လယ်ကွင်းလုပ်ငန်းအတွက် အဓိပ္ပာယ်ရှိသောစည်းဝေးများ
၁ လယ်ကွင်းလုပ်ငန်းအတွက် ပြင်ဆင်ရန် အကူအညီအဖြစ် ခန့်အပ်ခံတပည့်အသစ် ၇၀ နှင့်အတူ ယေရှုစည်းဝေးခဲ့သည့်မှတ်တမ်းတစ်ခုကို လုကာ ၁၀:၁-၁၁ တွင်တင်ပြထားသည်။ သူတို့စည်းစနစ်ကျစေရန်၊ ပြောဆိုမည့်စကားကို ပြင်ဆင်ကြရန်နှင့် ခက်ခဲသောအခြေအနေအသီးသီးကို ကိုင်တွယ်တတ်ရန် အကူအညီဖြစ်မည့် ညွှန်ကြားချက်များကို ကိုယ်တော်ပေးတော်မူခဲ့သည်။ ဤမှတ်တမ်းကို စစ်ဆေးခြင်းအားဖြင့် ကျွန်ုပ်တို့သင်ယူနိုင်ပါသည်။
၂ တပည့်တော် ၇၀ စလုံး ယေရှုနှင့်စည်းဝေးချိန်တွင် ရှိခဲ့ကြောင်း ထင်ရှားသည်။ အချို့သူတို့သည် နောက်ကျလာသည့်အကျင့်ရှိလျှင် လုပ်ငန်းတော်အတွက် စည်းဝေးအချိန် အလဟဿကုန်သွားပါသည်။ သူတို့နောက်ကျလာသည့်အတွက် အုပ်စုခွဲခြင်းနှင့် ရပ်ကွက်တာဝန်ပေးခြင်းကိုပါ ပြန်စီစဉ်ဖို့ လိုအပ်လာပါသည်။ ယင်းကြောင့် အုပ်စုတစ်ခုလုံး အချိန်ကြန့်ကြာသွားရသည်။ အချိန်မီရောက်လာပြီး ရပ်ကွက်သို့ ချက်ချင်းထွက်ခွာနိုင်ရန် အသင့်ရှိခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံး ကိုယ့်တာဝန်ကိုယ် ကျေပွန်နိုင်ပါသည်။
၃ “ဘုရားသခင့်နိုင်ငံတော်” ဟူသည့် အပြန်အလှန်စကားအတွက် အထူးအကြောင်းအရာကို တပည့်များအား ယေရှုပေးခဲ့သည်။ (လု. ၁၀:၉) ထပ်တူသတင်းကို ဟောကြရန် ကျွန်ုပ်တို့တာဝန်ရရှိထားပြီး အဘယ်အရာကို ပြောဆိုသင့်ကြောင်း အကူအညီဖြစ်သည့် အကြံပြုချက်များကို ကျွန်ုပ်တို့အများအားဖြင့် တန်ဖိုးထားကြသည်။ စည်းဝေးကိုင်သူသည် နိဒါန်း ၄၀ မက အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်သော သင့်တော်ရာကျမ်းချက်များပါသည့် ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ်ကိုကိုးကားပေမည်။ တင်ဆက်ပုံတစ်ခုနှစ်ခုကို အတိုချုပ်ပြန်သုံးသပ်ခြင်းသည် ပြောဆိုနိုင်သည့်အချက်ကိုသိရှိစေပြီး အိမ်ပေါက်ဝတွင် ပိုမိုစိတ်ချလက်ချ ပြောဆိုနိုင်ပေမည်။
၄ အဘယ်အကြောင်းကို ပြောဆိုရမည်ဟု ယေရှုသည် တပည့်တော်များအား ပြောပြရုံမက မည်သို့ပြောရမည်ဟူ၍လည်း သွန်သင်တော်မူသည်။ (လု. ၁၀:၅၊ ၆) ထိရောက်စွာ မည်သို့ပြောဆိုနိုင်မည်ကို ဖော်ပြသော သရုပ်ပြခန်းများကို ပတ်စဉ်လုပ်ငန်းတော်စည်းဝေးအစီအစဉ်တွင် တင်ပြပါသည်။ နောက်ဆုံးအစည်းအဝေးတွင် အဘယ်အကြောင်းကို တင်ဆက်ခဲ့ကြောင်း စည်းဝေးကိုင်သူသည် ပြန်လည်သုံးသပ်ပြီး ယင်းကို လုပ်ငန်းတော်တွင် မည်သို့အသုံးပြုနိုင်ကြောင်း အကြံပေးနိုင်ပါသည်။ ကျမ်းစာဆိုင်ရာ ရိုးရိုးလေးတင်ဆက်ပုံတစ်ခုကို ပြင်ဆင်၍ လိုရင်းတိုရှင်း သရုပ်ပြခြင်းသည် မှတ်မိသည့်အချက်များကို ကိုယ့်စကားဖြင့်ကိုယ် တင်ပြနိုင်ရန် အကူအညီဖြစ်စေလိမ့်မည်။
၅ ယေရှုသည် တပည့်တော်များ၏ အကျင့်အကြံ မည်သို့ရှိသင့်ကြောင်းကိုလည်း သွန်သင်ပေးတော်မူသည်။ (လု. ၁၀:၇၊ ၈) ထိုနည်းတူ ကျွန်ုပ်တို့၏လုပ်ငန်းမှသွေဖည် စေနိုင့်မည့် အရာများကို ရှောင်ကြဉ်နိုင်ရန် စည်းဝေးကိုင်သူသည် အတည့်အလင်း ညွှန်ကြားပြောဆိုပေမည်။ လမ်းထောင့်များတွင် စုဝေးနေခြင်း၊ အတိုက်အခံပြုသူများနှင့် အငြင်းပွားပြီး အချိန်ဖြုန်းခြင်းနှင့်စပ်လျဉ်း၍ သတိပေးပေမည်။ တစ်အိမ်မှတစ်အိမ်မှတ်တမ်းကို အတိအကျရေးမှတ်ဖို့လိုကြောင်း သတိပေးပေမည်။ သို့မဟုတ် ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းနိုင်ကြောင်း အိမ်ရှင်များကို သိစေရန် မှာကြားပေမည်။ မိမိသားသမီးများကို အသေအချာဂရုစိုက်ဖို့ မိဘများအားသတိပေးရန် လိုပေမည်။
၆ တပည့်တော် ၇၀ သည် ယေရှုမှာကြားချက်များကို လိုက်နာခဲ့၍ “ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ” ခဲ့ကြသည်။ (လု. ၁၀:၁၇) လုပ်ငန်းတော်စည်းဝေးတွင် ရရှိသည့် ညွှန်ကြားချက်ကို လိုက်နာကြမည်ဆိုလျှင် နိုင်ငံတော်သတင်းဟောပြောရာတွင် ပျော်ရွှင်မှုတိုးပွားလာရန် ကျွန်ုပ်တို့လည်း မျှော်လင့်နိုင်ပါသည်။—တ. ၁၃:၄၈၊ ၄၉၊ ၅၂။