လူငယ်တို့—သင်တို့၏ဝိညာဏပန်းတိုင်များကား အဘယ်နည်း
၁ ပျော်ရွှင်မှုရရှိရန် အဓိပ္ပာယ်ပြည့်ဝသောအလုပ်နှင့် လက်လှမ်းမီနိုင်သောပန်းတိုင်များ၏အရေးကြီးပုံကို ယေဟောဝါသိတော်မူသည်။ (ကမ္ဘာဦး ၁:၂၈; ၂:၁၅၊ ၁၉ ရှု။) ယနေ့အချိန်တွင် ယေဟောဝါသည် မိမိ၏လူမျိုးတော်အား ဟောပြောသွန်သင်ခြင်းတာဝန်ကို ပေးအပ်ထားသည်။ ပရဒိသုတွင် ထာဝရအသက်ရရှိခြင်းတည်းဟူသော အဆုံးစွန်ပန်းတိုင်လည်း ကျွန်ုပ်တို့တွင် ရှိကြသည်။ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့၏စွမ်းအင်နှင့် ဥစ္စာအင်ခွင်များကို တလွဲအသုံးချခြင်းမှ ရှောင်ကြဉ်လိုပါက တိုးတက်သောဝိညာဏပန်းတိုင်များ ချမှတ်ရန်လိုသည်။—၁ ကော. ၉:၂၆။
၂ လူငယ်များအတွက် လက်တွေ့ကျသောပန်းတိုင်များ– လူငယ်များသည် မိမိတို့၏စွမ်းရည်နှင့်အညီ လက်လှမ်းမီနိုင်သောသီအိုကရက်တစ်ပန်းတိုင်များ ထားရှိသင့်သည်။ (၁ တိ. ၄:၁၅) အလွန်ငယ်ရွယ်သူတချို့သည် စာမဖတ်တတ်မီကပင် ကျမ်းစောင်များအလွတ်ရွတ်ဆိုခြင်းပန်းတိုင်ကို မီနိုင်ကြသည်။ မိသားစုသင်အံမှုအားဖြင့် စည်းဝေးများအတွက်ပြင်ဆင်ရန် ကလေးများကို သင်ကြားသိရှိစေပြီး ၎င်းက အဓိပ္ပာယ်ရှိသောအဖြေများပေးရန်နှင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စာရင်းသွင်းရန်ဟူသည့်ပန်းတိုင်များကို ပြည့်မီစေသည်။ ကလေးများသည် လယ်ကွင်းလုပ်ငန်းတွင် မိဘများနှင့်အတူလိုက်ပါသည့်အခါ နှစ်ခြင်းမခံရသေးသော ကြေညာသူများဖြစ်ရန်ဟူသည့် ပန်းတိုင်သို့တက်လှမ်းကြသောကြောင့် သက်သေခံခြင်းတွင်ပါဝင်ရန် သင်ယူကြသည်။ မိဘများသည် မိမိတို့၏ငယ်ရွယ်သောသားသမီးများရှေ့တွင် ဆက်ကပ်အပ်နှံနှစ်ခြင်းခံရန်ပန်းတိုင်ကို အလေးထားချမှတ်ပေးသင့်သည်။
၃ သင်သည် ဆယ်ကျော်သက်ရွယ်တစ်ဦးဖြစ်ပါက သင့် ဝိညာဏပန်းတိုင်များတွင် အဘယ်အရာကို ထည့်သွင်းထားသနည်း။ ဘဝတွင် အမှန်တကယ်အရေးကြီးသည့်ပန်းတိုင်များကို အာရုံစူးစိုက်နေခြင်းဖြင့် “သင့်ကိုဖန်ဆင်းတော်မူသောအရှင်မြတ်ကို ယခုအောက်မေ့လျက်နေလော့။” (ဒေ. ၁၂:၁၊ ကဘ; ဆာ. ၇၁:၁၇) ကျောင်းပိတ်သည့်လများအတွင်း အရန်ရှေ့ဆောင်ပါလေ။ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် ဓမ္မအမှုတွင် အချိန်ပြည့်ပါဝင်ရန် သင်စဉ်းစားဖူးသလော။ ကျမ်းစာသင်အံမှု ပိုများများစရန်နှင့် တချို့ကို အခြားသူများအား ပြန်လွှဲပေးခြင်းတို့နှင့်စပ်လျဉ်း၍ကော မည်သို့နည်း။ ယခုအခါ ဗေသလတွင်အမှုထမ်းဆောင်သူများဖြစ်စေ၊ နယ်လှည့်ကြီးကြပ်မှူးများ သို့မဟုတ် သာသနာပြုများသည် ကျောင်းနေစဉ်ကတည်းက အထူးအချိန်ပြည့်လုပ်ငန်းကို သူတို့၏ပန်းတိုင်အဖြစ် ချမှတ်ထားကြသည်။ အသင်ကိုယ်တိုင် ထိုသို့လုပ်ဆောင်ပါလေ။
၄ အလွန်ငယ်ရွယ်စေကာမူ ယေရှု၏ပုံသက်သေကိုတုပရန် ကြိုးစားပါ။ ကိုယ်တော်သည် ငယ်ရွယ်သေးသော ၁၂ နှစ်အရွယ်၌ပင် ဝိညာဉ်ရေးရာများအကြောင်း အဆင်သင့်ပြောနိုင်ခဲ့သည်။ (လု. ၂:၄၂-၄၉၊ ၅၂) ကိုယ်ပိုင်လေ့လာမှုပြုလုပ်ရန်၊ ကျမ်းစာကိုနေ့စဉ်ဖတ်ရှုရန်၊ အစည်းအဝေးများနှင့်လုပ်ငန်းတော်တွင် ရင့်ကျက်သောခရစ်ယာန်များနှင့် မှန်မှန်ပေါင်းသင်းရန် အစရှိသော သင့်အတွက်အကျိုးရှိသည့်ပန်းတိုင်များချမှတ်ခြင်းသည် ယေရှုလုပ်ခဲ့သည့်နည်းအတိုင်း အခြားသူများအား ဘုရားသခင့်နိုင်ငံတော်အကြောင်း သွန်သင်ပေးနိုင်သည့်ပညာကိုရရှိရန် သင့်အား အကူအညီဖြစ်စေပါမည်။