‘သူ၏စကားကို နားထောင်ကြ’ ဟုယေဟောဝါမိန့်တော်မူ၏
၁ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ရှေ့ယေရှုကိုယ်ယောင်ပြောင်းခဲ့ချိန်တွင် မဿဲ ၁၇:၅ က “‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့’ ဟုမိုးတိမ်က အသံတော်ဖြစ်လေ၏။” ဤရိုးရှင်းသောမှာကြားချက်တွင် အဓိပ္ပာယ်များစွာရှိသည်။ ယင်းကို လိုက်နာပါက ထာဝစဉ်အသက်ရှင်နိုင်မည်ဖြစ်သည်။
၂ ယေဟောဝါ၏ ဤချစ်မြတ်နိုးသောသားတော်သည် ကောင်းကင်သို့ မတက်ကြွမီ တမန်တော်ဆယ့်တစ်ပါးအား “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ” ဟုမိန့်တော်မူခဲ့သည်။ သို့ဆိုလျှင် မည်သို့နည်း။ သူတို့အား အဘယ်အမှုကို ကိုယ်တော်ဆောင်ရွက်စေလိုတော်မူသနည်း။ ဤသို့ ကိုယ်တော်ဆက်မိန့်တော်မူသည်– ထိုကြောင့် “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ . . . ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။” တမန်တော်များနှင့် ယေရှု၏ အစောပိုင်းတပည့်တော်များသည် ကိုယ်တော်၏စကားကိုနားထောင်ကာ မိန့်မှာတော်မူသည့်အတိုင်း လုပ်ကိုင်ကြသည်။ ဤနည်းအားဖြင့် သားတော်၏စကားကို နားထောင်ပါဟု ယေဟောဝါ၏ မိန့်တော်မူချက်ကို သူတို့နာခံကြသည်။—မ. ၂၈:၁၈-၂၀။
၃ ဟောပြောသွန်သင်ရမည်ဟူသော အမိန့်တော်သည် ယနေ့ ကျွန်ုပ်တို့နှင့်လည်း သက်ဆိုင်ပါသလော။ အမှန်သက်ဆိုင်သည်။ ယင်းသို့ အဘယ်ကြောင့်ဆိုနိုင်သနည်း။ နိဂုံးတွင် ယေရှု ဤသို့မိန့်တော်မူသည်– “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” ဤအစီအစဉ်၏အဆုံးတိုင်အောင် ဤဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြရမည်။ သို့သော် ဤနောက်ဆုံးနေ့ရက်များတွင် မည်သူတို့နှင့် ယေရှုရှိမည်ဟု ကိုယ်တော်မိန့်တော်မူသနည်း။ ကိုယ်တော်၏စကားကို နားထောင်ကာ သတင်းကောင်းကို ဟောပြောသွန်သင်သူများနှင့်အတူ အမှန်ရှိတော်မူမည်။
၄ ယခု၊ ယေရှု အသင်နှင့်အတူရှိပါသလော။ ကိုယ်တော်၏စကားကို သင်နားထောင်ပါသလော။ သတင်းကောင်းကို သင်ဟောပြောသွန်သင်နေပါသလော။ သင့်မှတ်တမ်းကို ကိုယ်တိုင်ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ။ ဘာဖော်ပြသနည်း။ သင်ပေါင်းသင်းနေသည့် အသင်းတော်ကော။ ဤနိုင်ငံကော။ မြန်မာနိုင်ငံသည် နှစ်ချီ၍ ကြေညာသူတစ်ဦးလျှင် လစဉ် ပျမ်းမျှ ၇ နာရီသွင်းခဲ့ပေပြီ။ လစဉ် ၁၀ သို့မဟုတ် ထိုထက်မကသောနာရီ သွင်းသူအချို့ရှိသည်ကား မှန်ပါသည်။ သို့ ဖြစ်လျှင် အဘယ့်ကြောင့်ပျမ်းမျှအနေနှင့် ၇ သို့မဟုတ် ထိုထက်လျော့သော နာရီသာ ရနေရသနည်း။ အကြောင်းမူကား လစဉ် တစ်နာရီ၊ နှစ်နာရီသာ စာရင်းသွင်းသူ ရှိနေသောကြောင့်ဖြစ်သည်။ ထိုသို့ စတိလောက်သာ အမှုတော်ဆောင်ခြင်းကို ယေဟောဝါနှင့်ယေရှု ကျေနပ်တော်မူမည်ဟု ထင်ပါသလော။ ထို့ကြောင့် ယေဟောဝါထံ ဆက်သသောလုပ်ငန်းတော်ကို ကျေးဇူးပြု၍ စစ်ဆေးကြည့်ကြပါ။
၅ ဤလုပ်ငန်းတော်နှစ်အတွင်း အဘယ်ကြောင့် တိုးတက်မှု လုံးဝမရှိဘဲနေသနည်း။ ဤနိုင်ငံတွင် မှန်မှန်မကြေညာသောသူ များစွာရှိသောကြောင့်ဖြစ်သည်။ ငွေရှာရေးတွင် အလုပ်များနေသူအချို့ရှိ၍ သူတို့သည်အသင်းတော်များမရှိသော အရပ်ဒေသများသို့ ရောက်ရှိနေကြသည်။ ယင်းကြောင့် သူတို့၏ဝိညာဉ်ရေးကျဆင်းသွားသဖြင့် လုံးဝမလှုပ်ရှားတော့ဘဲ ဖြစ်နေကြပြီ။
၆ သင့်အသင်းတော်တွင် မလှုပ်မရှားဖြစ်နေသူများနှင့် မှန်မှန်အမှုမဆောင်သူများ လုံးဝမရှိစေဖို့ အသင်းတော်အားလုံး ကြိုးစားကြရန် ကျွန်ုပ်တို့အားပေးတိုက်တွန်းပါသည်။ လ၏ပထမအပတ်မှစတင်၍ လယ်ကွင်းလုပ်ငန်းတွင် အားလုံး ပါဝင်ကြရန် အားပေးပါ။ ယင်းကို ပတ်စဉ်စစ်ဆေးပြီး နေ့စဉ်ကြိုးစားကြပါ။ သင်တို့၏မှတ်တမ်းကို အဘယ်နည်းဖြင့်မျှ မကျဆင်းစေပါနှင့်။ ဖြစ်နိုင်မည်ဆိုလျှင် လတိုင်းသာ တက်သွားပါစေ။
၇ မှန်ပါသည်၊ ကျွန်ုပ်တို့အားလုံး ယေဟောဝါ မိန့်မှာတော်မူသည့်အတိုင်း ဘုရင်ယေရှု၏စကားကို နားထောင်ရမည်။ ယေရှုနည်းတူ ကျွန်ုပ်တို့၏အစာသည် ဘုရားသခင်၏အလိုတော်ကိုဆောင်ခြင်း၊ ကိုယ်တော်၏အမှုတော်ကို ပြီးစီးခြင်းဖြစ်သည်ဟု ပြောဆိုကြစို့။ (ယော. ၄:၃၄) ထို့ကြောင့် ယေရှု၏စကားကိုနားထောင်ခြင်းအားဖြင့် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေကြစို့။