အာရုံမပျံ့လွင့်ဘဲယေဟောဝါအမှုတော်ကိုဆောင်လော့
၁ “ယေဟောဝါကို မိမိတို့၏ဘုရားသခင်ဖြစ်စေသောလူမျိုးသည် ပျော်ရွှင်၏။” (ဆာ. ၁၄၄:၁၅၊ ကဘ) ဤဆိုးယုတ်သောနေ့ရက်များအတွင်း၌ပင်၊ ဘုရင်ဒါဝိဒ်၏ ဤစကားများသည် မှန်ကန်နေဆဲလော။ (ဧ. ၅:၁၆) ဟုတ်ပါသည်! ယေဟောဝါအမှုတော်ကိုဆောင်ခြင်း၌ ခရစ်ယာန်များ ဝမ်းမြောက်မှုကို တွေ့နေဆဲပင်။ အဖြစ်အပျက်များသည် ကျွန်ုပ်တို့အတွက် အမြဲလွယ်ကူသည်မဟုတ်။ ဤ ‘နောက်ဆုံးအချိန်များ’ အတွင်း အခက်အခဲများပေါ်အောင် စာတန်လှုံ့ဆော်သည်၊ သို့တိုင် ကျွန်ုပ်တို့ မှိုင်တွေမသွားချေ။ (၂ တိ. ၃:၁၊ ၂) ဘုရားသခင့်နိုင်ငံတော်သည် ဤယိုယွင်းနေသောလောကဟောင်းကို ရှင်းလင်းကာ သန့်စင်သောလောကသစ်ဖြင့် အစားထိုးတော့မည်အချိန်မှာ လက်တစ်ကမ်းသာလိုတော့ကြောင်းကို ဆိုးရွားလာနေသောအခြေအနေများက ထပ်လောင်းသက်သေထူလျက်ရှိသည်။ (၂ ပေ. ၃:၁၃) ဤလောက၏မှောင်မိုက်က ကျွန်ုပ်တို့၏ ဝမ်းမြောက်ဖွယ်မျှော်လင့်ချက်ကို မှေးမှိန် ကွယ်ပျောက်အောင်မလုပ်ချေ; သို့အစား၊ ကျွန်ုပ်တို့၏ နိုင်ငံတော်မျှော်လင့်ချက်သည် ယခင်ထက်ပို၍ ထွန်းလင်းတောက်ပလာသည်။ ဤမှောင်မိုက်လောကတွင် အလင်းဆောင်သူတစ်ဦးအဖြစ် ယေဟောဝါအမှုတော်ဆောင်နေရခြင်းကို သင်ဝမ်းမမြောက်ပေလော။—ဖိ. ၂:၁၅။
၂ တစ်ဦးချင်းအနေနှင့်၊ မည်သို့ ယေဟောဝါအမှုတော်ဆောင်နေသည်ကို ကျွန်ုပ်တို့ တစိုက်မတ်မတ် သတိပြုရမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ စာတန်သည် မဟာအာရုံပျံ့လွင့်စေသူတစ်ဦးဖြစ်သည်။ အဘိဓာန်တစ်ခုက “အာရုံလွဲ” ကို “ဘေးသို့သက်ဆင်းရန်၊” “တချိန်တည်းတွင် အခြားဝတ္ထုတစ်ခုသို့ (ဝါ) အခြားဦးတည်ချက်သို့ (တစ်ဦး၏အာရုံကို) ဆွဲယူရန် သို့မဟုတ် လမ်းညွှန်ပေးရန်” ထို့ ပြင် “ကွဲလွဲဆန့်ကျင်သော စိတ်လှုပ်ရှားမှု (ဝါ) လှုံ့ဆော်ခြင်းဖြင့် မွှေနှောက်ရန် သို့မဟုတ် ရှုပ်ထွေးစေရန်ဟု အနက်ဖွင့်သည်။ ဤမြေကြီးပေါ် ပစ်ချခံရပြီးကတည်းက၊ စာတန်သည် လူသားထုကို “လှည့်ဖြား” ရာတွင် အောင်မြင်ခဲ့ပြီ။ ကျွန်ုပ်တို့ခေတ်ဆိုင်ရာ စစ်မှန်သောအရေးကိစ္စများမှ လူ့အာရုံလွဲသွားစေရန် နည်းပရိယာယ်များစွာကို သူအသုံးပြုသည်။ (ဗျာ. ၁၂:၉) ယေဟောဝါသက်သေများသည် နိုင်ငံတော်ဟောပြောခြင်းကို အတိတ်ကနှစ်တစ်ရာကြာ အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ကြသော်လည်း၊ ဘုရားသခင့်နာမတော်ကို သိဒ္ဓိတင်ခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကိုယ်တော့်အချုပ်အခြာအာဏာတော် သင်္ကာယနကင်းခြင်းဆိုင်ရာ အရေးတကာ့အရေးအကြီးဆုံး ကိစ္စရပ်ကို လူသားမည်မျှ အလေးထားခဲ့ကြသနည်း။ နှိုင်းစာလိုက်လျှင် အနည်းငယ်မျှသာရှိသည်။ (၁ ယောဟန် ၅:၁၉) စာတန်သည် သန်းထောင်ပေါင်းများစွာသောလူတို့ကို အာရုံလွှဲနိုင်ခဲ့လျှင်၊ ရှိမြဲရှိနေသည့်အန္တရာယ်မှာ ယေဟောဝါ၏အမှုတော်ဆောင်ခြင်းကို ကျွန်ုပ်တို့စွန့်ခွာသွားအောင် သူသည် ကျွန်ုပ်တို့ကို အာရုံလွှဲနိုင် သို့မဟုတ် ကျွန်ုပ်တို့၏အာရုံကို ဖမ်းယူနိုင်ခြင်းဖြစ်သည်။ ဝမ်းနည်းစရာကား၊ စာတန်၏ အာရုံပျံ့လွင့်စေမှုကြောင့် ကျွန်ုပ်တို့၏ညီအစ်ကိုအချို့ ကယောက်ကယက်ဖြစ်ကုန်ကြပြီ။ မိမိတို့၏စိတ်ကို အခြားဦးတည်ချက်သို့ ဆွဲဆောင်ခွင့်ပြုခဲ့ကြပြီ။ ယနေ့ အာရုံပျံ့လွင့်စေသည့်နည်းမျိုးစုံ ရှိသည်။ ယင်းတို့အနက် အချို့ကို သုံးသပ်ကြည့်ပါ။
၃ စီးပွားရေးပြဿနာများနှင့် ရုပ်ပစ္စည်းများကိုမက်မောခြင်း– ကမ္ဘာ့နိုင်ငံအများစုတွင်၊ အလုပ်လက်မဲ့မှု နှင့် လူနေမှုစရိတ်မြင့်မားမှုတို့က စိုးရိမ်ပူပန်မှုကိုဖြစ်စေသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့မိသားစုဝင်များ၏ စားဝတ်နေရေးကို ကျွန်ုပ်တို့ဖြည့်ဆည်းပေးရမည်။ သို့သော် ဘဝလိုအပ်ရာများအပေါ် အလွန်အမင်းစိုးရိမ်ရန် ကျွန်ုပ်တို့ခွင့်ပြုလိုက်မည်ဆိုလျှင်၊ ယင်းတို့က ကျွန်ုပ်တို့၏စဉ်းစားတွေးတောမှုကို ကြီးစိုးလာလိမ့်မည်။ နိုင်ငံတော်ရေးရာကို အလေးထားထောက်ပံ့ရေးထက် ကာယရေးတည်မြဲရေးသည် ဘဝတွင် အရေးအကြီးဆုံးအရာဖြစ်လာနိုင်သည်။ ဤကိစ္စနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဟေဗြဲ ၁၃:၅၊ ၆ ၌ ဩဝါဒပေးခဲ့သည်။ နိုင်ငံတော်ကိုရှေးဦးရှာသူများ စိုးရိမ်ပူပန်စရာမလိုကြောင်း ယေရှုခရစ် အာမခံခဲ့သည်; ကျွန်ုပ်တို့ အမှန်တကယ်လိုအပ်ရာများကို ယေဟောဝါ ဖြည့်ဆည်းပေးသည်။ (မ. ၆:၂၅-၃၄) ဤအချက်မှန်ကန်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ရှေ့ဆောင်များနှင့် အခြားအချိန်-ပြည့်ကျေးကျွန်များက အခိုင်အမာသက်သေထူနိုင်ကြသည်။
