလူမျိုး၏ လုပ်ငန်းရပ်များကို တိုးချဲ့ခြင်း” အကြောင်းဖြစ်သည်။ စိတ်လှုပ်ရှားစေသော ကမ္ဘာ့အဖြစ်အပျက်များသည် ကျွန်ုပ်တို့ခေတ်ကာလ အရေးကြီးကြောင်း နေ့စဉ်သိမှတ်စေသည့်အလျောက် လုပ်ငန်းတော်နှစ်သစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်သည် ယေဟောဝါထံမှလမ်းပြညွှန်ကြားမှုကို ဆက်စောင့်မျှော်နေရန် လှုံ့ဆော်ပေးမည်။ သန့်ရှင်းစွာပြုမူကျင့်ကြံခြင်းအားဖြင့် ကိုယ်တော့်အလိုတော်နှင့်တွေ့ရန် ရှာကြံစေမည်။—၁ ပေ၊ ၁:၁၄၊ ၁၆။