အားလျော့ခြင်းမရှိဘဲ တစ်အိမ်မှတစ်အိမ်သွားခြင်း
၁ ရှေးဣသရေလနိုင်ငံတွင် နေ့စဉ် ယဇ်ပူဇော်ခဲ့ကြသည်။ (ထွ. ၂၉:၃၈-၄၂) ယဇ်ပလ္လင်တွင် မီးအမြဲရှိသည်; မီးရှို့ရာယဇ်၏ မီးခိုးသည် ယေဟောဝါ၏ “စိတ်တော်ပြေဖွယ်ရနံ့” ဖြစ်သည်။ (ထွ. ၂၉:၁၈၊ သမ) ယနေ့ ကျွန်ုပ်တို့သည် “နာမတော်ကို လူအများရှေ့ဝန်ခံရာနှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို . . . ပူဇော်ဆက်ကပ်ကြ” ရန် တိုက်တွန်းခံရသည်။ (ဟေ. ၁၃:၁၅၊ ကဘ) ပညတ်တရားတွင် ချမှတ်ထားသော ယဇ်ပူဇော်သက္ကာများကို အသုံးပြုမည့်အစား အားလျော့ခြင်းမရှိဘဲ ယေဟောဝါအား ချီးမွမ်းခြင်းဖြင့် ကိုယ်တော်ကို ဝတ်ပြုကြသည်။—ဟေရှာ. ၄၃:၂၁; တ. ၅:၄၂။
၂ ချီးမွမ်းခြင်းယဇ်ကို ပူဇော်ခြင်းအားဖြင့် စင်ကြယ်သောဝတ်ပြုရေးကို မည်သို့ ပြုရမည်အကြောင်း ကမ္ဘာပေါ်အသက်ရှင်ခဲ့သမျှတို့တွင် အကြီးမြတ်ဆုံးသက်သေခံဖြစ်သူ ယေရှုခရစ်တော်က သွန်သင်ပေးတော်မူခဲ့သည်။ သူတို့ဟောပြောသောသတင်းသည် အရေးကြီးကြောင်း တပည့်တော်များအား ကိုယ်တော် သွန်သင်ပေးတော်မူသည်။ လူတို့ထံ သတင်းကောင်းရောက်ရှိစေရန် အထိရောက်ဆုံးနည်းမှာ သူတို့အိမ်များတွင် ကိုယ်တိုင်စကားစမြည်ပြောဆိုခြင်းအားဖြင့်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူသည်။ (မ. ၁၀:၇၊ ၁၂) ယင်းကြောင့်ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့် ညွှန်ကြားတော်မူခဲ့သော တစ်အိမ်မှတစ်အိမ် ဟောပြောရန် မိန့်မှာချက်ကို တမန်တော်များလိုက်နာခဲ့ကြခြင်း ဖြစ်သည်။—တ. ၂၀:၂၀။
၃ ယနေ့လည်း ထိုနည်းတူပင်ဖြစ်သည်။ ယေရှု၏တပည့်တော်များအနေနှင့် ခရစ်ယာန်စစ်များသည် ကိုယ်တော်၏ပုံသက်သေကို အတုယူကာ သတင်းကောင်းကို တစ်အိမ်မှတစ်အိမ် ဟောပြောကြသည်။ သို့ပြုသည့်အတွက် အပြစ်တင်ခံရမည်၊ ညှဉ်းပန်းနှိပ်စက်ခံရမည် ဖြစ်သော်လည်း သန်းပေါင်းများစွာသောသူတို့သည် သမ္မာတရားကို သိရှိလာ၍ နှစ်စဉ်နှစ်တိုင်း တပည့်အသစ်ထောင်ပေါင်းများစွာသည် လူအုပ်ကြီးအဝင်ဖြစ်လာကြပြီ။ ဤသို့အားဖြင့် ယေဟောဝါ၏အလိုတော်ပြည့်စုံနေကြောင်း သက်သေထူပါသည်။ ယင်းကြောင့်လည်း ဓမ္မအမှုတွင် ကျွန်ုပ်တို့အဆက်မပြတ် ပါဝင်နေကြခြင်းဖြစ်သည်။