၄ စာတန့်လောက က ရုပ်ပစ္စည်းမက်မောရန် လှုံ့ဆော်သည်။ ဓနဥစ္စာများစွာ ကြိုးစားရယူခြင်း သို့မဟုတ် ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် သန်းပေါင်းများစွာတို့၏ အသက်တာကို ထိန်းကျောင်းပေးနေသည့် စွမ်းအားဖြစ်သည်။ အလားတူ အာရုံပျံ့လွင့်မှုများ ယေရှုခေတ်၌ ရှိခဲ့သည်။ ငယ်ရွယ်သော သူကြွယ်မင်းတစ်ဦးက ထာဝရအသက်ဝင်စားရန် မိမိဘာလုပ်ရမည်ကို ယေရှုအား မေးခဲ့သည်။ ယေရှုဖြေသည်– “သင်သည် စုံလင် [ဝါ၊ ပြည့်စုံ] ခြင်းသို့ရောက်လိုလျှင် သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့။” (မ. ၁၉:၁၆-၂၃) ထင်ရှားသည်ကား၊ သူ၏ မြောက်မြားစွာသော ရုပ်ပစ္စည်းဥစ္စာများက ဤလုလင်ကို ဘုရားသခင်အား စိုးလ်-ပြည့် အမှုဆောင်ခြင်းမှ အာရုံပျံ့လွင့်စေခဲ့သည်။ သူ၏စည်းစိမ်များဆီသို့ သူ့နှလုံး အလှည့်ခံရသည်။ ဤအာရုံလွဲစရာဝန်များကို သူဖယ်ရှားလိုက်ပါက လုလင်သည် အကျိုးခံစားရမည်ကို ယေရှုသိတော်မူခဲ့သည်။ ယင်းတို့က သူ၏လုံးလုံးလျားလျားဘုရားရေးရာဆက်ကပ်အပ်နှံမှုကို ဟန့်တားခဲ့သည်။ အသင်ကော။ သင့်လုပ်ရိုးလုပ်စဉ် ဘဝ-ပုံစံကို ထိန်းသိမ်းရုံမျှအတွက် လောကအလုပ်၌ အချိန်ပိုသုံးနေသလော။ ယင်းက ယေဟောဝါအမှုတော်ဆောင်ခြင်းကို ထိပါးခဲ့ပြီလော။ နိုင်ငံတော်အကျိုးစီးပွားများအတွက် ဘာမျှမကျန်အောင် သင့်ပစ္စည်းဥစ္စာများက ထုတ်ပစ်နေပါသလော။ (မ. ၆:၂၄) ဝိညာဉ်ရေးအကျိုးစီးပွားများအတွက် အချိန်ပိုပေးရန် သင့်ဘဝကို ရိုးရှင်းစေနိုင်ပါသလော။
