“အစွမ်းကုန်ကြိုးစားအားထုတ်လော့”
၁ ယေဟောဝါထံ ကျွန်ုပ်တို့ကိုယ်ကိုအပ်နှံခဲ့စဉ်က ကိုယ်တော်အတွက် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ပါမည်ဟု ကတိပြုခဲ့ကြသည်။ တမန်တော်ပေတရုက ပထမရာစုရှိခရစ်ယာန်များအား ယေဟောဝါရှေ့သူတို့၏ရပ်တည်မှုကို သေချာစေရန် အစွမ်းကုန်ကြိုးစားအားထုတ်ဖို့ တိုက်တွန်းခဲ့ခြင်းသည် လျော်ကန်ပေသည်။ (၂ ပေ. ၁:၁၀) ယနေ့အချိန်တွင် ယေဟောဝါကိုဝတ်ပြုရာ၌ ကိုယ်တော်၏နှစ်သက်မှုရရှိစေရန် ကျွန်ုပ်တို့ အမှန်ပင် အစွမ်းကုန်ကြိုးစားအားထုတ်လိုကြသည်။ ယင်းသို့လုပ်ဆောင်ခြင်းတွင် မည်သည့်အရာပါဝင်သနည်း။ ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး နက်ရှိုင်းလာပြီး ကျွန်ုပ်တို့အတွက် ကိုယ်တော်လုပ်ဆောင်ပေးခဲ့သည့်အရာအလုံးစုံအကြောင်းတွေးတောဆင်ခြင်သည်နှင့်အမျှကိုယ်တော်၏လုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ရန် ကျွန်ုပ်တို့၏နှလုံးက ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် အရည်အချင်းတိုးတက်လိုကြပြီး ဖြစ်နိုင်ပါက အရေအတွက်ပါတိုးပွားလိုကြသည်။—ဆာ. ၃၄:၈; ၂ တိ. ၂:၁၅၊ သတင်းကောင်း။
၂ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်လေ့လာခြင်းက ယေဟောဝါအပေါ် မိမိ၏တန်ဖိုးထားလေးမြတ်မှုကို ပို၍တိုးပွားလာစေပြီး မိမိ၌ သာ၍ကြီးမားသည့်ဇွဲ တစိမ့်စိမ့်ဝင်ရောက်လာစေကြောင်း ဓမ္မအမှုတွင် ပိုမိုလုပ်ဆောင်လိုသူ လူငယ်ညီအစ်ကိုတစ်ဦးတွေ့ရှိခဲ့သည်။ ယင်းက သူ့အား ရှေ့ဆောင်လုပ်ရန် လျှောက်လွှာတင်ဖို့ လှုံ့ဆော်ပေးသည်။ သူစိမ်းများကိုစကားပြောဖို့ အခက်တွေ့သောညီအစ်မတစ်ဦးသည် ကျိုးကြောင်းဆင်ခြင်စာအုပ်ပါ တင်ဆက်ပုံတချို့ကို လက်တွေ့အသုံးပြုခဲ့ရာ မကြာမီမှာပင် သူမ၏ဓမ္မအမှု၌ သာ၍ကြီးမားသည့်အောင်မြင်မှုကို စတင်ရရှိခဲ့သည်။ သူမသည် သမ္မာတရားကိုလက်ခံသည့် မောင်နှံတစ်စုံနှင့် ကျမ်းစာသင်အံမှုတစ်ခုကျင်းပနိုင်ခဲ့သည်။
၃ သင်လုပ်ဆောင်နိုင်သည့်အရာ၌ ဝမ်းမြောက်ပါ– ကျွန်ုပ်တို့ထဲမှတချို့သည် ကျန်းမာရေးချို့တဲ့ခြင်း၊ မိသားစု၏ဆန့်ကျင်မှု၊ ဆင်းရဲနွမ်းပါးမှု သို့မဟုတ် ရပ်ကွက်၌ တုံ့ ပြန်မှုမကောင်းခြင်းတို့ကဲ့သို့သော ခက်ခဲသည့်အခြေအနေများကို ကြုံတွေ့ ကြရသည်။ ဤနောက်ဆုံးကာလတွင် ကြုံတွေ့ရလေ့ရှိသည့် အခြားသောပြဿနာများစွာသည် ကျွန်ုပ်တို့၏လုပ်ငန်းကို အဟန့်အတားဖြစ်စေပေမည်။ (လု. ၂၁:၃၄၊ အောက်ခြေမှတ်ချက်; ၂ တိ. ၃:၁) ယင်းက ယေဟောဝါထံဆက်ကပ်အပ်နှံရာ၌ ကျွန်ုပ်တို့ပျက်ကွက်နေသည်ဟု ဆိုလိုပါသလော။ ကိုယ်တော်အား ကျွန်ုပ်တို့အစွမ်းကုန် ဝတ်ပြုနေမည်ဆိုပါက ထိုသို့မဟုတ်ပါ။
၄ အခြားသူများ လုပ်ဆောင်ပြီးမြောက်နိုင်မှုအပေါ်မူတည်ပြီး ကျွန်ုပ်တို့ကိုယ်ကိုနှိုင်းယှဉ်ခြင်းသည် ပညာရှိရာရောက်မည်မဟုတ်ပါ။ ယင်းအစား “လူတိုင်း ကိုယ်ပြုသောအမှုကိုစစ်ကြောစေ” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုတိုက်တွန်းထားသည်။ ကျွန်ုပ်တို့တစ်ဦးစီ တတ်စွမ်းနိုင်သည့်အတိုင်းအတာအထိ အပြည့်အဝလုပ်ဆောင်နေပါက ယေဟောဝါ၏နှစ်သက်ကျေနပ်မှုကို ရရှိနိုင်ပြီး “ဝမ်းမြောက်စရာအကြောင်းရှိ” မည်ဖြစ်သည်။—ဂလ. ၆:၄; ကော. ၃:၂၃၊ ၂၄။
၅ ‘သင်တို့သည် အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာရောက်မည်အကြောင်း [“အစွမ်းကုန်၊” သတင်းကောင်း] ကြိုးစားအားထုတ်ကြလော့’ ဟူသည့်ပေတရု၏စကားများကို ကျွန်ုပ်တို့လိုက်နာကြစို့။ (၂ ပေ. ၃:၁၄၊ သတင်းကောင်း) ထိုစိတ်ဓာတ်က ကျွန်ုပ်တို့အား လုံခြုံမှုကိုခံစားရစေပြီး ယေဟောဝါသာပေးနိုင်သည့် စိတ်နှလုံးငြိမ်သက်မှုကို ရရှိစေမည်ဖြစ်သည်။—ဆာ. ၄:၈။