၄ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်း၏ အကျိုးကျေးဇူးများ– “ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ ၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။” (တ. ၁၀:၃၄၊ ၃၅) ကျွန်ုပ်တို့ရပ်ကွက်ရှိ အိမ်တိုင်းသို့ သွားကြခြင်းက မျက်နှာမလိုက်ကြောင်း၊ နိုင်ငံတော်သတင်းကို လူတိုင်းအား တန်းတူညီမျှ ကြားနာခွင့် ရရှိစေကြောင်း ထင်ရှားပါသည်။ တစ်ကြိမ်တည်းတွင် နာယူလက်ခံသူတို့အား သူတို့လိုအပ်ရာများကို ကူညီပေးနိုင်စေသည်။
၅ လူငယ်များ၊ အသက်ကြီးရင့်သူများနှင့် လူသစ်များအပါအဝင် ကြေညာသူအားလုံး တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်နိုင်သည်။ ဤနည်းဖြင့် တစ်ဦးစီအနေနှင့် “ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံ” နိုင်သည်။ (ရော. ၁၀:၁၀) တစ်အိမ်မှတစ်အိမ် ဓမ္မအမှုတွင် အခြားသူများနှင့်အတူ ပါဝင်ခြင်းဖြင့် ချစ်ခြင်းမေတ္တာနှင့် စည်းလုံးမှုနှောင်ကြိုးကို ပိုခိုင်မြဲစေသည်။ တစ်ကြိမ်တည်းတွင် ဥပေက္ခာပြုခြင်း၊ အတိုက်အခံပြုခြင်း တွေ့ကြုံရသည့်အခါ ခံနိုင်ရည်ရှိကြောင်းကို ကျွန်ုပ်တို့ တင်ပြခွင့်ရကြသည်။ မိမိ၏ယုံကြည်ခြင်းကို လူတို့ရှေ့ ဤသို့ဖော်ပြခြင်းဖြင့် ကျွန်ုပ်တို့သည် “ပွဲဝင်သောသူ” များဖြစ်လာကြရာ ကျွန်ုပ်တို့ပြုနေသော စည်းစနစ်တကျရှိ ကျမ်းစာသင်အစီအစဉ်မှ အကျိုးခံစားနိုင်ကြောင်း စိတ်ရင်းမှန်သူတို့အား သိရှိစေပါမည်။ (၁ ကော. ၄:၉) တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးနေတော်မူလျက် စင်ကြယ်သောဝတ်ပြုရေးဖြစ်သည့် ကိုယ်တော်၏ “အိမ်တော်” သို့ ဤနည်းဖြင့် လူအုပ်ကြီးကို စုသိမ်းနေကြောင်း အဘက်ဘက်မှ ထင်ရှားသည်—ဟေရှာ. ၂:၂-၄။
၆ သမိုင်းတစ်လျှောက် အခြားမည်သည့်အချိန်ထက်မဆို ယခုအချိန်တွင် လူတို့သည် နိုင်ငံတော်သတင်းကို ကြားနာရဖို့ လိုအပ်နေသည်။ ယေဟောဝါ လုံလောက်ပြီဟု မိန့်တော်မူသည့်အထိ အားလျော့ခြင်းမရှိဘဲ တစ်အိမ်မှတစ်အိမ် ဆက်ဟောပြောကြစို့။ (ဟေရှာ. ၆:၁၁) သို့ ပြုခြင်းဖြင့် ဤနောက်ဆုံးကာလတွင် အလွန်အရေးကြီး၍ အကျိုးပြုသော တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ ပါဝင်ခြင်းမှ ရွှင်လန်းမှုနှင့်အတူ ဆုကျေးဇူးကို ခံစားရပါလိမ့်မည်။—၁ ကော. ၁၅:၅၈။