၅ နေ့စဉ်အသက်တာ၏ သာမန်ကိစ္စများ– ကျွန်ုပ်တို့သတိမထားပါက၊ ဝိညာဉ်ရေးရာလုပ်ဆောင်မှုများကို ငြင်းပယ်မိသည့်တိုင် အသက်တာ၏သာမန်ကိစ္စများ၌ အာရုံစူးစိုက်လာပေမည်။ နောဧခေတ်ရှိ လူသားတို့ကို သတိရပါ။ သူတို့သည် လူမှုရေးရာများ၊ စားသောက်ခြင်း၊ ထိမ်းမြား၍ သားသမီးများကိုပေးစားခြင်း၌ အလွန်အမင်းနစ်မွန်းနေကာ၊ ချဉ်းကပ်လာနေပြီဖြစ်သော ရေလွှမ်းမိုးဘေးဆိုင်ရာ နောဧ၏ သတိပေးသတင်းစကားကိုပင် သတိမမူခဲ့ကြပေ။ ယင်းကို သူတို့သတိမထားမိမီ၊ ရေလွှမ်းမိုးဘေးရောက်လာ၍ သူတို့ကို ရှင်းလင်းပစ်ခဲ့သည်။ အာရုံပျံ့လွင့်ခြင်းရလဒ်ကား သူတို့အဖို့ ပျက်စီးခြင်းသာတည်း။ ယေရှုပြောသည်– “လူသားသည် ကြွလာသောအခါ . . . ကဲ့သို့ ဖြစ်လိမ့်မည်။” (မ. ၂၄:၃၇-၃၉) စင်စစ်၊ ယနေ့ လူအများစုသည် ကျွန်ုပ်တို့ ယူဆောင်လာသည့် သတိပေးသတင်းစကားကို အာရုံမစိုက်နိုင်လောက်အောင် မိမိတို့ကိုယ်တိုင်၏ ဘဝရေးရာများ၌သာ အလွန်အမင်းအာရုံနစ်မွန်းနေကြသည်။ ဝိညာဉ်ရေးရာများအပေါ် စိုးရိမ်ဖွယ်ကောင်းလောက်အောင် ဥပေက္ခာပြုမှုကို ပြကြသည်။
၆ သင့်အသက်တာသည် ဝိညာဉ်ရေးရာများအပေါ် စူးစိုက်မှုနည်းသည်ထက်နည်းလာကာ လူမှုရေးလုပ်ငန်းဆောင်တာများဖြင့် ပြည့်နှက်လာနေသလော။ တစ်ခါက၊ ယေရှုသည် မာသနှင့် မာရိတို့အိမ်သို့ အလည်အပတ် ခေါ်ဖိတ်ခံခဲ့ရသည်။ ကိုယ်တော်ပြောရာကို မာရိက အာရုံစူးစိုက် နားထောင်နေသည်။ တစ်ဖက်တွင်မူ၊ မာသသည် “လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန် [အာရုံပျံ့လွင့်၊ ကဘ]” နေသည်။ မာသသည် အိမ်ရှင်မကောင်းပီသရန် အလွန်အမင်းစိုးရိမ်နေသည်။ ယေရှုအား နားထောင်ရန် အချိန်ပေးဖို့ လိုအပ်မှုကို လေးမြတ်ရန် သူမပျက်ကွက်ခဲ့သည်။ အထူးတလည် စီမံရန်မလိုအပ်ကြောင်းကို မာသအား ကိုယ်တော် ကြင်နာစွာ ထောက်ပြခဲ့သည်; ဝိညာဉ်ရေးရာများအတွက် ပို၍အလေးပေးသင့်သည်။ ထိုသြဝါဒကို သင်ကျင့်သုံးရန် လိုအပ်ပါသလော။ (လုကာ ၁၀:၃၈-၄၂) ကျွန်ုပ်တို့သည် အစားအသောက်လွန်ကျူးခြင်း၊ အသိတရားထုံထိုင်းခြင်းဖြစ်မသွားအောင် ကျွန်ုပ်တို့ကိုယ်ကို ဂရုစိုက်ကြရမည်ဟုလည်း ယေရှုသတိပေးတော်မူခဲ့သည်။ လူ့သမိုင်း၏ ဤခဲယဉ်းသောအချိန်ပိုင်းတွင် ကျွန်ုပ်တို့ အပြည့်အဝ နိုးကြားဖို့လိုသည်။—လုကာ ၂၁:၃၄-၃၆။
၇ အပျော်အပါးလိုက်စားခြင်း– နိုင်ငံတော်ရေးရာများမှ အာရုံလွဲသွားအောင် မာရ်နတ်အသုံးပြုသော အကြီးမားဆုံးအာရုံပျံ့လွင့်ခြင်းသည် အပျော်အပါးလိုက်စားခြင်းဖြစ်သည်။ ခရစ်ယာန်ဘောင်ရှိ သန်းပေါင်းများစွာတို့သည် အပျော်အပါးကို ဘုရားနေရာတွင်ထားကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်၌ အလေးထားစိတ်ပါဝင်စားခြင်းထက် စိတ်ပြေလက်ပျောက်လုပ်ရပ်အချို့၌ ပိုကြည်နူးလိုကြသည်။ (၂ တိ. ၃:၄) အကျိုးဖြစ်ထွန်းသောဖျော်ဖြေမှုနှင့် အပန်းဖြေမှုများကိုယ်နှိုက်က မမှားပါ။ ပတ်စဉ် ထိုကဲ့သို့သော ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ ဗီဒီယို၊ အားကစား၊ လောကစာပေဖတ်ခြင်း၊ သို့မဟုတ် ဝါသနာပါလုပ်ရပ် စသည်တို့အတွက် အလွန်အမင်း အချိန်ကုန်ခံခြင်းသည် စဉ်းလဲသောနှလုံးကို ဖွံ့ဖြိုးစေကာ ယေဟောဝါထံတော်မှ ကျွန်ုပ်တို့ကိုဆွဲယူသွားပေမည်။ (ယေ. ၁၇:၉; ဟေဗြဲ ၃:၁၂) ထိုသို့ မည်သို့ဖြစ်နိုင်သနည်း။ ခရစ်ယာန်စည်းဝေးများအတွင်း၊ သင့်စိတ် ဟိုရောက်ဒီရောက် ရောက်မည်; အပျော်အပါးလိုက်စားရာသို့ ပြန်သွားနိုင်ရန် စည်းဝေးမြန်မြန်ပြီးပါစေဟုပင် သင်တောင့်တပေမည်။ မကြာမီ၊ အစည်းအဝေးတက်ခြင်း သို့မဟုတ် လယ်ကွင်းအမှုဆောင်ထွက်ခြင်းအစား အိမ်၌နေနိုင်ရန် အကြောင်းရှာလာမည်။ ဤလိုက်စားရာများက သင့်ဘဝတွင် အာရုံပျံ့လွင့်စရာဖြစ်လာပါက ပြတ်ပြတ်သားသား ဆုံးဖြတ်ရန်အချိန်ကား ယခုပင်။ (လုကာ ၈:၁၄) ဖျော်ဖြေမှုအတွက်ကုန်နေသည့် တန်ဖိုးရှိအချိန်အချို့ကို ဝိညာဉ်ရေးဖွံ့ဖြိုးမှုအတွက် ပို၍ကောင်းစွာ အသုံးမပြုနိုင်ပေလော။
၈ အချိန်-ကုန် အပိုအရေးကိစ္စများ– မျက်မှောက်လူ့အဖွဲ့အစည်းရှိ ဖြစ်ရိုးဖြစ်စဉ်ပြဿနာများကို ဖြေရှင်းရန် အားထုတ်ခြင်းတွင် အချို့ပိတ်မိနေကြသည်။ လူမှုရေးကိစ္စများ သို့မဟုတ် မတရားမှုများကို ပြင်ဆင်ရန် ယင်း၏အရာမရောက်သော ရုန်းကန်မှုများနှင့်ပတ်သက်သော လောက၏ တောင်စဉ်ရေမရ အငြင်းအခုံများကို ခရစ်ယာန်များ ရှောင်ကြဉ်ရန်လိုအပ်သည်။ (ယောဟန် ၁၇:၁၆) ဤအရာအားလုံးသည် သမ္မာကျမ်းစာ၏သြဝါဒနှင့် အဓိကအချက်ဖြစ်သည့် တစ်ခုတည်းသော ရေရှည်ဖြေရှင်းချက်—ဘုရားသခင်၏နိုင်ငံတော်—တို့မှ အာရုံလွဲပြောင်းသွားစေသည့် စာတန့်နည်းဗျူဟာများ၏ အစိတ်အပိုင်းများသာဖြစ်သည်။ ပုဂ္ဂိုလ်ရေးနစ်နာမှု သို့မဟုတ် မတရားမှုတစ်ခုခု ကျွန်ုပ်တို့ခံစားရပါက၊ ကျွန်ုပ်တို့သည်—ယေဟောဝါ၏သက်သေများ—ဖြစ်ကြောင်းကို မေ့သွားသည့်တိုင် လက်စားချေလိုခြင်း (ဝါ) စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်ချောက်ချားခြင်းတို့ကို ကျွန်ုပ်တို့ရှောင်ရှားရမည်။ အရာရာထက်၊ ပြစ်မှားခံရသူမှာ ယေဟောဝါဖြစ်ပြီး ကိုယ်တော်၏နာမတော်ကို ကျွန်ုပ်တို့ သိဒ္ဓိတင်ကြရမည်။—ဟေရှာ. ၄၃:၁၀-၁၂; မ. ၆:၉။
၉ ကောင်းသောကျန်းမာရေးကို လူတိုင်း ထိန်းသိမ်းထားလိုကြသည် မှန်သော်လည်း၊ မဆုံးနိုင်သော သီအိုရီများနှင့် ဆေးနည်းများကို အလွန်အမင်း အာရုံစိုက်ကြမည်ဆိုလျှင် ကျန်းမာရေးကိစ္စ၏ ဖမ်းစားခြင်းကို ခံရနိုင်သည်။ ကုသနည်းများ တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်ကြသည့်ကြားမှ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် အမျိုးစုံလှသည့် ဓာတ်စာများ၊ ကုနည်း၊ ကုထုံးများကို ထောက်ခံပြောဆိုနေသူများလည်း ဒုနဲ့ဒေးရှိသည်။ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ လူတစ်ဦးပြုလုပ်သမျှသည် သမ္မာကျမ်းစာမူများနှင့် မဆန့်ကျင်သ၍ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်သာဖြစ်သည်။ လူသားတို့၏ အနာရောဂါများအတွက် စစ်မှန်သောကုထုံးအဖြစ် ဘုရားသခင့်နိုင်ငံတော်ကိုသာ အစဉ်အမြဲ လုံးလုံးလျားလျား အားထားကြပါစို့။—ဟေရှာ. ၃၃:၂၄; ဗျာ. ၂၁:၃၊ ၄။
၁၀ မရွေ့မလျား၊ တည်ကြည်မြဲမြံခြင်း– အဆုံးနီးကပ်လာသည်နှင့်အမျှ၊ ယေဟောဝါအမှုတော်ဆောင်ခြင်း မှ သင်အာရုံပျံ့လွင့်သွားရန် စာတန်သည် တိုး၍အားထုတ်ပေမည်။ “ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကို ဆီးတားကြလော့။” (၁ ပေ. ၅:၉) အဘယ်သို့နည်း။ ဘုရားသခင့်အကြံတော်များဖြင့် သင့်ကိုယ်ကိုသင် အားဖြည့်ရမည်။ (မ. ၄:၄) သင်နှင့်သင့်မိသားစု ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆင်ခြင်သုံးသပ်၍ တည်တည်ငြိမ်ငြိမ် ရောင်ပြန်ဟပ်နိုင်ရန် လိုအပ်သည့်အချိန်ကို လောကအာရုံပျံ့လွင့်မှုများက လုယူသွားဖို့ ခွင့်မပြုပါနှင့်။ မိသားစု စားသောက်ချိန်များတွင်၊ တည်ဆောက်ဖွယ် တွေ့ကြုံမှုများနှင့် အခြားဝိညာဉ်ရေးရာများကို အတူတကွ ဆွေးနွေးပါ။ ကိုယ်ပိုင်လေ့လာမှုနှင့် အစည်းအဝေးများအတွက် ပြင်ဆင်ခြင်းဆိုင်ရာ တစ်သမတ်ဇယားတစ်ခု အတိုင်းလိုက်လျှောက်ပါ။
၁၁ စိုးရိမ်ပူပန်မှုများက သင့်စိတ်ချောက်ချားအောင် ခြိမ်းခြောက်လာသောအခါ၊ ဆုတောင်းခြင်းဖြင့် ယေဟောဝါထံ သင့်ဝန်ကို ပုံအပ်လိုက်ပါ။ သင့်ကို ကိုယ်တော်ဂရုစိုက်တော်မူကြောင်း စိတ်ချပါ။ (၁ ပေ. ၅:၇) ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင့်နှလုံးနှင့် စိတ်စွမ်းအားကို စောင့်ရှောက်ပါစေ။ (ဖိ. ၄:၆၊ ၇) အာရုံပျံ့လွင့်မှုများက သင့်ဝိညာဉ်ရေးမြင်ကွင်းကို မှေးမှိန်စေရန်ခွင့်မပြုပါနှင့်။ ယေရှုနည်းတူ၊ ယေဟောဝါအား အစဉ်မပြတ် မျက်မှောက်ပြုလော့။ (တမန်တော် ၂:၂၅) သုတ္တံ ၄:၂၅-၂၇ အားပေးသည့်အတိုင်း၊ သင့်မြင်ကွင်းကို သင့်ပန်းတိုင်အပေါ် တည့်တည့်မတ်မတ် ချိန်ရွယ်ထားပါ– “သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့။ သင်သွားရာလမ်းကို စူးစမ်း၍၊ သွားလေရာရာ၌ တည်ကြည်ခြင်းရှိစေလော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့ မတိမ်းမလွှဲနှင့်။ ဒုစရိုက်ပြုရာလမ်းကို ရှောင်လော့။”
၁၂ အစည်းအဝေးအားလုံးကို သစ္စာရှိရှိတက်ရောက်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ လမ်းညွှန်ချက်များကို အာရုံစိုက်ခြင်းဖြင့် သင့်ကိုယ်ကို ဆုံးမပါ။ (ဟေဗြဲ ၂:၁; ၁၀:၂၄၊ ၂၅) ယိုယွင်းနေသည့် ဤလောက ကမ်းလှမ်းသော အပျော်အပါးများကို ရှာဖွေမည့်အစား၊ အကျိုးဖြစ်ထွန်းသည့် ဓမ္မအမှုကို ထိန်းသိမ်းခြင်းအား သင့်ပန်းတိုင်ဖြစ်စေပါ။ ယင်းက မြဲမြံသည့် ရွှင်လန်းမှုနှင့် ရောင့်ရဲမှုကို ဖြစ်စေသည်။ (၁ သက်. ၂:၁၉၊ ၂၀) နောက်ဆုံးအနေနှင့်၊ မည်သည့်အရာ သို့မဟုတ် မည်သူကမျှ သင့် မြင့်မြတ်သောအမှုတော်ဆောင်ခြင်းမှ သင့်အား အာရုံမပျံ့လွင့်စေပါနှင့်။ “သင်တို့သည် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”—၁ ကော. ၁၅:၅၈။